“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, March 18, 2011

ရဲမျက်စေ့နဲ့ စစ်မျက်စေ့

နေ့သစ်မှ
MYANMAR CYCLONE

၁။ ရဲတွေနဲ့ ပတ်သက်လို့ သတိရတာလေး တခုပေါ်လာ လို့ ပြောရဦးမယ်။ ရဲတွေကို နှိမ်ချင်လို့ ဒီစကားမျိုး ပြော တယ်လို့ မအောက်မေ့နဲ့ဆိုတာကို စကားခံထား ချင်ပါ တယ်။ ဖြစ်ပုံက ဒီလိုဗျ။ ဖိုးကျော်တို့ ဖိုးသော်တို့ ညီအ ကိုများရဲ့ အိမ်နဲ့ ကိုက်နှစ်ရာလောက်အကွာမှာ လက် ဖက်ရည်ဆိုင် တဆိုင်ရှိတယ်။ လက်ဖက်ရည်ဆိုင်ပိုင် ဆိုင်ရှင်က ဦးလေးရွှေမောင်း တဲ့။ သူ့မှာ သားသုံး ယောက် ရှိတယ်။ အဲဒီအထဲက သားအငယ်နှစ်ယောက် က ဖိုးကျော်တို့ ဖိုးသော်တို့နဲ့ ကျောင်းနေဖက် ငယ်သူ ငယ်ချင်းတွေ။ အိမ်နဲ့ကလည်းနီး ငယ်သူငယ်ချင်း မိ သားစုက ဖွင့်ထားတဲ့ဆိုင်ကလည်းဖြစ် ပဲပလာတာတို့၊ ပေါက် ဆီတို့၊ စမူဆာတို့ကလည်းကောင်းဆိုတော့ မကြာမကြာ ထိုင်ဖြစ်ကြတယ်။ အဲဒီ လက်ဖက်ရည် ဆိုင်က ဘယ်မှာတုန်းဆို တော့ မန္တလေးမြို့ရဲ့ အစွန် ဆုံးဆိုတဲ့ ရပ်ကွက်များထဲက တခုသော ရပ်ကွက်ထဲမှာပါ။

လွန်ခဲ့တဲ့ အနှစ်နှယ်ဆယ်တုန်းက ကြုံခဲ့တဲ့ ရယ်စရာဇတ်လမ်းလေးပါ။ အဲဒီတုန်းက ဖိုးသော်က မြေအောက် ကျောင်း သား အဖွဲ့အစည်းတခုမှာ လှုပ်ရှားနေတဲ့ အချိန်။ ဒီမိုကရေစီရေး လှုပ်ရှားသူဆိုလည်း မမှားဖူး။ ဖိုးသော်ရဲ့ လုပ်ဖော်ကိုင် ဖက် သူငယ်ချင်း တချို့ကတော့ စစ်အစိုးရ ဆန့်ကျင်ရေး စာတွေဖြန့်ဝေရင်း အဖမ်းခံရလို့ ထောင် လေးငါးဆယ်နှစ် ကျ ခံကြရတယ်။ တချို့ကတော့ နယ်စပ်က လက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ ဆက်သွယ်တာ သိသွားလို့ အဖမ်းခံရ၊ အ နှိပ်စက်ခံရ၊ နှစ်ရှည်ထောင်ကျခံရ တာတွေလည်း ရှိသေးတယ်။ ဖိုးသော်အကို ဖိုးကျော် ကတော့ အရောင်းအဝယ် သ မားတဦးပါ။ သူကိုယ်တိုင် လှုပ်ရှားမှုတွေမှာ ဝင်မပါပေမယ့် သူ့ညီ လုပ်တာတွေကို ကြိတ်ပြီး အားပေးပါတယ်။

၂။ တနေ့တော့ မန္တလေး ဂေါဝိန်သင်္ဘောဆိပ်ကနေ တောင်ဖက် နှစ်မိုင်သုံးမိုင်လောက်အကွာက ဧရာဝတီ မြစ်ထဲမှာ ကျောက်ခြထားတဲ့ မော်တော်တစင်း ပေါ်ကနေ ကချင်ဖက်က တရားမဝင် သယ်လာတဲ့ ကျောက်စိမ်း အရိုင်းတုံးတွေ ရဲ က သိမ်းမိတယ်။ ပိဿာလေးထောင်ကျော်လောက် ရှိတယ်လို့ ဆိုတယ်။ သယ်လာတဲ့လူတွေလည်း အဖမ်းခံရတယ်။ ကေအိုင်အေလို့ လူသိများတဲ့ ကချင်သူပုန်အဖွဲ့ ပိုင်တဲ့ ကျောက်စိမ်းတွေလို့လည်း တချို့က ပြောကြသေးတယ်။ ဟုတ် လား မဟုတ်လားတော့ ဘယ်သူမှ တပ်အပ် မသိပါဖူး။ အဲဒီအချိန်တုန်းက မန္တလေးမြို့တွင်း မြို့ပြင်မှာ အဲဒီကျောက်စိမ်း တွေအကြောင်းက လူတိုင်းစိတ်ဝင်စားတဲ့ ဇာတ်လမ်း ဖြစ်ခဲ့တာတော့ အမှန်ပဲ။ စိတ်ဝင်စားဆို ကျောက်စိမ်း ပမာဏက လည်း ပိဿလေးထောင် ကျော်လောက် ရှိနေတာကိုး။

နေ့လည်ပိုင်းကျတော့ ဖိုးသော်နဲ့ သူ့အကို ဖိုးကျော်တို့ ဦးလေးရွှေမောင်းတို့ လက်ဖက်ရည်ဆိုင်မှာ ခါတိုင်းလိုပဲ သွားထိုင် ကြတယ်။ လက်ဖက်ရည် သောက်နေတုန်း သူ့အကို ဖိုးကျော်နဲ့ ခင်မင်နေတဲ့ ဒုရဲအုပ် တယောက် သူတို့ဝိုင်းမှာ လာဝင် ထိုင်ရင်း ရောက်တတ်ရာရာတွေ ပြောနေကြတယ်။ အဲဒီ ဒုရဲအုပ် နာမည်က သန်းနိုင်တဲ့။ မြို့ထဲမှာ သူ့ကို တွေ့နေတာက တော့ ခဏခဏပါပဲ။ ဒုရဲအုပ် သင်တန်းဆင်းလာတာ သိပ်မကြာသေးဖူး၊ တနှစ် နှစ်နှစ် လောက်ပဲ ရှိဦးမယ်။ တချိန်က မြန်မာပြည်မှာ နာမည်ကြီးခဲ့တဲ့ အဆိုတော် ပလေးဘွိုင်း သန်းနိုင် နာမည်နဲ့ တူနေလို့ ဖိုးသော် သူ့နာမည်ကို မှတ်မိနေ တာပါ။ ပြောရင်းဆိုရင်း ဘယ်လိုကနေ ဘယ်လို ကျောက်စိမ်းတွေအကြောင်း ရောက်သွားသလဲတော့ မသိ။ တနေ့က မိသွားတယ်ဆိုတဲ့ ကျောက်စိမ်းတွေ အကြောင်းနဲ့ ပတ်သက်လို့ သူ့ထင်မြင်ချက်ကို ဖိုးသော်က ဟန်ပါပါနဲ့ ပြောနေတယ်။

“ပိဿာလေးထောင်ကျော် ဆိုတော့ ဒီပစ္စည်းတွေဟာ လူတဦးချင်း နှစ်ဦးချင်း ပိုင်တာတော့ မဖြစ်နိုင်ဖူးဗျ။ ကေအိုင်အေ နဲ့ တနည်းနည်းတော့ ပတ်သက်နေရမယ်။ စဉ်းစားကြည့်လေ ကေအိုင်အေ နယ်မြေထဲကလာတဲ့ အဲသလောက်များတဲ့ ပစ္စည်းတွေဟာ သူတို့ ခွင့်ပြုချက်မရဘဲ မန္တလေးအထိ အရောက်သယ်ဖို့ဆိုတာ လူတိုင်း မလုပ်နိုင်ဖူး။ သတင်းတွေ အ တိုင်းဆိုရင် ဒီကျောက်စိမ်းတွေကို တရုတ်ပြည်ဖက်ရောင်းမယ်ဆိုပြီး ဗန်းမော်အထိ ပထမ အရောင်ပြ သယ်လာတယ်။ ပြီးတော့မှ ဗန်းမော်ကနေ မြစ်ကြောင်းအတိုင်း တောင်ဖက်ကို ပြန်စုံဆင်းလာတယ်ဆိုတော့ မဟုတ်မှလွဲရော ပင်လယ်ထဲ ကဖြတ်ပြီး ကော့သောင်ကနေ ရနောင်းဖက်ကို တင်ဖို့ဖြစ်နိုင်တယ်။ ထိုင်းနိုင်ငံဖက်မှာ ရောင်းဖို့ဆိုတဲ့ သဘောမျိုးဆောင် နေတယ်။ အခုလက်ရှိ အနေအထားမှာ ထိုင်းကျောက်စိမ်းဈေးကွက်က တရုတ်ဈေးကွက်ထက် ဈေးကောင်းရနေတယ် လို့လည်း ကြားရ တာကိုး”။

၃။ ဒုရဲအုပ်သန်းနိုင် ကတော့ ဖိုးသော် မှင်မောင်းကောင်းကောင်းနဲ့ ပြောနေတာကို တလေးတစား နားထောင်နေတယ်။ ဖိုးကျော်ကလည်း သူ့ညီဖိုးသော် ပြောနေတာတွေ ဟုတ်ကြောင်းမှန်ကြောင်း တချက်တချက်ဝင်ပြီး စကားထောက် ထောက် ပေးနေသေးတယ်။ တအောင့်လောက်နေတော့ ဒူးယားတလိပ်ခဲရင်း ဖိုးသော် အိမ်ဖက်ကို ပြန်လာခဲ့တယ်။ သူ့ အကို ဖိုးကျော်ကတော့ ဒုရဲအုပ်သန်းနိုင်နဲ့ လေကန်ပြီး ကျန်နေရစ်တယ်။ ဖိုးသော် လက်ဖက်ရည်ဆိုင်က ထွက်သွားတာ နဲ့ ဒုရဲအုပ်သန်းနိုင်က “စောစောကလူဟာ အာမီက ဖြစ်ရမယ်။ အနဲဆုံး ဗိုလ်ကြီးအဆင့်လောက် ရှိရမယ်။ ကိုဖိုးကျော်နဲ့ သိတာ တော်တော်ကြာပြီလားဗျ” ဆိုပြီး မေးလာတယ်။ ဖိုးကျော်က ရယ်ချင်စိတ်ကို မြိုသိပ်ပြီး “ဟာ သူက တခြားသူမ ဟုတ်ပါဘူး။ ကျနော့်ညီအရင်းပါ ကိုသန်းနိုင်ရဲ့” လို့ ပြန်ဖြေလိုက်တယ်။ သို့သော်လည်း ဖိုးသော်ဟာ စစ်တပ်က ဟုတ်မ ဟုတ်၊ ဗိုလ်ကြီးအဆင့် ဟုတ်-မဟုတ် ဆိုတာကိုတော့ ပြန်မဖြေလိုက်ဖူး။ တဆက်ထဲဆိုသလို ဒုရဲအုပ် သန်းနိုင်က “ကိုင်း တွေ့တယ်မို့လား။ ကျနော်တို့ ရဲမျက်စေ့နဲ့ ကြည့်လိုက်ကထဲက ဒီလူဟာ တပ်က ဖြစ်ရမယ်ဆိုတာ ချက်ခြင်း တန်းကနဲ သိတယ်ဗျ။ ကိုယ်လုံးကိုယ်ထည် အနေအထား၊ ဆံပင်ပုံစံ၊ နောက် စကားပြောဟန်ကလည်း တပ်မတော်က အရာရှိ တ ယောက် ပြောတဲ့ ပုံစံဆိုတာ သိသာတယ်”။ ဖိုးကျော်က ဒုရဲအုပ် သန်းနိုင်ကို ဘာမှဆက်ပြီး ရှင်းမပြတော့။ ခဏနေတော့ ဖိုးကျော်လည်း အိမ်ကို ပြန်ရောက်လာပြီး သူ့ညီ ဖိုးသော်ကို ဖြစ်ကြောင်းရယ် ကုန်စင် ပြောပြလိုက်တယ်။ ညီအကိုနှစ် ယောက် ခွက်ထိုးခွက်လန် ရယ်လိုက်ကြတာ မျက်ရည်တွေတောင် ထွက်လာတယ်။ သြော် ရဲမျက်စေ့၊ ရဲမျက်စေ့။ ဖြစ်မှ ဖြစ်ရပလေ။

တကယ်တော့ ဖိုးသော်က အငယ်ဆိုပေမယ့် သူ့အကို ဖိုးကျော်ထက် အကောင်ကြီးတယ်၊ အရပ်မြင့်တယ် အားကစား တွေ ဘာတွေလုပ်တော့ ခန္ဓာကိုယ်က ကျစ်ကျစ်လစ်လစ် ရှိတယ်။ ဆံပင်ညှပ် ထားတာကလဲ ရက်ပိုင်းပဲ ရှိသေးတော့ ဒုရဲအုပ်သန်းနိုင်က သူ့ကို စစ်တပ်ကလို့ ထင်တာကလည်း ထင်လောက်ပါတယ်။ ဒါပေမယ့် ရဲမျက်စေ့နဲ့ ကြည့်လိုက်ရင် ဆိုတဲ့ စကားကို သဘောကျလို့ ရယ်ကြတာပါ။ အမှန်ဆိုရင် ဖိုးသော်က စစ်တပ်မှာ ဗိုလ်ကြီးအဆင့်ရှိဖို့ဝေးစွ ကန့်လန့် တိုက်ပြီး ပြောရရင် ရေကိုတောင် စစ်သောက်ဖူးတာ မဟုတ်ဖူး။ ပြီးတော့ သူက အစိုးရ အာဏာပိုင်တွေကို ဆန့်ကျင်နေ တဲ့ မြေအောက်ကျောင်းသား အဖွဲ့အစည်းတခုမှာ လုပ်နေတာ မဟုတ်လား။ အမြင်စူးလိုက်တဲ့၊ လျှင်လိုက်တဲ့ ရဲမျက်စေ့ ကြီးရယ်လို့ ဖိုးသော်က မှတ်ချက်ချပါတယ်။

၎။ ရှုတ်ထွေးပွေလီလှတဲ့ ခေတ်ကြီးကို နှစ်ပေါင်းနှစ်ဆယ်ကျော် ဖြတ်သန်းလာရင်း တရက်တော့ ဖိုးသော် တယောက် မတွေ့တာ ကြာပြီဖြစ်တဲ့ ကျောင်းတုန်းက သူငယ်ချင်းဟောင်း တချို့နဲ့ မြို့ထဲက ဘာဘီးကျူး အကင်တွေ ဘာတွေရတဲ့ ဘီယာပန်းခြံတခုမှာ ပလောင်ထင်း ကြတယ်။ လူစုတယ် ဆိုပေမယ့် များများစားစားတော့ မဟုတ်ပါဖူး။ ဖိုးသော်၊ တင်အောင်ဦး၊ မျိုးကြီးနဲ့ စိုးနိုင်တို့ လေးယောက်ထဲပါ။ ဖိုးသော်က အခုအထိ ကျူရှင်ပြနေတုန်း။ တင်အောင်ဦးက ရှေ့ နေ။ မျိုးကြီးက နိုင်ငံခြားသင်္ဘော တက်လိုက်ဆင်းလိုက်လုပ်နေတဲ့ လှေထိုးသား။ စိုးနိုင် ကတော့ ကျောင်းပြီးကထဲက ဒုရဲအုပ် သင်တန်းတက်ခွင့်ရလို့ ရဲထဲဝင်သွားတာ အခုတော့ မြို့နယ်ရဲမှူးကြီး အဆင့်ဖြစ်နေပြီ။ သောက်ကြစားကြရင်း ရှေးဟောင်းနှောင်းဖြစ် လေးတွေ ပြောလိုက်၊ တယောက်နဲ့ တယောက် မထိခလုတ် ထိခလုတ် စလိုက်နောက်လိုက်နဲ့ ငယ်မူငယ်သွေးလေးတွေကို ရသလောက်လှန်ထုတ်ရင်း ကျောင်းသားဘဝကအတိုင်း ပြန်ပြီးအရသာ ခံနေကြတယ်။

အဲဒီတုန်းမှာ ရဲမှူးကြီးစိုးနိုင်က “ဟေ့ကောင် ဖိုးသော်၊ မင်းကတော့ ဘယ်သူ့လက်အောက်မှာမှ အမှုမထမ်းဘဲ ကိုယ့်ဟာ ကို ကျူရှင်ပြနေတယ်ဆိုတော့ ဘဝက လွတ်လပ်တာပေါ့ကွာ။ တခါတခါ ငါတောင် မင့်ကို အားကျ သေးတယ်” လို့ ဆို လာတယ်။ ဖိုးသော် ပြန်ဖြေတာကတော့ “မင်းထင်လို့ပါ စိုးနိုင်ရာ။ ငါတို့လို ကျူရှင် သက်သက်ပြတဲ့ လူတွေက ဘော်ဒါ ဖွင့်တဲ့ လူတွေလောက် ဝင်ငွေမကောင်းဘူးကွ။ အခုဆို တတ်နိုင်တဲ့ သူတွေက ပရိုက်ဗိတ် စာသင်ကျောင်းတွေတောင် ထောင်လာကြပြီ မဟုတ်လား။ ကြူကြူပါအောင် ငြီးနေရင်း ရှင်သန်နေရတဲ့ ကျူရှင်ဆရာဘဝပါကွာ”။ ဖိုးသော် အပြော ကို သဘောကျလို့ အားလုံးဝိုင်းရယ် လိုက်ကြတယ်။ “တကယ်တန်း အရင်းနည်းနည်းနဲ့ အမြတ်များများ ရနေတာက အောင်တင်ဦးတို့လို့ ရှေ့နေတွေကွ။ အမှုတွေ ဖြစ်ကြလို့ တရားခံဖက်က လိုက်လိုက်၊ တရားလိုဖက်က လိုက်လိုက် ငွေ ကဝင်နေတော့ ငိုစားရယ်စား လို့တောင် စကားရှိတယ် မဟုတ်လား” လို့ဆက်ပြောရင်း ဖိုးသော်က အောင်တင်ဦးကို တ ချက် လှမ်းထည့်လိုက်တယ်။

အောင်တင်ဦးက လက်ဝါးကြီးကို ကာပြရင်း “ဟေ့ ဟေ့။ ဒို့ရှေ့နေတွေကို ငိုစားရယ်စားလို့တော့ မပြောနဲ့။ ဒီအသုံးအနှုန်း က တယ်ရိုင်းသကွ။ တကယ်တမ်းတော့ ငဒို့တွေလည်း အလုပ်လုပ်နေရတဲ့ လုပ်သားတွေပဲ ဟာကိုး။ ဒို့ရှေ့နေတွေကို “လေလုပ်သား” လို့ခေါ်မှ မှန်တာ။ ပါးစပ်ကထွက်တဲ့ လေကိုအရင်းတည်ပြီး လုပ်ရတာကိုးကွ” လို့ဆိုရင်း တဟားဟား အော်ပြီးရယ်ချ လိုက်တယ်။ မျိုးကြီးကတော့ သူ့ဖက်ရောက်မလာခင် သူကပဲ ဦးအောင် သူ့ကိုယ်သူ နာမည်တပ်လိုက် တယ်။ “အေး အေး။ အောင်တင်ဦး မင်းက လေလုပ်သား ဆိုတော့၊ ငါတို့လို သင်္ဘောသီးက ငါးမဖမ်းတဲ့ ရေလုပ်သားလို့ ပြောရမလို ဖြစ်နေပြီ။ ဒါပေမဲ့ မင်းတို့လည်း သိတယ်နော်။ ငါ သင်္ဘောလိုက်ဖို့ စရင်းခဲ့ရတာ နည်းတာတော့ မဟုတ်ဖူး”။

၅။ ဒီလိုပြောရင်းဆိုရင်း တဖြည်းဖြည်းနဲ့ အရှိန်လေးရလာတော့ ဖိုးသော်က စိုးနိုင်ကို မေးခွန်းတခု မေးလိုက်တယ်။ “စိုးနိုင် မင်းတို့ ကနေ့ခေတ် ရဲလောကရဲ့ အခြေအနေလေး ပြောစမ်းပါဦး။ ငဒို့လည်း သိထားသင့်သလောက် သိရအောင် ပေါ့ကွာ”။ စိုးနိုင်က ဘယ်တုန်းကထဲက ရင်ဖွင့်ချင်နေမှန်းတော့ မသိ။ သူတို့ ရဲအမှုထမ်းလောကအကြောင်း အကြိုအ ကြား ကိစ္စပါမကျန် ပြောတော့တယ်။ နောက်ဆက်ပြီးလည်း “ဒို့ ရဲလောကဟာ မင်းတို့ သိတဲ့အတိုင်းပဲ။ ဟို ပုလိပ်လို့ ခေါ်တဲ့ ခေတ်ကစပြီး လာဘ်ပေးလာဘ်ယူဆိုတာ ရှိခဲ့တာ ကနေ့အထိ ပဲလေ။ ဒါကို ငါအနေနဲ့ ဖုန်းကွယ်ထားစရာ မလို ပါဖူး။ ဒါပေမဲ့ကွာ လောကကြီးက မတရားဖူးကွ။ ငါတို့ကျတော့ ကိုယ်ယူတဲ့ စားတဲ့ ပမာဏနဲ့ မတန်အောင် လူမုန်းခံရ တယ်။ အစိမ်းဝတ်တွေကတော့ သိတယ် မဟုတ်လား ဘယ်လောက် စားသလဲဆိုတာ။ လူတွေကလည်း သူတို့ကို မေတ္တာမရှိပါဘူး။ ဒါပေမဲ့ မေတ္တာမရှိတာချင်းအတူတူ သူတို့ရတာက သားစဉ်မြေးဆက် စားလို့တောင် မကုန်အောင် ရ နေတာ။ ငဒို့ ရဲတွေ ကတော့ သူတို့ ခိုင်းဖတ် သာသာပါကွာ”။ စိတ်နာဟန်နဲ့ စိုးနိုင်က ပြောရင်း မောသွားတယ် ထင်ပါ့၊ သူ့စကားကို ခဏရပ်လိုက်ပြီး ဖန်ခွက်ထဲက ဘီယာကို တကျိုက် ကျိုက်ခြလိုက်တယ်။ ပြီးတော့မှ သူ့စကားကို ဆက် ပြောတယ်။

“မင်းတို့ဖက်ကတော့ နားလည်ရ ခက်ချင်ခက်နေမယ်။ စစ်တပ်က ငဒို့ ရဲတွေများဆိုရင် ခွေးကချီးကို နိုင်သလိုပဲကွ။ ငါ့လို မြို့နယ် ရဲမှူးကြီးကိုတောင် လူ့ရှေ့သူ့ရှေ့မှာ သဟောက်သဟမ်းလုပ်တာ။ ဒုရဲအုပ်လောက်ဆိုရင် တခါတခါ တပ်က ကောင်တွေက ပါးတောင် ရိုက်သွားသေးတာ။ လူလူချင်း စော်ကားလွန်းတယ်ကွာ။ လာဘ်စားတယ်ဆိုတဲ့ ကိစ္စက ငါတို့ မှာ ရတဲ့လစာနဲ့ မလောက်လို့ စားတာ။ ဒီထက်ပိုရင်လည်း ပင်စင်မယူခင် အတန်အသင့် အိမ်ကလေး တလုံးလောက် ဆောက်နိုင်ဖို့ စားရတာ။ သူတို့စားတာကတော့ “ရက်စက်ပါ့ သက်လယ်ရယ်” ဆိုတဲ့ စကားအတိုင်းပဲ”။

ဘေးဝိုင်းတွေကို ဖြတ်ကနဲတချက် အကဲခတ်လိုက်ရင်း စိုးနိုင်က အသံကိုနှိမ့်ပြီး ဆက်ပြောတယ် “အပေါ်ဆုံးက ဗိုလ်ချုပ် ကြီးတွေကို အသာထားဦး။ အရင် မြို့တော်ဝန် ဗိုလ်ချုပ်ဆိုရင် စားတယ်တောင် ပြောလို့မရတော့ဖူး။ စီးပွားရေး သမား တွေကို ဒီလောက်ဒီလောက်ပေးဆိုပြီး သူ့မိန်းမက ဆက်ကြေးတောင်းသလို တောင်းတာ မောင်။ အခုသူတို့ ပြုတ်သွား တယ် ဆိုပေမဲ့ လက်ထဲမှာ အိမ်တွေမြေတွေ၊ စုထားတဲ့ ရွှေတွေစိန်တွေ၊ နိုင်ငံခြားက ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေ အပါ အဝင် အမေရိကန်ဒေါ်လာ သန်းတရာ့ငါးဆယ်ဖိုးလောက် အနည်းလေးတော့ ကျန်ရစ်ခဲ့တယ်ကွ။ အဲ နောက်တက် လာတဲ့ မြို့တော်ဝန်အသစ် ဗိုလ်ချုပ်လည်း ဘာသားနဲ့ ထုထားတာ မို့လိုလဲ။ စားသမှ သိပ်စားသပေါ့ မောင်ရာ။ တပြပ်ပြပ်နဲ့ကို မည်နေရောပဲ”။

ရှေ့နေ အောင်တင်ဦးက ပါးစပ်ကနေ ပွစိပွစိလုပ်ရင်း အမေရိကန်ဒေါ်လာ သန်းတရာ့ငါးဆယ်ကို မြန်မာကျပ်ငွေ ဆိုရင် ဘယ်လောက် ရှိမလဲဆိုပြီး တွက်နေတယ်။ “ခွီးမှပဲ … မြန်မာငွေဆိုရင် ကျပ်သိန်းပေါင်း ဘယ်လောက် ရှိမလဲဆိုတာ ငါ လဲ မပြောတတ်တော့ဖူး။ စိုးနိုင် မင့်ဟာကလဲ ဂဏန်းပေါင်းစက်နဲ့ မြှောက်ရင်တောင် ဆန့်မှာမဟုတ်တော့ဖူး”။ အောင် တင်ဦး အပြောကြောင့် အားလုံး ဝိုင်းရယ်လိုက်ကြပြန်တယ်။

“မယုံရင် ပုံပြင်လို့သာမှတ် ငါ့လူရေ” လို့ ဆိုရင်း စိုးနိုင်က ဆက်ပြောတယ်။ “အဲတော့ကွာ ငါတို့ ရဲတွေဖက်ကလည်း ခံ စားချက် ရှိလာတာပေါ့။ ငါတို့ မြို့နယ်တွေမှာ ဖြစ်ပျက်နေတာတွေကို အစီရင်ခံစာတင်တဲ့အခါမှာ ငါတို့ဖက်လည်း မင်း တိုင်းကျေပဲ လုပ်တော့တာပေါ့ကွာ။ ရဲမှူးအငယ်ပိုင်းတွေနဲ့ အက်စ်ဘီက ကောင်တွေဆိုရင် သတင်းကို ဘယ်လို လိုက်သ လဲ သိလား။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေဆိုရင် ဘီဘီစီတို့၊ အာအက်ဖေတို့၊ ဗွီအိုအေတို့၊ ဒီဗွီဘီ တို့က သတင်းတွေကိုနားထောင် လိုအပ်တာကို ဖြတ်ညှပ်ထည့်ပြီး အဲတာကို လချုပ် အစီရင်ခံစာလုပ်ပြီး တင်လိုက်တာ ပေါ့ကွာ။ အကြောင်းကြောင်းကြောင့် သတင်းပိုပြီး လိုအပ်လာတယ်ဆိုရင်လည်း အင်တာနက်မှာ တက်ဖတ်ကြည့်ပြီး ထပ်ဖြည့်ပေါ့ကွာ။ လွယ်ပါတယ်။ အထက်ကလူကြီးဆိုတာ ဘာသိတာ မှတ်လို့”။

၆။ အဲဒီညက သောက်ဝိုင်းအပြီး အိမ်ပြန်ရောက်တော့ ဖိုးသော် တယောက် အတွေးပင်လယ်ဝေနေမိတယ်။ အောင်တင် ဦး ပြောလိုက်တဲ့ “မင့်ဟာက ဂဏန်းပေါင်းစက်နဲ့ မြှောက်ရင်တောင် ဆန့်မှာ မဟုတ်တော့ဖူး” ဆိုတဲ့ စကားက ထပ်ပြန် တလဲလဲ သူ့နားထဲမှာ ဝင်လိုက်ထွက်လိုက် ဖြစ်နေတယ်။ လောကကြီးဟာ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ လုပ်ချင်သလို လုပ်လို့ ရတဲ့ အောက်မှာရောက်နေပါပေါ့လား ဆိုတာကိုလည်း ပိုပြီးသဘောပေါက်လာတယ်။

ဟိုရှေးတုန်းက စကားတခုရှိတယ်မို့လား။ “ယောက်ျားပျင်းတော့ ပုလိပ်၊ မိန်းမပျင်းတော့ ကွိတ်” ဆိုတာလေ။ တချိန်တုန်း က ဖိုးသော်စိတ်ထဲမှာ ရဲတွေဟာ တိုင်းပြည်အတွက် ကောင်းအောင်လုပ်တဲ့သူတွေ မဟုတ်ဘူး၊ အလကားကောင်တွေ၊ လာဘ်စားတဲ့ အခွင့်ထူးခံတွေ၊ ဘာမှ မလုပ်တတ်လို့ ရဲထဲဝင်လာတဲ့ လူဖျင်းလူညံ့တွေလို့ သတ်မှတ် ထားခဲ့တာကိုး။ ရဲ မျက်စေ့ ဆိုတာကိုလည်း ဟားတိုက်ခဲ့ဖူးတယ်။ ပြောရရင် အခုခေတ်ကတော့ စစ်မျက်စေ့ ခေတ်လို့ ဆိုရမှာပေါ့။ စစ်မျက် စေ့က ရဲမျက်စေ့ထက် အမြင်ပိုစူးပြီး၊ ပိုလျှင်လေတော့ ဒေါ်လာ သန်းချီပြီး ရတဲ့ အလုပ်တွေပဲ လုပ်ကုန်တော့တာကိုး။

ဇော်မင်း
၂ဝ ရက်၊ ဖေဖေါ်ဝါရီလ၊ ၂ဝ၁၁ ခုနှစ်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */