“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, March 30, 2011

အာဏာမဲ့ မြန်မာပြည်သူတွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နှစ်တနှစ် ဖြစ်ပါစေ

အာဏာမဲ့ မြန်မာပြည်သူတွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နှစ်တနှစ် ဖြစ်ပါစေ ခုအချိန်မှာ မြန်မာနိုင်ငံအတွင်းမှာ တချို့တက်ကြွလှုပ်ရှားတဲ့သူတွေက လူထုအုံကြွမှုတွေအတွက် ကြိုးပမ်းနေကြ တာတွေကိုလဲ ကြားသိနေရပါတယ်။ ဒါပေမယ့် စိတ်ခံစားချက် တခုတည်းနဲ့ မလုပ်မိဖို့ လိုပါတယ်။ ဒီနှစ်ဟာ မြန်မာပြည် အပြောင်းအလဲအတွက် တော်တော်အရေးကြီးတဲ့ နှစ်တနှစ်ပါ။ စိတ်ခံစားချက်တခုတည်းနဲ့ မလုပ်မိဖို့ပြောရခြင်း အကြောင်း အရင်း (၂) ချက်ရှိပါတယ်။ ပထမအကြောင်းရင်းက ခုအချိန်မှာ နိုင်ငံတကာအာရုံစိုက်နေတဲ့အရာက အရှေ့အလယ်ပိုင်း နဲ့ အာဖရိကတိုက်က တ ချို့နိုင်ငံတွေပဲ ဖြစ်ပါတယ်။ လစ်ဗျားကို စစ်ရေးအရ ၀င်တိုက်တဲ့အချိန်မှာ တရုတ်ရော၊ ရုရှားပါ မဲမပေးဘဲ နေခဲ့ပါတယ်။ တူနီးရှားက စခဲ့တဲ့ စံပယ်ဖြူတော်လှန်ရေးဟာ တရုတ်မှာလဲ အစပျိုးခဲ့ပါတယ်။ ဒါကြောင့် မြန် မာပြည်မှာ လူထုအုံကြွမှု ဖြစ်လာခဲ့ရင်တောင် သူတို့က စစ်အစိုးရဘက်က ကာကွယ်ပေးမယ့် သဘောရှိနေပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်း ကို ပြန်လည်ပုံဖော်နေရတဲ့ အမေရိကန်၊ ဥရောပတွေရဲ့ အခန်းကဏ္ဍကိုလဲ ထည့်တွက်ထား ဖို့လိုပါတယ်။ ဒါက မြန်မာ ပြည်အရေးမှာ ဆက်စပ်နေတဲ့ နိုင်ငံကြီးတွေနဲ့ ပတ်သက်ပြီးတော့ စဉ်းစားချက်တခုပါ။ ဒုတိယတခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တက်လာတဲ့ အစိုးရနဲ့ စကားပြောမယ်ဆိုတဲ့ သဘောထားတခုလဲ ရှိနေပါသေးတယ်။ ဒါကိုလည်း ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ ကိုယ့်ဘက်က ကမ်းလှမ်း ထားပေမယ့် သူတို့ဘက်က ဘာတခုမှ မတုန့်ပြန်ရင် ဘာလုပ်မလဲ၊ ဒီအတိုင်းပဲ အချိန်အကန့်အသတ်မရှိ ဆက်ပြီးတော့ ကမ်းလှမ်းနေမှာလား။ ဒါမှမဟုတ် ကမ်းလှမ်းတာကို လက်ခံတယ်၊ ဒါပေမယ့် သူတို့ဘက်က ရေရာသေချာတဲ့ ပြောဆို တုန့်ပြန်မှု ဘာတခုမှ မရှိဘဲ အချိန်ဆွဲကစားနေရင် လိုက်ပြီးတော့ မျောလိုက်နေမှာလား။ ဒါတွေကို ကြိုတင်စဉ်းစားထား ဖို့ လိုပါတယ်။ ဒါကြောင့် တက်လာတဲ့အစိုးရနဲ့ စကားပြောဆွေးနွေးမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် အချိန်အကန့်အသတ် တခုထားဖို့ တော့ လိုပါလိမ့်မယ်။ ဘယ်လောက်ကြာကြာ စောင့်ဆိုင်းမလဲ။ စောင့်ဆိုင်းလို့ ဘာတခုမှ အပြောင်းအလဲ ဖြစ်မလာခဲ့ဘူး ဆိုရင် နောက်ဆုံးဘာလုပ်မလဲဆိုတဲ့ အဖြေကိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ခုကတည်းကနေ စဉ်းစားထားဖို့ လိုပါတယ်။ ပါတီရပ်တည်ရေးကိုတော့ပေးမယ် ဒါပေမယ့် စည်းရုံးရေးတွေ မလုပ်ရဘူးဆိုရင်ရော ဘယ်လိုစဉ်းစားမလဲ။ ဒါတွေဟာ သိပ်မကြာတော့တဲ့ အချိန်ကာတခုမှာ ဖြစ်ပေါ်လာမယ့် အရာတွေပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း ဆောင်တွေအနေနဲ့လဲ ဒါတွေကို ကြိုတင်စဉ်းစားသုံးသပ် ပြီးလောက်ပြီလို့ ယူဆမိပါတယ်။ နိုင်ငံတကာအခြေအနေကို ထည့်သွင်းစဉ်းစားတာက မြန်မာပြည်ရဲ့ အပြောင်းအလဲ နိုင်ငံတကာက ပိုမိုအာရုံစိုက်ဖို့နဲ့ အ ပြောင်းအလဲဖြစ်လာခဲ့ရင် ဒေသတွင်းနိုင်ငံတွေက ကြိုဆိုထောက်ခံဖို့ ဖြစ်ပါတယ်။ နောက်တခုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တက်လာမယ့် အစိုးရအပေါ်မှာ စကားပြောချင်တယ်ဆိုတဲ့ စဉ်းစားထားချက်အပေါ်မှာ အလေးနက် စဉ်းစား ပေးကြဖို့ ဖြစ်ပါတယ်။ အချိန်ကာလတခု ကျော်လွန်လာပြီးတဲ့နောက် တိုးတက်လာမယ့် အရိပ်လက္ခာမတွေ့ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်သူလူထုဘ၀ လွတ်မြောက်ဖို့အတွက် လူထုတိုက်ပွဲဖော်ဆောင်ဖို့ ဆုံး ဖြတ်ရမှာပါ။ မဆုံးဖြတ်ဘူးဆိုရင်လဲ ပြည်သူလူထုက ဆုံးဖြတ်အကောင်အထည်ဖော် တိုက်ပွဲဝင် သွားကြရတော့မှာပါ။ ပြည်သူတိုင်း လိုက်ပါဆောင်ရွက်နိုင်တဲ့ လူထုတိုက်ပွဲနည်းနာမျိုးစုံကို သုံးပြီးတော့ ပိုမိုကြီးမားကျယ်ပြန့်တဲ့ လူထုအာ ဏာတရပ်ကို ထူထောင်နိုင်ပါမှ အာဏာရှင်တွေကို ရဲရဲရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါအတွက် ပြတ်သားသင့်တဲ့အချိန်မှာ ပြတ်သားဖို့ လိုအပ်ပါတယ်။ ရရင်ရ မရရင်ချ ဆိုတဲ့ ဗိုလ်ချုပ်နည်းကို လိုအပ်ရင် ပြန်လည် စွဲကိုင်သင့်ပါတယ်။ တနှစ်အတွင်း လွတ်လပ်ရေး ရစေရမယ်လို့ ဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိစကားဟာ မြန်မာပြည်သူတွေအတွက် ခွန်အားတွေ၊ ညီညွတ်မှုတွေ၊ မျှော်လင့်ချက်တွေ ဖြစ်လာခဲ့ရသလို၊ မနက်ဖြန် ဗမာပြည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက် စေရမယ်လို့ ကြွေးကြော်နိုင်ခဲ့မယ်ဆိုရင် အာဏာမဲ့ မြန်မာပြည်သူတွေရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နေ့တနေ့ ဖြစ်လာမှာ သေချာပါတယ်။ ဒါပေမယ့် မနက်ဖြန်ဆိုတာက ဖြစ်နိုင်မယ်ဆိုရင်တော့ဆိုတဲ့ ဆန္ဒသာ ဖြစ်ပါလိမ့်တယ်။ ဒါပေမယ့် သတ် မှတ်၊ မျှော်လင့်နိုင်တဲ့ အချိန်ကာလ အတိုင်းအတာတခုမှာ မြန်မာပြည်အပြောင်းအလဲကို မြန်မာပြည်သားတွေကပဲ ပြောင်းလဲပေးသွားမယ်လို့ ယုံကြည်ပါတယ်။ အဲဒီအချိန်ဟာ အာဏာမဲ့ မြန်မာပြည်သူတွေအတွက် ကြီးကျယ်မြင့်မြတ် တဲ့ နှစ်တနှစ်ဖြစ်နေအုံးမှာပါ။ ကျော်မိုးဝေ မတ်လ (၂၉) ရက်၊
၂၀၁၁။

http://www.naytthit.net/?p=11328

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */