“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, June 04, 2012

ဒေါ်စု မသိတဲ့ ဒုက္ခသည် စခန်း အကြောင်း

မောင်ရမ္မာ | ဇွန်လ ၂ ရက်နေ့က ကျနော်တို့နေတဲ့ မယ်လ ဒုက္ခသည်စခန်းက ခါတိုင်းနဲ့ မတူ တမူ ထူးခြား နေတယ်လို့ ပြောရပါမယ်။ စခန်းတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေတာ တပတ်လောက် ရှိနေပြီ။ ဒေါ်စု လာမယ် ဆိုတဲ့ သတင်းက စခန်းတခုလုံးမှာ ဟိုလေးတကျော် ဖြစ်နေတဲ့ သတင်းဖြစ်ပါတယ်။

ကျနော်လည်း ရှိတဲ့ ရိက္ခာ အကျန်လေးကိုချက် ငပိရည်နဲ့ မိုးဦးကျ ရာသီမှာ ဒုက္ခသည်စခန်းရဲ့ ပင်တိုင်ဟင်း ဖြစ်တဲ့ မျှစ်ပြုတ်နဲ့ လွေးအပြီး စခန်းရုံးရှိရာဘက်ကို ချီတက်လာပါတော့တယ်။ ကျနော် ရောက်နေတဲ့ အချိန်မှာ စခန်းရုံး ပတ်လည်မှာ လူတော်တော်များ နေပြီ။ တိုး မပေါက်တော့ဘူး။ ကျနော်က ဒုက္ခသည် တဦး အနေနဲ့ ဒေါ်စုကို မြင်ဖူးချင်တာပါ။ တင်ပြခွင့် ရရင် တင်ပြချင်တာလေးတွေရှိလို့ လာခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက် ကတည်းက အမိ မြန်မာပြည် ကနေ ခွဲခွာလာခဲ့တဲ့ ကျနော်၊ ဒီမိုကရေစီကို လက်နက်ကိုင်တိုက်ပွဲ ၀င်မယ်ဆိုတဲ့ သံမဏိစိတ်ဓါတ်နဲ့ တောခိုလာခဲ့တဲ့သူ။ ခုတော့ အခြေအနေအချိန်အခါအရ လက်နက်ကိုင်တော်လှန်ရေးကို စွန့်ခွာပြီး ထိုင်းမြန်မာနယ်စပ်မှာ အကြီးဆုံးဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းမှာ တော်လှန်ရေးသမား ဘ၀ကနေ ကမ္ဘာကျော် ဒုက္ခသည် ဖြစ်လာခဲ့တာပါ။

ကမ္ဘာကျော် ဒုက္ခသည်လို့ ပြောတာက ဒီလိုပါ။ ကျနော်တို့ နေတဲ့ စခန်းက မဲဆောက်မြို့နဲ့ဆို ၄၅ မိနစ်သာရှိတဲ့ ခရီးအကွာမှာ ရှိတာကြောင့် ဥရောပက မဟာ မင်းကြီးတွေ၊ အမေရိကန် အထက် လွှတ်တော်၊ အောက် လွတ်တော်က ဧည့်သည်တော်တွေ မကြာမကြာ လာရောက်တာကြောင့် ကျနော်တို့လည်း စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေတာပေါ့။ ဒါကြောင့် ကမ္ဘာကျော်တဲ့ ဒုက္ခသည်တွေပါလို့ ပြောချင်တာပါ။

အခုလည်းကြည့် ဒေါ်စု ဒုက္ခသည်စခန်းကို လာလည်မယ်ဆိုတဲ့ သတင်းက ကမ္ဘာ့မီဒီယာတွေမှာ ပါနေတာကို တပတ်လောက် ရှိနေပြီ။ ကျနော်တို့ စခန်းက စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေကြမို့ပါ။

ဒုက္ခသည် စခန်းမှာရှိတဲ့ လူတွေကတော့ မြန်မာနိုင်ငံက အလွှာပေါင်းစုံကလာတဲ့ သူတွေဖြစ်တယ် ဆိုတာကို ပြောချင်တာပါ။

(၁) ပြည်တွင်းစစ်ဒဏ်ကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည် စစ်စစ်တွေ( ရပ်ရွာတွေမရှိတော့တဲ့ သူတွေ)

(၂) နိုင်ငံရေး၊ လက်နက်ကိုင်တော်လှန်းရေးလုပ် အသက်ကြီးပြီး အနားယူတဲ့အခါ ဒုက္ခသည် ဖြစ်လာတဲ့သူ

(၃) ပိုက်ဆံအတော်အသင့်ရှိပြီး ဒုက္ခသည် စခန်းမှာ စီးပွားရေး လာလုပ်တဲ့ ဒုက္ခသည်တွေ

(၄) မြန်မာပြည်မှာ ချမ်းသာပြီး အမေရိကားနဲ့ ဥရောပနိုင်ငံမှာ အခြေချလိုတဲ့ မြို့ကြီးသား ဒုက္ခသည် တွေ ဆိုပြီး (ဆင်ဖြူတော် မှီပြီး ကြံစုတ်နေတဲ့ လူချမ်းသာ ဒုက္ခသည်) အမျိုးမျိုး ရှိကြပါတယ်။

ဒုက္ခသည် စခန်းကို ဒေါ်စုလာလည်မယ် ဆိုတဲ့သတင်းက မတူတဲ့ ဒုက္ခသည်တွေအတွက် တူညီတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်စုလာတာကို အကောင်းဘက်က မြင်နေကြပါတယ်။

ကျနော့် အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ နေတဲ့ ‘အမိုး’ ကတော့ ၁၉၉၆ ခုနှစ်ကရင်ပြည်နယ်အတွင်း ဆင်နွဲတဲ့ အစိုးရထိုးစစ်တွေကြောင့် ထွက်ပြေးလာတဲ့သူဖြစ်ပါတယ်။ အမိုး ကတော့ နံပါတ် (၁) ဒုက္ခသည် အမျိုးအစား ဖြစ်ပါတယ်။ ဒေါ်စုလာလည်တာ ကောင်းတယ်။ “အမိုးတို့ အိမ်ပြန်ရတော့မယ်၊ အမိုးရဲ့ မြေးတွေကို ကျောင်းထားရတော့မယ်တဲ့” အမိုး မကြာမကြာ ပြောတာတော့ အမိုးတို့က ကျုံဒိုးနဲ့ နီးတယ်တဲ့။ အမိုးရဲ့ ယောင်္ကျားက ကျောင်းဆရာလည်းလုပ်တဲ့ အကြောင်း၊ ဥယျဉ်ခြံစိုက်တဲ့အကြောင်း ကျနော်တို့ကို ခဏခဏ ပြန်ပြောပြတယ်။

အမိုး အသက်က ၇၀ ကျော်ပြီ။ မယ်လ ဒုက္ခသည် စခန်းကိုရောက်တာ အခုဆို ၁၆ နှစ်လောက် ရှိနေပြီ။ မြန်မာပြည်မှာနေခဲ့တဲ့ အချိန်ကို ခုထိ တသသ ရှိနေသေးတယ်။ မြန်မာပြည်အကြောင်းပြောရင် အမိုးရဲ့ မျက်လုံးတွေက တောက်လာတယ်။ မျက်ရည်တွေလည်း ရွှမ်းလာတယ်။ အမိုးကတော့ အခြေအနေအရသာ ဒုက္ခသည်စခန်းမှာ နေထိုင်ရပေမယ့် စိတ်ကတော့ အမိမြန်မာပြည်ကို ပြန်ရောက်နေတယ်။

အမိုးကလည်း မြန်မာပြည်က ၇ တန်းအောင်။ ဒါကြောင့် သူ့မြေးတွေကို စာတတ်စေချင်တယ်။ ဒါပေမယ့် မြေးအကြီးဆုံးက အသက်၁၈ နှစ် ကျော်တာကြောင့် အမေရိကားကို တယောက်တည်း ထွက်ခွာသွားတယ်။ ယောင်္ကျားလေးလည်း ဖြစ်ပြန်၊ အသက် ၁၈ နှစ်ကျော်ရင် မိဘနဲ့ ခွဲပြီးသွားလိုရာကို သွားနိုင်တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ဥပဒေကြောင့် ခွဲခွာခွင့် ပေးလိုက်ရတာပါ။ မြေးကြီး အမေရိကားကို ထွက်သွားတော့ အမိုးခမြာ တပတ်လောက် စားမ၀င် အိပ်မပျော် ဖြစ်ခဲ့တယ်။

ဒေါ်စုလာလည်တဲ့ သတင်းကြောင့် အမိုး စိတ်ဓါတ်တွေ တက်ကြွနေတယ်။ ဒေါ်စုက အမိုး တို့ကို ပြန်ခေါ်ဖို့ လာမှာတဲ့။ ဇွန်လ ၂ ရက်နေ့က အမိုးတယောက် စခန်းရုံး နားမှာ ဖျာခင်းပြီး စောင့်နေတယ်တဲ့။ ဒေါ်စုကို တွေ့ချင်တဲ့ဇော၊ မြန်မာပြည်ကို ပြန်ချင်တဲ့ အမိုးရဲ့ ဇောကို လေးစားမိတယ်။

ဒုက္ခသည် အကြောင်းပြောရင် ၂၀၀၆ ခုနှစ်က ဒုက္ခသည်တွေရဲ့ အခြေအနေကို ပြောမှပိုပြီး နားလည်မယ်ထင်တယ်။ အရင်တုန်းကဆို ဒုက္ခသည် စခန်းဆိုတာ သူပုန်တွေနေတဲ့ နေရာလို့ နာမည်သိပ်ကြီးတာ။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာ ထိုင်းအစိုးရက ဒုက္ခသည် ဖြစ်ချင်တဲ့သူတွေ စခန်းထဲကို ၀င်ရမယ်ဆိုတဲ့ မူနဲ့ ကိုင်ထည့်လိုက်တော့ မဲဆောက်အနှိပ်ခန်းမှာ အလုပ်လုပ်နေတဲ့ကောင်မလေးတွေ၊ မဲဆောက်အခြေစိုက် နိုင်ငံရေးသမားတွေနဲ့ ဆက်စပ်တဲ့ ရန်ကုန်က ပိုက်ဆံချမ်းသာသူတွေ လှိမ့်ဝင်လာပါတယ်။

အဲဒီလို လှိမ့်ဝင်လာတဲ့အထဲမှာ ကျနော်တို့ အိမ်နဲ့ ကပ်လျက် နိုင်ငံခြားကို ထွက်သွားပြီဖြစ်တဲ့ ချင်းဇနီးမောင်နှံရဲ့ အိမ်ကို ဘတ်ငွေ ၄၀၀၀၀ နဲ့ဝယ်လိုက်တဲ့ ရန်ကုန်သား အဖိုးကြီးနဲ့ သူ့သမီးနဲ့ မြေးတွေလည်းပါတယ်။ သူတို့က ၂၀၀၇ မှ ၀င်လာတာကြောင့် ထိုင်းအစိုးရရဲ့ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုမှုကို မခံလိုက်ရရှာတဲ့ သူတွေပါ။

လူသစ် ရန်ကုန်သား အဖိုးကြီး ကတော့ နံပါတ် (၄) အမျိုးအစား အမေရိကားမှ အမေရိကားဘဲ။ ခုထိ လက်မလျှော့သေးဘူး။ ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းတို့ ဒုက္ခသည်တွေကို ပြန်ခေါ်မယ်ပြောတော့ သိပ်ဒေါသထွက်တယ်။ ပြည်တွင်းစစ် မငြိမ်းဘဲ ဘယ်လိုမှ ပြန်လို့မရဘူးတဲ့။

ဒါပေမယ့် သူ့ရဲ့ အမျိုးသမီးကတော့ ရန်ကုန်ကို ခဏခဏ ပြန်တယ်။ ဒေါ်စု လာမယ် ပြောတော့ ရန်ကုန်သား အဖိုးကြီးလည်း စိတ်ဓါတ် တက်ကြွလာတယ်။ ဒေါ်စုလာလည်မယ်ဆိုရင် မြန်မာပြည်ကို မပြန်ချင်တဲ့အကြောင်း၊ ဒုက္ခသည်တွေရဲ့ ဆန္ဒနဲ့အညီ ခွင့်ပြုသင့်ကြောင်းကို တင်ပြမယ်တဲ့။ ဒေါ်စုလာတာကို အခွင့်ကောင်း ယူပြီး ထိုင်းအစိုးရဆီမှာ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရတဲ့သူ ဖြစ်အောင်လုပ်မယ် ဆိုတဲ့သူတွေ ဖြစ်ပါတယ်။

ဒေါ်စုကို မပြောပြလိုက်ရတဲ့ မယ်လဒုက္ခသည် စခန်းအကြောင်း ရှိနေပါသေးတယ်။ မယ်လ ဒုက္ခသည် စခန်း ဆိုတာ မြေဈေး အင်မတန်မှ ကောင်းပါတယ်။ လမ်းမနဲ့ နီးတဲ့အိမ်ဆိုရင် ထိုင်းဘတ်ငွေ သိန်းချီ ရှိတယ်။ မြန်မာငွေနဲ့ဆို သိန်း ၃၀-၄၀ ထိ ဈေးပေါက်တာကို ဒေါ်စုခမြာ မသိလိုက်ရှာဘူး။ ဘယ်သူမှလည်း ပြောပြမှာ မဟုတ်ဘူး။

ဒါကို မယ်လ ဒုက္ခသည် စခန်းလို့ ခေါ်ပါတယ်။ ဒေါ်စုမသိတဲ့ ဒုက္ခသည် စခန်းအကြောင်းကို နည်းနည်း ပြောချင်ပေမယ့် ခမြာတို့မှာ အနားကို ကပ်ရဖို့နေနေသာသော မြင်တောင် မမြင်လိုက်ရရှာဘူး။

ဒေါ်စု ထင်သလို ဒုက္ခသည် စခန်းဆိုတာ မြန်မာပြည်မှာ အိမ်မရှိတဲ့သူတွေများသလို ရန်ကုန်မှာ တိုက်တွေ ကားတွေပိုင်တဲ့ သူတွေလည်းအများကြီး ရှိနေတာကို သိစေချင်တယ်။ ဒုက္ခသည်ဆိုတဲ့စကားလုံးက အားငယ်စရာလို့ ထင်နိုင်ပေမယ့် ဒုက္ခသည် အဖြစ်အသိအမှတ်ပြုခံရတဲ့ စာရွက်လေးကိုရဖို့ သိန်းရာချီရင်းပြီး နေထိုင်သူတွေ ဒေါ်စုကို လာကြိုတဲ့အထဲမှာ အများကြီးရှိနေတာကို သိစေချင်တယ်။ ဒုက္ခသည် လက်မှတ်က မြန်မာပြည်က သိန်းထီထက် တန်ဘိုးရှိနေတာကို ဒေါ်စုတယောက် မသိလိုက်ရှာဘူး။

နောက်တခုက စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အများအပြားရှိနေတာကို ဒေါ်စုကို ပြောပြလိုက်ချင်တယ်။ ၂၀၀၈ ခုနှစ်က ဒုက္ခသည်တွေကို ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတခုရဲ့ ထုတ်ပြန်ချက်ကို ဖတ်လိုက်ရသေးတယ်။ တကယ့် ဒုက္ခသည်တွေဆီကို မရောက်ဘဲ ဆုံးရှုံးသွားတဲ့ ပမာဏကို တွက်ချက်ပြထားတယ်။ ထိုင်းဘတ်ငွေ သန်းရာချီပျောက်နေတယ်တဲ့။

ဒါကြောင့် ဒုက္ခသည် အတုနဲ့ အစစ်၊ ဒုက္ခသည်ကို အကြောင်းပြပြီး လုပ်စားနေတဲ့ အဖွဲ့အစည်း အများအပြား ရှိနေတာကို ပြောလိုက်ချင်ပေမယ့် ပြောခွင့် မရလိုက်ဘူး။ ဒေါ်စုလာလည်တဲ့အခါ တွေ့ခွင့်ရလိုက်တဲ့ အဖြူ၊ အမည်း၊ အ၀ါတွေ၊ “အမေစုကို ချစ်ပါတယ်” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတဲ့ ရန်ကုန်သား အဖိုးကြီး၊ ဒုက္ခသည်တွေကို အိမ်ပြန်ခေါ်ဖို့ ကြားချင်နေတဲ့ အတွက် စခန်းရုံးအနီး ဖျာခင်းပြီး ထိုင်စောင့်နေတဲ့ အမိုးတို့ တတွေဟာ မယ်လ ကမ္ဘာထဲက လူသားတွေပါလို့ ပြောလိုက်ချင်ပါဘိ။

မောင်ရမ္မာ

source by : မောက္ခ

အပြည့်အစုံသတင်းဖတ်ရန်....

Thursday, April 26, 2012

မလေးရှား ၀န်ကြီး၏ မုဒိန်းကျင့် ခံရသော အင်ဒိုနီးရှား အိမ်ဖော်နှင့် မလေးရှား ဥပဒေ

မလေးရှား ကဘိနက်ဝန်ကြီးတစ်ဦးက သူ့အိမ်ဖော်ကိုမုဒိန်းကျင့်သည့်လူမဆန်သည့်လုပ်ရပ်အတွက် မည့်သို့သောတရားစီရင် မှုမှပေါ်ထွက်မလာဘဲ ၀န်ကြီးအဖွဲ့မှ ဖုံးဖိကာကွယ်ပေးခြင်း၊ သတင်းမထွက်ပေါ်စေခြင်း၊ သတင်းထွက်ပေါ်အောင် ဘလော့များမှ တစ်ဆင့်တင်ပြသူများကိုဖမ်းဆီးခဲ့ခြင်း စသောလုပ်ရပ်များကြောင့် မလေးရှားသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့်တရားမျှတမှု အဆင့်နိမ့်ကျသော နိုင်ငံတစ်ခုအဖြစ် ရောက်ခဲ့သည်။

Robengah (MeRobekNgah)
လွန်ခဲ့သောရက်သတ္တတစ်ပတ်က မလေးရှားဘလော့ဂါများသည် သူတို့ဘလော့များတွင်၊ မလေးရှား၏ လက်ရှိတာဝန် ထမ်းဆောင်နေသောဝန်ကြီး တစ်ဦးက သူ၏အိမ်ဖော်ကိုမုဒိန်းကျင့်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ (ယခင်ဝန်ကြီးချုပ် Tun Abdulla Ahmad Badawi လက်ထက် -၂၀၀၇- ခုနှစ်)။ (ထိုအချိန်က Najib Abdul Razak သည် ဒုတိယ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေ ခဲ့သည်)။

ဝန်ကြီးချုပ် Badawi သည် ဤမတရားမှုကိုဖုံးဖိပေးခဲ့ပြီး၊ ထိုဝန်ကြီးအား တာဝန်ရာထူးကို ဆက်လက်ထမ်းဆောင်စေခဲ့သည်။ ကဘိနက်အဖွဲ့ တွင်လည်းမည်သို့သော ဝေဖန်မှုမှမရှိဘဲ၊ သတင်းမထွက်ပေါ်အောင်၊ အားလုံးသေချာစွာ ဆောင်ရွက်ခဲ့ကြသည်။ မတရားမှုခံခဲ့ရသော မိန်းခလေးကို အင်ဒိုနီးရှားသို့ ချက်ချင်းပြန်လည်ပို့ဆောင်ခဲ့သောကြောင့်၊ သူမအမှုမှာ မလေးရှားတရားဥပဒေ ၀န်းကျင်တွင်လုံးဝဖော်ပြခွင့် မရခဲ့ရှာပါ။

သူမ အင်ဒိုနီးရှားနိုင်ငံသို့ပြန်ရောက်ပြီး၊ ရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေး (အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့) မှကြိုးပမ်းဖော်ထုတ်သသောအခါတွင်မှ၊ ထိုအဖွဲ့သို့တင်ပြ၍ အစီအရင်ခံစာထွက်ပေါ်ခဲ့သည်။

ထိုဖြစ်ရပ် မှန်၊မမှန်ကို မည်သူမှ ဝေဖန်ခြင်းမပြုမီ မလေးရှားဘလော့ဂါတစ်ချို့မှ ၀န်ကြီးနာမည်ကိုဖော်ထုတ်ခဲ့ကြသည်။ ၀န်ကြီးအဖွဲ့မှမည်သို့သော ပြောဆိုမှု၊ ထုတ်ပြန်မှုတို့နှင့်မှ မတုံ့ပြန်ခဲ့ပါ။

အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားစောင့်ရှောက်ရေးသည် အစီအရင်ခံစာကို အင်တာနက်စာမျက်နှာများပေါ်တင်ခဲ့ရာ၊ ၀န်ကြီးအမည်နှင့် အိမ်ဖော် အမည်ပါသော စာမျက်နှာဟူသမျှအားလုံး၊ အဟက် (Heck) ခံရခြင်း၊ ဖျက်ဆီးခံရခြင်းများ ရှိခဲ့သည်။ သို့သော် အချို့ဘလော့ဂါများမှာ အချိန်မီ သတင်းအတိအကျ ရခဲ့ကြသည်။ အချို့စာမျက်နှာများမှာ တိုက်ခိုက်ရန်ခက်ခဲ၍၊ ၀န်ကြီးနာမည်နေရာကို အနက်ရောင်ဟိုက်လိုက် (High-light) ဖြင့် ပိတ်ထားနိုင်အောင်ထိ မလေးရှားဘက်မှ ဆောင်ရွက်ခဲ့သည်။ သို့သော် Wikileaks စာမျက်နှာပေါ်ရောက်သွားသည့် အချိန်တွင် ဖုံးဖိ၍မရနိုင်တော့ပါ။

အစိုးရလက်ကိုင် မလေးရှားရဲများကလည်း ဤအမှုသတင်းပေါ်ထွက်ခဲ့သောကြောင့် များစွာခုခံပြောဆိုခဲ့သည်။ လူ့အခွင့်အရေးအဖွဲ့များက ဖြေရှင်းချက်များရှင်းလင်းချက်များ ထုတ်ပေးရန်တောင်းဆိုခဲ့သော်လည်း၊ ဒုတိယ၀န်ကြီးချုပ် နာဂျစ် (ယခုဝန်ကြီးချုပ် နာဂျစ်) သည်အဖက်ဖက်မှ ခုခံ ကာကွယ် ဖုံးဖိခဲ့သဖြင့်၊ တရားမျှတမှုနှင့် တရားစီရင်မှုများ မရှိခဲ့ပါ။

မလေးရှားအစိုးရသည် အံ့သြစရာကောင်းလောက်အောင် ဥပဒေကိုမထီမဲ့မြင်၊ ပြုခဲ့သည်။ Wikileaks မှဤအမှုကိုဖွင့်ချခဲ့သည့်အချိန်၌ မလေးရှားအစိုးရအဖွဲ့သည် သူတို့အတိုက်ခံပါတီခေါင်းဆောင် Anwar Ibrahim ကိုမဟုတ် မတရားစွပ်စွဲပြီး၊ အများပြည်သူများ သို့လောသို့လောထင်မြင်အောင် အာရုံလွှဲခဲ့ကြသည်။ Wikileaks ၏ဖော်ထုတ်မှုကြောင့် အင်တာနက်စာမျက်နှာများ သို့ပြန့်နှံ့ခဲ့သည်။
Wikileaks ဖွင့်ချမှုအရ၊ ယခင်မလေးရှားဝန်ကြီးချုပ် Abdullah Ahmad Badawi တာဝန်ထမ်းဆောင်နေစဉ်၊ ဤအမှုဖြစ်ပွားခဲ့သည်။

ဝန်ကြီးချုပ်က အင်ဒိုနီးရှားနိုင်ငံနှင့် နိုင်ငံရေးရာပြဿနာများရှိလာနိုင်သည့်အတွက် မျက်ကွယ်ပြုကာကွယ်ပေးခြင်း၊ ဖုံးဖိပေးခြင်းများ ပြုလုပ်ခဲ့သည် ဆိုပါသည်။ ထိုစဉ်က ယခုလက်ရှိဝန်ကြီးချုပ်နာဂျစ်သည် ကဘိနက်တာဝန်ရှိသူ ဖြစ်ခဲ့သည်။ နာဂျစ်ဝန်ကြီးချုပ်ဖြစ်လာသည့် ယခုအချိန်ထိလည်း အမှုကို ဖုံးဖိထားဆဲ ဖြစ်ပါသည်။

အင်ဒိုအိမ်ဖော်ကို သူမုဒိန်းမကျင့်ပါဟု ပြောသော …. Rais Yatim



ရိုက်(စ)ယာတင်

အင်တာနက်အွန်လိုင်း စာမျက်နှာများပေါ်တွင်ဖော်ပြခဲ့သည့် အင်ဒိုနီးရှားအိမ်ဖော်ကိုဒိန်းမှုကျူးလွန်သောဝန်ကြီးဆိုသူမှာ သတင်းဆက်သွယ်ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၀န်ကြီး ဖြစ်သူ၊ Rais Yatim ဖြစ်ပါသည်။ သူသည် သူအပေါ်စွပ်စွဲသောမုဒိန်းမှုကို သူလုံးဝမလုပ်ခဲ့ကြောင်း၊ ငြင်းဆိုခဲ့သည်။ ယင်းမှာ အတိုက်ခံပါတီနှင့် နိုင်ငံရေး သမားဘလော့ဂါများက သူ့အားနာမည်ဖျက်သိက္ခာ ကျအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ကြေငြာခဲ့သည်။



ရိုက်(စ)ယာတင်နှင့် ဘာဒါဝီ

သူက သူကိုဤအမှုနှင့် ပတ်သက်၍ ရေးသားစိန်ခေါ်မှုမှန်သမျှကို နိုင်ငံတရားရုံးတွင်ဖြေရှင်းလိုက အချိန်မရွေး ဖြေရှင်းမည်ဟု ပြောခဲ့သည်။ (Wikileaks ကဖွင့်ချပြီး။)

သူသည် သူ့အကြောင်းရေးသားသောဘလော့ဂါကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ သို့သော် ရဲများက စစ်ဆေးမှုများပြုလုပ် သည့်အခါ၊ ရေးသားထားသော အချက်အလက်များမှာ NGO အစီအရင်ခံစာများနှင့် Wikileak တို့မှကိုးကားထားသည်ကိုတွေ့ရ၍ ဘလော့ဂါကို တိုးတိုး တိတ်တိတ် ပြန်လွှတ်ပေး ခဲ့သည်။ ထို့နောက် Rais သည်သူ့အားကာကွယ်ပေးသော ၀န်ကြီးအဖွဲ့ကိုသာ၊ အားကိုးရတော့ သည်။



ဝန်ကြီးချုပ်ဟောင်း ဘာဒါဝီ

ဘလော့ဂါက ဖြေရှင်းချက်ထုတ်သည်မှာ သူသည် စွပ်စွဲသူမဟုတ်၊ သူကြားသည်ကို စမ်းစစ်၍ရေးသည်။ အထောက်အထားခိုင် လုံသည်ကို သူကိုးကားသည်။ Rais Yatim သည်လည်း ယခင်က သတင်းလွတ်လပ်မှုကိုအားပေးသူအဖြစ် နာမည် ရ၍ ရွေးကောက်ခံခဲ့ရသူဖြစ်သည်။ သူပြောခဲ့ သောမိန့်ခွန်းတစ်ခုမှ အဆိုအရ၊ သတင်းသမားဟူသည် နိုင်ငံရေးနှင့် နယ်ပယ်အသီးသီး မှ ပြည်သူအတွက်ကိုယ်စားပြုဆောင်ရွက်နေသူများကို တစိုက်မတ်မတ်စောင့်ကြည့်ထိန်းကျပ်ပေးသူများ ဖြစ်သည့်အတွက် နိုင်ငံတွင် မရှိမဖြစ်လိုအပ်သည် ဟုပြောခဲ့သည်။ သူပြောခဲ့သည် ကိုကိုးကား၍ အများက လွပ်လပ်စွာစုံစမ်းရေးသားခွင့်၊ မေးမြန်း ခွင့်နှင့် ဖြစ်ရပ်မှန်ကို ကြေငြာချက်ထုတ်ပေးရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။ (Malaysiakini News)

ဘလော့ဂါများစွာတို့သည် ဤကိစ္စကိုရေးသားခဲ့ကြပြီး၊ အများပြည်သူကို သိအောင်သတင်းပေးခဲ့သည်။ ယင်းတို့အနက်မှ ဘလော့ဂါ Bunny Bru (Rocky Bru) ၏ရေးသားချက်ကိုဖော်ပြလိုက်ပါ သည်။ သူ၏ရေးသားချက်ကို က၀ီကီလိ(ခ) ဖွင့်ချစာမျက်နှာတွင် ကိုးကားခဲ့သည်။



တရားခံ ရိုက်(စ)ယာတင် ဒီလို ပြစ်ဒဏ်ခံရသင့်တယ် (၀ီကီလိ(ခ)မှပုံတစ်ပုံ)

ဘလော့ဂါ Bunny Bru ရေးသားဖော်ထုတ်ခဲ့သော သတင်း….

ဝီကီလိ(ခ): မလေးရှားထိပ်တန်းနိုင်ငံရေးသမားနှင့် သူအိမ်ဖော်အတွင်းရေး? ၂၃- ဒီဇင်ဘာ ၂၀၁၀ (၀ီကီလိ(ခ) ကရေးသော ခေါင်းစဉ်)

အိမ်ဖော်လေးကို မုဒိန်းကျင့်သတဲ့လား။ ။ (၂၀၀၇)။ ကျနော်အနေနှင့် မည်သို့ပင်ဖြစ်စေဤအကြောင်းအရာကို စိတ်ထိန်းစေကာမူ၊ မရနိုင်သဖြင့် ရေးသားလိုက်ရပါသည်။ ၀ီကီလိ(ခ)က ဖွင့်ချခဲ့သောစာများတွင် မလေးရှားကဘိနက်အဖွဲ့ဝင်ဝန်ကြီးတစ်ဦးက သူ့၏အိမ်ဖော်အင်ဒိုနီးရှားနိုင်ငံသူကို မုဒိန်းကျင့် သည်ဟုတွေ့လိုက်ရသည်။

သေချာမသေချာသည်ကို ကျနော်မည်သို့မှမပြောနိုင်ပါ။ မပြောလိုပါ။ သို့သော် တစ်ချို့အသိုင်းအ၀ိုင်းတွင် တိုးတိုးတိတ်တိတ်ပြောဆိုနေကြပါသည်။ အပြည်ပြည်ဆိုင်ရာ ထိပ်တန်းအစိုးရအဖွဲ့များနှင့် အစိုးရမဟုတ်သောအဖွဲ့များ (NGOs) ကလည်းဤအမှုသည် ဖြစ်ခဲ့သည်ဟု ရေးသားအစီအရင်ခံမှု များရှိနေသည်ကို ကြားသိရသည်။



ရိုက်(စ)ယာတင်အမှုနှင့်ပတ်သက်၍ ၀ီကီလိ(ခ)မှ ပုံတစ်ပုံ

မုဒိန်းမှုမှာ လွန်ခဲ့သော ၃-နှစ်က ဖြစ်ခဲ့သည်။ အစီအရင်ခံစာအရ အင်ဒိုနီးရှားနိုင်ငံ၊ ဂျားဗားကျွန်းအလယ်ပိုင်း၊ ရွာလေးတစ်ရွာတွင် နေထိုင်သော အိမ်ဖော်ထံသို့သွားရောက်၍ မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုမှရလဒ်ကို အစီရင်ခံစာပြုလုပ်၍အမေရိကန်သံရုံး၊ အင်ဒိုနီးရှားသံရုံးတို့ မှ ထိပ်တန်းအရာရှိများသို့တင်ပြခဲ့ကြောင်းသိရသည်။ ထိုသတင်းရင်းမြစ်အဆိုအရ အစီရင်ခံစာကော်ပီတစ်စုံကို ၀န်ကြီးချုပ်ရုံး သို့ပေးပို့ခဲ့ကြောင်းသိရပါသည်။ (ထိုအချိန်က ၀န်ကြီးချုပ်အဖြစ် Abdullah Ahmad Badawi)

အိမ်ဖော်လေးသည် ထိုနိုင်ငံရေးသမားအိမ်တွင် အမှုမဖြစ်ပေါ်ခင် ၈-နှစ်မှစ၍အိမ်ဖော်အလုပ်လုပ်ခဲ့သည်။ သူမသည် အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်း အလယ်ပိုင်းမှ ဖြစ်ပြီး၊ အိမ်ထောင်သည်တစ်ဦးဖြစ်ကာ၊ ကလေးနှစ်ယောက် မိခင်လည်းဖြစ်ပါသည်။ အစီအရင်ခံစာတွင် ဖော်ပြချက်တစ်ခုမှာ မုဒိန်းမှု ကိုလင်ယောက်ျားဖြစ်သူ သိရှိသော်လည်း ကလေးများကို မသိစေကြကြောင်း ဖြစ်သည်။

သူတို့သည် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်နှင့် ရှက်သောကြောင့် သတင်းစာများနှင့် ဂျာနယ်များတွင် မဖော်ပြခဲ့ပါ။
ဘန်နီဘရူး (ရော့ကီးဘရူး)
…………………….
ဘန်နီဘရူးသည် ထိုအတောအတွင်း မလေးရှားလုပ်ကြီးများကုမ္ပဏီများနှင့် Rais Yatim ပတ်သက်မှုပို့(စ)တစ်ပုဒ် ရေးသားခဲ့သည်။ ထို့ကြောင့် Rais Yatim ကသူ့ကို ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
………………………………………
သူ၏ဘလော့ကို Rais Yatim အမှုဖွင့်ထားသည့်အကြောင်းကို ဘလော့စာမျက်နှာတွင် အောက်ပါအတိုင်းသတ္တိရှိရှိ ရေးသားဖော်ပြသည်။

ကျနော် ဘလော့ကို Rais Yatim ကတရားစွဲလိုက်ပါပြီး…..

ဘာဖြစ်နေတာလဲ ၀န်ကြီး..? ကျနော်ရေးသားခဲ့သော ပို့(စ)နှစ်ခုသည် သူ့ကိုမတရားစွပ်စွဲသည်ဆိုကာ Rais Yatim ကကျနော်ကို ရဲစခန်းတွင် အမှုဖွင့်လိုက်ပါပြီး။ Rais ဘာကြောင့်ရဲစခန်းတွင် အမှုဖွင့်ရကြောင်းကို ကျနော် နားမလည်ပါ။ မည်သည့်ကဘိနက် ၀န်ကြီးမှ၊ ဘလော့ဂါကို အမှုမဖွင့် ဖူးပါ။ မလေးရှား ဆက်သွယ်ရေးနှင့် မီဒီယာဌာနမှ ကျနော်ကို ဆင့်ခေါ်ထားပါသည်။

ကျနော်၏ ဘလော့နှင့်ပတ်သက်၍ တရားစွဲဆိုထားခြင်းကြောင့်၊ ရဲအဖွဲ့ကသူတို့ကိုကျနော်ဘလော့အား စစ်ဆေးပါရန်ပန်ကြားလာ၍ ဆင့်ခေါ်ခြင်း ဖြစ်ကြောင်း ပြောပါသည်။ ကျနော်သွားပါမည်။ ဘလော့ဂါတစ်ဦး၏ သိက္ခာနှင့် သတင်းလွတ်လပ်မှုအတွက်ကျွန်ုပ်ရှောင် တိမ်းမည် မဟုတ်ပါ။ ရဲအဖွဲ့မှာ ကျနော်အားယခုထိလာရောက်စုံစမ်းခြင်း မပြုသေးပါ။ မကြာမီ လာရောက်နိုင်သည်ဟုသာ ယူဆရသည်။ သတင်းသမားများကို အားပေး သော Rais ၏ဖြစ်ရပ်မှန်သတင်းအမှန်ကို ကျနော်သည် သက်ဆိုင်သူများအား အထောက်အထားခိုင်ခိုင်လုံလုံနှင့် တင်ပြနိုင်တော့မည်ဟု ကျနော် ကျေနပ်နေမိပါသည်…။
………………………………..



ဘလော့ဂါ ဘန်နီဘရူး

ဘန်နီဘရူးသည် ဂျာနယ်လစ်သတင်းစာဆရာတစ်ဦးဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများစွာ၏ အတိုင်ပင်ခံဖြစ်သည်။ သူသည်ဤအမှုကြောင့် ကန့်သတ် ချုပ်ချယ်ခြင်းများ ခံနေရသည်။ မလေးရှား Blog House ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
……………………………….
လူများစွာတို့သည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မလေးရှားသို့ပြန်ခေါ်ပြီး၊ စုံညီသတင်းစာရှင်းလင်းပွဲလုပ်ပေးရန်တောင်းဆိုခဲ့သည်။ အကယ်၍ Rais သည်မှန်ကန်ပါက သူ့ဘက်မှ ဥပဒေကရပ်တည်ပေးမည်ဖြစ်သည်။ ထို့သို့မဟုတ်လျှင်လည်း နှစ်နိုင်ငံ ရဲများမှ ထိုမိန်းခလေးကို စစ်ဆေးချက်ယူ၍ အမှန်ကိုရှာဖွေသင့်သည်။ ဤသို့သောသတင်းကို ပြည်တွင်းသတင်းစာများတွင် ဖော်ပြသင့်သည်။
Pure Malaysian က ပြောသည်မှာ မလေးရှားသည် အိမ်ဖော်ကိစ္စနှင့်ပတ်သက်လျှင် Nirmala Bonat အမှုကြောင့် မလေးရှားသည် အပြည်ပြည်ဆိုင် ရာတွင် နာမည်ပျက်နေရပြီး ဖြစ်သည်။ ထိရောက်မှုမရှိသော်လည်း လူသိရှင်ကြားတရားရေးများဆာင်ရွက်နေသည်။

ယခုအမှုကို အဘယ်ကြောင့် တရားရေးရာစီစဉ်မှု နှင့် ဖြစ်ရပ်မှန်ကို လူအများသိအောင် မလုပ်ရသနည်း။ ဟုဆိုပါသည်။ မည်သူမဆို သက်သေသက္ကာယနှင့် အခိုင်အလုံစွဲချက် အတင်မခံရသရွေ့အပြစ်ရှိသည်ဟု ပြောမရပါ။ အပြစ်ရှိလျှင်လည်း ၀န်ကြီးရာထူး ပင်ဖြစ်စေ နှုတ်ထွက်ပြီး၊ တရားဥပဒေ၏ အဆုံးအဖြတ်ကို ခံယူ ရမည်ဖြစ်သည်။

ယခုဝန်ကြီးချုပ် Najib Razak ကလည်း ဤအမှုကို ရေငုံနှုတ်ပိတ်ဆက်နေမည်ဆိုရင် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဆိုးကျိုးရလာဒ်များ ရှိလာနိုင်သည်။

PKR ပါတီမှလူငယ်ရေးရာ ခေါင်းဆောင် Shamsul Iskandar Mohd Akin ကပြောသည်မှာ NGO Migrant Care ၏အစီအရင်ခံစာကို အင်ဒိုနီးရှား အလုပ်သမားများ အကျိုးအတွက်စဉ်းစားဖြေရှင်းပေးသင့်သည်ဟုဆိုလိုက်သည်။ လူငယ်ရေးရာ၏ လေ့လာချက်အရ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၁၉၊ ရက်နေ့တွင် အင်ဒိုနီးရှားအိမ်ဖော်မှာ မုဒိန်းကျင့်ခံခဲ့ရပြီး၊ သူမကိုနေရပ်ကို ချက်ချင်းပြန်ပို့ခဲ့ကြောင်း၊ သူမနှင့် သူမအမေတို့သည် ဤကိစ္စကို မည်သူကို မှမပြောရန်အတွက် ဖိအားပေးခြိမ်းခြောက်ခံထားရကြောင်း တွေ့သိခဲ့ရသည်။

ဝန်ကြီးချုပ် ဘာဒါဝီသည် နိုင်ငံရေးအရှုပ်တော်ပုံကို အရေးမယူခြင်း၊ ထုတ်ပယ်ခြင်း မပြုသည့်အပြင် ကာကွယ်ပေးမှုများလုပ်ခဲ့သည်။
ထို့ကြောင့် လူငယ်ရေးရာက ယခုလက်ရှိ ၀န်ကြီးချုပ်နာဂျစ်လက်အောက်တွင် ကဘိနက်ဝန်ကြီးတစ်ဦးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင် နေသော ထိုဝန်ကြီးအား၊ ဤကိစ္စအမှန်ကို လူအများသိအောင်ရှင်းလင်းပေးပါရန် တောင်းဆိုခဲ့သည်။

ယခုမလေးရှားဝန်ကြီးချုပ်နာဂျစ်သည် ထိုသို့ လိင်မှုကျူးလွန်သူကို ၀န်ကြီးအဖွဲ့တွင် သိလျက်နှင့် ဆက်လက်ခန့်ထားခဲ့သည်။ အဆိုးဆုံးမှာ ဤကိစ္စသည် မလေးရှားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံ အရေးဖြစ်သဖြင့် ဆက်လက်ပြီး ၀န်ကြီးချုပ်အသစ် အနေနှင့် ရေငုံနှုတ်ပိတ်မနေသင့်ကြောင်း ပြောဆိုသည်။ Shamsul Iskandar က ၀န်ကြီးချုပ် နာဂျစ်အား၊ ဤအမှုနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ၊ ပြုလုပ်ပေးရန်တောင်းဆိုလိုက်သည်။ သို့မှသာ မလေးရှားနိုင်ငံ၏ နိုင်ငံရေးနှင့် အမည်သည် နိုင်ငံတကာသံသယများကြားမှ ပြန်လည်ရှင်သန်ခွင့်ရမည် ဖြစ်ကြောင်းသတိပေးသည်။

လူငယ်ရေးရာက အမှုဖွင့်ခဲ့….

PKR ပါတီမှ လူငယ်အဖွဲ့ဖြစ်သော Solidariti Anak Muda Malaysia (SAMM - လူငယ်များအဖွဲ့) မှ Nor Azizi Abd Aziz သည် ဤကိစ္စကို တရားလိုပြု၍ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ SAMM အဖွဲ့ခေါင်းဆောင် Badrul Hisham Shaharin သည် Nor Azizi နှင့်ရဲစခန်းသို့လိုက်ပါခဲ့သည်။

Badrul Hisham က Malaysiakini သတင်းစာသို့ပြောသည်မှာ သူတို့သည် Migrant Care အစီအရင်ခံစာအပါအ၀င် အခြားစာတမ်းများကို ရဲစခန်းသို့ပေးအပ်ခဲ့ကြောင်း၊ Nor Azizi ၏တရားစွဲဆိုမှုကို လက်ခံကြောင်း၊ နှင့် ရဲအဖွဲ့က သူတို့ထံမှ နောက်ထပ်မည်သည့် သတိပေးချက်မှ မရသေးဘဲ ဤသတင်းနှင့် ပတ်သက် ၍ထုတ်ပြန်ခြင်း မပြုရန်သူတို့အား တောင်းဆိုလိုက်ကြောင်း ပြောဆိုသည်။ “ရဲဘက်ကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်မယ်လို့ထင်ပါတယ်” ဟုသူကပြောသည်။

ထို့ပြင် PKR လူငယ်မှ အဖွဲ့များကိုအင်ဒိုနီးရှား သို့စေလွှတ်ပြီး သတင်းအတိအကျ ရရှိရန် တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်မည်ဖြစ်ကြောင်း ပြောပါသည်။ အစီခံစာအရ အိမ်ဖော်မလေးမှာ အင်ဒိုနီးရှားသို့ချက်ချင်းပြန်ပို့ခံခဲ့ရသည်။

သူမ၏ ညီမငယ်မှာ မလေးရှားသို့လာရောက်၍ သူမ အစ်မကြုံတွေ့ခဲ့ရမှု ကို ဥပဒေအရဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာများနှင့် ဆက်သွယ်ကြိုးစားလျက်ရှိပါသည်။ သူမက သူမအစ်မအားကျူးလွန်စော်ကားခဲ့သော၊ ၀န်ကြီးမှာ ငွေကြေးများစွာချမ်းသာသည့်အပြင်၊ အင်ဒိုနီးရှား သူ၏သြဇာခံများစွာရှိကြောင်း စသည်ဖြင့် ခြိမ်းခြောက်ခံခဲ့ရကြောင်း မလေးရှားရှိ အမေရိကန်သံရုံးနှင့် အင်ဒိုနီးရှားသံရုံး များသို့တင်ပြခဲ့သည်။ PKR မှသူမ၏အမည်ကို မထုတ်ပြန်ခဲ့။ သူမအသက်လုံခြုံရေးကို စိုးရိမ်သော ကြောင့်ဖြစ်သည် ဟုဆိုသည်။

ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ဆင်တူအမှုတွင် Altantuya Shaariibuu (မွန်ဂိုးလီယား နိုင်ငံသူ၊ မိုဒယ်) သည်မလေးရှားတွင် အသတ်ခံခဲ့ရ၍ ဖြစ်သည်။ မုဒိန်းမှုသည် မလေးရှားဥပဒေအရ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်အများဆုံး အနှစ် -၂၀- နှစ် နှင့် ကြိမ်ဒဏ် ခံရမည်ဖြစ်သည်။ ဥပဒေက တရားခံကို ကာကွယ်ပေးထားသော်လည်း၊ အင်တာနက်နှင့် မီဒီယာများက သူမအတွက် များစွာကြိုးပမ်းခဲ့ကြ သည်။ မီဒီယာဘက်မှလည်း သူတို့သည် ၀န်ကြီးကို ဖြစ်ရပ်မှန်မဖော်ပြမချင်း၊ ဥပဒေအရ မဖြေရှင်းမချင်း ရေးသားဖော်ပြမှုများကို ရပ်မည်မဟုတ်ဟု ပြောလိုက်သည်။ (အစီအရင်ခံစာ - S Pathmawathy, Malaysiakini)

သတင်းစာဆရာ...Steve Oh ရေးသားသော ဤအမှုအတွက် သတင်း (ဇန်န၀ါရီ -၁- ရက်နေ့၊ ၂၀၁၁)

မုဒိန်းမှုသည် နိုင်ငံတကာတွင် ရာဇ၀တ်အမှုအဖြစ်သတ်မှတ်သည်။ အစိုးရပိုင်းဖြစ်စေ၊ သာမန်လူဖြစ်စေ၊ မည်သူကျူးလွန် သည်ဖြစ်စေ၊ နေရာ၊ ရာထူး ကြောင့်ရှောင်တိမ်းခွင့် မရသင့်။ မလေးရှားကဘိနက် ၀န်ကြီးသည် အင်ဒိုနီးရှားအိမ်ဖော်လေးကို မုဒိန်းကျင့်သည့် ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်။

ယခင် အစ္စရေးသမ္မတ Mostsave Katsav (အသက် ၆၅- နှစ်) သည် ၁၉၉၈- နှစ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး အဖြစ်တာဝန်ယူနေစဉ်၊ မုဒိန်းမှုနှစ်ခုကို ကျူးလွန်ခဲ့သည်။ နိုင်ငံရေးတွင် ထိုအမှုပေါ်ထွက်လာသည့်အခါ သူအား တရားစွဲဆိုခဲ့ကြသည်။ တရားရုံးမှ သူ့အား ၂၀၀၀- ခုနှစ်မှ ၂၀၀၇ အတွင်းသူအတွက်တာဝန်ထမ်းဆောင်ခဲ့ကြသော အမျိုးသမီးကို မုဒိန်းကျင့်မှုနှင့် ဥပဒေကို ရှောင်လွှဲမှုတို့အတွက် အပြစ်ရှိကြောင်း သတ်မှတ် ခဲ့သည်။

ယင်းသည် အစ္စရေးဒီမိုကရေစီ နှင့်ဥပဒေ တို့၏ အောင်ပွဲဖြစ်ခဲ့သည်။ မည်သူမှ တရားအရ အခွင့်ထူးခံခြင်းမရှိရပါ။ အာဏာကြီးသော နိုင်ငံရေးသမားတို့သည်လည်း မုဒိန်းမှုကိုလွယ်လွယ်ကျူးလွန်ပြီး ဥပဒေကို ရှောင်ဖယ်၍ မရသင့်ပါ။ အစ္စရေး လူမှုရေးအဖွဲ့များနှင့် အမျိုးသမီးအဖွဲ့ များက တရားမျှတစွာဖြစ်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။

မုဒိန်းမှုများစွာတို့သည် သက်သေ သက္ကာယ၊ အထောက်အထားပြနိုင်ရန်ခဲယဉ်း သည်။ စော်ကားခံရသူရာခိုင်နှုန်းများစွာတို့မှာရှက်ကြောက်၍ အမှု မလုပ်ကြပါ။ ယခု အင်ဒိုနီးရှားအိမ်ဖော်လေးဆိုလျှင် ရှက်ကြောက်ခြင်း၊ ကျူးလွန်သူ၏ ရာထူးဂုဏ်ရှိန်တို့ကြောင့် နိုင်ငံသို့ပြန်ပို့ခံရသည့်အပြင်၊ နိုင်ငံ၌ လည်း ထုတ်ဖော်ခြင်းမပြုရန် ခြိမ်းခြောက်ခံရသည်။

မုဒိန်းမှုကို အာမခံမပေးသင့်ပါ။ အိန္ဒိယနိုင်ငံ ဂိုအာ (Goa) မြို့မှ နိုင်ငံရေးသမား John Fernandes သည် ၂၀၀၉ ခုနှစ်တွင် ရုရှားနိုင်ငံသူတစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့ရာ အာမခံရခဲ့သည်။ သူသည် နောက်တရားရုံးတွင် ရောက်မလာတော့ဘဲ ထွက်ပြေးခဲ့သည်။ မုဒိန်းမှုကျူးလွန်သူများသည် ချမ်းသာခြင်း၊ ရာထူးကြီးခြင်းဖြစ်ခဲ့လျှင် အာဏာ၊ ငွေတို့ဖြင့် အမှုကို အစဖျောက်ကြသည်။ Rais သည်လည်း ဤလမ်းစဉ်အတိုင်း လုပ်ခဲ့သည်။ သူ့ကို ဆန့်ကျင်၍ အိမ်ဖော်သည် အမှုမဖွင့်ရဲ၊ မပြောရဲဆိုသည်မှာ လွန်စွာဆိုးဝါးပြီး၊ ဒီမိုကရေစီနှင့် ဆန့်ကျင်နေပါသည်။

အကယ်၍ နိုင်ငံခြားအိမ်ဖော်လေးတစ်ဦးသည် အိမ်ရှင်ယောက်ျားမုဒိန်းကျင့်ခံနေစဉ်၊ အိမ်ရှင်မိန်းမကလည်း အားပေးအားမြှောက်ပြုနေသည်ဆိုလျှင် ထိုမိန်းခလေးသည် မည်သူ့ကို အားကိုးရမည်နည်း။ ထိုသို့သောဖြစ်ရပ်များစွာ မလေးရှားနိုင်ငံတွင် ဖြစ်နေခဲ့သည်။

ထို့ကြောင့် မလေးရှားသည် ဥပဒေကို လေးစားလိုက်နာသောအားဖြင့် ကျူးလွန်သူသည် သမ္မတဖြစ်စေ၊ ခံရသူသည် အိမ်ဖော်ပင်ဖြစ်စေ အစ္စရေး၏ ဥပမာကို ယူ၍ ဆောင်ရွက်သင့်သည်။

အင်ဒိုနီးရှား NGO အစီရင်ခံစာအရ ၀န်ကြီးချုပ် Abduallah Ahmad Badawi နှင့်သူ၏ ကဘိနက် (နာဂျစ်အပါအ၀င်)၊ တို့သည် အင်ဒိုနီးရှားရှိ အိမ်ဖော်နှင့် သူမမိသားစုကို ဤကိစ္စမည်သူမှ မပြောရန်နှင့် လျှို့ဝှက်ထားရန် တောင်းပန်ခဲ့သည်ဆိုသည်။
ညီမဖြစ်သူသည် မလေးရှားတွင် တရားဥပဒေစီရင် မှုများအတွက် အကူညီရှာနေသော်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရကြောင်းပြောသည်။ မွန်ဂိုလီးယားနိုင်ငံသူ Altantuya Shaariibuu ကဲ့သို အသတ်ခံရမည်ကို စိုးရိမ်၍ ဖြစ်သည်။


မွန်ဂိုလီးယားသူ၊ မိုဒယ် Altantuya Shaariibuu

ထိုအမှုမှာလည်း နိုင်ငံရေးသြဇာမကင်းခဲ့ပါ။ Shariibuu ၏အလောင်းကို အောက်တိုဘာ ၂၀၀၆ တွင်၊ Shah Alam မြို့ပြင်တွင် တွေ့ခဲ့ရသည်။

ဒီသတ်မှုမှာလည်း မတရားမှု အတွက် သူပါခဲ့တယ်

လူသတ်တရားခံအဖြစ် ၃ - ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ ဖမ်းဆီး ခဲ့သည်။ သို့သော် ၂- ဦးကိုသာ အပြစ်ရှိကြောင်း အမိန့်ချ၍ သေဒဏ်ချမှတ်ခဲ့သည်။ တစ်ဦးကို တရားသေလွှတ်ခဲ့သည်။ လွတ်မြောက်ခဲ့သူမှာ ယခု ၀န်ကြီးချုပ် နာဂျစ်၏ မိတ်ဆွေ၊ ၀န်ကြီးအဖွဲ့မှ Abdul Razak Baginda ဖြစ်သည်။ သူသည် Shariibuu ကိုသတ်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး၊ Shariibuu ၏ ချစ်သူရည်းစားလည်းဖြစ်သည်။ ယခုလက်ရှိ ၀န်ကြီးချုပ် နာဂျစ်ကို မြန်မာမိန်းခလေးများ အိမ်ဖော်အရေးနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရနိုင်မည် လားဆိုသည်ကို စဉ်းစားကြပါကုန်။

Abdul Razak Baginda

Tenaganita လူ့အခွင့်အရေးအဖွဲ့မှ Robengah အိမ်ဖော်အမှုကို Rais ကျူးလွန်ခြင်းဆိုသည်မှာ မှန်သည်၊ မှားသည်ကို အမြန်ဆုံးထုတ်ပြန်ကြေငြာ ပါရန် ပန်ကြားခဲ့သည်။ ယခု နာဂျစ်တာဝန်ယူသည့်ကာလထိ မည်သို့သော ထုတ်ပြန်ကြေငြာချက်၊ စစ်ဆေးချက်မှ ထွက်ပေါ်မလာခဲ့။

Harakahdaily မှသတင်းတစ်ပုဒ်… (အင်္ဂါနေ့ ၂၈ - ဒီဇင်ဘာ၊ ၂၀၁၀)

ဘန်နီးဘရူးနှင့် ၀ီကီလိ(ခ)ကြောင့်လူအများ Yatim Rais အမှုကို စိတ်ဝင်စားလာကြပါပြီ။ လွန်ခဲ့သော ၃-နှစ်ကအမှုယခုထိတရားစီရင်မှု မရှိသည်မှာ မလေးရှား၏ ဥပဒေဖြစ်သလော။ ဤသတင်းကို ပထမဆုံးထုတ်ဖော်ခဲ့သူ ဘန်နီးဘရူး ခေါ် ရော့ကီဘရူး (နာမည်ရင်း - Ahirudin Attan) သည် မလေးမေးလ် သတင်းစာအယ်ဒီတာချုပ်ဖြစ်သည့်အပြင်၊ ဘလော့ဂါတစ်ဦးလည်း ဖြစ်ပါသည်။
Migrant Care (Indonesia) မှ ဤအမှုနှင့် ပတ်သက်၍ အစီအရင်ခံစာ တစ်စောင်ထွက်ပေါ်လာခဲ့သည်။ ထို

အစီရင်ခံစာကိုပြုစုသူများမှာ -
1. Wahayu Sushlo (Policy Analyst; Ph: 08129307964)
2. Anis Hidayah (Executive Director; Ph: 081578722874)
3. Alex Ong (Country Director; Ph: +60163121201)

တို့ကသြဂုတ်လ ၁-ရက်နေ့၊၂၀၀၇(ဂျကာတာ၊ အင်ဒိုနီးရှားနိုင်ငံ) တွင် ထုတ်ပြန်ခဲ့သည်။ အိမ်ဖော်အမည်ကိုလည်း Robengah ဟုအတိအကျတင်ပြ ခဲ့သည်။

Migrant CARE
Perhimpunan Indonesia untuk Buruh Migran Berdaulat
(Member of Migrant Forum in Asia and International NGO Platform on Migrant Workers' Convention)
Jl. Pulo Asem I C No 15 RT 015 RW 001 Jati, Jakarta Timur 13220 Indonesia. Telp/Fax: +62 21 4752803
E-mail: alexmigrantcare@gmail.com
Website: www.buruhmigranberdaulat.blogspot.com
(အစီရင်ခံစာမှ ရရှိသောဒေတာများဖြစ်ပါသည်။) နှစ်နိုင်ငံလုံးမှ လူများသည် ဤအမှုကိုစိတ်ဝင်းစားခဲ့သည်။

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။


ဆက်လက်ဖော်ပြပါမည်။

Friend Ever (နွားကျောင်းသား)

Ref:
http://www.malaysia-today.net/mtcolumns/newscommentaries/
http://malaysianindian1.blogspot.com/2011/01/
http://thexbusiness.blogspot.com/2011/01/
http://www.rockybru.com.my/2011/01/
http://www.rockybru.com.my/2010/12/
http://www.malaysiakini.com/news/152572
http://www.malaysiakini.com/news/152498
http://www.mmail.com.my/content/59915
http://www.malaysiakini.com/news/152452
http://www.malaysiakini.com/news/152161
http://www.malaysiakini.com/news/151885
http://www.malaysia-today.net/mtcolumns/newscommentaries/37111
Wikileaks
Migrant Care Reports

အပြည့်အစုံသတင်းဖတ်ရန်....

Friday, December 30, 2011

သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ

လှကျော် | "ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့ အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်း တထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။

ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။

“ဗုံးကွဲတာတဲ့” ဗုံးလန့်ချိန်မို့ ပြောကြသူကတမျိုး။ “ဂက်စ်အိုး ပေါက်တာ ထင်တယ်” တယောက်တမျိုး အမျိုးအမျိုး ထင်ကြေးပေးနေတာကို နားထောင်ရင်း ကျနော်လည်း အိမ်အောက်ကို ဆင်းလာပြီး အမျိုးသမီးကြီးတယောက်ကို စပ်စုကြည့်တော့ “မင်္ဂလာတောင်ညွန့်ဘက်က ကြားတာပဲ မီးသတ်ကားတွေလည်း အဲဒီဘက် မောင်းသွားကြတယ်”

ကျနော်လည်း ကမန်းကတမ်း အိမ်ပေါ်တက်ပြေးပြီး ကင်မရာယူ၊ အနွေးထည် ကောက်ဝတ်ပြီး တာမွေပလာဇာ ဘက်ကို ပြေးလာခဲ့တယ်။ လမ်းပေါ်မှာတော့ ဟိုနားတစု သည်နားတစုနဲ့ လူတွေ မျှော်ကြည့်နေတဲ့ဘက်ကို ဦးတည်ပြေးသွားရင်း တက္ကစီငှားတယ်။ ပထမတစီးက မလိုက်၊ လမ်းတွေ ပိတ်ထားမယ်ထင်တယ်တဲ့။
နောက် ဒုတိယတစီး အဆင်ပြေသွားတယ်။ “အကို ကျနော် ခုန ပေါက်ကွဲတဲ့ဆီ သွားချင်တယ်” တမြို့လုံး သိနေတဲ့ ပေါက်ကွဲမှု အကြောင်းကိုတော့ ကျနော် သေသေချာချာ ပြောပြဖို့မလို။ တက္ကစီသမားက ကျနော့်ကို ပေါက်ကွဲမှု ဖြစ်နေတဲ့ ဆီကို ဦးတည်မောင်းပေးပါတယ်။

“ကျနော်လည်း ခုနကမှ ဟိုဘက်ကနေ ပတ်မောင်းလာတာ။ ကျနော် အလုံဘက်မှာ ရှိနေတာ မြေကို တုန်သွား တာပဲ” ကားသမားပြောပြတာနားထောင်ရင်း ခဏပဲ မောင်းရသေးတယ်။ စက်ဆန်းဘက်ရောက်တော့ မီးညွန့်က
မြင်နေရပြီ။ ရှေ့ဆက်မောင်းဖို့က အဆင်မပြေတော့။ လမ်းပိတ်ထားလို့ ကားတွေတဖြည်းဖြည်း ကျပ်လာတာနဲ့ ကျနော်လည်း ကားကို ရပ်ခိုင်း၊ ပိုက်ဆံရှင်းပေးပြီးတာနဲ့ မီးညွန့်ရှိတဲ့နေရာဆီ ဦးတည် ပြေးသွားတော့တယ်။

တနေရာအရောက် ပလက်ဖောင်းပေါ်မှာ လူတစု ဝိုင်းအုံနေတာနဲ့ ဝင်ကြည့်လိုက်တော့ ဦးခေါင်းပိုင်းကို ပုဆိုးနဲ့ အုပ်ထားတဲ့ အမျိုးသမီး အလောင်းတခုကို ပလက်ဖောင်းပေါ်မှာ တင်ထားတာတွေ့တယ်။ “ခေါင်းပြတ်သွားတာ” ကျနော် လန့်သွားတယ်။ အခြေအနေ တော်တော်ဆိုးနေပြီဆိုတာ စိတ်ထဲက အလိုလိုသိသွားတာနဲ့ မီးလောင်တဲ့ဆီ ဆက်ပြေးလာခဲ့တယ်။

အဝင်ဝမှာလည်း မီးသတ်ကားတော်တော်များများ ပြည့်နေပြီ။ မီးသတ်ကားတွေ ကျော်ပြီး မီးလောင် နေတဲ့ နေရာ ရောက်တော့ မီးသတ်သမား လေးယောက် မီးတွေ တဟုန်းဟုန်း လောင်နေတဲ့ ကြားထဲ ဝင်ပြီး မီးသတ်ပိုက်ကို ဆွဲသွင်း နေကြတယ်။

ခဏနေတော့ သူတို့တွေ မီးစသတ်ပါတယ်။ ကျနော်လည်း အဝေးကနေပြီး ဓါတ်ပုံရိုက်နေတယ်။ တဖြည်းဖြည်း သူတို့တွေ မီးတောက်နဲ့ ပိုနီးတဲ့ နေရာ ဝင်သွားတယ်။ ကျနော်လည်း နောက်ကနေ တဖြည်းဖြည်း ကပ်လိုက်သွားပြီး ဓါတ်ပုံ လိုက်ရိုက်တယ်။ ခဏနေတော့ ဓါတ်ပုံ သတင်းထောက် တော်တော် များများ ရောက်လာပြီး သူတို့ကို ဓါတ်ပုံ ရိုက်တယ်။

ကျနော်လည်း ဓါတ်ပုံရိုက်ရတာ ကျေနပ်လောက်တဲ့အခြေအနေမှာ နောက်ကို ပြန်ဆုတ်ပြီး မီးလောင်နေတဲ့ အဆောက်အဦးရဲ့ တဘက်က လူနေအိမ်တွေ ကြည့်လိုက်တော့ ကျနော် လန့်သွား ရလောက်အောင် မြင်ကွင်းက ဆန်းနေတယ်။ အိမ်တွေအားလုံးရဲ့ အပေါ်ပိုင်းတွေဟာ စုတ်ပြတ် ပျက်စီး နေတယ်။

ကျိုးပဲ့နေတဲ့ အိမ်တွေထဲမှာ သွပ်ပြားအစုတ်အပြတ်တွေကလည်း တမင် ထိုးသိပ်ထည့်ထားသလိုပဲ။ လမ်းမျက်နှာစာ မှာရှိတဲ့ အိမ်တိုင်းလိုလို ပျက်စီးနေတယ်။ နောက်အိမ်တန်းရဲ့ နောက်ဘက်က ဒုတိယ အိမ်တန်းကို ကြည့်လိုက်တော့လည်း ပုံစံတူနီးပါး ပျက်စီးနေတယ်။ ဒီအိမ်တွေက လူတွေနေသလား ကျနော် တွေးနေတုန်းရှိသေးတယ်။ လူတယောက်ပြောသံက လူတွေအားလုံး လန့်ပြီး ထွက်ပြေးကုန်ပြီတဲ့။ မီးလောင်တဲ့ အဆောက်အဦးပတ်လည် အားလုံး ဒီအတိုင်းပဲဆိုတာ ထပ်သိလိုက်ရတယ်။
ခဏနေတော့ မီးသတ်သမားတွေ ဌာနဆိုင်ရာ ဝန်ထန်းတွေ စုရုံးစုရုံး အလုပ်ရှုပ်နေတဲ့ နေရာရောက်တော့ သူတို့ရဲ့ စကားပြောစက်တွေကို နားစွင့်ရင်း သေဆုံး၊ ဒဏ်ရာရ စာရင်းတွေ ကြားရတယ်။ သုံးနာရီ ၅၄ မိနစ်မှာ ကျား ခုနှစ်၊ မ လေးယောက်သေ၊ ဒဏ်ရာရရှိသူ ၅၄ ယောက်။ အဲဒီထဲမှာ အလာတုန်းက တွေ့ခဲ့တဲ့ ပလက်ဖောင်းပေါ်က အမျိုးသမီးတဦးလည်း ပါမယ်ထင်ပါတယ်။

“အမေ၊ အမေရေ”၊ “အမေရှိလား” စက်ဆန်းရပ်ကွက်သားတဦးဟာ တိတ်ဆိတ်ပြီး ကျိုးပဲ့ပျက်စီးနေတဲ့ အိမ်တလုံး ထဲကို ခက်ခက်ခဲခဲဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။ စုတ်ပြတ်နေတဲ့ သွပ်ပြားစတွေကလည်း အိမ်အတွင်း
မှာ အပြည့်။ ဒါပေမယ့် သူ မရမက တိုးဝင်ပြီး သူ့အမေကို အော်ခေါ်နေပါတယ်။

ခဏနေတော့ မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်မီးကိုယ်စီနဲ့ သူ့အမေကို ကူရှာပေးနေပါတယ်။ ဒါပေမယ့် ကြောင်တကောင်ခိုနေဖို့တောင် အန္တရာယ်မကင်းနိုင်တဲ့ အိမ်ထဲက ဘာသံမှ ထွက်မလာ။ စက်ဆန်း ရပ်ကွက်သားကတော့ ပြန်ထွက်လာပါတယ်။ သူ့ခြေထောက်မှာ သွပ်ပြားရှရာတွေနဲ့ သွေးအလိမ်းလိမ်း။

သွေးပျက်လောက်တဲ့ ပေါက်ကွဲသံကြောင့် အိပ်မောကျနေရာကနေ ထွက်ပြေးသွားကြတဲ့ အိမ်ရှင်တွေ၊ အမှောင်
ကြားက ဒီသွပ်ပြားတွေနဲ့ အပျက်အစီးတွေကို ဘယ်လိုများ ကျော်ဖြတ်သွားကြသလဲ။ ကျနော့်စိတ်ထဲမှာတော့ ပဟေဠိတခု ကျန်နေခဲ့တယ်။

ကျနော်လည်း မီးလောင်ဝန်းကျင် မြင်ကွင်းတွေကို ဓါတ်ပုံဆက်ရိုက်နေခဲ့တယ်။ မီးသတ်သမားတွေရော ကယ်ဆယ်ရေးသမားတွေရော တော်တော်လေးကို စွန့်စားလှုပ်ရှားနေရတာတွေ တွေ့နေရတယ်။ ကျနော်
နိုင်ငံခြားရုပ်ရှင်တွေထဲမှာတွေ့ရသလို အဆင့်မြင့် ပစ္စည်းတွေမသုံးဘဲ သူတို့တွေဟာ အန္တရာယ်နဲ့ အနီးဆုံးမှာ ရိုးရှင်းစွာနဲ့ လှုပ်ရှားနေကြတယ်။ သွပ်ပြားနဲ့ သံဆူးတွေ ရှုပ်နေတဲ့ မီးလောင်ပြင်မှာ သူတို့တွေ ဓါတ်မီးတောင် ကိုယ်စီ မပါကြဘူး။

ဘာကြောင့်လောင်တယ်ဆိုတာကို အတိအကျ မသိနိုင်သေးချိန်မှာတော့ မီးသတ် အရာရှိ တဦးရဲ့ ကန့် ပေါက်ကွဲမှု လည်း ဖြစ်နိုင်တယ် ဆိုတဲ့ အသံကို ကြားမိတယ်။ လောင်ကျွမ်းနေတဲ့ မီးရဲ့ အရောင်ကို အကဲခတ်ရင်း သူ အဝေးကနေ သတိပေးပါတယ်။

“အားလုံး နောက်ပြန်ဆုတ်ပါ မီးရောင်က ပြာလာရင် သတိထားရတယ်ဗျ။” ဟု သူက ဆက်ပြောတယ်။

ဓါတ်ပုံကောင်းတပုံရဖို့ဟာလည်း ဓါတ်ပုံသမား တယောက်ရဲ့ ရူးသွပ်မှု ဖြစ်တတ်တဲ့ အတွက် ကျနော်လည်း အန္တရာယ်ကို မကြောက်အား။ အချိန်မရွေး ပေါက်ကွဲမှု ဖြစ်လာနိုင်တဲ့ ဧရိယာ အတွင်းမှာ ကျနော် ဝင်နေမိတယ်။ အဲဒီလိုပဲ မီးသတ်သမားတွေလည်း မီးငြိမ်းသတ်ချင်တဲ့ ရူးသွပ်မှုမျိုး ရှိနေကြမှာပါပဲ။

ဓါတုဗေဓ ပစ္စည်းများပါ ပါဝင် လောင်ကျွမ်း နေတယ်လို့ သံသယ ရှိသည့်တိုင် မီးခိုးငွေ့တွေ ကြားမှာ အောက်စီဂျင်ဗူး အသုံးပြုသူ တယောက်ကို မြင်နိုင်ဖို့ကလည်း အံ့သြစရာ တခု ဖြစ်နေမှာ အမှန်ပဲ ထင်ပါတယ်။ ခဏနေတော့ ဆုတ်ခဲ့တဲ့ နေရာတွေဆီ မီးသတ်နဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ဓါတ်မီးရောင် စမ်းတဝါးဝါး အောက်မှာ ရှာဖွေရင်း မြေမြုပ်နေတဲ့ မီးသတ်ပိုက်ကို တွေ့ပါတော့တယ်။

မီးသတ်ပိုက်ကို တစတစ လမ်းကြောင်းလိုက်တူးဖော်ရင်း အပျက်အစီးတွေကြားက သွပ်ပြားတခုအောက်ကနေ တစုံတခုကို ဆွဲထုတ်ပါတယ်။ ဘယ်သူမှန်း မသိနိုင်တော့တဲ့ အနီရောင် ယူနီဖောင်းဝတ် မီးသတ်ရဲဘော်တဦး
ဖြစ်နေပါတယ်။

“မျက်နှာက ပျက်နေပြီ ဘယ်သူမှန်းမသိဘူး”

“အဲဒီတယောက်ပဲလား၊ ရှာဦး သေချာရှာဦး”

“အဖွဲ့ လူတွေ စစ်ကြပါ”

မီးသတ်နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ အချင်းချင်းပြောနေစဉ်မှာပဲ နောက်ထပ် မီးသတ်တဦးရဲ့ ရုပ်အလောင်းတခု ထပ်တွေ့တယ်။ နောက် မီးသတ်စီးတဲ့ ဖိနပ်တဘက်၊ တခြမ်းပဲ့နေတဲ့ မီးသတ် ဦးထုပ်။ နောက်ထပ် ပေါက်ကွဲမှုကြောင့် သေဆုံး သွားတဲ့ မီးသတ်တွေ အပျက်အစီးတွေ ကြားထဲမှာ ရှိနေသေးတယ် ဆိုတာ သေချာသွားပါပြီ။

ရန်ကုန်တိုင်း မီးသတ်ဗဟိုဌာနမှ အရာရှိတဦးရဲ့ အဆိုအရတော့ မီးသတ်တပ်ဖွဲ့ဝင် ငါးယောက် သေဆုံးပြီး ၃၇ ယောက် ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။
သူတို့ရဲ့ မီးသတ်ကား ဏ/၅၈၅၃ ဟာလည်း ကြီးကြီးမားမားအရာဝတ္ထုနဲ့ ထိမှန်ထားတာမတွေ့ရပေမယ့် စုတ်ပြတ် ပျက်စီးနေပါတယ်။ ဘယ်လိုပေါက်ကွဲမှုကြောင့် ဒီလိုပျက်စီးသွားသလဲဆိုတာ ကျနော် မတွေးတတ်အောင်ပါ။

ဒီမြင်ကွင်းတွေဟာ ကျနော့် ကင်မရာ View Finder အပေါက်က နေကြည်ဆဲခဏမှာ Shutter ခလုပ်ကို နှိပ်ဖို့ စိတ်ကူးတွေကလွဲလို့ ဘာမှခံစားလိုက်ရတာ မရှိသေးဘူး။ ဒါပေမယ့် Play ခလုပ်ကိုနှိပ်ပြီး ပုံပြန်စစ်မိတဲ့အချိန်မှာ ကျနော့်စိတ်တွေ ပြာဝေသွားလောက်အောင် ထိတ်လန့်သွားခဲ့တယ်။

အချိန်တွေက တစတစ ကုန်လွန်သွားတယ်။ တငွေ့ငွေ့လောင်နေတဲ့ မီးညွန့်ကြီးကလည်း ရှိနေဆဲ။ ကောင်းကင်မှာ လည်း မီးခိုးလိပ်ကြီးတွေက မကောင်းဆိုးဝါး တကောင်လိုပဲ။ မီးသတ်သမားတွေ၊ ကြက်ခြေနီ တွေလည်း သူတို့ အလုပ် သူတို့လုပ်၊ လူအုပ်ကြီးကလည်း ငေးမောကြရင်း၊ စုတ်သပ်ရင်း သူတို့ အလုပ် သူတို့လုပ်နေကြတယ်။ ရဲဝန်ထမ်းတွေလည်း ဟိုတစ သည်တစ သဲလွန်စ လိုက်ကောက်ကြရင်း အလုပ်လုပ်နေတယ်။ ယာဉ်ထိန်းရဲတွေ လည်း လမ်းသွားလာမှု အဆင်ပြေအောင် သူတို့အလုပ် သူတို့ လုပ်နေကြတယ်။

လေး နာရီနဲ့ ၄၅ မိနစ်ရှိသွားပြီ၊ ကျနော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြန်လှည့်လာခဲ့တယ်။ ကျနော့်စိတ်ထဲမှာ အလုပ်တခု လုပ်နေခဲ့တယ်။ သေဆုံးသွားခဲ့ကြတဲ့ မီးသတ် ရဲဘော်တွေ၊ အာဇာနည် သူရဲကောင်းတွေ အဖြစ် ကျနော့် စိတ်ထဲမှာ သူတို့ကို ခေါ်လာခဲ့တယ်။

(လူပေါင်း ၂၀ ကျော် သေဆုံးခဲ့သည့် စက်ဆန်းကူးတို့ဆိပ်ရပ်ကွက် ပေါက်ကွဲမီးလောင်မှုတွင် ကျဆုံးသွားသော မီးသတ်ရဲဘော်များအား ဂုဏ်ပြုရေးသားသည်။)

လှကျော်

source by : မဇ္ဈိမ

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, December 20, 2011

အာဏာရှင် မဟန ပြောင်းလဲသင့်ပြီလော

ဦးပညာဇောတ | ရဟန်း သံဃာတော်များသည် ဘုရားရှင် လက်ထက်ကထဲကပင် အစုအဖွဲ့နှင့်နေလာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ် တိုင်အောင်ပင် ဖြစ် ပါတယ်။ နောင်လည်းပဲ အစုအဖွဲ့ အနေနှင့်ပင် ဆက်လက်နေသင့်နေကြရမှာ ဖြစ်ပါတယ်။ တပါးကို ပုဂ္ဂလ၊ နှစ်ပါး သုံးပါးကို ဂဏ၊ လေးပါးနှင့် လေးပါးအထက်ကို သံဃာလို့ဟောထားသဖြင့် သံဃာဟုဆိုလိုက်လျှင်ပင် အဖွဲ့အစည်း တခုဖြစ်နေပါတယ်။ သံဃာဆိုတဲ့ အဓိပ္ပါယ်ကလည်း အစုအဖွဲ့နဲ့နေတဲ့ ပေါင်းစုထားတဲ့ အဖွဲ့အစည်းလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ဖွဲ့နေစရာ မလိုတဲ့သဘောပါ။

ဗုဒ္ဓက သူ့သာသနာတော်သို့ ဝင်ရောက်လာသူမှန်သမျှကို ဝိနည်း သိက္ခာပုဒ် အတိုင်း လိုက်နာနေထိုင်ပါက သံဃာ့အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုပါတယ်။ မှတ်ပုံတင်မရှိကြသလို မည်သည့်အစိုးရထံမှလည်း ရဟန်းဖြစ်ကြောင်း ဟုတ်မှန်ကြောင်း တောင်းခံရတာမျိုး မရှိခဲ့ပါဘူး၊ အချင်း ချင်း ကြီးစဉ်ငယ်လိုက် ထေရက္ကမအစဉ်ဖြင့် အရိုအသေပေးပြီး သီတင်းသုံးနေထိုင်ကြရပါတယ်။ ပါရာဇိက ၄ ပါး မကျူးလွန်သေးသမျှ ရဟန်းအဖြစ်ကရပ်စဲတယ်ဆိုတာ မရှိပါဘူး။ ရဟန်းအဖြစ်က ရပ်စဲလို့လည်းမရပါဘူး။ အာဏာအသုံးပြုပြီး သင်္ကန်းဆွဲချွတ်ရင်တောင် သင်္ကန်းမရှိပေမယ့် ရဟန်းအဖြစ်တည်ရှိနေဆဲ ဖြစ်ပါတယ်။ သိက္ခာတင် ပဉ္စင်္ဂသိက္ခာချ ဆလင်္ကာဆိုတဲ့ အင်္ဂါရပ်များနဲ့ညီမှ သင်္ကန်းဝတ်တာ၊ ချွတ်တာဆိုတာကို လုပ်လို့ရပါတယ်။ ချွတ်ချင်တိုင်း ချွတ်လို့ မရပါဘူး။ ဗုဒ္ဓဘာသာဝင်အမည်ခံထားပြီး ဝိနည်းကိုနားမလည်တဲ့ လူ့အန္ဓ များကတော့ သင်္ကန်းမရှိတော့ရင် ရဟန်းမဟုတ်တော့ဘူးလို့ ထင်နေကြပုံရပါတယ်။

မြန်မာနိုင်ငံမှာ မဆလ ခေတ် ၁၉၈၀/၁၉၈၁ ခုနှစ်က သံဃာတော် ၄၇ ပါးနဲ့အတူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ မဆလ အာဏာရှင်ကြီးစိုးချိန်ဖြစ်လို့ လုပ်ချင်တာလုပ်နိုင်တယ်ဆိုပေမယ့် ဒီမဟနအဖွဲ့ကို လွယ်လွယ်နဲ့ဖွဲ့နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ သံဃာတော်များ မှတ်ပုံတင်မလုပ်ရေးကို ဆရာတော်ကြီးများစွာက ကန့်ကွက်ခဲ့ကြပါတယ်။ မှတ်ပုံတင်လုပ်ခိုင်းတဲ့နောက်ကွယ်မှာ သံဃာ့ အဖွဲ့အစည်းတခုဖွဲ့ပြီး ယင်းအဖွဲ့ကို အသုံးပြုကာ သံဃာအချင်းချင်း အုပ်ချုပ်ခိုင်းမည့် ဦးနေဝင်းအစိုးရရဲ့ ရည်ရွယ်ချက်ကို ဆရာတော်ကြီး များက ကောင်းစွာသိနေသည့်အတွက် ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဦးစိန်လွင်က ဆရာတော်ကြီးများကို လိုက်လံစည်းရုံးစဉ်အခါမှာ တချို့ဆရာတော်ကြီးများကဆိုရင် သံဃာတွေကို ညှဉ်းဆဲနှိပ်စက်မယ့် အထဲမှာ ငါတို့ကိုဆွဲမထည့်နဲ့ မလုပ်နိုင်ဘူးလို့တောင် ပြောဆိုလွှတ်လိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ကန့်ကွက်သည့်သံဃာဦးရေများလာ သည့်အခါ သံဃာတော်တချို့ကို ပါရာဇိက ဝိနည်းသိက္ခာပုဒ်နှင့် လိမ်ညာစွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သတင်းဌာနနှင့် ရေဒီယိုတို့မှ “သံဃာအတုတွေ သာသနာဖျက်မည့်သူတွေ ပေါ်ပေါက်” လို့ ဟု မဟုတ်မမှန် လုပ်ကြံကြေညာကာ သံဃာ့အဖွဲ့အစည်းကို အဓမ္မဖွဲ့စည်းခဲ့ပါ သည်။ ၁၉၉၀ ခု ပတ္တနိက္ကုဇ္ဇန ကံဆောင်စဉ်ကလည်း ပြည်သူအများက ရဟန်းသံဃာတော်များအပေါ် ထင်ယောင်ထင်မှားဖြစ်အောင် လိမ်ညာ ဝါဒဖြန့်ပြီး သံဃာတော်များကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။၂၀၀၇ ခုနှစ်ကလည်း အလားတူ လုပ်ရပ်မျိုးလုပ်ပြီး သံဃာတော်များကို ဖမ်းဆီးကာ ထောင်ချခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဖြစ်ပေါ်လာသည့်အခါ မဆလ အစိုးရဟာ သာသနာတော်ကို ကြည်ညိုဟန်ဆောင်ပြီး ရုပ်ရှင် ဂီတ သဘင် အနုပညာရှင်များနှင့်အတူ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ အကြီးအကျယ်လုပ်ကာ မဟန ဆရာတော်များကို ရာထူးက မဆင်းနိုင် အောင် ဖြားယောင်းခဲ့ပါတယ်။ ဖုန်း၊ ကား၊ ကျောင်းမြေကွက်များပေးသည့်အပြင် လုပ်ပိုင်ခွင့်အာဏာများလည်း အပြည်အဝ ပေးထားသည့် အတွက် ဆရာတော်တချို့ဟာ သာမန်လူသားများကဲ့သို့ပင် ရာထူးက ဆင်းပေးရမှာကို စိုးရိမ်လျှက်ရှိပါတယ်။ ရာထူးမြဲရေးအတွက် အာ ဏာပိုင်အဆင့်ဆင့်ခိုင်းတာကိုလုပ်နေသည့်အပြင် လာဘ်ထိုးပြီးနေရာရအောင် လူပြန်တော်ပွဲစားတွေကတဆင့် ကြိုးစားလုပ်ဆောင်တာ တွေလည်း ရှိခဲ့ပါတယ်။ ရာထူး လာဘ်လာဘများနဲ့ စည်းလုံးနေတဲ့ သံဃာများကို ခွဲပစ်လိုက်တာပါပဲ။

မဆလ အစိုးရဟာ ရာထူးမက်မောနေသည့် မဟနဆရာတော်အချို့ကိုအသုံးပြုလျှက် ရဟန်းသံဃာများအတွက် ညွှန်ကြားလွှာအမိန့် အသီးသီးထုတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ အဖွဲ့အစည်း မရှိခင်က ညီညွတ်နေသည့် မြန်မာရဟန်းသံဃာ၏ အချင်းချင်း ညီညွတ်ရေးတွေ ပြိုကွဲလာပါတယ်။ ရဟန်းသံဃာများအနေနဲ့လည်း မဆလအစိုးရကို အပြစ်မမြင်တော့ဘဲ မဟနကိုသာ အမြင်မကြည်မလင် ဖြစ်လာပါတယ်။ ရဟန်းငယ်များ တခုခုလုပ်တိုင်း မဟန အဖွဲ့ကို ညွှန်ကြားလွှာထုတ်စေပြီး ကျောင်းတိုက်အပြင်ထွက်ခွင့်မပေးဘဲ အပြင်လူထုနှင့် အဆက် အသွယ် ပြတ်သွားအောင် ကျောင်းထိုင်ဆရာတော်များကတဆင့် ထိန်းချုပ်စေပြီး သံဃာချင်းတိုက်ပေးတဲ့နည်းကို အသုံးပြုပါတယ်။

အာဏာရှင်အဆက်ဆက်များဟာ မဟန အဖွဲ့ကြီးကိုလည်း မြေမှု၊ ကျောင်းမှု၊ ပါရာဇိက အမှုတွေမှာ ကမ္ဘာအေးရှိ သာသရေးဦးစီဌာနက လူပြန်တော်ပွဲစားများကတဆင့် လာဘ်စားတတ်အောင်သင်ပေးပြီး ငွေများ တရားနိုင်တဲ့အဖွဲ့အဖြစ် ရောက်ရှိစေခဲ့ပါတယ်။ အမှုကိစ္စဖြစ် သည့်အခါ အမှုနိုင်ရေးအတွက် ငွေဘယ်လောက်ပေးရမယ်ဆိုတာမျိုးကို လူပြန်တော်တွေကတဆင့်ပြောဆိုပြီး လူပြန်တော်နဲ့ ဝိနိစ္ဆယ ( တရားရေးအဖွဲ့) တို့ ခွဲဝေယူတာမျိုးတွေအထိ ဖြစ်လာပါတယ်။

မဟန အဖွဲ့ကြီးကို “သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်သည့်အတွက် ကြိုဆိုထောက်ခံမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်ပေမယ့် မဟနအဖွဲ့ရဲ့ အဝိဇ္ဇာ မောဟတရားများဖုံးလွှမ်းတာအားကြီးလာပြီး လာဘ်စားမှု၊ အဂတိလိုက်စားမှု၊ အာဏာရှင်များရဲ့ အသုံးချခံနေရမှု စသည်များကြောင့် သာသနာတော်ဟာ မသန့်ရှင်းဘဲ ပို၍ပင် ညစ်နွမ်းလာရပါတယ်။ တည်တံ့ပြန့်ပွားအောင်လုပ်ရာမှာလည်း နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်တွေပေါ်လာပေမယ့် ရဟန်းငယ်များ လွတ်လပ်စွာ ဆွေးနွေးခွင့် တင်ပြခွင့်တွေ မရှိပါဘူး။ ခေတ်အမြင်ရှိပြီး သာသနာတော် တိုးတက်စေလိုတဲ့ဆန္ဒရှိတဲ့ ရဟန်းငယ်များဟာ တက္ကသိုလ်တွေရဲ့လိုအပ်ချက် အားနည်းချက်တွေ၊ မသမာမှုတွေကို တင်ပြချင်ပေမယ့် ကျောင်းက အထုတ်ခံရမှာစိုးရိမ်နေသည့်အတွက် စိတ်ဆင်းရဲစွာနဲ့ပဲ ပညာသင်ကြားနေကြရပါတယ်။

နိုင်ငံတော်ကနေပြီး ပြည်ပကို သာသနာပြုလွှတ်ရန်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ နိုင်ငံတော် ပရိယတ္တိသာသာနာ့ တက္ကသိုလ်တွေ (နပသ) တွေ ဖွင့်ထားသော်လည်း အရည်အချင်း မပြည့်စုံမှု၊ အာဏာရှင်စနစ်ပမာ အုပ်ချုပ်မှု စာသင်သံဃာတော်များ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်မှု စတဲ့အကြောင်းများကြောင့် နှစ်ပေါင်း ၂၇ နှစ်ကြာသည့်တိုင် ပြည်ပသာသနာပြုတွေ မလွှတ်နိုင်သေးပါဘူး။ ကိုယ့်အစီ အစဉ်နဲ့ ပြည်ပထွက် သာသနာပြုနေကြသည့်သံဃာတော်များရှိလို့သာ မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာအကြောင်းကို ကမ္ဘာက သိနေခြင်း ဖြစ်ပါတယ်။

နပသမှာ သာသနာချစ်တဲ့စိတ်နဲ့ အမှန်တရားကိုတင်ပြသူများကိုတော့ နည်းမျိုးစုံနဲ့ အထဲမှာမနေနိုင်အောင် ဖိအားပေးခံရပါတယ်။ စာမေး ပွဲအချခံရခြင်း အပြစ်သေးသေးလေးကိုအကြောင်းပြကာ နှင်ထုတ်ခံရခြင်းများပြုလုပ်ပြီး ခိုင်းသမျှလုပ်ပေးသူများကိုတော့ နေရာပေးထားကာ ခွဲခြားအုပ်ချုပ်သည့်စနစ်ကို တရားမဝင် ကျင့်သုံးနေပါတယ်။ မဆလနဲ့ နဝတ ခေတ်မှာ ခဏတဖြုတ် ပြည်တွင်းမှာ သာသနာပြန့်ပွားဖို့အတွက်လုပ်ခဲ့ပေမယ့် ၎င်းနောက်ပိုင်း ယနေ့အချိန်အထိ ပြည်သူပြည်သားများ အသိဉာဏ်ပညာတွေနဲ့ ဘာသာတရားပြန့်နှံ့မှုများအတွက် ဘာမှလုပ်ဆောင်တာ မရှိတော့ပါဘူး။

မဟန အဖွဲ့ဟာ သာသနာတော်နဲ့သက်ဆိုင်တဲ့ ကိစ္စအဝဝကို လုပ်ကိုင်ဆောင်ရွက်ပေးရမှာ ဖြစ်ပေမယ့် သာသနာ့အကျိုး သံဃာ့ အကျိုးကို မဆောင်ရွက်နိုင်ဘဲ အာဏာရှင်အဆက်ဆက်ရဲ့ အကျိုးဆောင် လက်ကိုင်တုတ်ဖြစ်လာနေပါတယ်။ မဆလရှိစဉ်က မဆလခိုင်းတာ လုပ်ပေးရပြီး နဝတ နအဖ ခေတ်တွေရောက်တော့လည်း ဒီစစ်အာဏာရှင်တွေရဲ့ ခိုင်းစေတာကို လုပ်ပေးခဲ့ပါတယ်။ အခုလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ သာသနာ့မျက်နှာကိုမကြည့်ဘဲ အာဏာရှိသူ အစိုးရမျက်နှာကိုကြည့်နေတဲ့အဖွဲ့အဖြစ်ပဲ တည်ရှိနေပါတယ်။ အာဏာ ရှင်အစိုးရတွေ ပုံစံမျိုးစုံ ပြောင်းသွားသော်လည်း မဟန အာဏာရှင်ကတော့ မပြောင်းလဲသေးပါဘူး။

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် မဟန အဖွဲ့ကြီးရှိပါလျှက်နဲ့ ၂၀၀၇ မှာကျောင်းတိုက်တွေ ဝင်ရောက်စီးနင်းတာ သံဃာ တော်တွေ ဖမ်းဆီးထောင်ချခံရတာတွေမှာ သံဃာများရှေ့ကနေ ရပ်တည်ပြီး ဘာမှ မလုပ်ပေးနိုင်တဲ့အပြင် ရာထူးအာဏာ တည်မြဲရေး အတွက် အလိုတူအလိုပါ စစ်အာဏာရှင်ဘက်ကတောင် ရပ်တည်ပြီး လိုက်ပါဆောင်ရွက် ဟောပြောပေးတာတွေရှိပါတယ်။ ကြခတ်ဝိုင်း ဆရာတော်လို ဆင်းရဲမျိုးစုံကြုံနေရပြီး မှန်ကန်တဲ့ပြည်သူ့ဘက်ကမရပ်ဘဲ အာဏာရှင်ကျေနပ်အောင် လုပ်ပြချင်တဲ့အဖွဲ့ဖြစ်နေတော့ မဟန အဖွဲ့ကို ယုံကြည်မှုတွေ ကျဆင်းလာနေပါတယ်။

မဟန အဖွဲ့ထဲက အမှန်အတိုင်း လုပ်ကိုင်ချင်တဲ့ဆရာတော်တချို့ဟာ လုပ်ပိုင်ခွင့်နေရာ မရရှိဘဲ အာဏာရှင်ခိုင်းတာ လုပ်ပေးတဲ့ ဆရာ တော်များကိုသာ လျှို့ဝှက်ပြီး ရွေးချယ်တင်မြှောက်ထားပါတယ်။ သာသနာတော်အတွက် မဟန အဖွဲ့ကြီး ရှိပါလျှက်နဲ့ သံဃာတော်များ ဖမ်းဆီးထောင်ချခံရတာတွေ ကျောင်းတိုက်များ ဝင်ရောက်ဖျက်ဆီးခံရတာတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ ရဟန်း ငယ်များဘက်က မားမားမတ်မတ်ရပ်ပေးရမယ့်အစား အာဏာရှင်ဘက်က ရပ်တည်ပေးတာဟာ သာသနာအတွက် ဝမ်းနည်းစရာအလွန် ကောင်းပါတယ်။

သံဃဝိနိစ္ဆယ (သံဃာ့တရားရုံး) တွေရှိပေမယ့် သံဃာတော်များ သင်္ကန်းချွတ်ခံရတာကို ဘာမှအကာအကွယ်မပေးခဲ့ပါဘူး။ သံဃာ့ တရား ရုံးဥပဒေအရ ဖြေရှင်းခွင့်မရဘဲ နှစ်ကြီးပြစ်ဒဏ်တွေ ကျခံကြရပါတယ်။ ရဟန်းတပါးမှာ အပြစ်ရှိတယ်ဆိုရင်တောင် သံဃာ့တရားရုံး အဆင့်ဆင့်က ပထမဆုံးတရားစီရင်ချက်ချပြီးမှ လူ (အရပ်သား) တရားရုံးက ဒုတိယစီရင်ချက်ချရတာ ဖြစ်ပါတယ်။ ရွှေဝါရောင် သံဃာ တော်များဟာ မဟနအဖွဲ့နဲ့ တရားဥပဒေရဲ့ အကူအညီလုံးဝမရတဲ့အတွက် လူဆိုးသူခိုးများလို နှိပ်စက်ညှင်းဆဲခံရတဲ့အပြင် နှစ်ရှည်ထောင် ဒဏ်တွေလည်း ကျခံနေရပါတယ်။

မဟန အဖွဲ့ရဲ့ အားနည်းချက်တွေကိုသိနေတဲ့ အာဏာရှင်အဆက်ဆက်ကလည်း သူတို့နဲ့ အမြင်မတူတဲ့ သံဃာတော်တွေ လူမှုရေးအဖွဲ့တွေ ပညာဒါန ကျောင်းတိုက်တွေကို လူထုအကျိုးပြု လုပ်ငန်းတခုခုလုပ်လာပြီဆိုရင် ဖိနှိပ်ဖို့အတွက် ဒီမဟနအဖွဲ့ကို အမြဲအသုံးချပြီး သံဃာ အချင်းချင်း မသင့်မြတ်အောင်လုပ်ကာ လူပြန်တော်များကို အမိန့်ညွှန်ကြားလွှာများ ရေးခိုင်းပြီး မဟန အဖွဲ့ကို လက်မှတ်ထိုး စာထုတ် ခိုင်းပါတယ်။ မဟနအဖွဲ့ကလည်း မှားသည် မှန်သည်ဆိုတဲ့အဖြစ်မှန်ကို သေချာစစ်မနေတော့ဘဲ အာဏာတည်မြဲရေးအတွက် စစ်အာဏာရှင် အစိုးရအကြိုက် လုပ်ဆောင်ပေးခဲ့ပါတယ်။

ဗုဒ္ဓဘာသာဟာ သံသရာလွတ်မြောက်ရေး လမ်းကြောင်းတခုထဲကိုသာသွားတဲ့ တလမ်းသွား မဟုတ်ပါဘူး။ လက်ရှိ လူနေမှုဘဝတွေမှာလည်း လူသားကောင်းကျိုး လောကကောင်းကျိုးတွေကိုလည်း ဆောင်ရွက်ပေးတဲ့ နှစ်လမ်းသွား ဖြစ်ပါတယ်။ ကျန်မာရေး ပညာရေး အသိဉာဏ်နဲ့ အထွေထွေ ဗဟုသုတတွေ သင်ပေးဖို့အတွက် ရဟန်းသံဃာတော်များမှာ တာဝန်ရှိသလို ဘာသာတရားနဲ့ မဆန့်ကျင်သည့်အပြင် ဘုရားဟောနဲ့လည်း ညီညွတ်ပါတယ်။ သံဃာတော်များအနေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ များများလုပ်နိုင်မယ်ဆိုရင် သာသနာတော်ဟာ သိက္ခာမကျဘဲ သိက္ခာတက်လာမှာ ဖြစ်ပါတယ်။ ရှေးဆရာတော်ကြီးများ အဆက်ဆက်ဟာ ကျေးရွာတွေ မြို့တွေမှာ လူထုကောင်းကျိုးတွေ လုပ်ခဲ့တဲ့အတွက် လူသားတွေ မင်းညီမင်းသားတွေရဲ့ အားကိုးရာ အားထားရာ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ ရဟန်းတော်များက အများအကျိုးကို မှန်မှန်ကန်ကန်လုပ်ပြီး ဦးဆောင်လာတဲ့အခါ လူထုထောက်ခံမှုရရှိပြီး လူထုအာဏာဟာ သံဃာတော်များဆီမှာ အလိုလိုရှိနေတဲ့အတွက် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ နှစ်မျိုးလုံးကို ဆုံးမ သြဝါဒပေးနိုင်ပါတယ်။ သာသနာ့လည်း ဂုဏ်သိက္ခာ ရှိပါတယ်။ သံဃာ့အဖွဲ့အစည်းဆိုတာ ရာထူးအာဏာ တည်မြဲရေးကိုကြည့်ပြီး အာဏာရှင်ခိုင်းတာ လုပ်မယ်ဆိုရင်တော့ သိက္ခာကျမှာ မလွဲပါဘူး။ ခိုင်းတာကို သံဃာများက ပြန်လုပ်ပေးနေတဲ့အတွက် ပို၍ ကျဆင်းစေပါတယ်။

လူထုအကျိုးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ သံဃာတော်တွေ ကျောင်းတိုက်တွေကို သာသနာ့အကျိုး လောကအကျိုး ဆောင်ရွက် နေတဲ့အတွက် မဟန အဖွဲ့အနေနဲ့ ကူညီစောင့်ရှောက်အားပေးရမှာပါ။ တဖက်မှာလည်း သာသနာနဲ့ မအပ်စပ်တဲ့ ဘောလုံးပွဲ စတဲ့ လောင်း ကစားတာ၊ လမ်းဘေးမှာ အချိန်မတော် အလှူခံတာ၊ ရထားဘူတာနဲ့ ကားဂိတ်တွေမှာ လိုက်တောင်းနေတာ၊ အရက်သောက်တာ၊ မွန်းလွဲချိန် ဆိုင်ထိုင်တာတွေလုပ်နေကြတဲ့ သံဃာတွေကို အရေးယူသင့်ပါတယ်။ အဲဒါမျိုးတွေကို သန့်စင်ရှင်းလင်းပေးမှ သာသနာသန့်ရှင်း ရေးဆိုတာ ဖြစ်မှာပါ။ အဲဒီလုပ်ရပ်တွေက သာသနာသိက္ခာကျစေတဲ့ လုပ်ရပ်မျိုးတွေပဲဖြစ်တယ်။ အခုကြတော့ အမှန်တကယ်လုပ်ရမယ့် အလုပ်မျိုးတွေကိုလည်း တာဝန်မဲ့ လုပ်နေကြတယ်။ မြို့တိုင်းနယ်တိုင်းမှာ သံဃာ့အဖွဲ့အစည်းတွေ ရဲစခန်းတွေရှိပါလျက်နဲ့ ဒီလိုမျိုး လုပ်ရပ်တွေကို အရေးမယူဘဲ ခွင့်ပြုထားတာကတော့ သံဃာတော်များ ၂၀၀၇ တုန်းကလို တခုခုလုပ်ခဲ့ရင် ဒီလိုရဟန်း အတုအယောင်တွေ ကြောင့် ဖမ်းပါတယ်ဆိုတာမျိုးအကြောင်းပြချင်လို့ ထောင်ချောက်ဆင်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလို သာသနာထွန်းကားတဲ့ နိုင်ငံတခုမှာ အမှန်တရားကို လိုလားတဲ့ ဘက်မလိုက်တဲ့ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ လွတ် လပ်စွာ ဆုံဖြတ်ပိုင်ခွင့်ရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီး တခုရှိသင့်တာ အမှန်ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ အဂတိတရား ၄ ပါးကင်းပြီး မည် သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ဘဲ သာသနာတော်အတွက် လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ လုပ်နိုင်ခွင့်ရှိတဲ့ အဖွဲ့ဖြစ်ဖို့ လိုပါတယ်။ ဒီလိုအဖွဲ့ဖြစ်ဖို့ဆိုရင် ရဟန်းတော်များကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်တင်မြှောက်ဖို့လိုပါတယ်။ မည်သည့် အစိုးရမှ ပါဝင်ပတ်သက်ခွင့် မရှိစေရပါဘူး၊ အစိုးရနဲ့ ဒကာ ဒကာမတွေဟာ ထောက်ပံ့လှူဒါန်းကူညီသူများအနေနဲ့သာ ရှိသင့်ပါတယ်။ သာသနာတော် ပြန့်ပွားရေး ထိန်းသိမ်းစောင့်ရှောက်ရေးများအတွက် ဒီအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ရမှာဖြစ်သလို ကောင်းကျိုး ဆိုးပြစ်တွေကိုလည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။

လက်ရှိ မဟန အဖွဲ့အနေ့နဲ့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သာသနာတော်မတိုးတက်ဘဲ ဆက်လက်ဆုတ်ယုတ်သွားမှာ သေချာ ပါတယ်။ လောလောဆယ်ပင် တရားဟောခွင့် နာခွင့်များ ဆုတ်ယုတ်လာနေတာ တွေ့နေရပါတယ်။ အာဏာရှင် မဆလပါတီ ပျောက်ကွယ် သွားတာကိုသင်္ခန်းစာယူပြီး ပြင်သင့်တာပြင်ဆင်ဖို့ အချိန်ရောက်နေပါပြီ။ စစ်အာဏာရှင်တွေ ခိုင်းတာကို လိုက်လုပ်ပေးနေတဲ့ မဟနအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘာသာ သာသနာကို လူတွေက အထင်သေးလာနေပါတယ်။ ဒါကြောင့် သာသနာ့အကျိုးကို အမှန်တကယ် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းဆောင်ရွက်လိုတဲ့ စစ်မှန်တဲ့မဟနအဖွဲ့ကို ကြိုဆိုထောက်ခံပေမယ့်လည်း အာဏာရှင်မဟနအဖွဲ့ကိုတော့ မရှိသင့်တော့ပြီလို့ ထင်မြင်ယူဆမိပါကြောင်း။

အပြည့်အစုံသတင်းဖတ်ရန်....

Monday, December 19, 2011

ခေတ်သစ် လူငယ် သိကြစေ (၃)

၁၉၈၉ ခုနှစ်၊ မတ်လ၊ ဒုတိယ အပတ် တနေ့လုံး မြို့နယ် အတွင်းရှိ ပါတီ ကိစ္စများနှင့် အလုပ်များနေသည်။ ရှစ်လေးလုံး လူ ထုအရေးတော်ပုံကြီးအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြသော လူငယ် အများစုသည် ပါတီများ အတွင်း ရောက်ရှိသွား ကြသည့် လူငယ်များ အပေါ် မကျေနပ်ကြ၊ ဗကသ၊ ရကသ၊ အကသများ အဖြစ် ဖြင့်သာ ရပ်တည် လိုကြသည်။ ကျောင်း သားသည် ကျောင်းသား အရေးသာ လုပ်ရမည်ဟု ဆိုသူကဆို၊ ပါတီ တခု၏ အောက်တွင် လှုပ်ရှား ရသည်ကို ဘောင်ကျဉ်း သည်ဟု ပြောသူက ပြော၊ တနေ့ တနေ့ ဆွေးနွေးရင်း စည်းရုံး၊ စည်းရုံးရင်း နိုင်ငံရေး သင်တန်း ဆန်ဆန် ပို့ချနှင့် မအားလပ် ရပါ။

ထိုစဉ် တောင်ဥက္ကလာပမြို့နယ်မှ မင်းနိုင်သူနှင့် မောင်မောင်တို့ အိမ်သို့ရောက်လာသည်။ အချိန်ကား ညနေ(၅) နာရီ လောက် ရှိပါသည်။ မင်းနိုင်သူ က “ကျနော်တို့ ဆွေးနွေးစရာ ရှိလို့ပါ” ဟု ဆိုလာသည့် အတွက် ကျနော်က ဆွေးနွေးပါလို့ တုံ့ပြန် လိုက်ပါသည်။ ထိုအခါ သူက “ကျနော်တို့ လူ့ဘောင်သစ် ဗဟိုကော်မတီမှာ ကွန်မြူနစ်တွေ၊ ကွန်မြူနစ် ဝါဒ ဘက်ကို ယိမ်းတဲ့ သူတွေ ပါတယ်ဆိုတာ လက်ခံပါသလား’’ ဟု မေးပါသည်။ ကျနော်က “အေးလေ အဲဒါ ဘာဖြစ်လဲ? တို့တတွေ ကြီးပြင်းလာတဲ့ အချိန်မှာ လေ့လာစရာ ဆိုလို့ လက်ဝဲ စာပေတွေပဲ ရှိတာပဲ။ မင်းတို့က ဘယ်သူတွေကို ဦးတည်ပြီး ပြောချင် တာလဲ’’ ဟု ပြန်မေးလိုက်သည့်အခါ သူက “ကိုမိုးသီး၊ ကိုသက်ထွန်းနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့က ကိုဋ္ဌေးအောင် တို့လေ” ဟုပြောပါသည်။

ကျနော့် စိတ်ထဲမှာ အတွေးများ တရစပ် ဝင်လာပါသည်။ တို့ကို ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီးက NLD ကို ဖြိုခွဲသလို လုပ်ပြန်ပြီလား ဆိုတဲ့အတွေး။ ဇာတ်ကြောင်း နည်းနည်း ပြန်ကောက်ပါရစေ။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို နဝတ အဖွဲ့မှ ထုတ်ပြန်ပါ သည်။ ထုတ်ပြန်ပြီးတာနဲ့ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါ တဖက် (၄) ဦးစီ ပေါင်း (၁၂) ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းပြီး မှတ်ပုံတင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က (၄) ဦး ဆိုတာ ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဦးဝင်းတင် (ဟံသာဝတီ)၊ ဒေါ်မြင့်မြင့်ခင် (ဘားကောင်စီရှေ့နေကြီး) နှင့် ဦးအောင်လွင် (ရုပ်ရှင်မင်းသား) တို့ဖြစ်ပါသည်။ နောက်ပိုင်းတွင် အလုပ် အမှုဆောင် ကော်မတီဝင် (၁၂) ဦးနှင့် မလုံလောက်တော့သည့်အတွက် ဗဟိုဦးစီအဖွဲ့ဝင် (၃၀) ဦး တိုးချဲ့ဖွဲ့စည်းပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ပါဝင်ခွင့် ရသူတွေ ကတော့ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ (မုံရွာ)၊ ဦးမိုးသူ၊ ဦးဝင်းခက်၊ ဦဘသော်(မောင်သော်က)၊ ဦးစိုးသိန်း(မောင်ဝံသ)၊ ဒေါက်တာ ငွေစိုး စသည့် ပုဂ္ဂိုလ်များ ဖြစ် ပါသည်။

ထိုအချိန်တွင် ဥက္ကဋ္ဌ ဦးအောင်ကြီးက အဖွဲ့ချုပ် အတွင်းမှာ “ကွန်မြူနစ်တွေ ရောက်နေပါပြီ” “ကွန်မြူနစ် တွေကို ဖယ်ရှား ပစ်ရမယ်” လို့ ပြောရင်း ပြဿနာမီးပွား စတင်လိုက်ပါသည်။ တနည်းအားဖြင့် အရှိန်ရစဖြစ်လာသည့် NLD ပါတီ၏ ထိပ် ပိုင်းကို ဖြိုခွဲလိုက်ခြင်း ဖြစ်ပါသည်။ ဦးအောင်ကြီး ဖယ်ရှား ပစ်လိုသည့် သူများမှာ ဦးဝင်းတင် အပါအဝင် ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးချမ်းအေး၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ၊ ဦးမိုးသူ တို့တတွေ ဖြစ်ပါသည်။

နောက်ဆုံးတွင် အလုပ် အမှုဆောင် ကော်မတီဝင် (၁၂) ဦးနှင့် ဗဟို ဦးစီ အဖွဲ့ဝင် (၃၀) စုစုပေါင်း (၄၂) ဦးရဲ့ ရှေ့မှာ အစွပ်စွဲ ခံ ရသူများဘက်မှ ရှုံးလျှင် နှုတ်ထွက် ပေးရေး၊ စွပ်စွဲသူ ဘက်မှ ရှုံးနိမ့်လျှင်လည်း နှုတ်ထွက် ပေးရေး သဘောတူ ညီချက်နှင့် မဲခွဲ ဆုံးဖြတ်ကြပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး အပြတ်အသတ် ရှုံးနိမ့်သွားပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး နှုတ်ထွက် ပေးရပြီး “ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီ ပါတီ”ဟူ၍ ပါတီတခု ထူထောင် သွားပါသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ဦးအောင်ကြီး ၏ ပါတီ ထဲသို့ တက္ကသိုလ် ကောလိပ် ပေါင်းစုံမှ ဆရာ ဆရာမများ၊ ကျောင်းဆရာဟောင်းများ စသည့် ပညာ ရှင်၊ ပညာတတ်ပေါင်းများစွာ ပါဝင်သွားခြင်း ဖြစ်ပါသည်။

ဤဖြစ်စဉ်သည် NLD ပါတီ တည်ထောင်ကာစ၌ ဖြစ်ခဲ့သော ဖြစ်စဉ် အကျဉ်း ဖြစ်ပါသည်။ ယခု ၁၉၈၉ ခုနှစ် မတ်လတွင် လူ့ဘောင်သစ် သည်လည်း အရှိန်အဟုန်ဖြင့် မြို့နယ်ပေါင်း (၂၀၀) ကျော်တွင် ပါတီရုံးများ ဖွင့်လှစ်ပြီး နေပြီး ဖြစ်ပါသည်။ လာချေပြီလား NLD လို ဖြစ်ရပ်ဟု တွေးရင်း အလိုက်သင့် မျှောပေး လိုက်ပါသည်။ “အေးလေ ပါတီ ထိပ်ပိုင်းမှာတော့ ခင်ဗျား သိတဲ့ အတိုင်းပါပဲ” ဟု ပြောလိုက်သော အခါ ၎င်းတို့ ကျေနပ်သွားကြသည်။ သူတို့ဘက်သား ရပြီပေါ့လေ။ ကျနော်က တဆက်တည်း “ခင်ဗျားတို့ ဘာလုပ်ကြမလဲ” ဟု မေးလိုက်သော အခါ သူတို့က “မကြာခင်မှာ သိမယ်” ဟု ပြန်ဖြေပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ခြံထဲတွင် ရှင်းလင်းပွဲ လုပ်ရန် စီစဉ်ထားကြောင်း ပြော၍ ပြန်သွားကြသည်။

ကျနော် အလေးအနက် စဉ်းစားရပြီ။ “ဘယ်သူ့ လက်ချက်လဲ၊ ဘယ်သူ နောက်ကွယ်က ကြိုးကိုင် နေတာလဲ၊ သိအောင် စုံ စမ်းမယ်” ဆို၍ မည်သူ့ကိုမျှ ကျနော် မပြောတော့ပေ။ မတ်လ တတိယ အပတ် ညနေပိုင်းတွင် မင်းနိုင်သူ (တောင်ဥက္က လာပမြို့နယ်)၊ ဝင်းမောင်(လှိုင်မြို့နယ်) တို့ အိမ်ရောက်လာ၍ စာအုပ်တအုပ် ပေးပါသည်။ “မိုးသီးဇွန် သို့မဟုတ် ကြိုးမဲ့ လေတံခွန်” ဆိုသည့် စာအုပ်၊ ပါတီ ဥက္ကဋ္ဌ မိုးသီးဇွန်အား အထွေထွေ အတွင်းရေးမှုး မိုးဟိန်းနှင့် တွဲဘက် အတွင်းရေးမှုး ရဲနိုင်အောင် တို့မှ ဝေဖန်ထားခြင်း ဖြစ်နေသည်။

သူတို့က ဆက်ပြီး ပြောသည်မှာ “မနက်ဖန်မနက်(၇) နာရီမှာ ကားနဲ့ လာခေါ်မယ်၊ စောင့်နေပါ”။ သူတို့ ပြန်သွားသည်နှင့် ကျနော်လည်း စာအုပ်ကို ဖတ်ရင်း စိတ်မကောင်း ဖြစ်ရသည်။ ကျနော့် စိတ်အထင် မတ်လ(၁၇) ရက်နှင့် (၁၈) ရက် တ ရက်ရက်ပါပဲ၊ မနက်(၇) နာရီ ထိုးသည်နှင့် မင်းနိုင်သူ ကားဖြင့်လာကြိုသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ ခြံရှေ့တွင် ကားရပ်ပေးသည်။ အိမ်ကြီး၏ ဘေးတွင် ခန်းမလို အခန်းကြီး တခန်း ရှိပါသည်။ အစည်းအဝေးခန်းပေါ့၊ ကျနော့်ကို အခန်း ထဲဝင်ဖို့ပြောတော့ ဒုတိယတန်း ထောင့်ဆုံးတွင် ဝင်ထိုင် လိုက်ပါသည်။

မိုးဟိန်းနှင့် ရဲနိုင်အောင် ရောက်လာပါသည်။ လူ (၅၀) ခန့် ရောက်လာသည့် အချိန်တွင် မိုးဟိန်းနှင့် ရဲနိုင်အောင်မှ ကွန် မြူနစ်အန္တရာယ် ကြောက်စရာ ကောင်းကြောင်း စသည်ဖြင့် ပြောကြသည်။ ကျနော် အရမ်း အံ့သြသွားသည်။ “ဘာတွေ ဖြစ်ကုန်ပြီလဲ” မကြာသေးခင် လအနည်းငယ်၌ NLD တွင် ဦးအောင်ကြီးက ကွန်မြူနစ် ပြဿနာ လုပ်၍ ထွက်သွားရပြီ။ ယခု ကျနော်တို့ ပါတီ ထိပ်ပိုင်းမှာ ကွန်မြူနစ်တွေ ဝန်းရံ နေသည်ဆိုပြီး ဦးအောင်ကြီး ၏ လမ်းကြောင်း အတိုင်း ခင်းလာနေ ပြန်သည်။ သူတို့ခင်းသည့် နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ၏ ခြံဝန်းကြီးထဲမှာ ဖြစ်သည်။

(၁၁) နာရီ ထိုးလျှင် ထမင်းစား နားမည် ဆိုပြီး၊ ထမင်းစားရန် ခေါ်သည်။ ကျနော် မလိုက်ချင်ကြောင်း ငြင်းဆိုပြီး ဆက် ထိုင်နေပါသည်။ မကြာခင်မှာ NLD လူကြီးမင်း (၃) ဦး မင်းနိုင်သူ ဆီသို့ ရောက်လာကြသည်။ တဦးတော့ ကျနော်မသိပါ၊ ကျနော်သိတာ NLD ၏ အထွေထွေ အတွင်းရေးမှုး ဦးချစ်ခိုင်(ဒုတိယ ဗိုလ်မှူးကြီးဟောင်း)နှင့် ဦးရွှေ (ဗိုလ်မှူးကြီးဟောင်း) (မကြာခင်မှာပင် မိခင် ပါတီ အဖွဲ့အစည်းသို့ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ရွေးကောက်ခံရသည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များအဖြစ်မှ နှုတ်ထွက် ခဲ့သည့် အတွက် ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလတွင် နှစ်ဦးစလုံးအား NLD မှ ထုတ်ပယ် ခဲ့ပါသည်။) တို့က ကျနော့်ကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်ကြသည်။ မင်းနိုင်သူမှ “ကိစ္စ မရှိပါဘူး၊ ကျနော် တို့ လူပါ” ဆိုတော့မှ သူတို့က “ပိုက်ဆံ လောက်ရဲ့လား၊ ထပ်ယူလေ” ဆိုပြီး ငွေတော်တော် များများ ထုတ်ပေးပါသည်။ ကျနော် သဘောပေါက်သွားသည်။

နေ့လည် (၁၂)နာရီ ထိုးတွင် ကိုမိုးသီးတို့ အုပ်စုလိုက် ဝင်လာကြသည်။ ကိုယဉ်ထွေး၊ ကိုဂျင်မီ၊ ကိုတင်ထွန်းလှိုင် တို့ လည်း ပါလာကြသည်။ ခန်းမကြီးသည်လည်း ဆူညံ၍သွားသည်။ ဤသို့ဖြင့် လိုရင်းကိုသာ ရေးရလျှင် ဗဟိုနှင့် အောက် ခြေ အပြန်အလှန် ညှိနှိုင်း၍ အောက်ခြေ ပါတီဝင်များ၏ သဘောထားဆန္ဒနှင့် အညီ လူ့ဘောင်သစ်သည် မည်သည့်အ ခါမျှ ပြိုကွဲမည်မဟုတ်ကြောင်း၊ အလုပ် အမှုဆောင် ကော်မတီ အားလုံးသည်လည်း စိတ်ဝမ်း ကွဲပြားကြမည်မဟုတ်ဘဲ ရှေ့ ဆက်၍ တိုက်ပွဲ ဝင်ကြမည် ဆိုသည့်အကြောင်း စာရေးလက်မှတ်ထိုးကာ ဖြန့်ဝေလိုက်ပါသည်။

နိုင်ငံရေး လောကတွင် ရန်သူ မည်သည် မထင်မှတ်သည့် နေရာမှ ပုံစံ အမျိုးမျိုးနဲ့ ဝင်လာတတ်ကြောင်း၊ မိမိတို့ မည်သည့် အဖွဲ့အစည်းပင် ဖြစ်စေ အတွင်းစည်း လုံခြုံ၍ မည်သည့် အမှောင့် ပယောဂကိုမျှ နားမယောင်ဘဲ စည်းလုံး နေခြင်းသည်သာ အဓိက ဖြစ်ကြောင်း ဗဟို ကော်မတီ တရပ် အနေနှင့်လည်း ဗဟို ကော်မတီများ အတွင်းသာ ညှိနှိုင်း၍ အမြင် မတူပါက တစင်ထောင်ခြင်း၊ ဂိုဏ်းခွဲခြင်းများ မပြုကြဘဲ အောက်ခြေ ပါတီဝင်များ၏ ဆန္ဒကိုပါ အရေးတယူ ဆွေးနွေးပြီး ဆုံးဖြတ်ကြ မှသာ ဒီမိုကရေစီ အမြည်းလေး လက်ရှိ ခံစား နေကြရသည့် ပြည်သူ လူထု၏ အမြင် လွဲမှားမှုများကို ရှောင်ရှား နိုင်မည် ဖြစ်ကြောင်း ခေတ်သစ် လူငယ်များကို ပြောလို ပါသည်။

သန့်စင်အောင် (ရန်ကင်း)
၁၇-၁၂-၂၀၁၁

source by : နေ့သစ်

အမှတ် (၁)အမှတ် (၂)

အပြည့်အစုံသတင်းဖတ်ရန်....

Tuesday, December 13, 2011

ခေတ်သစ် လူငယ် သိကြစေ (၂)


၁၉၇၄ ခုနှစ် နိုဝင်္ဘာလ ၂၅ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန် ကြောင်းသိရပါတယ်။ ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ အဲဒီအကြောင်းပဲပြောနေကြတယ်။ နောက်ရက်တွေမှာ ဆက်တိုက်ပဲ ဦးသန့် ရုပ်ကလာပ်ကို မြန်မာပြည်ပြန်သယ်မယ်ဆိုတဲ့အကြောင်း၊ ဦးနေဝင်း အစိုးရက နိုင်ငံတော် ဈာပနအဖြစ် လုပ်ခွင့် မပေးနိုင်ကြောင်း၊ ကြံတော သင်္ချိုင်းမှာပဲ မြှုပ်နှံရမယ် ဆိုတဲ့ အကြောင်း၊ ဦးနေဝင်းကလည်း သူ့မယား ဒေါ်ခင်မေသန်း (ပထမ မယားကြီးက ပြည်မြို့သူဒေါ်တင်တင်) ကိုတောင် ကြံတောမှာ သဂြုင်္ိဟ်တာဖြစ်ကြောင်းတွေ ကြားရတယ်။

ကျနော်က အဲဒီ အချိန်မှာ ရှစ်တန်းကျောင်းသား၊ ပညာသင်နေတဲ့ကျောင်းက အထက(၂) ရန်ကင်း၊ ကျနော်တို့ရင်ထဲမှာ မကောင်းဘူး၊ နိုင်ငံရေးတွေ ဘာတွေလည်း နားမလည်သေးဘူး၊ သေချာပေါက် နားလည်တာက ကမ္ဘာက လေးစားတဲ့ မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာသမိုင်းတင်ရမယ့် ပုဂ္ဂိုလ် တယောက်ကို လက်လွတ်စပယ်နှင့် သာမန်လူတန်းစားတွေလို မြှုပ်နှံမယ်ပြောတာကို လုံးဝ မကျေနပ်တာဘဲ။ ဒါနဲ့ပဲ သူငယ်ချင်းတသိုက် စုပြီး တိုင်ပင်ကြတယ်။ ‘‘ဒို့တတွေ ဘာလုပ်ကြမလဲ’’ ‘‘တက္ကသိုလ် ကျောင်းသားတွေလည်း တိုင်ပင်နေကြပြီ’’ ‘‘ဘာလုပ်ကြမလဲ သိကြလား’’၊ ‘‘မသိသေးဘူးကွ သူတို့ အစီအစဉ်နဲ့ သူတို့ ရှိမှာပေါ့’’၊ ‘‘တတ်နိုင်တာ တစ်ခုခု လုပ်မယ်ကွာ’’၊ ‘‘ဒါဆို ပန်းခွေတော့ သွားပို့မယ်ကွာ ပြီးမှ အခြေအနေအရပေါ့’’ ။

ဒီလိုနဲ့ သူငယ်ချင်း ခုနှစ်ယောက် မုန့်ဖိုးလေးတွေ စုပြီး ရန်ကုန်မြို့လယ်က ၂၈ လမ်းမှာ ပန်းခွေ သွားဝယ်တယ်။ အဲဒီနေ့ က ဦးသန့်ဈာပနပြုလုပ်မယ့်နေ့ဖြစ်တဲ့ ဒီဇင်္ဘာလ ၅ ရက်နေ့ပေါ့။ ပန်းခွေ ဝယ်ပြီး ကျောင်းပြန် လာခဲ့တယ်။ ကျောင်းလည်း ရောက်ရော ကျောင်းအုပ် ဆရာမကြီး ဒေါ်လှကြည်က ရုံးခန်းထဲက နေမြင်ပြီး ကျောင်းစောင့်ကြီးကို အော်ပါလေရော။ “ကိုခင်မောင် ဒီကောင်တွေ ကျောင်းထဲ မဝင်စေနဲ့ ဝန်းတံခါးလည်း ကျော်မတက်စေနဲ့”။ ကျနော်တို့လည်း လန့်သွားတယ်။ ဒါနဲ့ ကျနော်တို့ ကျောင်းနောက်ဘက် လမ်းက ကျောက်ကုန်းတောရ မေဒိနီ ဘုန်းကြီးကျောင်း ထောင့်မှာရှိတဲ့ သစ်ပင်ကြီး အောက်မှာ ပန်းခွေကြီးချပြီး ကျောင်းဆင်းတဲ့ အချိန်အထိ စောင့်နေ လိုက်တယ်။

အဲဒီအချိန်ဟာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ မြို့နယ်ကောင်စီနှင့် ပါတီယူနစ်တွေ တန်ခိုးကြီးနေတဲ့အချိန်၊ တ ကယ်ပါ ကြောက်စိတ်လုံးဝမရှိဘူး။ နေ့လည် ၁၂ နာရီထိုး ကျောင်းဆင်းတာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် (၆၅ နှစ်) ဆိုတဲ့ စာတမ်းကပ်ထားတဲ့ ပန်းခွေကိုင်ကြပြီး ကျောက်ကုန်းလမ်းမကြီးကနေ ဆင်းလာကြတုန်း ရန်ကင်းမြို့ နယ် ကောင်စီရုံးက တရုံးလုံး ထွက်ကြည့်နေကြတယ်။ ကျနော်တို့လည်း ရင်ကော့ပြီး ကျိုက္ကဆံလမ်းအတိုင်း တပ်မတော် မှတ်တမ်းရုံးကိုဖြတ်၊ ကျိုက္ကဆံ ရဲတန်းလျားကိုကျော်၊ ပြီးတာနဲ့ ကျိုက္ကဆံ ဝန်းကြီးထဲကို ဝင်ခဲ့တယ်။ ဝန်းအပေါက်မှာ အတူ ပါလာတဲ့ စိန်ဝင်းက လှမ်းပြောတယ်။ “ဟေ့ကောင်တွေ ကြောက်ကြောက်နဲ့ စွတ်သွားနေတာလား၊ နောက်လှည့်ကြည့် ပါအုံး” ဆိုတာနဲ့ လှည့်ကြည့်လိုက်တော့ နောက်မှာ လေးယောက်တတန်း၊ ငါးယောက်တတန်း အဖြူအစိမ်းဝတ်ထားကြ တဲ့ ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေပါ ပါလာတယ်။ ရင်ထဲမှာ ပျော်လိုက်တာလေ။ စည်းရုံး ထားတာ လုံးဝ မဟုတ်ပါဘူး။ သူတို့အသိ စိတ်ဓာတ်နှင့် သူတို့ လိုက်လာကြတာ။ သြော် တို့ကျောင်းသားတွေ မညံ့ဘူးဆိုတဲ့ အသိတရား အဲဒီကတည်းက ရလိုက်တာ။

ကျိုက္ကဆံဝန်းကြီးထဲ ရောက်တော့ ကျနော်တို့လိုပဲ တာမွေမြို့နယ် အ.ထ.က (၃) မင်္ဂလာတောင်ညွန့် မြို့နယ် အ.ထ.က (၁) စတဲ့ ဆိုင်းဘုတ်တွေနဲ့ အတူ ချီတက်လာတဲ့ အထက်တန်းကျောင်းသားတွေ တွေ့ရပါတယ်။ (အထက်တန်းကျောင်း အတော်များများ ဖော်ပြရန်ကျန်ရစ်ခဲ့ပါတယ်။ ခွင့်လွှတ်ပါ။) ဦးနေဝင်း အစိုးရက ဦးသန့်ရဲ့ အစ်ကိုဦးခန့်၊ ညီတဝမ်းကွဲ ဦးသောင်းတို့နှင့် ဈာပနကော်မတီ ဖွဲ့ပေးပြီး ဦးသန့်ရဲ့ရုပ်ကလာပ်ကို ကြံတောသင်္ချိုင်းမှာ ပို့ဆောင်သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။ ဦးသန့်ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ထဲရောက်တော့ တစ်ဖွဲ့စီ တစ်ဖွဲ့စီ ပန်းခွေချပြီး ဦးညွှတ်အလေးပြုကြတယ်။ ကျနော်တို့လည်း ဦးညွှတ်အလေးပြုပြီးတဲ့နောက် လူစုခွဲလိုက်တဲ့အချိန်မှာပဲ ပုခုံးကို ဆုပ်ကိုင်လိုက်တာခံလိုက်ရတယ်။ “ဟေ့ကောင်၊ မင်း ငါနဲ့လိုက်ခဲ့” တဲ့၊ ကြည့်လိုက်တော့ အလုံမြို့နယ်က ကိုတင်မောင်ဝင်း (မဆလခေတ် အခြေခံပညာ ဦးစီးဌာနက ၁၉၇၃ ခုနှစ်မှာ ရှားရှားပါးပါး တကြိမ်တည်းဖွင့်ခဲ့တဲ့ ကျောင်းစာကြည့်တိုက်သင်တန်း အတူတက်ခဲ့သူ) ဖြစ် နေတယ်။ သူက ကျနော့လက်မောင်းကို တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ရင်း ကျိုက္ကဆံကွင်း (အရင် မြင်းပွဲတွေလုပ်စဉ်ကာ လက အထူးတန်း) အပေါ်ထပ်ကို ခေါ်သွားတယ်။ ကျနော် အံ့သြသွားတယ်။ များလိုက်တဲ့မှန်ပြောင်းတွေ၊ ကင်မရာတွေ မျိုးစုံပဲ၊ အဝေးကနေ လှမ်းရိုက်နေတာလေ။

၂ နာရီလောက်မှာ တက္ကသိုလ်ကောလိပ်ကျောင်းပေါင်းစုံက ကျောင်းသားတွေ အင်္ကျီအဖြူ၊ ယောလုံချည်အနက်၊ အချို့ ကတော့ ကချင်ပုဆိုးတွေနှင့်၊ ကျောင်းသူတွေကလဲ အင်္ကျီအဖြူ၊ ထမိန်အနက်၊ တူညီဝတ်ဆင်ထားကြတယ်။ လူတိုင်း ရဲ့လက်မောင်းမှာဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပိတ်စနက်တွေ ပတ်ထားကြတယ်။ သူတို့တွေကို ကြည့်ရတာ အင် မတန် စည်းကမ်းရှိတယ်။ ညီညီညာညာနှင့်၊ ဦးသန့် ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ကိုလက်ချင်းချိတ်ပြီး သုံးထပ်ဝန်းရံလိုက်ကြ တယ်။ ပြီးတာနဲ့ မဏ္ဍပ်မှာရှိတဲ့ စပီကာ ကနေ “မိဘပြည်သူအပေါင်းတို့ ခုချိန်ကစပြီး ကျနော်တို့ ကျောင်းသားတွေနှင့် ရဟန်းသံဃာတော် များပါဝင်တဲ့ပြည်သူ့ဈာပနကော်မတီကို ဖွဲ့စည်းလိုက်ပါပြီ။ ပြည်သူ့ကော်မတီအသစ်က ဆက်လက် တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် မဏ္ဍပ်အတွင်းမှ မသက်ဆိုင်သော သူများချက်ချင်း ထွက်ပေး ကြရန်ဖြစ်ပါတယ်” လို့အထပ်ထပ်ကြေငြာလိုက်တယ်။ ပြီးတာနဲ့ ဦးသန့်ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ် ကျောင်းဝန်းထဲကိုသယ်ယူလာ ခဲ့ကြတယ်။ ပြည်သူ့ဈာပနကော်မတီဆိုတာ ဘယ်သူတွေလဲဆိုတာ နောက်ပိုင်းစုံစမ်းလိုက်တော့ ပထမဦးဆုံး ဦးစိုတင့် (ရာဇာ) ဖြစ်ပြီး၊ နောက်တော့ ဦးကြည်ဝင်း (မင်္ဂလာဒုံ) (၁၉၉၀ ရွေးကောက်ပွဲမှာ မင်္ဂလာဒုံမဲဆန္ဒနယ်အမှတ် (၁) အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် တယောက်အနေနဲ့ ရွေးကောက်ခံရပြီး ၁၉၉၉ ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားမပြုတော့ကြောင်း ပါတီ၏ တရားဝင်ကြေငြာခံရသူ၊ ဒီလိုသမိုင်း ကြောင်းရှိခဲ့ တဲ့ သူလိုလူကိုဘာကြောင့်?) ဖြစ်ပြီး ဦးအောင်သိန်း(ဓါတုဗေဒ) က လုံခြုံရေး၊ ဦးလှကြူ (ဓါတုဗေဒေ)က ဘဏ္ဍရေးနှင့် ဦးသန်းမြင့်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဘဆွေ၊ ကိုတိတ် တို့ ပါတယ်ဆိုတာ သိလိုက်ရတယ်။

ဒီလိုနဲ့ ညနေ (၅) နာရီမှာ ရန်ကုန်တက္ကသိုလ်ကျောင်းအတွင်း ရောက်တယ်ဆိုပါတော့။ ကျနော့်ကို ယာယီထိန်းသိမ်း တားတဲ့ ကိုတင်မောင်ဝင်းက ကျောင်းသားတွေ ကျိုက္ကဆံဝန်းထဲကထွက်သွားမှ လွှတ်ပေးတယ်။ ပြီးတော့ သူကမှာလိုက် သေးတယ်။ “ငါ့ညီမင်းလျှောက်သွားပြီး စိတ်ထင်ရာတွေ မလုပ်နဲ့နော်၊ မင်းမြင်တဲ့အတိုင်းပဲ၊ သူတို့ကို မမြင်နိုင်တဲ့နေရာက စောင့်ကြည့်နေတာ၊ တို့အကုန်လုံး သိနေတယ်”တဲ့။ သူ့ကြောင့် ကျနော် နောက်ပိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေအတွက် သင် ခန်းစာ ကောင်းကောင်းရလိုက်တယ်။ရန်သူကို တယ်တော့မှလျှော့မတွက်ဖို့။

ကျောင်းထဲက ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ပထမထားကြတယ်။ နောက်တော့ခန်းမထဲသို့ ရွေလိုက်တယ်။ နေ့ရောညပါ တရားပွဲတွေ ကျင်းပကြတယ်။ ကျနော်လဲနေ့တိုင်းရောက်တယ်။ အဲဒီတရားပွဲတွေက ကျနော့်ရဲ့ နိုင်ငံရေးမျိုးစေ့ကနေ အပင်ပေါက်ဖို့ စတင်တော့တာပါပဲ။

“ဦးသန့်အုတ်ဂူဘယ်မှာ လုပ်မလဲ”

“ကန်တော်မင်ပန်းခြံပေးမှာလား”

“ကြံတောမှာတော့ မထားနိုင်ဘူး”

“ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဘေးမှာ ပေးမှာလား”

“အချိန်မီ် အကြောင်းမပြန်ရင် သမဂ္ဂမြက်ခင်းပြင်မှာ ဂူသွင်းမယ်”

အချိန်မီပြန်ကြားတာတွေ ညှိနှိုင်းတာတွေ လုပ်မလာတဲ့အတွက် (၈) ရက်နေ့မှာ ရန်ကုန်စက်မှု တက္ကသိုလ် ဗိသုကာ ကျောင်းသားတွေက ဂူပုံစံဆွဲတယ်။ မြို့ပြအင်ဂျင်နိယာကျောင်းသားတွေက ကျောင်းထဲရောက်လာတဲ့ ကျနော်တို့လို ကျောင်းသားလေးတွေ၊ ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေနဲ့ အုတ်ဂူဆောက်တယ်။ ဆေးတက္ကသိုလ်ကျောင်းသားတွေက ဆေးခန်းဖွင့်ပေးထားတယ်။ ပြည်သူတွေ လှူတဲ့ထမင်းထုပ်တွေ ကလဲများမှများ။ ကျနော်လည်း လုပ်အားပေးနေတုံး ကျနော့်ရဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်လှကြည် ကို ဆရာမ ဒေါ်ခင်စန်းနဲ့ အတူ တွေ့လိုက်ရတော့ အရမ်းအံ့သြသွား တယ်၊ ပန်းခွေနဲ့ကျောင်းထဲဝင်ဖို့ ကြိုးစားနေတုန်း အအော်ခံထားရတော့ မထင်မှတ်ထားဖူးပေါ့၊ ဆရာမကြီးက ကျနော်ကို ခေါ်ပြီး “ဟဲ့ကောင်..နင်တို့ကို ပန်းခွေကြီးနဲ့ ကျောင်းထဲအဝင်ခံလိုက်ရင် ငါဘာဖြစ်သွားမလဲ၊ အခု ငါလာချင်လွန်လို့လာ တာ၊ လုပ်စရာရှိတာလုပ်ဟေ့ ဒါဟာ အမျိုးသားရေး ဒို့နိုင့်ငံရဲ့ ဂုဏ်သိက္ခာအရေး’’ ဆိုပြီးအားပေးသွားတယ်။ နောက်မှ ဆရာမကြီးဟာ ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံးမှာ စည်းရုံးရေးတာဝန်ယူခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၁) ရက်နေ့ (၉) နာရီလောက် ကျနော် ကျောင်းထဲရောက်တော့ ကျောင်းသားကြီးတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေကြတယ်။ ကျောင်းကိုစစ်တပ်က မျက်ရည်ယိုဗုံးနဲ့ပစ်ပြီး လူစုခွဲမယ်ဆိုတဲ့ စကားတွေပျံ့နေပြီ။ မျက်ရည်ယိုဗုံးနဲ့ ပစ် ရင် ခံနိုင်ဖို့ လက်ကိုင်ပုဝါတွေ စုထားရန် လိုက်ဆော်သြနေတယ်။ ဒါနဲ့ ကျနော်လည်း အိမ်ပြန်ပြီး ရသလောက် လက်ကိုင် ပုဝါတွေ စုပြီးလာပို့လိုက်တယ်။ ပြီးတာနဲ့ အိမ်ခဏပြန်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ကျနော့်အိမ်ကို အမေနဲ့ ရင်းနှီးတဲ့ ပါတီကောင်စီက ပုဂ္ဂိုလ်တွေရောက်လာပြီး အခုကစပြီး အိမ်ထဲမှာပဲနေဖို့ လာပြောတာကြောင့် အိမ်မှာ ခြေချုပ်မိသွား တယ်။

ဒီဇင်ဘာလ (၁၂) ရက်နေ့ အိပ်ယာကနိုးတာနဲ့ ချက်ချင်းပဲ မျက်နှာသစ်ပြီး အိမ်အပြင် ထွက်လိုက်တာနဲ့ သတင်းဆိုး ကြား ရတော့တာပဲ။ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်း ခြင်္သေ့နှစ်ကောင်ရှိတဲ့ တံခါးမကြီးကို ဆောက်လုပ်ရေးက ယန္တယားကြီး တွေနဲ့ဖျက်ပြီး ဦးသန့်အုတ်ဂူကို ဘူဒိုဇာနဲ့ထိုးကလော် သွားတယ်တဲ့။ ကျောင်းသားတွေကိုလည်း သေနတ်နဲ့ပစ် ဒုတ်နဲ့ ရိုက်တယ်တဲ့။ အုတ်ဂူကိုမှောက်ပြီးကာကွယ်ထားတဲ့ ကျောင်းသူ ကျောင်းသားတွေကိုလည်း ရောပြီးနင်းပစ်လိုက်တယ် တဲ့။ နောက်တော့ ဦးကြည်ဝင်းကို နံပါတ်တစ်တရားခံ သတ်မှတ်ပြီး ကျောင်းသားခေါင်းဆောင် (၅၃) ယောက်ကို ထောင် ချပစ်လိုက်တယ်။

ပြောချင်တာက ကျနော်တို့ မြန်မာပြည်က ကျောင်းသားလူငယ်တွေဟာ နိုင့်ငံဂုဏ်သိက္ခာ အရေးနဲ့ပတ်သက်ပြီး ဘယ် တော့မှ နောက်မတွန့်ခဲ့ကြဘူး။ သတ္တိအပြည့်ရှိတယ်။ ရာဇဝင်မှာထွန်းပြောင်တယ်လို့ ရဲရဲကြီး ပြောချင်တာပါ။ ဒါကြောင့် အခုလို မြန်မာနိုင်ငံမှာ မျှော်လင့်ချက်လမ်းစတွေ ပေါ်ထွက်နေတဲ့ အချိန်မှာ လူငယ်တွေကို ညီညွှတ်စေချင်တယ်။ ပါတီစွဲ၊ အဖွဲ့အစည်းစွဲ၊ လူပုဂ္ဂိုလ် အစွဲအလမ်းတွေ မထားဘဲ ကျရာနေရာမှာ တတပ်တအား ပါဝင်စေချင်တယ်။

ယနေ့ခေတ် မြန်မာပြည်မှ လူငယ်များ ကိုယ့်တိုင်းပြည်ကို နိုင်ငံတကာက ရိုသေခန့်ညားအောင် ဝိုင်းဝန်း ကူညီဆောင်ရွက် နိုင်ကြပါစေလို့…

ဦးသန့်အရေးအခင်း (၃၇) နှစ်ပြည့် အထိမ်းအမှတ်
သန့်စင်အောင် (ရန်ကင်း)
၁၁-၁၂-၂၀၁၁
source by : နေ့သစ်

ခေတ်သစ်လူငယ် သိကြစေ (၁)

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, December 10, 2011

ခေတ်သစ် လူငယ် သိကြစေ (၁)

၁၉၈၉ ခုနှစ် ဧပြီလ မဟာသင်္ကြန်တောင် ဘယ်လိုပြီးသွားလဲမသိ၊ ကျနော့် အိမ်မှာတော့ လူပေါင်းများစွာ ဝင်လိုက်ထွက်လိုက်နှင့်။ အများစုကတော့ အထက်တန်းကျောင်းသားများ၊ တက္ကသိုလ် ကျောင်းသားများ၊ အသက်အ ရွယ်များက ၁၅နှစ် မှသည် အကြီးဆုံး ၂၂ နှစ်၊ အသက်ကြီး ပါတယ်ဆိုတဲ့ ကျနော်တောင် ၃၀ မပြည့်သေးပါ။ မေးလိုက်ကြတဲ့ မေးခွန်းများ ကလည်း များမှများ။

“လူ့ဘောင်သစ် ဘာလုပ်နေလဲ”

“မိုးသီးဇွန် ဘယ်ရောက်နေလဲ၊ တောခိုမယ်ကြားတယ်၊ အဲဒါဟုတ်လား”

“လူ့ဘောင်သစ်က လက်နက်ကိုင်ဖို့ လူစုနေတဲ့ ပါတီလား”

“ကျနော်တို့ကို ခိုင်းပါ၊ တိုင်းပြည်အတွက် ဘာပဲလုပ်ရလုပ်ရ၊ အဆင်သင့်ပဲ”

“ဘယ်သူပဲခေါင်းဆောင်လုပ်လုပ်၊ အဲဒါကအရေးမကြီးဘူး၊ တိုင်းပြည် ကောင်းအောင်လုပ်ဖို့ပဲ လိုတယ်”

ကျနော့်မှာလည်း ကျောင်းသားအရွယ်လေးများ၏ ဆုံးဖြတ်ချက်များဟာ မှားယွင်းသွား မှာကိုစိုးရိမ်ပါတယ်။ ပါတီစွဲ၊ ဝါဒ စွဲ၊ လူပုဂ္ဂိုလ်စွဲများဖြင့် တဖက်စွန်းရောက်သွားမှာကိုလဲ ပူပန်နေမိပါ တယ်။

အဲ့ဒီအချိန်က ကျနော်ဟာ ရန်ကင်းမြို့နယ် လူ့ဘောင်သစ်မှာ ဥက္ကဋ္ဌ ဆိုပါတော့၊ အလုပ်က ကျူရှင်ဆရာ၊ ကိုယ်ကိုတိုင် တော့ ရှင်းရှင်းလင်းလင်းမရှိသေး၊ ဆိုလိုတာက ဘယ်လမ်းစဉ် ဘယ်မူဝါဒ ဆိုပြီးပြတ်သားမှု မရှိသေးတာကို ပြောတာပါ။ ရွေးချယ်ပိုင်ခွင့်မရှိတဲ့ တပါတီအာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာပြီး စစ်တပ်က အာဏာသိမ်းတာကို လုံးဝ လက်မခံနှိုင်သူ တယောက် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး လုပ်စားမည့်လူတွေရဲ့လက်အောက်မှာ အသုံးချခံ၊ အခိုင်းခံအဖြစ် ကျောင်း သား လူငယ်လေးတွေရဲ့ဘဝ နစ်မွန်းသွားမှာကို လုံးဝ မလိုလားပါဘူး၊ ဒါကြောင့် ကျောင်းသားပါတီဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟာ ကျနော်ရဲ့ ရွေးချယ်မှု ပါပဲ။

သင်္ကြန်အပြီးမှာ နိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် ပါတီညီလာခံလုပ်မယ်တဲ့၊ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ၊ တနိုင်ငံလုံးက ကျောင်းသားခေါင်းဆောင်တွေ တွေ့ကြမယ်ဆိုတော့ ဝမ်းသာလိုက်တာ၊ ပါတီတခုရဲ့အသက်ဟာ ညီလာခံပဲ၊ ပါတီဖွဲ့စည်း ပြီး ၆ လသက်တမ်းနှင့် ညီလာခံခေါ်ရဲတဲ့ ဌာနချုပ် ခေါင်းဆောင်တွေကို လေးစားမိတယ်။ဌာနချုပ်ခေါင်းဆောင်တွေဆိုလို့ ဒိခေတ်လူငယ်တွေရဲ့မျက်လုံးထဲမှာ အဖိုးကြီးပုံ တွေ မြင်နေအုန်းမယ်။ ဥက္ကဋ္ဌလုပ်တဲ့ မိုးသီးဇွန်က (၂၇)နှစ်၊ ဒုဥက္ကဋ္ဌ သက်ထွန်းက (၂၇) နှစ်၊ န အ ဖ ခေတ်မှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့အရုပ်ကလေးဖြစ်သွားရှာတဲ့ မိုးဟိန်းက (၂၄) နှစ်၊ ရဲနိုင် အောင် (ကိုဝ) (၂၄)နှစ် (ကိုဝ–မှားနေလျှင်ပြင်ကွာ )၊ အခု နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ကျော်မင်းယု(ဂျင်မီ) ဆို (၂၂) နှစ် လောက်ရှိတယ်၊ စီမံ/စည်းကမ်းတာဝန်ယူတဲ့ ယဉ်ထွေးက (၂၃) နှစ်၊ ဘဏ္ဍာရေးမှူးလုပ်တဲ့ တင်ထွန်းလှိုင် (န အဖ ရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် ဦးနှောက်ကို ထိခိုက်သွားရသူ) ဆို ပီဘိ ကလေးလေး မျက်နှာနှင့် (၂၁) နှစ်ပဲ ရှိသေး တယ်။ ဇေယျ (ခေါ်) ကုလားမကြီး (အခုသူလဲ နှစ်ရှည်ထောင်ဒဏ်ခံနေရတယ်) ကလည်း (၂၅)နှစ် လောက်ပဲ ရှိသေး တယ်။

ဒီလိုပဲ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မဥမ္မာ (ဗဟန်း)၊ ဝင်းမောင်(လှိုင်)၊ အောင်မြတ်စိုး (တာမွေ)၊ ဖော်မျိုးနိုင် (ပန်းဘဲ တန်း)၊ သက်အောင် (အင်းစိန်)၊ ကျော်သန်း(ကွမ်းခြံကုန်း)၊ စတဲ့မြို့နယ်တာဝန်ခံ တွေအားလုံးဟာလည်း အသက် (၂၀) ဝန်းကျင်တွေ၊ ဆိုလိုတာက အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (N L D) ပြီးတဲ့နောက် ဒုတိယအင်အား အကြီး ဆုံးဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လူငယ်တွေနဲ့သာ ဖွဲ့စည်းထားတာ ဆိုတာကို ဒီခေတ်လူငယ်တွေ သိ စေချင်တာပါ။

ဧပြီလ (၂၂) ရက်မှာမနက်အစောကြီး ကတည်းက ညီလာခံလုပ်မယ့် ဗဟန်းမြို့နယ်က ရန်ကုန်တိုင်းရုံး (ကျနော်တို့ အ ခေါ် ဝါးရုံပင်စခန်း) ကို ထွက်လာခဲ့တယ်။ ရောက်တော့ မျက်နှာစိမ်း လူငယ်တွေ အများကြီးတွေ့တယ်။ ဒါပေမယ့် ကြောင်တောင်တောင် ဖြစ်မနေကြပါဘူး။ တယောက်နဲ့ တယောက် ပြုံးပြပြီး အပြန်အလှန်မိတ်ဆက်ကြတယ်။ ၈ နာရီ ထိုးတော့ ခန်းမလို ဆောက်ထားတဲ့ တဲကြီးထဲဝင်ပြီး တတိယမြောက် အတန်းမှာ ထိုင်လိုက်တယ်။ ဒါနဲ့ အခမ်းအနားစ ရော ဆိုပါတော့ ၊ နယ်က မြို့နယ်ကိုယ်စားလှယ်တွေ တယောက်စီ မိတ်ဆက်ကြတယ်။ ရင်ထဲမှာစွဲနေတဲ့ စကားလေး တွေထဲမှာတော့ အရင်ဆုံးသတိရတာ မျိုးမောင်မောင် ပြောတဲ့စကား၊ လူပုံစံက တုတ်တုတ်ခိုင်ခိုင်၊ ကွမ်းကြိုက်လွန်းတဲ့ မုံရွာသားပီပီ ပါးစပ်တခုလုံး ကွမ်းသွေးတွေရဲလို့၊ သူက “ကျနော် မိုးသီးဇွန် လဲ မသိဘူး၊ မင်းကိုနိုင်လဲ မသိဘူး၊ ကျနော် သိတာ ကျောင်းသားလူငယ်တွေပဲ၊ ကျနော်တို့ နိုင်ငံရဲ့ အနာဂါတ်အတွက် ကျောင်းသားလူငယ်တွေ ခေတ်အဆက်ဆက် က တိုက်ပွဲဝင်ခဲ့တယ်၊ အခုလဲ တိုက်မှာပဲ၊ ကျနော့်မှာ ဘယ်သူခေါင်းဆောင်တယ်ဆိုတာ အဓိကမဟုတ်ဘူး ဘယ်သူပဲ လုပ်လုပ် မြန်မာပြည်သူတွေ ကောင်းစားမယ်ဆိုရင် ကြိုက်တဲ့တာဝန်ပေး၊ ကျေပြွန်အောင်လုပ်မှာပဲ” တဲ့။

နောက်တယောက်က ရွှေဘိုသား (နာမည်ရင်းမမှတ်မိတော့တာ ခွင့်လွှတ်ပါ)၊ သူကလဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် နှင့် ထလာတယ်။ အညာသားပီပီ ခပ်ညိုညို အသားအရေနှင့် ကိုယ်လုံးကိုယ်ထည်ကတော့ ခပ်သေးသေး၊ သူက “မိုးသီး ဇွန် ဘယ်မှာလဲ။ မိုးသီးဇွန် ကိုတွေ့ချင်လို့၊ သူနဲ့သူ့အဖွဲ့ ဘာဆက်လုပ်မလဲ သိချင်လို့ ရန်ကုန်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆင်း လာခဲ့ရတာ၊ အခုသူမရှိတော့ဘူးဆို၊ သူမရှိလဲ ဆက်လုပ်ကြပါ၊ ကျနော့်အနေနဲ့ ဒီညီလာခံက ပေးတဲ့တာဝန်ကိုယူပြီး ဆက်လုပ်မှာပဲ၊ ရဲဘော်တို့ ရှေ့ဆက်ပြီး ညှိနှိုင်းပါ၊ ဆွေးနွေးပါ၊ လုပ်ငန်းစဉ်ချပါ၊ ကျနော် အဆင်သင့်ရှိပါတယ်” တဲ့။

အဲဒီအချိန်မှာ ကျနော့နောက်က ထိုင်နေတဲ့ မဥမ္မာက လှမ်းပြောတယ် “အကိုရေ ၊ အညာသားကြီးလဲ ပြတ်တယ်နော်”။ ဒါနဲ့ ကျနော်က “သူ့ကို ရွှေဘိုသားဆိုတော့ အောင်ဇေယျလို့ နာမည်ပေးရအောင်၊ ဥက္ကဋ္ဌတင်လိုက်ရင် မကောင်းဘူးလား ဟေ့၊ ရန်ကုန်က ဥက္ကဋ္ဌမလုပ်ဘဲ နယ်ကို ဦးစားပေးလိုက်ရင် ညီညွတ်မှုလဲ အားကောင်းသွားမယ်”၊ အဲဒီကနေ့ ‘အောင် ဇေယျ ဟေ့’၊ ‘အောင်ဇေယျ တဲ့နော်’ ဆိုတဲ့စကားတွေ တဆင့်ပြီးတဆင့် ပျံ့သွားတယ်။ တကယ်လည်း မဲပေးပြီးရွေးလိုက် တော့ သူပဲ လူဘောင်သစ်ရဲ့ ဒုတိယမြောက် ဥက္ကဋ္ဌဖြစ်သွားတယ်။ ၁၉၈၉ ဇွန်လနောက်ဆုံးပတ် လူ့ဘောင်သစ် ဒီမိုက ရက်တစ်ပါတီ ဌာနချုပ် (အနော်ရထာလမ်း) မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အာဏာဖီဆန်ရေး တရားပွဲလုပ်တော့ သူ့ရဲ့ “မောင်းပြန်ကို ဒေါင်းအလံနှင့် တိုက်မယ်” ဆိုတဲ့ စကားတခွန်း “တွင်”ကျန်ခဲ့တယ်။

နောက်တယောက်ကတော့ ဗမာတွေအထဲမှာ ရှည်တယ်ဆိုလောက်တဲ့ အရပ်နဲ့ ခပ်ပိန်ပိန်၊ တည်တည်ငြိမ်ငြိမ် မျက်နှာ ပေါက်ရှိတဲ့ ခရမ်းမြို့နယ်သား ကိုမြင့်ဇော် (၁၉၉၇ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ကွယ်လွန်) ပြောတယ်၊ သူက “ရန်ကုန်က ဗကသ ကျောင်းသား ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို ကြိုက်လို့၊ ပါတီရဲ့မူကို ကြိုက်လို့၊ ဝင်လုပ်နေတာပါ၊ မိုးသီးဇွန် ရှိတာ မရှိတာ အဓိက မကျပါဘူး၊ အဓိကကျတာက ကျနော်တို့ အလုပ်ဆက်လုပ်ကြဖို့ပဲ၊ ကျောင်းသားလူငယ်တွေရဲ့ လုပ်နိုင်စွမ်းကို ပြဖို့ပဲ၊ ဒါကြောင့် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ အားသွန်ခွန်စိုက် လုပ် ကြပါ၊ လုပ်မယ်လို့လည်း ယုံကြည်ပါတယ်” ဆိုပြီး ပြန်ထိုင်သွားတယ်။ နောက်တော့ သူလည်း ၁၉၉၀ ပြည့်နှစ် ဂျူလိုင်လ ၁၇ ရက်နေ့ နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးမှာ ပါတီဥက္ကဋ္ဌ တာဝန်ကိုယူပြီး ကွယ်လွန်ချိန်အထိ မဆုတ်မနစ် လုပ် သွားခဲ့ပါတယ်။

သူပြီး နောက်တယောက် ထလာပြန်ပါတယ်။ မကွေးက ကိုသက်ဇော်။ သူက ပိုပြီးပြတ်တယ် “ကျောင်းသားခေါင်းဆောင် တွေ ဘာလို့ပါတီထောင်တာလဲ သိသိချင်း မကျေနပ်ဘူး၊ ဒါပေမယ့် ပါတီဟာ အာဏာယူဖို့ မဟုတ်ဘူး၊ ရွေးကောက်ပွဲ ဝင်ဖို့မဟုတ်ဘူး တကယ်လုပ်မယ့်လူတွေ အဖွဲ့အစည်းတွေကို ဝန်းရံပေးဖို့ ကူညီဖို့ဆိုလို့ သိပ်ကြိုက်သွားတယ်၊ ကျေနပ် တယ်၊ ဒါကြောင့် ကျနော် လာခဲ့တာပဲ၊ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်အတွက် တကယ်လုပ်မလား၊ ကျနော်ထမ်းတင်မယ်”

ကိုတင်ဦး (သင်္ကန်းကျွန်း) က ကျနော့ကို လှမ်းပြောတယ်၊ “အစ်ကိုရေ မြေလတ်သား အာဇာနည် တယောက်တော့ ပေါ် လာပြန်ပြီ” အဲဒီအချိန်မှာ ဘယ်သူလဲတော့ သေသေချာချာ မသိတော့ဘူး။ သူက အသံကျယ်ကျယ်နဲ့ “မကွေးမှာ ဗကသ ခေါင်းဆောင် ကိုဗဟိန်းက မြင်းခွာသံ တချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်သွားမယ်ဆိုတဲ့ သမိုင်းဝင်စကား ပြောသွား တယ်၊ ဒါကြောင့် သူ့ကို ဗဟိန်းအောင်လို့ နာမည်ပြောင်းရင် ကောင်းမယ်” ဆိုလိုက်တော့ ဗဟိန်းအောင်ရယ်လို့ အမည် တွင်သွားပြီး ညီလာခံမှာ အထွေထွေအတွင်းရေးမှူးအဖြစ် အရွေးခံရပါတယ်။ အခုတော့ နှစ်ရှည် ထောင်ဒဏ် ကျခံနေရ ဆဲပါ။

ဒါတွေ ရေးပြနေတာ နောက်ကြောင်းပြန်သွားနေတာ မဟုတ်ပါဘူး။ ဒီကနေ့ ပြည်တွင်းမှာ နိုင်ငံရေး မိုးလေဝသ အခြေ အနေ ကောင်းစပြုနေတာ မြင်ရတဲ့အတွက် လူငယ်နိုင်ငံရေးသမားတွေ အများကြီး ပေါ်ထွက်စေချင်လို့ပါ။ ကျနော်တို့ ခေတ်တုန်းက “နိုင်ငံရေး နာဂစ်မုန်တိုင်း” ကြောင့် အလဲလဲအကွဲကွဲနှင့် စုတ်ပြတ်သတ်အောင် ဖိနှိပ်ခံနေရတာတောင် လူငယ်တွေရဲ့ အားမာန်နဲ့ နိုင်ငံ့သမိုင်းကြောင်း တနေရာမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် “ကိုဇေယျာသော်” အကျဉ်း သား ဘဝက ပြန်လွတ်လာပြီးတာနဲ့ နိုင်ငံရေးလုပ်မယ်၊ “ကိုရသ” ကလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုလို့ ဒီစာကို ရေးဖြစ်တာပါ။

“လေးစားပါတယ် ကိုဇေယျာသော် ” ၊ “ ကြိုဆိုပါတယ် ကိုရသ ”၊ သူတို့လိုပဲ အသစ်အသစ်သော လူငယ် နိုင်ငံရေးသမား များကို လှိုက်လှဲစွာ ကြိုဆိုလျှက်..။

သန့်စင်အောင် (ရန်ကင်း)

၎-၁၂-၂၀၁၁

ပန်းချီ .. စစ်ငြိမ်းအေး

source by :နေ့သစ်

အပြည့်အစုံသတင်းဖတ်ရန်....

Friday, December 09, 2011

နောက်ပြန်ကြည့်ရင်း၊ ရှေ့မျှော်ကြည့်ရင်း (အောင်ဆန်းစုကြည်)

နှစ်တနှစ်ရဲ့ အစဆိုတာ တဖန်ပြန်သစ်ဆန်းဖို့၊ အားတွေပြန်ဖြည့်ဖို့၊ သန္နိဋ္ဌာန်သစ်တွေချဖို့၊ အတိတ်ကအဖြစ်တွေကို အ မှတ်ရဖို့ အချိန်ပဲ ဖြစ်ပါတယ်။

၂၀၁၀ ကို ပြန်ကြည့်လိုက်ရင် အချို့အပိုင်းတွေဟာ အမှတ်ရစရာနည်းလွန်းလို့ ဆုံးရှုံးသွားပြီး အချိန်တွေနဲ့အတူ ကွယ် ပျောက်သွားပါပြီ။ ၂၀၁၀ ရဲ့ပထမဆုံးနေ့ကို ကျမ ဘယ်လိုဖြတ်သန်းခဲ့လဲ၊ ကျမ သတိမရတော့ပါ။ သိပ်ပြီးသက်တောင့် သက်သာတော့ရှိခဲ့မှာ မဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ ကျမရဲ့အိမ်ကို ၂၀၀၉ဒီဇင်ဘာလထဲက စပြင်ခဲ့ပြီး နောက် သီတင်း ပတ် အနည်းငယ်အကြာမှာပဲ စည်ပင်အုပ်ချုပ်ရေးက တားမိန့်ထုတ်လို့ ပြင်ဆင်မှုတွေ ရပ်လိုက်ရပါတယ်။

ကျမရဲ့ ရှေ့နေတွေ တားမိန့်ကိုပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်နေကြတုန်းမှာ ကတ်ထူပုံးတွေ၊စောင်ထူကြီးတွေနဲ့ ထုပ်ထားတဲ့ ဘာရယ်မှန်းမသိနိုင်တဲ့ အရာတွေ၊ ခရီးဆောင်သေတ္တာအမျိုးမျိုးနဲ့ စောင်းနေတဲ့မျှော်စင်နဲ့တူတဲ့ စာအုပ်ပုံတွေအလယ်မှာ ကျမ လပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ စာအုပ်စင်မြင့်ကြီးတခု၊ စားပွဲမျိုးစုံနဲ့ အထုပ်စည်းတွေကြားထဲ ညပ်နေတဲ့ ကျမ ရဲ့အိပ်ရာကနေမော့ကြည့်ရင် ကွာကျနေတဲ့ မျက်နှာကြက်ကို ကောင်းကောင်းမြင်ရပြီး အိုမင်းယိုယွင်းခြင်းနဲ့ ဆွေးမြေ့ ပျက်စီးခြင်းတရားကို အခါများစွာ ဆင်ခြင်နိုင်ခဲ့ပါတယ်။

ရာသီဥတု အေးနေရင်တော့ ပြွတ်သိပ်နေတဲ့ အခန်းထဲနေရတာ နွေးထွေးသလိုလို။ မြို့ထဲပြထဲမှာ တောစခန်းချနေသလို ဟန်နဲ့ နေရတာကလည်း တနည်းတော့ စွန့်စားခန်းတွေ့နေရသလိုလို။ ဒါပေမဲ့ ရာသီဥတုက ပိုပိုပြီး ပူလာတော့ စိတ်ကူး အနုအလှတွေ ပြယ်သွားပါတယ်။ အထူးသဖြင့် ပြတင်းအပြင်ဘက် နံရံမှာ ငြမ်းဆင်ထားတာကြောင့် ပြတင်းတွေ ဖွင့်လို့ မရတဲ့အဖြစ်ရောက်ပြီး တညလုံးနီးပါး ပူပူအိုက်အိုက် ချွေးတွေရွှဲလို့ မအိပ်နိုင်သလောက်ပါပဲ။ ကျမကိုယ်ကျမ ကျန်းမာ ရေးကောင်းလှပါတယ်လို့ မခံစားနိုင်ပါဘူး။

၂၀၁၀ ရဲ့ ပထမသုံးလအတွင်း ကာလတွေကတော့ ကိုယ်ခန္ဓာတင် သက်တောင့်သက်သာ မရှိတာ မဟုတ်ပါဘူး။ စိတ် လည်း အလွန်အမင်း အလုပ်လုပ်ရတဲ့ အချိန်ပါ။ ယခင်နှစ်က အင်းစိန်ထောင်အတွင်းမှာ ကျမအပေါ် ချမှတ်လိုက်တဲ့ စီ ရင်ချက်အပေါ် အယူခံဝင်ထားတာနဲ့ ပတ်သက်လို့ ကျမရဲ့ရှေ့နေတွေ ကျမနဲ့ ဆွေးနွေးဖို့ အခါအားလျော်စွာ လာကြပါ တယ်။ ကျမအတွက် ဒီဥပဒေရေးရာ ကိစ္စတခုလုံးဟာ သိပ်စိတ်ဝင် စားစရာကောင်းပြီး အင်မတန်အတွေ့အကြုံရင့်တဲ့ စွမ်းရည်ရှိတဲ့ ရှေ့နေကြီးတွေဆီကနေ အများကြီးဗဟုသုတ ရခဲ့ပါတယ်။ ကျမရှေ့နေကြီးတွေနဲ့တကွ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာကော်မတီအတွက်လည်း ကျမ သိပ်ကို ဂုဏ်ယူမိပါတယ်။ အဲဒီကော်မတီဟာ ၁၉၉၅ က စ လို့ တရားဥပဒေကို ထိန်းသိမ်းဖို့နဲ့ ကျမတို့နိုင်ငံက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေဘက်က ခုခံကာကွယ် ဖို့ အတွက် အလုပ်တွေအများကြီး လုပ်ခဲ့ကြပါတယ်။ ရှေ့နေကြီး ဦးဉာဏ်ဝင်းဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အ လုပ်အမှုဆောင် ကော်မတီဝင်တယောက်လည်း ဖြစ်နေတဲ့အတွက် ကျမအနေနဲ့ ပြင်ပနိုင်ငံရေးလောကထဲ ဘာတွေဖြစ် နေသလဲဆိုတာတွေ သိရှိခွင့်ရခဲ့ပြီး ပါတီရဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ့် လုပ်ငန်းစဉ်ထဲ အတိုင်းအတာတခုထိ ပါဝင်နိုင်ခဲ့ပါ တယ်။

နိုင်ငံရေးရှုကွက်ထဲ အင်မတန်အရေးကြီးတဲ့ ဒီလိုနှစ်တနှစ်မှာ ရင်ဆိုင်ရတဲ့ ဉာဏ်ရည်မြင့် စိန်ခေါ်ချက်တွေဟာ ကျမ အတွက် ကျန်းမာရေးကိစ္စတွေထက် အဆပေါင်းများစွာ ပိုအရေးကြီးပါတယ်။

ဧပြီလလယ် မြန်မာနှစ်သစ်ကူးချိန်လောက်မှာပဲ တရားရုံးက အိမ်ပြင်တာကို ဆက်လုပ်နိုင်ကြောင်း အမိန့်ချမှတ်လိုက်ပါ တယ်။ အလုပ်သမားတွေ ပြုံရောက်လာတာနဲ့ ပြင်ပကမ္ဘာကအသံတွေ လှုပ်ရှားမှုတွေနဲ့ အဆက်ပြတ်နေတဲ့ သီးသန့် ခြံ ၀င်းဟာ နေ့ချင်းညချင်းပဲ အဆက်မပြတ် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိတဲ့ နေရာ ဖြစ်သွားပါတော့တယ်။

လုပ်စရာတွေက အများကြီးပါ။ အဓိကလုပ်ငန်းက ခေါင်မိုးပြင်ဖို့ ဖြစ်ပါတယ်။ နှစ်နဲ့ချီပြီး မုတ်သုန်လတွေမှာ ကျမ မွေ့ရာ (အိပ်နေရင် ကျမပါ) ရေမစိုအောင်နဲ့ ယိုလာတဲ့ မိုးရေကို ခံနိုင်အောင်၊ ခုတင်နဲ့ ခွက်တွေ၊ ဇလုံတွေ၊ ပုံးတွေကို ခက်ခဲတဲ့ စစ်တုရင်ပွဲတပွဲ ကစားတော့ အရုပ်တွေရွှေ့ရသလို လိုက်ရွှေ့နေရပါတယ်။ အခုတော့ ခေါင်လုံအောင် လုပ်နိုင်တော့မှာပါ။ နောက်တမိုးကို စိတ်အေးလက်အေးနဲ့ ကျမ စောင့်မျှော်နိုင်ပါပြီ။ မြန်မာစကားမှာ “ခေါင်လုံတယ်” ဆိုတာ လုံခြုံခြင်းကို ဖော်ကျူးတဲ့ အလင်္ကာ ဖြစ်ပါတယ်။ ထိပ်ဆုံးကသာ ကောင်းရင် တဗိမာန်လုံး ကောင်းမယ်ဆိုတဲ့ အမြင်ကို ထင်ဟပ်တဲ့ အဓိပ္ပါယ်ပါ။

ပြုပြင်၊ ထိန်းသိမ်း၊ ပြင်ဆင်တယ်ဆိုတာ နောင်ကာလမှာ ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေမှုနဲ့ သက်သောင့်သက်သာ ရှိမှုတွေ အများကြီးရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ သို့ပေမယ့် ရုပ်ဝတ္ထုဆိုင်ရာ ကိစ္စတွေထက် ကျမအတွက် ပိုအရေးကြီး တာက လူတွေနဲ့ ဆက်သွယ် ဆက်ဆံလာနိုင်ခြင်း ဖြစ်ပါတယ်။

ငါးလလောက် ကြာမြင့်တဲ့ အိမ်ပြင်ချိန်ကာလ (ဧပြီကစပြီး စက်တင်ဘာမှာ ပြီးပါတယ်။ ကြားထဲ သုံးပတ်လောက် ခဏ ရပ်နားပါတယ်) မှာ နေ့စဉ်နေ့တိုင်း ကျမတို့ အလုပ်သမားတွေရဲ့ ဘ၀တွေနဲ့ သူတို့သောကတွေနဲ့ အကျွမ်းဝင်ခွင့်ရခဲ့ပါ တယ်။ ကျမတို့နိုင်ငံက အလုပ်သမားထု ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုမိုနားလည်လာပြီး၊ သူတို့ရဲ့ မျှော်လင့်ချက် နဲ့ ဆန္ဒကို ပိုမိုရှင်းရှင်းလင်းလင်း သိမြင်ရပါတယ်။

အိမ်ပြုပြင်တဲ့ စီမံချက်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တခုကတော့ အထူး သတင်း တပ်ဖွဲ့နဲ့တကွ အိမ်ဝင်း လုံခြုံရေး အတွက် တာဝန် ယူထားတဲ့ အခြားတပ်ဖွဲ့တွေနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးရတာပဲ ဖြစ်ပါတယ်။ လူတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေ ခြံထဲသွင်းဖို့ နေ့စဉ် လိုလို ဆွေးနွေး ညှိနှိုင်း နေရပါတယ်။နှစ်ဦးနှစ်ဖက်စလုံးက အကျိုးအကြောင်း သင့်မြတ်တာ၊ ပျော့ပျောင်း လိုက်လျောတာတွေနဲ့ အတားအဆီးတွေကို ချောမွေ့အောင် လုပ်နိုင်တယ်ဆိုတာလည်း ကျမတို့ တွေ့လာခဲ့ရ ပါတယ်။

၂၀၁၀ ခုနှစ်ဟာ ကျမအိမ်အတွက် ပြောင်းလဲတိုးတက်မှုတွေ အများကြီး သယ်ဆောင် လာခဲ့တဲ့ နှစ်ပါပဲ။ ဒါပေမဲ့ ကျမတို့ ပြည်သူတွေ နေထိုင်နေကြရတဲ့ ကျမတို့ တိုင်းပြည်မှာရော ဘာတွေ ပြုပြင်ပြောင်းလဲခဲ့သလဲ ဆိုတာကတော့ နောင်တချိန် ပြန်ပြောကြရမယ့် ပိုလေးနက်တဲ့ ပုံပြင်တပုဒ် ဖြစ်နေပါလိမ့်မယ်။

ကျမ လွတ်လာပြီး ပထမဆုံးရေးဖြစ်တဲ့ ဒီဆောင်းပါးကို ကျမက အခုလို အဆုံးသတ်ချင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် လုံးလုံး ကျမကို ထောက်ခံမှုနဲ့ ခင်မင်မှုပေးခဲ့တဲ့ မာအိနိချိရှင်ဘွန်းကို ကျမ ကျေးဇူးတင်ကြောင်း ပြောရင်း၊ ကျမ ခင်ပွန်း အထူးနှစ်သက်ခဲ့ပြီး၊ အမြဲရှင်သန်နေမယ့် ပညာအမြင်ကြောင့် ကျမကိုယ်တိုင်လည်း နှစ်သက်ရတဲ့ ကဗျာတပုဒ်က ကောက်နှုတ်ချက်ကလေးကို ကျမရဲ့ စာဖတ်ပရိသတ်တွေနဲ့ မျှဝေချင်ပါတယ်။

မနေ့ကဆိုတာ
အိပ်မက်မျှသာ၊
မနက်ဖြန်ဆိုတာ
စိတ်ထဲကပုံရိပ်အလား၊
ဒါပေမဲ့ ဒီနေ့ကိုသာ
ကောင်းကောင်းနေသွား၊
မနေ့ကတိုင်း
ကြည်နူးစရာ
အိပ်မက်ဖြစ်သလို၊
မနက်ဖြန်တိုင်း
မျှော်လင့်ချက်ပြည့်တဲ့
ပုံရိပ်ဖြစ်မယ်၊
ဒီနေ့ကိုသာ
ကောင်းကောင်း
ကြည့်နေသွား။


(The Salutation to the Dawn based on Vedic Hymn မှထုတ်နှုတ်သည်)

အောင်ဆန်းစုကြည်

(၁-၁-၂၀၁၁ နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖော်ပြပြီး)

ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၁ မှ ကူးယူတင်ဆက်သည်။

source by : နေ့သစ်

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, August 27, 2011

ပျက်အစဉ် ပြင်ခဏ “လူလ”

လွန်ခဲ့တဲ့ နှစ်များတုန်းက တချို့ လူကြီးတွေ ဂုဏ်ယူစွာ ပြော ပြောနေတဲ့စကားတခွန်းကြားဖူးတယ်။
ဟေ့ ငါတို့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူး တဲ့...

အများအားဖြင့်ပီတိကိုစားနာသုံးနာဖြင့်အသက်မွေးနေသော ကျောင်းဆရာများ ပြောတတ်တယ်။ တခြားသောဌာနကလူကြီးတွေလဲ ပြောနေကြတာလဲ ကြားဖူးပါတယ်။
ရိုးရိုးတွေးရင်တော့ ဆန်စပါးပေါကြွယ်တဲ့ နိုင်ငံမှာ ထမင်းငတ်ပြီး မသေလောက်ပါဘူးလို့ ထင်စရာပေါ့။ ဒါပေမဲ့ ဒီစကားရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တခုတော့ ရှိတာ သေချာတယ်။

တချိန်က ထိုသူများ ပြောလိုက်ရတဲ့အကြောင်းအရင်းက မြိုနယ်ကောင်စီ ဥက္ကဌ နေရာများကို တပ်မတော်မှ အငြိမ်းစားယူတဲ့ ဗိုလ်မှူးအဆင့်တွေကို ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အစီအစဉ်တခုမှ လဒ်စားသော အရာထမ်းများ အကျင့်သီလ နည်းပါးမှု ကို ထောက်ပြ ပြောဆိုတာကို မှတ်ယူပါ။ ဒါလည်း တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်ရန်ထက် လက်ဝေခံ ဆရာ တပည့် ဝေစား မျှစား သံယောဇဉ်ဖြင့် လက်သပ်ထိုး ချပေးတဲ့ စနစ်တခု ဖြစ်၏။ တာဝန်ကျရာ မြို့များသို့ ရောက်ရှိပြီး များမကြာမှီ ထို အရာထမ်း များသည် တနှစ်ခြင်း တနှစ်ညခြင်း ( နေ့ခြင်း>တနှစ် ) ကြီးပွား ချမ်းသာလာကြ၏။ ဘိုးဘိုးအောင် မစရင်တောင် ဒီလောက် မြန်မယ်မထင်း)၊ အထူးသဖြင့် နယ်စပ်ဒေသများတွင်း မှောင်ခို လုပ်ငန်းဖြင့် အသက်မွေးကြသော မြို့များတွင် အများဆုံး တွေ့ရတတ်သည်။
သူငယ်ချင်းတယောက်က ငါတို့ အဖေက အဲဒီခေတ်မှာ ဂဠာန်စီမံချက်မှာ လူကြီးတယောက်ဖြစ်တယ်ပေါ့၊ သူ့အဖေ ဘော်ဒီဂါတ်တောင် သူတို့မြို့မှာ ဆိုင်ကားအစီး ၁၀၀ လောက် ပိုင်ဆိုင်တဲ့ အုံနာတယောက် ဖြစ်ခဲ့တယ်၊ ကျန်တဲ့ လက်အောက် အရာထမ်းတွေဆို မပြောနဲ့တော့တဲ့ မြို့မျက်နှာဖုံးအသွင်ဆောင်လာကြတယ်လို့ ပြောဖူးခဲ့တယ်။ ဆက်လက်ပြီး ငါ့အဖေက အမြဲပြောတယ်.. ငါ့အတွက်နဲ့ ငါ့သားသမီးတွေ သူများ ပါးစပ်ဖျားမှာ မဆုံးစေချင်ဘူး။ မချမ်းသာခြင်နေ ကိုယ်ကျင့်တရားတော့ မစွန်းခံနိုင်ဘူးလို့ ကျွန်နော် သူငယ်ချင်းက ထပ်ပြောပြတယ်။ ဒီနေရာက ကျွန်နော်အတွေးတခု ထပ်ရလိုက်တာက ကိုယ်ကျင့်တရား ပဲ ။

ဂဠုန်စီမံချက်ဆိုတာက ပြည်တွင်းပြည်ပ ထွက်ကုန်များ တရားမ၀င် ရောင်းဝယ်ဖေါက်ကားခြင်းမှ ကာကွယ် တားဆီးရေး လို့ ယေဘုယျ မှတ်ပါ။

အများအကျိုးအတွက် လုပ်ဆောင်ကြပြီဆိုရာဝယ် ထို အများအကျိုး ပြည်သူ့အကျိုး တိုင်းပြည်အကျိုးလို့ ဘန်းပြပြီး ကိုယ့်ကျိုးဖြင့် အသက်မွေးပြီး အသက်ရှင်ခဲ့လျှင် ထိုသူသည် သန့်ရှင်းသော အစားတလုပ်အတွက် အသက်ဆက်နိုင်ဖို့ အရည်အချင်း မရှိသည့်ကြောင့် အသက်ရှင်လျှက်နဲ့ ဘ၀ သေနေတဲ့သူတယောက်လို့ မှတ်ယူရမည်။ ထိုသို့သော အာဏာပိုင်များသည် ထမင်းငတ်ပြီး မသေနိုင်ဘူး ဆိုတဲ့ စကားနဲ့ လားလားမှ မအပ်စပ်သဖြင့် ထမင်းငတ်ပြီး သေတတ်ဖို့ ကြောက်သူများဟု ထင်စရာ ဖြစ်လာ၏။

ကိုယ့် ထမင်းတလုပ် ဒါမဟုတ် ထမင်းတနပ်အတွက် သူတပါး အငြိုအငြင်၊ မသမာတဲ့နည်းလမ်း များစွာဖြင့် ရယူ စားသုံးတာလား၊ သို့တည်းမဟုတ် ကြည်ဖြူစွာ ရယူခြင်းဖြင့် စားသုံးတာလား အပေါ် စဉ်းစားဖို့လိုလိမ့်မယ်။

စဉ်းစားတယ်ဆိုတာက ....
ဗမာပြည်မှာ ထမင်းငတ်ပြီး သေနိုင်တဲ့ မသာ အပေါ်ပေါ့း)၊

(၁) တကယ့် ကိုယ်ကျိုးစွန့် အနှစ်နာခံ လုပ်ဆောင်သွားတဲ့သူတွေဟာ လူသာသေသွားဗေမဲ့ နာမည် မသေဘူးဆိုတဲ့ စကားတခွန်း ဖတ်မှတ်ကြားသိခဲ့ရတယ်။
(၂) ဆန့်ကျင်ဘက်ကတော့ တိုင်းပြည် အကျိုးကိုတော့ ဆောင်ရွက်ပါလျှက်နဲ့ အနှစ်နာမခံပဲ လစ်ရင် လစ်သလို မိမိစားသုံးရမဲ့ ထမင်းတလုပ်အတွက် ၀ိုက်စား ကြ၏။

ထို နှစ်မျိုးထဲက တခုခုကို ဟဲ့ကောင်လေး ဘယ်အမျိုးက ထမင်ငတ်ပြီး သေတာလဲလို့ မေးလာလျှင် ဒုတိယ အမျိုးစားကို ရွေးချယ်မိမှာပဲ။

ယနေ့ မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ မရှိဘူးဆိုတဲ့ စကားအသုံးအနှုံး ကြားဖူးသလားမသိ။ အင်း.. ဗမာပြည်ရယ်လို့ မခေါ်ဝေါ် မသုံးစွဲခဲ့တော့ ဗမာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာမရှိဘူးဆိုတာထက် မြန်မာပြည်မှာ ထမင်းငတ်ပြီး သေတဲ့ မသာ ရှိတယ်လို့ ပြောရမလို ဖြစ်နေ၏။ နာမည်ကြီး ဆရာတော်တပါးက မြန်မာပြည်မှာ သူခိုးနဲ့ ခွာသေးသေး သူတောင်းစားတွေ များလာတယ် လို့ တရားဟောတာ ကြားဖူးခဲ့တယ်။

ကျွန်နော်တို့ ငယ်ငယ်က ရပ်ကွက်အဆင့် ကျေးရွာအဆင့် ဥက္ကဌ အတွင်းရေးမှူး စတဲ့အရာထမ်းများဟာ စေတနာ့ဝန်ထမ်းများ အဖြစ် လစာ မရ။ အကောင်ကြီးကြီးတွေ တိုင်းခမ်းလှည့်လည်လို့ ယောင်မှားပြီး ထိုရွာသို့ ရောက်လာလျှင် မိမိစရိတ်နှင့် ပြုစု ဧည်ခံရ။ ဌာနာဆိုင်ရာက အရာရှိတွေ လာရင်လည်း ကိုယ့်မှာ ရှိတာတွေ ချကြွေး။ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်း လုပ်ငန်းလဲ အချိန်မရလို့ မလုပ်နိုင်သောကြောင့် စီးပွားလျှော့ရဲလာ၏။ ထိုကြောင့် မည်သူမှလည်း ဒီအလုပ်ကို မလုပ်ချင်၊ တဖက်ကလဲ ရပ်ရွာမှာ လူကြီးမရှိရင် မဖြစ်၊ ဓမ္မာရုံသို့ခေါ် လူစုပြီး ဒီမိုကရေစီကျကျ ရွေးကောက် တင်မြောက်ကြခဲ့သည်။ အများဆန္ဒအရသာ တာဝန်ကို ယူလိုက်ရသော်ငြားလည်း တင်မြောက်ခံရတဲ့သူဟာ ဗြဟ္မာဦးခေါင်းကြီးကို ကိုင်ရသလို ခံစားလိုက်ရ၏။ ထိုခေတ်များတုန်းက ရပ်ကွက် ကျေးရွာအဆင့်များတွင် ရပ်ရွာအကျိုး ဆောင်ရွက်နေသူများသည် လစာအဖိုးအခအဖြစ် သတ်သတ်မှတ်မှတ်မဟုတ်ပဲ ဖြူစင်သော စေတနာအရင်းခံအတိုင်း ဆောင်ရွက်ခဲ့ကြသည်။


ယနေ့ခေတ်မူကား ရပ်ရွာဥက္ကဌ ရာထူးကို ငမ်းငမ်းတက် လိုချင်သူများ ပေါလှပါ၏။ တချို့က ဒီတာဝန်ကို လာဘ်ထိုးပြီး ရယူသတဲ့....
ဟိုခေတ်များနှင့် နှိုင်းယှဉ်လိုက်ရင် ဒီရာထူးဟာ မက်လောက်စရာ မဖြစ်လောက်ပါ။ ခက်ရပါ၏။...

အထက်ပါ အကြောင်းအရာမှ တဆင့် ပုံသဏ္ဍာန် ကွဲပြာသော်ငြားလည်း မြို့၊ တိုင်းဒေသ အသီးသီးတွင် တာဝန်ယူ ထမ်းဆောင်နေသော အရာထမ်းများ အားလုံးဟာ တိုင်းပြည်အပေါ် ရိုးသားစွာ တာဝန်ယူနိုင်ခဲ့လျှင် မြန်မာပြည်တွင် ထမင်းငတ်ပြီး သေတဲ့သူ မရှိဟု ကြွေးကြော်နိုင်လိမ့်မည်။

ခေတ်မှီတိုးတက်သော ကွန်မြူနစ်စနစ်ကို ချီတက်နေသော တရုတ်တို့ဟာ လဒ်ပေး လာဘ်ယူစနစ်ကို သေဒဏ်အဖြစ် သတ်မှတ် နှိပ်ကွပ်တယ်။ ဒါမှလဲ ကိုယ်ကျင့်တရား မြင့်တက်လာ၍ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံနှင့် ကူးလူးဆက်ဆံနိုင်ပြီး တဦးနှင့်တဦး ယုံကြည်စွာ ရောင်းဝယ် ဖောက်ကားခြင်းဖြင့် တိုင်းပြည် ချောင်လည်လာသည်ဟု ယုံကြည်မိပါသည်။
ခေတ်မှီတိုးတက်သော နိုင်ငံတခုကို ဖောင်ဆောင်ရာဝယ် မြန်မာလူမျိုးတို့ဟာ လာဘ်ပေးလာဘ်ယူစနစ်ကိုတိုက်ဖျက်ရန်အတွက်... ပြစ်မှုကြူးလွန်ခဲ့သော တစုံတယောက်အား(တပည့်သားမြေးဖြစ် သဖြင့် လျှော့ပေါ့ပေးလိုက်သည်၊) ပုံစံနှင့် ပေါ့တိပေါ့တန် လျှော့တိလျှော့ရဲ တရားရေးစနစ်တခုနှင့် ဆက်သွားနေမည် ဆိုလျှင် နောက်မျိုးဆက်များတွင်လည်း ထမင်းငတ်ပြီး သေသူများ ပေါ်ပေါက်လာ မလွဲဧကန်......


စာကြွင်း ။ ။ ထိုစာကို ရေးခြင်းသည် လက်ရှိအစိုးရအား ထောက်ခံအားပေး၍ အကြံပေးရေးသားနေခြင့်မဟုတ်၊ တိုင်းပြည်အပေါ်ထားရှိသော စေတနာဖြင့်သာ ရေးသားခဲ့သည်။

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ....

အပြည့်အစုံသတင်းဖတ်ရန်....

Friday, August 12, 2011

မျက်ရည်မြစ် " ဗမာ့သွေး "

ဒီရက်ပိုင်း အတွင်း စာပေဟောပြောပွဲတွေမှာ ဆရာတွေပြောတဲ့ အသံဖိုင်လေးတွေကို အားလပ်ချိန်လေးတွေမှာ နားထောင်ဖြစ်မိ တယ်။ ကျနော် နားထောင်လိုက်ရတဲ့ စာပေဟောပြောပွဲများမှ ရရှိလိုက်တဲ့ အတွေးအမြင် များကို စာသား အဖြစ် တင်ပြလိုတဲ့ ဆန္ဒနဲ့ ဒီစာစုလေးကို ရေးချမိသွားတာပါ ။

"ဖိုးတောင်သူဘွဲ့"
လွမ်းမပြေ မန်းမြေ တမိတော့
ကမ်းခြေမှာ စမ်းရေစတွေနဲ့
တဲ တဖက် ဆွဲဖျက်ကာ အလျှင် လိုတော့ထင့်
ကရင်အို ယာပြင်(ရှင်)ကြီးမှာ
မီးထဲ့လို့လှုံ။

(၂)
မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူရောင် ခေါက်ထည်ကြမ်းကိုတော့
လွှားပါလို့ နောက်မှာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။
(၃)
ဘေးအိတ်ကိုလျှို
ဆေးလိပ်တို နားမှာ ထိုးပါလို့
တောင်ရိုး ဘာသာ သူတို့
ကွင်းအငူ နှင်းမြူက စဲပြန်တော့
အဖိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်တဲ့ စခန်း....။
အချုပ်တန်းဆရာဖေရဲ့..."ဖိုးတောင်သူဘွဲ့" ဆိုတဲ့ ကဗျာလေးပါ။ အချုပ်တန်း ဆရာဖေ ဆိုတာကလည်း စလေ ဦးပုည တို့ နဲ့ ခေတ်ပြိုင် စာဆို ဖြစ်ပါတယ်။ ကဗျာက မန္တလေးရွှေမြို့တော် ကြီးနဲ့ ဝေကွာလှတဲ့ ယာတောလေး တစ်နေရာ ရောက်နေ တဲ့ တောင်သူကြီး တစ်ယောက်ရဲ့ အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
တဒင်္ဂစာ အေးချမ်းမှုလေးကို မခံနိုင်လို့ ကိုယ်နေထိုင်ရာ တဲကို ဖျက်ပြီး မီးလှုံလိုက်တဲ့ အခါ နောက်နေ့တွေ အတွက် နေစရာ မရှိမှာကို မိုက်မဲလှတဲ့ ဖိုးတောင်သူကြီး မီမလှုံခင်က မစဉ်းမိခဲ့ဘူး ။
အဲဒီလို ရည်ရှည်ကို မတွေးဘဲ လတ်တလော ပြဿနာကို အလွယ်တကူ ဖြေရှင်းလိုကြတဲ့ အင်မတန်မှ ညံ့ဖျင်း တဲ့ ဖိုးစော်ကဲ လို တောင်သူကြီးလို လူစားမျိုးတွေ ကျနော်တို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေပါတယ် ။
ဒီကဗျာလေးထဲက အဖျက်ခံလိုက်ရတဲ့ တဲနေရာလေးဟာ မိသားစု တခု ၊ ရပ်ကွက်တခု ၊ မြို့နယ် တခု ၊နိုင်ငံ တနိုင်ငံ နဲ့သက်ဆိုင်တဲ့ နေရာမျိုးလည်း ဖြစ်နိုင်ပါတယ် ။
ကျနော်တို့ ပတ်ဝန်းကျင်မှာ ဒီကဗျာလေးထဲက တဲလေးလို မီးရှို့ခံလိုက်ရတဲ့ တဲတွေဘယ်လောက် များ နေပြီလည်း သေချာတွေးကြည့်ရင် ပိုမို သိသာ ထင်ရှားလာမှာပါ…။ အဲဒီလို ကိုယ်နေတဲ့ အသိုက်အမြုံကို
ဖျက်စီးလိုက်တဲ့ ဦးနှောက်မရှိတဲ့ လူတွေ ကျနော်တို့ တိုင်းပြည်မှ ဘယ်လောက်တောင် များနေပြီလည်း ..ဝေးဝေးသွားပြီး စဉ်းစား စရာ မလိုပါဘူး ။ မြန်မာနိုင်ငံရဲ့ အထင်ကရ သတို့သမီးကိုမှ တရုတ် ကိုရွေးပြီးဆက်သဖို့ ကြံရွယ်နေပုံသာ ပြေးမြင်လိုက်ပါတော့လို့ ကျနော် ရှည်ရှည်ဝေးဝေး ကဗျာဆန်ဆန် မတွေးမပြတော့ဘဲ ပွင့်ပွင့်လင်းလင်း ဘဲ ပြောပါရစေ ။
“တို့တိုင်းပြည်”
ဆရာဇော်ဂျီ
ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။
ကျနော်တို့ တိုင်းပြည် တိုင်းတပါး နယ်ချဲ့ လက်အောက် ကို ကျရောက်ခဲ့စဉ် ကာလက ဆရာဇော်ဂျီက နယ်ချဲ့လက်အောက်က မလွတ်မြောက်ရင် ဒီကဗျာလေးထဲကလို မြန်မာနိုင်ငံသားတွေ ဒုက္ခခံစားရမှာကို စိုးကြောက်ပြီး သတိပေးကာ ရေးသားခဲ့တာကို မှတ်သားနာယူ ကြကာ အားလုံးဝိုင်းဝန်း ကြိုးစားခဲ့ကြလို့ နယ်ချဲ့လက်အောက်က လွတ်မြောက်ခဲ့ကြတယ်…။
ဒါပေမယ့် ကံခေလှတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အတွက် အာဇာည်တွေ သွေးမြေခဲ့ရတဲ့ နေ့က စလို့ ကိုယ့်လူမျိုးအ ချင်းချင်းက လက်နက်အားကိုးပြီး ဖက်ဆစ်ဘီလူးတွေလို ပြန်လည်အုပ်ချုပ် အနိုင်ကျင့်တာကို ခံနေခဲ့ရတာ ယနေ့ထက်တိုင် မလွတ်မြောက်နိုင်သေးပါဘူး ။
ကိုယ့်တိုင်းပြည်က သယံဇာတ များနဲ့ တိုင်းတပါး နိုင်ငံများက မီးတွေ ထိန်ထိန်လင်းနေတာကို အမှောင်ထဲက ထိုင်ကြည့်နေကြရ တုန်းပါဘဲ…..။
ကိုယ့်ပိုင်တဲ့ သယံဇတများနဲ့ တိုင်းတပါးက ၀င့်ကြွားနေကြချိန်မှာ ကျနော်တို့ တိုင်းပြည်က လူအများကတော့ နေစရာ အိမ်လေးတလုံးတောင် ဖြစ်မြောက်အောင် မပိုင်ဆိုင်ကြတော့ဘဲစားဝတ်နေရေး အတွက် ခက်ခဲစွာ ရုန်းကန်နေရင်းက အနာဂတ် အတွက် မျှော်မှန်းချက်ဆိုတာ တောင် မတွေးနိုင်ကြတော့ပါဘူး။ အဖိနှိပ်ခံဘ၀တွေနဲ့ ကြာတော့ နင်းပြားဘ၀တွေဖြစ်မှန်း မသိ ဖြစ်ခဲ့ကြရတယ်။ ဆရာဇော်ဂျီ တွေးကြောက်ခဲ့ရတဲ့ ကိစ္စကြီးက တိုင်းတပါးနယ်ချဲ့လက်အောက်မှာ မကြုံတွေ့ရဘဲ ကိုယ့်လူမျိုးတွေ ပြန်အုပ်ချုပ်တဲ့ ညစ်ထေးယုတ်မာတဲ့ အာဏာရှင် စနစ်ဆိုးအောက်မှာ ကြုံတွေ့ရတာ အသဲနာစရာ ကောင်း လှပါတယ်..။
ကမ္ဘာမကြေ မြန်မာပြည် ဆိုတဲ့ နိုင်ငံတော် သီချင်းလေး ဘယ်အချိန်ထိ သက်ဝင် လုပ်ရှားနေမှာလည်း ဆိုတာ ယနေ့ မြန်မာနိုင် ငံ သားတွေရဲ့ ရပ်တည်မှု သဘောထားပေါ်မှာဘဲ မူတည်နေပါတယ် ။
ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပါလို့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့ကြသလို ယုံလည်း ယုံကြည်ခဲ့ကြတာပါဘဲ…။ ဒါဆိုရင် ကိုယ့်အသက်သွေးကြောကို ကိုယ်ပြန်ဖြတ်တဲ့ လုပ်ရပ်တခုဟာ လုပ်သူတွေ ဟာ ဒီကဗျာထဲက ဦးနှောက်မရှိတဲ့ တောင်သူကြီးလိုဘဲ ကိုယ့်ရဲ့ အသိုက်အမြုံကို ပြန်ဖျက်စီးတဲ့ လုပ်ရပ်ကြီးပါ.။
ဒါပေမယ့် ဒီကိစ္စက ကဗျာထဲကလို တဲတခု မဟုတ်ဘဲ တမျိုးသားလုံး ဒုက္ခဆိုးကြီး ကို ခါးသည်းစွာ ခံစားရတော့မယ့် အရေးကိစ္စကြီး ဖြစ်နေတာတောင် ပေါ့ပေါ့လေး တွေးပြီး ဖြေရှင်းချင်တဲ့ အတွေးပိုင်ရှင်များက ပိုမို မိုက်မဲလွန်းလှပါတယ် ။ ကိုယ့်သွေးကို ကိုယ်ပြန်သောက်ဖို့ အတွက် အမျိုးသားရေး သစ္စာဖောက်တဲ့ လုပ်ရပ်ကြီး တခုပါလို့ အတန်တန် သတိပေးနေကြပါလျှက် အာဏာကလွဲလို့ ဘယ်အရာကိုမှ မစဉ်းစားနိုင်တဲ့ လူအများက မြန်မာနိုင်ငံကို စနစ်တကျ ဖျက်စီးလိုက်ဖို့ အရေး ဧရာဝတီ မြစ်ဆုံမှာ ဆည်ကြီး တည်ဆောက်ကာ တရုတ်ကို ထောက်ပံ့ပေးကြတော့မယ်….။
မြန်မာတမျိုးသားလုံးသားလုံး ဒုက္ခနွံထဲကို အတင်းဆွဲချနေတဲ့ ဒင်းတို့ လုပ်ရပ်ကို မတားဆီးနိုင်ခဲ့ရင် နောင်အခါ ကမ္ဘာမှာ မြန်မာလူမျိုးဆိုတာ ကွယ်ပျောက်သွားနိုင်ပါတယ်။
ယခင်က အင်းလေးကန်အလှ နဲ့ ယခု ရေခမ်းခြောက်ြ့ပီး တိမ်ကောနေပြီဖြစ်တဲ့ အင်းလေးကန်
အင်းလေးအိုင်ကြီး ရေခန်းမယ်ဆို ပုံပြင်လို့ ထင်ထားခဲ့ကြပေမယ့် တကယ်တန်း ရေတစက်မှ မရှိအောင် ခြောက်ခမ်းသွားခဲ့တာ လက်တွေ့ပါ ။ စည်းမရှိ ကမ်းမရှိ တွေ့သမျှ သစ်ပင် အကုန်ခုတ်ကာ တိုင်းတပါး ကို ရောင်းချခြင်းရဲ့ အကျိုးဆက် မြန်မာတနိုင်ငံ နေရာ အနှံ့အပြားမှာ မိုးခေါင်ရေရှား ပြီး သောက်စ ရာ ရေတောင် မရှိတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရသလိုအခုလည်း အားလုံးရဲ့ အားထားရာ သဘာဝအလှ တရားတွေနဲ့ မြန်မာပြည်ဆိုတာကို ပနံ့ရအောင် စွဲဆောင်မူပေး ခဲ့တဲ့ မြစ်ဧရာဝတီ၊ နက်ရှိုင်းမူတွေနဲ့ သမိုင်းခေတ်အဆက်ဆက်ကို ထိမ်းသိမ်းစောင့်ရှောက် လာတဲ့ ဧရာဝတီကို တိုင်းတစ်ပါးသားလက်ထဲ ၀ကွက်အပ်လို့ ပျက်သုန်းရတော့မယ့်အဖြစ်ကို ဒီမြေမှာကြီး ဒီရေကိုသောက်ပြီး ကြီးပြင်းလာကြတဲ့ ကျွန်တော်တို့အားလုံး ဘယ်လိုမှ မျက်စီစုံမှိတ်ပြီး ကြည့်မနေနိုင်တော့ပါဘူး။ ဧရာဝတီကို မှီခိုအားထား အသက်ရှင်နေကြရတဲ့ ဘ၀တွေ၊ ပြည်နယ်နဲ့ ပြည်မဆိုတာကို တစ်သွေးတည်း တစ်သားတည်း တစ်ထပ် တည်း ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာတွေ အဲဒီကျေးဇူးတရားက ကြီးမားလှပါတယ်။
သေချာတာ တခုကတော့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကြီး ဧရာဝတီ ကွယ်ပျောက်သွားရင်တော့ မြန်မာလူမျိုး ဆိုတာလည်း မကြာခင် ကွယ်ပျောက်သွားမှာ အမှန်ပါဘဲ ဆိုတာ ပညာရှင်များက တကယ့်ကို လေးလေးနက်နက် သတိပေးနေတာကို ကျနော်တို့အားလုံး ပေါ့ပေါ့ဆဆလေး တွေးပြီး လက်ခံလိုက်ရင် သမိုင်းမှာ ကျနော်တို့အားလုံး တရားခံတွေ ဖြစ်သွားကြမှာ ဖြစ်သလို နောင်မျိုးဆက်သစ်တွေရဲ့ လက်ညိုးထိုးရှုံ့ချကဲ့ရဲ့တာကို ခံကြရမှာ မလွဲပါဘဲ....။
ဧရာဝတီမြစ် ကို မှီခိုအားထားပြီး ဘ၀၀မ်းစာရေးအတွက် အသက်ဆက်နေရသူတွေ
အခုလက်ရှိ အနေအထားအတိုင်း ဆက်သွားရင်တော့ မြန်မာနိုင်ငံသားတွေဟာ သောက်စရာ ရေတောင် မရှိတဲ့ ဘ၀နဲ့ ဒုက္ခဆိုးများကို ခါးသီးစွာ ခံစားရင် အသက်ဆုံးရှုံးကာ ကမ္ဘာပေါ်မှာ မြန်မာလူမျိုးဆိုတာ ပျောက်ကွယ်သွားမှာ အမှန်ပါဘဲ ဆိုတာကို သေချာတွေးပြီး အမျိုးသားရေး လုပ်ရှားမှု အသွင်သဏ္ဍန် နဲ့ ဧရာဝတီကို ကာကွယ်ဖို့ ကြိုးစားပေးကြပါလို့ ပြည်တွင်း ၊ ပြည်ပက ပညာရှင်များနှင့် တကွ မြန်မာနိုင်ငံသားအာားလုံးကို လေးစားစွာ မေတ္တာရပ်ခံရင်း ဆရာမောင်စိန်ဝင်း ရွတ်ဆိုခဲ့တဲ့ ကဗျာလေးနဲ့ ဘဲ နိဂုံးချုပ်လိုက်ပြစေ …..။
မြစ်ကော မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းရပေမည်
ရေဝေတောတွေ စိမ်းစို့စို့ မှိုင်းညို့ညို့
မှုန်ရီ ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည် သမျှ မြန်မာသွေးရှိ
တတောလုံးပြောင် တတောင်လုံး
လင်း မြစ်ကျဉ်းကာ သောင်တွေပေါ်တာ့
နောင်အရှည် မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အပျက်သဘောနဲ့
မြစ်ကောမယ်လေး...။
ဗမာ့သွေး

ဒီဆောင်းပါးကို ညီငယ် " ဗမာ့သွေး " က " တဒင်္ဂစာ အတွက် ဘ၀များစွာ ဖျက်ကြသူများ " အမည်ဖြင့် ရေးသားခဲ့တာပါ။ ဒီဆောင်းပါးကို ဖတ်နေတဲ့ အချိန်မှာ ဧရာဝတီ မြစ်နဒီရဲ့ လှိုင်းပုတ်သံတွေ က နားစည်မှာ ခပ်တိုးတိုးလေး ကြားနေရတယ်။ လှိုင်းပုတ်သံတွေကို သေချာနားထောင်ကြည့်လိုက်တော့ ဧရာဝတီက ငိုရှိုက်နေတယ်၊ သူမရဲ့ ကျေးဇူးတရားတွေက ကျွန်တော်တို့ မြန်မာပြည်မှာ မွေးပြီး ကြီးပြင်းလာကြတဲ့ လူတွေအားလုံးအပေါ် အသားအရောင်၊ အဆင့်အတန်း၊ လူမျိုးဘာသာ လုံးဝမရွေး အားလုံးအပေါ်မှာ တင်ရှိနေတယ်။ ဧရာဝတီဟာ ကျွန်တော်တို့အားလုံးရဲ့ မိခင်ပါ။ မိခင်နဲ့ နှလုံးသား ချင်းနီးစပ်သူတိုင်း သူမရဲ့ ငိုရှိုက်သံတွေကို ကျွန်တော်ကြားသလို စာဖတ်သူ မြန်မာနိုင်ငံသား ညီအကိုမောင်နှ မတွေ အားလုံးလည်း ကြားကြ ပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို " မျက်ရည်မြစ် " လို့ အမည်ပေး လိုက်တာပါ။

အယ်ဒီတာ

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */