“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, March 05, 2011

ဗိုလ်ချုပ်မှူးကြီး အထူး ဘတ်ဂျက်သုံးစွဲခွင့် အာဏာ မိမိကိုယ်ကိုယ် အပ်နှင်း

ဝေမိုး Friday, 04 March 2011 18:34

ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ လွှတ်တော်များ ခေါ်ယူကျင်းပ နေသည်မှာ တလရှိသည့်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဥပဒေများ ပြဋ္ဌာန်းရန် အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားဆဲ ဖြစ်သည်။


Gen-Than-Shwe-030411

၂၀၁၁ ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပသော ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ညစာစားပွဲတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - AP)
မကြာသေးမီက ထုတ်ပြန်သည့် ဥပဒေများအနက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဇန်နဝါရီလ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အစိုးရဌာနများသို့ ဖြန့်ဝေသည့် “အထူးရန်ပုံငွေ ဥပဒေ” တွင် တိုင်းပြည်၏ ဝင်ငွေများကို နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ခေါင်းစဉ်အောက်တွင် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် စိတ်ကြိုက်သုံးစွဲခွင့်ပြုထားသည်။ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ပင် ဖြစ်သည်။

ဧရာဝတီက လက်ခံရရှိသည့် စာမျက်နှာ ၂ မျက်နှာပါ အဆိုပါဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အထူးရန်ပုံငွေကို ပြည်တွင်းသုံးငွေ သို့မဟုတ် နိုင်ငံခြားသုံးငွေဖြင့် အစစ်အဆေး အမေးအမြန်းမရှိ သုံးစွဲနိုင်ကြောင်း သိရသည်။

အခန်း (၃) အပိုဒ် (၅) ပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်၌ တို့တာဝန် အရေးသုံးပါးအတွက် တာဝန်များ ထမ်းဆောင်ရာတွင် “အထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြခြင်း၊ စာရင်းစစ်ခြင်း ခံယူရန် မလို” ဟု ဖော်ပြထားသည်။

မတ်လကုန်တွင် ကျရောက်လေ့ရှိသော ဘဏ္ဍာရေးနှစ်ကုန်မှသာ နှစ်စဉ် အထူးရန်ပုံငွေ အသုံးစရိတ်ကို နိုင်ငံတော် သမ္မတထံ ရှင်းလင်းတင်ပြရမည်ဟု ဥပဒေက ဆိုသည်။

အထူးရန်ပုံငွေဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန်၊ ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရန်နှင့် အထူးလိုအပ်သည်များကို သုံးစွဲရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရန်ပုံငွေဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်တပ်သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အစိုးရ အသုံးစရိတ်စုစုပေါင်းမှ ကာကွယ်ရေးအသုံးစရိတ်အဖြစ် ၂၅ ရာခိုင်နှုန်းကျော်ကို သုံးစွဲလိမ့်မည် ဖြစ်သည်။

မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော် ပြန်တမ်းအရ ယခုဘဏ္ဍာရေးနှစ်အတွက် လျာထားချက်တွင် စစ်သုံးစရိတ်မှာ ကျပ် ၁.၈ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂ ထောင်) ဖြစ်ပြီး စုစုပေါင်း ဘတ်ဂျက်၏ ၂၃.၆ ရာခိုင်နှုန်းအထိ ရှိသည်။

ကျန်းမာရေးအသုံးစရိတ်မှာ ကျပ် ၉၉.၅ ဘီလီယံ (ဒေါ်လာ သန်း ၁၁ဝ) သာရှိပြီး ၁.၃ ရာခိုင်နှုန်းသာရှိသည်။ ပညာရေးအသုံးစရိတ်မှာ ဒေါ်လာ သန်း ၃၅၀ လျာထားပြီး ၄.၁၃ ရာခိုင်နှုန်းဖြစ်သည်။

၂၀၁၁-၂၀၁၂ တွင် နအဖအစိုးရ ရုံးစရိတ်အတွက် ကျပ် ဘီလီယံ ၂၀ (ဒေါ်လာ ၂၂ သန်း) လျာထားသောကြောင့် အစိုးရသစ် ပေါ်ပေါက်လာသည့်တိုင် နအဖအဖွဲ့ကို ဖျက်သိမ်းမည် ဟုတ် မဟုတ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

ယခုကျင်းပနေသည့် လွှတ်တော်များတွင်လည်း စစ်တပ်မှ စေလွှတ်သော ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တို့ကသာ လွှမ်းမိုးထားသည်။

လွှတ်တော်အသီးသီးတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ ဟူ၍ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီတခုလျှင် အဖွဲ့ဝင် ၁၅ ဦးသတ်မှတ်ထားပြီး ကြံ့ဖွံ့ပါတီမှ ၁၀ ဦးနှင့် တခြားပါတီမှ ၅ ဦး ပါဝင်မည်ဖြစ်သည်။

ယနေ့အထိ ဥပဒေကြမ်းကော်မတီနှင့် ငွေစာရင်းကော်မတီတို့ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးကလည်း တင်းကျပ်တယ်။ ပြည်ခိုင်ဖြိုးအမတ်တွေတောင် အကျယ်ချုပ်ကျနေသလို ခံစားရတယ်လို့ ပြောကြတယ်” ဟု မန္တလေးမှ ကြံ့ဖွံ့ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */