“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, March 21, 2011

တိုးတက်သော မြန်မာပြည် (ဧရာဝတီ)

ဒီအကြောင်း ဒီသတင်း ဒီပုံ ဒီအခြေအနေ ကြားရကောင်းကြားနေလိမ့် မည် မသိဖာသာ ကြည့်ပြီး . အင် ဆိုပြီး မျက်နှာလွဲချင် လွှဲမည် ဒါ အသေအချာ။ ဗမာပြည်ကို ကုညီချင်စိတ် မွေးဖွားနိုင်ကြပါစေ။ ဂျပန်လူမျိုးစိတ် အတုယူနိုင်ကြပါစေ။ ဂျပန် တွေ ဒုက္ခရောက်နေပေမယ့် ဗမာပြည်ကို ဆက်လက်ကူညီနေမည်ဆိုသော အချက်ကို လေးစားမိသည်။ ဒုက္ခရောက်နေသောသူတွေ၏ ထောက်ပံ့ ပေးမည်ဆိုသော ငွေကို စားရက်နေသော ဗမာပြည်က ခေါင်းဆောင်များဟုဆိုသော အုပ်စုကို အော့နှလုံးနာ မိသည်။ အော် ဗမာတွေ စိတ်ဓါတ်ဤ သို့ ဘဲလား။ရိုင်းရိုင်းပြောရလျှင် ဗမာပြည်သည် ဂျပန် ကို ၀ယ်နိုင်သည်။ဝယ်နိုင်သောငွေများ ဘယ်ရောက်သွားသနည်း။

ဒေါင်းTm


အမှိုက်ပုံထဲက ရွှေမြန်မာများ
ခင်ဦးသာ Monday, 21 March 2011 15:35 ဆောင်းပါး
E-mail Print
“ဒီငါးတွေက အမှိုက်ပုံကရတဲ့ ငါးတွေလေ၊ ညနေ ဟင်းစားအတွက်ပေါ့” လို့ ပလတ်စတစ် ဇလုံငယ်လေး တလုံးထဲက နနွင်းရောင် တောက်နေတဲ့ ချက်ပြုတ်ဖို့ အဆင်သင့် ငါးတွေကို ကြည့်ရင်း ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ဒေါ်ညိုညိုက ပြောပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့စွန်က အမှိုက်ပုံဘေးမှာ တန်းစီဆောက်ထားတဲ့ တဲအိမ်လေးတခုရှေ့က ညနေစာ ချက်ပြုတ်ဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်း တခုပါ။

g5

မဲဆောက် အမှိုက်ပုံမြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ဒေါ်ညိုက ညစာချက်ပြုတ်ဖို့ ပြင်ဆင်နေသလို၊ တချို့ကလည်း ကားပေါ်က စွန့်ပစ်လိုက်တဲ့အနံ့အသက်မကောင်းတဲ့ အမှိုက်တွေကို မွှေနှောက်ပြီး ရောင်းလို့ရနိုင်မယ့် ပစ္စည်းတွေကို ကောက်ထည့်နေသူက ထည့်၊ တူးဆွသူက တူးဆွနဲ့ အမှိုက်ပုံ တ၀ိုက်မှာ မြန်မာနိုင်ငံသားတွေရဲ့အသံက လွှမ်းမိုး စည်ပင်နေပါတယ်။

သူတို့တွေရဲ့ အားကြိုးမာန်တက် အမှိုက်ကောက်နေကြပုံဟာ လတ်တလော ကြည့်လိုက်ရင် ပျော်စရာကောင်းတဲ့ မြင်ကွင်းလို့ ထင်ရပေမယ့် တခြားသူတွေ အတွက်ကတော့ စိတ်မကောင်းစရာ မြင်ကွင်းတခုလို့ ဆိုရမှာပါ။

ဒေါ်ညိုပြောတဲ့ အမှိုက်ပုံက ရတဲ့ငါးဆိုတာ အမှိုက်ပုံနဲ့ ကပ်လျက်က လုံးဝမကြည်လင်တဲ့ ရေကန်ထဲက ရတဲ့ငါးကို ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် အသားညိုညို၊ ပိန်ပိန်ပါးပါး ကိုယ်န္ခာပိုင်ရှင် ဒေါ်ညိုဟာ သူ့ရှေ့က သံစည်ပုံးခွံ တခုကို အပေါက် ဖောက်ပြီး လေလုံအောင် ပြုလုပ်ထားတဲ့ ခေတ်သစ်မီးဖိုတခုနဲ့ ဆားနဲ့ နနွင်း နယ်ထားတဲ့ ငါးတွေကို ညစာ ချက်ပြုတ်ဖို့ ပြင်ဆင် နေပါတယ်။

သူ ညနေစာ ချက်ပြုတ်နေတဲ့ပုံစံက ညစ်ပတ် နံစော်ပြီး ယင်ကောင်တွေ ပျံသန်းနေတဲ့ အမှိုက်ပုံအနားမှာ ချက်ပြုတ် နေတဲ့ ပုံစံနဲ့မတူဘဲ အညာ ကျေးလက်ဒေသတွေက ခြံဝင်းကျယ်ထဲမှာ ချက်ပြုတ်နေတဲ့ အိမ်ရှင်မ တဦးနဲ့ တူနေပါတယ်။

“စောစောချက်ပြုတ် စားထားရတယ်လေ။ စောစောအိပ်ရာဝင်ရတယ်။ ရဲတွေက အိပ်ပျော်နေတုန်း လာဖမ်းတတ်တာမျိုးတွေ ရှိလို့ပါ” လို့လည်း သူကဆိုလိုတာပါ။

ထိုင်းရဲတွေရဲ့ ရန်ကရှောင်ရှားနိုင်ဖို့ စောစောစားသောက်ပြီး မီးရောင်တွေ လင်းမနေအောင် ညစောစောအိပ်ရတယ်လို့ ဒေါ်ညိုညိုက ဆိုပါတယ်။

ဒီ အမှိုက်ပုံ တ၀ိုက်မှာနေကြတဲ့ မြန်မာနိုင်ငံသား အားလုံးဟာ ထိုင်းနိုင်ငံတွင်း တရားဝင် နေထိုင်ခွင့် လက်မှတ် ရထားသူတွေ မဟုတ်လို့ ဘယ်အချိန်မှာ ထိုင်းရဲက လာဖမ်းမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အမှိုက်ကောက်တဲ့ အလုပ်ကို လုပ်နေရတာ ဖြစ်ပါတယ်။

ဒေါ်ညိုညို ချက်ပြုတ်နေတဲ့ နေရာနားမှာပဲ အမှိုက်ပုံတ၀ိုက် လှည့်ပတ်ဆောက်ထားတဲ့ ၁၀ ပေ ပတ်လည်လောက်ရှိမယ့် ယိုင်နဲ့နဲ့ တဲအိမ်ငယ်လေး ၁၀ လုံးကျော်ရှိပါတယ်။

အဲဒါနဲ့ မလှမ်းမကမ်းက တောင်ခြေရင်းမှာတော့ အိမ်ခြေ ၈၀ ကျော်လောက် ရှိတယ်လို့ ဒေါ်ညိုရဲ့ခင်ပွန်းဖြစ်သူ ဦးစိုးဝင်းက ညွှန်ပြ ပါတယ်။ ဦးစိုးဝင်းတို့ ဇနီးမောင်နှံဟာ ပဲခူးဇာတိ ဖြစ်ကြပြီး မဲဆောက် အမှိုက်ပုံဒေသကို ရောက်တာ ၁၀ နှစ်လောက် ရှိပြီလို့ ဆိုပါတယ်။

ရဲတွေ လာဖမ်းတော့မယ်လို့ အသံကြားတာနဲ့ သူတို့နေတဲ့ တဲတွေကို ချက်ချင်းဖျက်၊ ထမင်းအိုး၊ ဟင်းအိုးတွေ၊ ခွက်တွေနဲ့ တချို့ ပစ္စည်းတွေကို အမှိုက်ပုံထဲမှာ ၀ှက်၊ အမှိုက်တွေနဲ့ ဖုံးဖိထားခဲ့ကြပြီး လူတွေက နီးစပ်ရာ တောအုပ်ထဲကို အပြေးအလွှား သွားပုန်း နေကြရတယ်လို့ သိရပါတယ်။ အမှိုက်ပုံနဲ့ နည်းနည်း အလှမ်းဝေးတဲ့ နေရာမှာ စိမ်းစိုနေတဲ့ တောအုပ်ကြီး ရှိပါတယ်။

တဲအိမ်တွေအားလုံးဟာ လေကြမ်းတချက်ဝှေ့လိုက်တာနဲ့ အမြစ်ကနေ ကျွတ်ပါသွားနိုင်တဲ့ ယာယီ တဲလေးတွေပါ။

အဲဒီတဲအိမ်တွေမှာ နေကြတဲ့ အမှိုက်ကောက်သမားတွေ အားလုံးဟာ မြန်မာနိုင်ငံ အရပ်ရပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် လာရောက် လုပ်ကိုင် စားသောက်နေရ သူတွေပါ။ ကလေး၊ လူကြီး ၂၀၀ ကျော်လောက် ရှိပါတယ်။

သူတို့အားလုံးဟာ အမှိုက်ပုံမှာနေ၊ အမှိုက်ပုံမှာစား၊ အမှိုက်ပုံမှာ ညအိပ်ရင်းနဲ့ နေလာခဲ့တာ တချို့က ဆယ်စုနှစ် တခုချီ ရှိပြီ လို့ သိရပါတယ်။

မဲဆောက် အမှိုက်ပုံဒေသမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လူဦးရေ ဆယ်ဂဏန်းလောက်ပဲ ရှိခဲ့တာပါ။ မြန်မာ နိုင်ငံရဲ့ အခြေအနေ အရပ်ရပ်တွေကြောင့် မတတ်သာလို့ အမှိုက်ပုံကို ရောက်လာကြတာပါလို့ ဆိုကြပါတယ်။

“မနက် ၆ နာရီကနေ ညနေ ၆ နာရီလောက်အထိ အမှိုက်ကားတွေနဲ့ လာပစ်ချတဲ့ အမှိုက်တွေထဲက ရောင်းလို့ရတာတွေကို ကောက်ယူပြီး အ၀ယ်ဒိုင်မှာ ပြန်သွင်းတယ်။ တနေ့ကို ဘတ် ၅၀ (ကျပ် ၁၈၀၀) ကနေ ၇၀ (ကျပ် ၂၁၀၀) အထိ ရပါတယ်” လို့ ဦးစိုးဝင်းက ဆိုပါတယ်။

သူတို့တွေ ရွေးချယ်ကောက်ယူကြတဲ့ အမှိုက်တွေမှာ ပုလင်းခွံ၊ ဘူးခွံတွေမျိုးစုံ၊ ဖော့တုံးတွေ၊ သားရေပစ္စည်းအစုံ၊ ပလတ်စတစ် စတဲ့ ပစ္စည်းတွေပါဝင်တယ်။

လူကြီးတွေနဲ့အတူ ကလေးတွေလည်း တနိုင်တပိုင် အမှိုက်တွေကောက်၊ ဖောင်းပွနေတဲ့ အမှိုက်အိတ် အကြီးကြီးတွေထမ်းပြီး အ၀ယ်ဒိုင်ကို သွားသွင်းနေကြတာ တွေ့ရသလို၊ တချို့ကလေးဆိုရင် အရွယ်နဲ့ မမျှတဲ့ အမှိုက်ထုပ်ကြီးကို မနိုင်မနင်းထမ်းပိုးနေကြတာ တွေ့ရပါတယ်။

g5

မဲဆောက် အမှိုက်ပုံမြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
“သားက ကျောင်းလဲတက်တယ်၊ ကျောင်းမတက်တဲ့ အချိန်မှာ အမှိုက်ကောက်ပြီးရောင်းတယ်၊ တနေ့ ဘတ် ၃၀ (ကျပ် ၉၀၀) တို့ ၂၀ (ကျပ် ၆၀၀) တို့ရတယ်” လို့ ၉ နှစ်အရွယ် မောင်မင်းထွန်းက ပြောပါတယ်။

အမှိုက် ၁ ကီလိုကို ၂ ဘတ် (ကျပ် ၆၀) ရတယ်လို့ ပြောပါတယ်။

အမှိုက်ကောက်ပြီး ဘ၀ရပ်တည်နေကြတဲ့ မြန်မာကလေးတွေအတွက် အမှိုက်ပုံနဲ့ အနည်းငယ် အလှမ်းကွာတဲ့ နေရာမှာ “ကောင်းကင်ပြာ” လို့ ဆိုင်းဘုတ် တပ်ထားတဲ့ မူလတန်းအဆင့် တထပ်ဆောင် စာသင်ကျောင်းလေး တခုတွေ့ခဲ့ရပါတယ်။

သူတို့သင်နေရတဲ့ ပညာရေးဟာ ရေးတတ်ရုံ၊ ဖတ်တတ်ရုံကလွဲပြီး ရေရှည်ပညာရေးအတွက် မဟုတ်ပါဘူး။

အမှိုက်ပုံဒေသမှာ နေထိုင်ကြတဲ့ ကလေးအရေအတွက်ဟာ ၁၀၀ နီးပါး ရှိတယ်လို့သိရပြီး အများစုက အမှိုက်ကောက်တဲ့အပြင် ကျောင်းလည်း တက်ကြပါတယ်။

ကလေး အများစုဟာ ညစ်ပတ်ပေတူးနေတဲ့ အ၀တ်အစားတွေ၊ တချို့က ကိုယ်လုံးတီးတွေ ဖြစ်နေကြတာ တွေ့ရပြီး တချို့ ကလေးတွေကလည်း သနပ်ခါး အဖွေးသားလေးတွေနဲ့ပါ။

အနံ့ပေါင်းစုံ ထွက်နေတဲ့ အမှိုက်ပုံကြီးမှာ အမှိုက်ကောက်နေကြတဲ့ လူကြီးတွေရော ကလေးတွေပါ နှာခေါင်းနဲ့ ပါးစပ်ကို အကာအကွယ် လုပ်ထားတာ ဘာတခုမှ မတွေ့ရပါဘူး။ လတ်တလော ရပ်တည်နိုင်ရေး၊ စားဝတ်နေရေး အတွက်ကိုပဲ အလေးထားကြပုံရပြီး သူတို့ရဲ့ ရေရှည် ကျန်းမာရေးကို အလေးထားနိုင်ကြတဲ့ပုံ မပေါ်ပါဘူး။


“လူကြီးတွေရော၊ ကလေးတွေပါ ရောဂါ ကြီးကြီးမားမား ဖြစ်တာ မရှိပါဘူး။ ခေါင်းကိုက်တာ၊ နှာစေးတာလောက်ပဲ တခါတလေ ဖြစ်တတ်ပါတယ်” လို့ အမှိုက်ထုပ်ကို ဘေးမှာချပြီး တနှစ်သားအရွယ် ကလေးငယ်ကို နို့တိုက်နေတဲ့ မချိုက ဆိုပါတယ်။

လတ်တလော အခြေအနေမှာ ကျန်းမာရေးကောင်းမွန်နေကြတာကပဲ သူတို့ရဲ့စားဝတ်နေရေးအတွက် အထောက်အကူ ဖြစ်နေပုံ ရပါတယ်။

သူတို့တွေဟာ ကိုယ့်နိုင်ငံမှာသာ နေထိုင် လုပ်ကိုင်စားသောက် လိုကြပေမယ့် စားဝတ်နေရေးပြဿနာ၊ ၀င်ငွေမလုံလောက်မှု၊ စစ်တပ်ရဲ့ ခြိမ်းခြောက်မှု၊ အာဏာပိုင်တွေရဲ့ နိုင့်ထက်စီးနင်း ပြုမှု စတဲ့ အခြေအနေတွေကြောင့် သူများတိုင်းပြည်မှာ အမှိုက် ကောက်တဲ့ အလုပ်ကို လုပ်နေကြရတာလို့ သူတို့ထဲက တချို့က ပြောပါတယ်။

“ကိုယ့်နိုင်ငံမှာက အခက်အခဲတွေ အများကြီးပဲလေ။ ရတဲ့ငွေနဲ့ ထမင်းစားဖို့က မလွယ်ဘူး။ ဒီမှာက တနေ့ ဘတ် ၆၀ လောက်ရှိရင် မိသားစု ထမင်းစားလို့ရတယ်။ ထိုင်းရဲတွေ လာဖမ်းမယ့်ဟာ တခုကိုပဲ သတိထားရတယ်” လို့ ဦးစိုးဝင်းက ဆိုပါတယ်။

ဦးစိုးဝင်းနဲ့ ဒေါ်ညိုတို့ ဇနီးမောင်နှံမှာ “ကောင်းကင်ပြာ” ကျောင်းမှာ တက်နေတဲ့ သမီးလေး တယောက်ရှိတယ်လို့ ဆိုပါတယ်။သူတို့ ဆွေမျိုးသားချင်း အများစုဟာလည်းပဲ အမှိုက်ကောက်တဲ့အလုပ်ကို လုပ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့စွန်မှာ တည်ရှိတဲ့ အမှိုက်ပုံကြီးဟာ မဲဆောက်တမြို့လုံးက အမှိုက်တွေကို လာရောက်စုပုံတာ ဖြစ်လို့
စွန့်ပစ် ပစ္စည်းအစုံအလင် ပါဝင်တတ်ပြီး တခါတလေ ကောင်းတဲ့ ပစ္စည်းတွေ ပါတတ်တယ်လို့ ဆိုကြပါတယ်။

မဲဆောက် အမှိုက်ပုံဟာ ရှည်လျားကြီးမားပြီး အနံ့ပေါင်းစုံ ထွက်နေတာတွေ၊ ခြင်၊ ယင်၊ ကြွက်တွေ ပေါများနေတာတွေကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ ပြောနိုင်ပေမယ့် ဒီအမှိုက်ပုံကြီးကပဲ မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို နှစ် ဆယ်ဂဏန်းချီပြီး ထမင်းကျွေးထားတဲ့ ထမင်းအိုးကြီးလို့ ပြောရင်လည်းရပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာသူတွေဟာ အရင်ကဆိုရင် ကရင်ပြည်နယ်အတွင်းက စစ်ပြေး ဒုက္ခသည်တွေသာ များခဲ့ပေမယ့် ၁၉၈၈ အရေးအခင်း ကာလအလွန် နအဖ အစိုးရလက်ထက်မှာ တနိုင်ငံလုံးနီးပါးက ပြည်သူတွေဟာ ထိုင်းနိုင်ငံနဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာရတဲ့ အရေအတွက် များလာခဲ့ပါတယ်။

အမှိုက်ပုံဒေသမှာ နေထိုင်စားသောက်နေတဲ့ လူတွေအားလုံးနီးပါးဟာ စားဝတ်နေရေး အဆင်မပြေတာ တခုတည်းနဲ့ မြန်မာနိုင်ငံက ထွက်လာကြတာလို့ သိရပြီးနိုင်ငံရေးကိစ္စတွေ၊ တခြားကိစ္စတွေကြောင့် ရောက်လာသူ မရှိသလောက် နည်းပါးတယ်လို့သိရတယ်။

နယ်စပ်တွေကနေ ထိုင်းနိုင်ငံထဲကို တရားမ၀င်လာရောက်နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ သန်း ဂဏန်းရှိပါတယ်။ အများစုဟာ မဲဆောက်၊ မဟာချိုင်၊ မယ်ဆိုင် စတဲ့ဒေသတွေက စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြပြီး ထိုင်းရဲတွေ ဖမ်းဆီးတာကိုလည်း မကြာခဏ ခံကြရပါတယ်။ တချို့ကလည်း ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြ ပါတယ်။

ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြသူတွေရဲ့ နေထိုင်စားသောက်ရေး ကိစ္စတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီပေးနေကြသလို၊ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း အတန်အသင့် ရကြပါတယ်။

g5

မဲဆောက် အမှိုက်ပုံမြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ဒါပေမယ့် အမှိုက်ပုံဒေသမှာ နေထိုင်လုပ်ကိုင် စားသောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ဘယ်အဖွဲ့အစည်းတွေကမှ ကူညီထောက်ပံ့မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးတာမရှိဘူးလို့ သိရပါတယ်။

စားသောက်စရာတွေ တခါတလေ လာလှူတဲ့သူ ရှိပေမယ့် ရတဲ့သူကရ၊ မရတဲ့သူက မရဘူးလို့ဆိုကြပါတယ်။သူတို့အတွက် အဓိကလိုအပ်နေတာက စားစရာဆန်ဖြစ်တယ်လို့ အမျိုးသမီးတချို့က ဆိုကြပါတယ်။

တခါတလေတော့ ပုဂ္ဂလိက အလှူရှင်တချို့ လာလှူတာလည်း ရှိတယ်လို့ သိရပါတယ်။

အမှိုက်ကောက်လို့ရတဲ့ တနေ့ဝင်ငွေဟာ တနေ့ စားသောက်တာ တခုတည်းနဲ့ ကုန်သွားရတာဖြစ်ပြီး အပိုငွေဆိုတာလုံးဝ မရှိကြဘူးလို့ သိရပါတယ်။ ရလိုက်စားလိုက်ဘ၀နဲ့သံသရာ လည်နေကြပါတယ်။

“ဒီနေ့ထမင်းစားပြီးရင် မနက်ဖြန် ဘယ်လိုစားရမလဲ” ဆိုတဲ့အသိက သူ့တို့ရဲ့ အနာဂတ်ရည်မှန်းချက်လို ဖြစ်နေကြပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ကို ဘယ်နေ့ပြန်နိုင်ပါ့မလဲ ဆိုတာကလည်း သူတို့ရဲ့ရည်မှန်းချက် တခုလို့ အမှိုက်ပုံသား တချို့က ဆိုပါတယ်။

“ကျမတို့ရဲ့ အနာဂတ်ရည်မှန်းချက်က အဆင်ပြေတဲ့နေ့ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ပြန်ဖို့ပါ။ အမှိုက်ကောက်စားတယ်ဆိုပြီး သူများတွေက အထင်သေးတာကြုံဖူးတယ်။ ဘယ်သူကမှ နံစော်နေတဲ့ အမှိုက်ကို မကောက်ချင်ပါဘူး၊ အခြေအနေအရပါ” လို့ မချိုက ဆိုပါတယ်။

ဦးစိုးဝင်းနဲ့ဒေါ်ညိုညိုတို့ ဇနီးမောင်နှံကတော့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရ မပြန်ချင်သေးဘူးလို့ ပြောကြပါတယ်။

“ပြန်ရင်လဲ ဘာလုပ်စားလို့ရမှာလဲ။ ဟိုမှာ အိမ်ကအစ ဘာမှမရှိတော့တာ။ အလုပ်အကိုင်က တအားရှားတယ်။ ဒါပေမယ့် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ဒေသမှာပဲ နေချင်တာပေါ့” လို့ ဦးစိုးဝင်း က ပြောပါတယ်။

သဘာဝ သယံဇာတတွေ၊ တွင်းထွက်ပစ္စည်းတွေ၊ သဘာဝဓာတ်ငွေ့တွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ မွေးဖွား ကြီးပြင်း လာခဲ့ကြတဲ့ သူတို့အားလုံးဟာ အမှိုက်ကောက် ရောင်းစားနေရတဲ့ ဘ၀ကနေ လွတ်မြောက် ရုန်းထွက်နိုင်မယ့် အချိန်ကာလ တခုကို စောင့်မျှော်နေကြတယ် ဆိုတာကတော့ သေချာလှပါတယ်။ ။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */