“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, June 04, 2012

ဒေါ်စု မသိတဲ့ ဒုက္ခသည် စခန်း အကြောင်း

မောင်ရမ္မာ | ဇွန်လ ၂ ရက်နေ့က ကျနော်တို့နေတဲ့ မယ်လ ဒုက္ခသည်စခန်းက ခါတိုင်းနဲ့ မတူ တမူ ထူးခြား နေတယ်လို့ ပြောရပါမယ်။ စခန်းတခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေတာ တပတ်လောက် ရှိနေပြီ။ ဒေါ်စု လာမယ် ဆိုတဲ့ သတင်းက စခန်းတခုလုံးမှာ ဟိုလေးတကျော် ဖြစ်နေတဲ့ သတင်းဖြစ်ပါတယ်။

ကျနော်လည်း ရှိတဲ့ ရိက္ခာ အကျန်လေးကိုချက် ငပိရည်နဲ့ မိုးဦးကျ ရာသီမှာ ဒုက္ခသည်စခန်းရဲ့ ပင်တိုင်ဟင်း ဖြစ်တဲ့ မျှစ်ပြုတ်နဲ့ လွေးအပြီး စခန်းရုံးရှိရာဘက်ကို ချီတက်လာပါတော့တယ်။ ကျနော် ရောက်နေတဲ့ အချိန်မှာ စခန်းရုံး ပတ်လည်မှာ လူတော်တော်များ နေပြီ။ တိုး မပေါက်တော့ဘူး။ ကျနော်က ဒုက္ခသည် တဦး အနေနဲ့ ဒေါ်စုကို မြင်ဖူးချင်တာပါ။ တင်ပြခွင့် ရရင် တင်ပြချင်တာလေးတွေရှိလို့ လာခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက် ကတည်းက အမိ မြန်မာပြည် ကနေ ခွဲခွာလာခဲ့တဲ့ ကျနော်၊ ဒီမိုကရေစီကို လက်နက်ကိုင်တိုက်ပွဲ ၀င်မယ်ဆိုတဲ့ သံမဏိစိတ်ဓါတ်နဲ့ တောခိုလာခဲ့တဲ့သူ။ ခုတော့ အခြေအနေအချိန်အခါအရ လက်နက်ကိုင်တော်လှန်ရေးကို စွန့်ခွာပြီး ထိုင်းမြန်မာနယ်စပ်မှာ အကြီးဆုံးဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းမှာ တော်လှန်ရေးသမား ဘ၀ကနေ ကမ္ဘာကျော် ဒုက္ခသည် ဖြစ်လာခဲ့တာပါ။

ကမ္ဘာကျော် ဒုက္ခသည်လို့ ပြောတာက ဒီလိုပါ။ ကျနော်တို့ နေတဲ့ စခန်းက မဲဆောက်မြို့နဲ့ဆို ၄၅ မိနစ်သာရှိတဲ့ ခရီးအကွာမှာ ရှိတာကြောင့် ဥရောပက မဟာ မင်းကြီးတွေ၊ အမေရိကန် အထက် လွှတ်တော်၊ အောက် လွတ်တော်က ဧည့်သည်တော်တွေ မကြာမကြာ လာရောက်တာကြောင့် ကျနော်တို့လည်း စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေတာပေါ့။ ဒါကြောင့် ကမ္ဘာကျော်တဲ့ ဒုက္ခသည်တွေပါလို့ ပြောချင်တာပါ။

အခုလည်းကြည့် ဒေါ်စု ဒုက္ခသည်စခန်းကို လာလည်မယ်ဆိုတဲ့ သတင်းက ကမ္ဘာ့မီဒီယာတွေမှာ ပါနေတာကို တပတ်လောက် ရှိနေပြီ။ ကျနော်တို့ စခန်းက စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေကြမို့ပါ။

ဒုက္ခသည် စခန်းမှာရှိတဲ့ လူတွေကတော့ မြန်မာနိုင်ငံက အလွှာပေါင်းစုံကလာတဲ့ သူတွေဖြစ်တယ် ဆိုတာကို ပြောချင်တာပါ။

(၁) ပြည်တွင်းစစ်ဒဏ်ကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည် စစ်စစ်တွေ( ရပ်ရွာတွေမရှိတော့တဲ့ သူတွေ)

(၂) နိုင်ငံရေး၊ လက်နက်ကိုင်တော်လှန်းရေးလုပ် အသက်ကြီးပြီး အနားယူတဲ့အခါ ဒုက္ခသည် ဖြစ်လာတဲ့သူ

(၃) ပိုက်ဆံအတော်အသင့်ရှိပြီး ဒုက္ခသည် စခန်းမှာ စီးပွားရေး လာလုပ်တဲ့ ဒုက္ခသည်တွေ

(၄) မြန်မာပြည်မှာ ချမ်းသာပြီး အမေရိကားနဲ့ ဥရောပနိုင်ငံမှာ အခြေချလိုတဲ့ မြို့ကြီးသား ဒုက္ခသည် တွေ ဆိုပြီး (ဆင်ဖြူတော် မှီပြီး ကြံစုတ်နေတဲ့ လူချမ်းသာ ဒုက္ခသည်) အမျိုးမျိုး ရှိကြပါတယ်။

ဒုက္ခသည် စခန်းကို ဒေါ်စုလာလည်မယ် ဆိုတဲ့သတင်းက မတူတဲ့ ဒုက္ခသည်တွေအတွက် တူညီတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒေါ်စုလာတာကို အကောင်းဘက်က မြင်နေကြပါတယ်။

ကျနော့် အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ နေတဲ့ ‘အမိုး’ ကတော့ ၁၉၉၆ ခုနှစ်ကရင်ပြည်နယ်အတွင်း ဆင်နွဲတဲ့ အစိုးရထိုးစစ်တွေကြောင့် ထွက်ပြေးလာတဲ့သူဖြစ်ပါတယ်။ အမိုး ကတော့ နံပါတ် (၁) ဒုက္ခသည် အမျိုးအစား ဖြစ်ပါတယ်။ ဒေါ်စုလာလည်တာ ကောင်းတယ်။ “အမိုးတို့ အိမ်ပြန်ရတော့မယ်၊ အမိုးရဲ့ မြေးတွေကို ကျောင်းထားရတော့မယ်တဲ့” အမိုး မကြာမကြာ ပြောတာတော့ အမိုးတို့က ကျုံဒိုးနဲ့ နီးတယ်တဲ့။ အမိုးရဲ့ ယောင်္ကျားက ကျောင်းဆရာလည်းလုပ်တဲ့ အကြောင်း၊ ဥယျဉ်ခြံစိုက်တဲ့အကြောင်း ကျနော်တို့ကို ခဏခဏ ပြန်ပြောပြတယ်။

အမိုး အသက်က ၇၀ ကျော်ပြီ။ မယ်လ ဒုက္ခသည် စခန်းကိုရောက်တာ အခုဆို ၁၆ နှစ်လောက် ရှိနေပြီ။ မြန်မာပြည်မှာနေခဲ့တဲ့ အချိန်ကို ခုထိ တသသ ရှိနေသေးတယ်။ မြန်မာပြည်အကြောင်းပြောရင် အမိုးရဲ့ မျက်လုံးတွေက တောက်လာတယ်။ မျက်ရည်တွေလည်း ရွှမ်းလာတယ်။ အမိုးကတော့ အခြေအနေအရသာ ဒုက္ခသည်စခန်းမှာ နေထိုင်ရပေမယ့် စိတ်ကတော့ အမိမြန်မာပြည်ကို ပြန်ရောက်နေတယ်။

အမိုးကလည်း မြန်မာပြည်က ၇ တန်းအောင်။ ဒါကြောင့် သူ့မြေးတွေကို စာတတ်စေချင်တယ်။ ဒါပေမယ့် မြေးအကြီးဆုံးက အသက်၁၈ နှစ် ကျော်တာကြောင့် အမေရိကားကို တယောက်တည်း ထွက်ခွာသွားတယ်။ ယောင်္ကျားလေးလည်း ဖြစ်ပြန်၊ အသက် ၁၈ နှစ်ကျော်ရင် မိဘနဲ့ ခွဲပြီးသွားလိုရာကို သွားနိုင်တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ဥပဒေကြောင့် ခွဲခွာခွင့် ပေးလိုက်ရတာပါ။ မြေးကြီး အမေရိကားကို ထွက်သွားတော့ အမိုးခမြာ တပတ်လောက် စားမ၀င် အိပ်မပျော် ဖြစ်ခဲ့တယ်။

ဒေါ်စုလာလည်တဲ့ သတင်းကြောင့် အမိုး စိတ်ဓါတ်တွေ တက်ကြွနေတယ်။ ဒေါ်စုက အမိုး တို့ကို ပြန်ခေါ်ဖို့ လာမှာတဲ့။ ဇွန်လ ၂ ရက်နေ့က အမိုးတယောက် စခန်းရုံး နားမှာ ဖျာခင်းပြီး စောင့်နေတယ်တဲ့။ ဒေါ်စုကို တွေ့ချင်တဲ့ဇော၊ မြန်မာပြည်ကို ပြန်ချင်တဲ့ အမိုးရဲ့ ဇောကို လေးစားမိတယ်။

ဒုက္ခသည် အကြောင်းပြောရင် ၂၀၀၆ ခုနှစ်က ဒုက္ခသည်တွေရဲ့ အခြေအနေကို ပြောမှပိုပြီး နားလည်မယ်ထင်တယ်။ အရင်တုန်းကဆို ဒုက္ခသည် စခန်းဆိုတာ သူပုန်တွေနေတဲ့ နေရာလို့ နာမည်သိပ်ကြီးတာ။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာ ထိုင်းအစိုးရက ဒုက္ခသည် ဖြစ်ချင်တဲ့သူတွေ စခန်းထဲကို ၀င်ရမယ်ဆိုတဲ့ မူနဲ့ ကိုင်ထည့်လိုက်တော့ မဲဆောက်အနှိပ်ခန်းမှာ အလုပ်လုပ်နေတဲ့ကောင်မလေးတွေ၊ မဲဆောက်အခြေစိုက် နိုင်ငံရေးသမားတွေနဲ့ ဆက်စပ်တဲ့ ရန်ကုန်က ပိုက်ဆံချမ်းသာသူတွေ လှိမ့်ဝင်လာပါတယ်။

အဲဒီလို လှိမ့်ဝင်လာတဲ့အထဲမှာ ကျနော်တို့ အိမ်နဲ့ ကပ်လျက် နိုင်ငံခြားကို ထွက်သွားပြီဖြစ်တဲ့ ချင်းဇနီးမောင်နှံရဲ့ အိမ်ကို ဘတ်ငွေ ၄၀၀၀၀ နဲ့ဝယ်လိုက်တဲ့ ရန်ကုန်သား အဖိုးကြီးနဲ့ သူ့သမီးနဲ့ မြေးတွေလည်းပါတယ်။ သူတို့က ၂၀၀၇ မှ ၀င်လာတာကြောင့် ထိုင်းအစိုးရရဲ့ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုမှုကို မခံလိုက်ရရှာတဲ့ သူတွေပါ။

လူသစ် ရန်ကုန်သား အဖိုးကြီး ကတော့ နံပါတ် (၄) အမျိုးအစား အမေရိကားမှ အမေရိကားဘဲ။ ခုထိ လက်မလျှော့သေးဘူး။ ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းတို့ ဒုက္ခသည်တွေကို ပြန်ခေါ်မယ်ပြောတော့ သိပ်ဒေါသထွက်တယ်။ ပြည်တွင်းစစ် မငြိမ်းဘဲ ဘယ်လိုမှ ပြန်လို့မရဘူးတဲ့။

ဒါပေမယ့် သူ့ရဲ့ အမျိုးသမီးကတော့ ရန်ကုန်ကို ခဏခဏ ပြန်တယ်။ ဒေါ်စု လာမယ် ပြောတော့ ရန်ကုန်သား အဖိုးကြီးလည်း စိတ်ဓါတ် တက်ကြွလာတယ်။ ဒေါ်စုလာလည်မယ်ဆိုရင် မြန်မာပြည်ကို မပြန်ချင်တဲ့အကြောင်း၊ ဒုက္ခသည်တွေရဲ့ ဆန္ဒနဲ့အညီ ခွင့်ပြုသင့်ကြောင်းကို တင်ပြမယ်တဲ့။ ဒေါ်စုလာတာကို အခွင့်ကောင်း ယူပြီး ထိုင်းအစိုးရဆီမှာ ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရတဲ့သူ ဖြစ်အောင်လုပ်မယ် ဆိုတဲ့သူတွေ ဖြစ်ပါတယ်။

ဒေါ်စုကို မပြောပြလိုက်ရတဲ့ မယ်လဒုက္ခသည် စခန်းအကြောင်း ရှိနေပါသေးတယ်။ မယ်လ ဒုက္ခသည် စခန်း ဆိုတာ မြေဈေး အင်မတန်မှ ကောင်းပါတယ်။ လမ်းမနဲ့ နီးတဲ့အိမ်ဆိုရင် ထိုင်းဘတ်ငွေ သိန်းချီ ရှိတယ်။ မြန်မာငွေနဲ့ဆို သိန်း ၃၀-၄၀ ထိ ဈေးပေါက်တာကို ဒေါ်စုခမြာ မသိလိုက်ရှာဘူး။ ဘယ်သူမှလည်း ပြောပြမှာ မဟုတ်ဘူး။

ဒါကို မယ်လ ဒုက္ခသည် စခန်းလို့ ခေါ်ပါတယ်။ ဒေါ်စုမသိတဲ့ ဒုက္ခသည် စခန်းအကြောင်းကို နည်းနည်း ပြောချင်ပေမယ့် ခမြာတို့မှာ အနားကို ကပ်ရဖို့နေနေသာသော မြင်တောင် မမြင်လိုက်ရရှာဘူး။

ဒေါ်စု ထင်သလို ဒုက္ခသည် စခန်းဆိုတာ မြန်မာပြည်မှာ အိမ်မရှိတဲ့သူတွေများသလို ရန်ကုန်မှာ တိုက်တွေ ကားတွေပိုင်တဲ့ သူတွေလည်းအများကြီး ရှိနေတာကို သိစေချင်တယ်။ ဒုက္ခသည်ဆိုတဲ့စကားလုံးက အားငယ်စရာလို့ ထင်နိုင်ပေမယ့် ဒုက္ခသည် အဖြစ်အသိအမှတ်ပြုခံရတဲ့ စာရွက်လေးကိုရဖို့ သိန်းရာချီရင်းပြီး နေထိုင်သူတွေ ဒေါ်စုကို လာကြိုတဲ့အထဲမှာ အများကြီးရှိနေတာကို သိစေချင်တယ်။ ဒုက္ခသည် လက်မှတ်က မြန်မာပြည်က သိန်းထီထက် တန်ဘိုးရှိနေတာကို ဒေါ်စုတယောက် မသိလိုက်ရှာဘူး။

နောက်တခုက စိန်နားကပ် အရောင်နဲ့ ပါးပြောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အများအပြားရှိနေတာကို ဒေါ်စုကို ပြောပြလိုက်ချင်တယ်။ ၂၀၀၈ ခုနှစ်က ဒုက္ခသည်တွေကို ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတခုရဲ့ ထုတ်ပြန်ချက်ကို ဖတ်လိုက်ရသေးတယ်။ တကယ့် ဒုက္ခသည်တွေဆီကို မရောက်ဘဲ ဆုံးရှုံးသွားတဲ့ ပမာဏကို တွက်ချက်ပြထားတယ်။ ထိုင်းဘတ်ငွေ သန်းရာချီပျောက်နေတယ်တဲ့။

ဒါကြောင့် ဒုက္ခသည် အတုနဲ့ အစစ်၊ ဒုက္ခသည်ကို အကြောင်းပြပြီး လုပ်စားနေတဲ့ အဖွဲ့အစည်း အများအပြား ရှိနေတာကို ပြောလိုက်ချင်ပေမယ့် ပြောခွင့် မရလိုက်ဘူး။ ဒေါ်စုလာလည်တဲ့အခါ တွေ့ခွင့်ရလိုက်တဲ့ အဖြူ၊ အမည်း၊ အ၀ါတွေ၊ “အမေစုကို ချစ်ပါတယ်” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတဲ့ ရန်ကုန်သား အဖိုးကြီး၊ ဒုက္ခသည်တွေကို အိမ်ပြန်ခေါ်ဖို့ ကြားချင်နေတဲ့ အတွက် စခန်းရုံးအနီး ဖျာခင်းပြီး ထိုင်စောင့်နေတဲ့ အမိုးတို့ တတွေဟာ မယ်လ ကမ္ဘာထဲက လူသားတွေပါလို့ ပြောလိုက်ချင်ပါဘိ။

မောင်ရမ္မာ

source by : မောက္ခ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */