နရီလင်းလက် THURSDAY, 10 MARCH 2011 12:40
စစ်ကိုင်းမြို့ရှိ ရှေးဟောင်း အမွေအနှစ်တခု ဖြစ်သော ရာဇမဏိ စူဠာ ကောင်းမှုတော် စေတီကြီးသည် စစ်အစိုးရ လက်ထက်တွင် အဖျက်အဆီးခံ စေတီပုထိုး တဆူအဖြစ် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
ထုံးသင်္ကန်းမှ ရွှေသင်္ကန်းသို့ ပြောင်းလဲ ပြင်ဆင်နေသည့် သမိုင်းဝင် ကောင်းမှုတော် စေတီတော်ကြီး (ဓာတ်ပုံ - chitkyiaye.com)
စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ တ၀န်းရှိ စေတီ ပုထိုးများကို ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်ခဲ့ သော်လည်း ဆိုးကျိုးများသာ ဖြစ်ပေါ်ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
ကောင်းမှုတော် ဘုရားကြီးကို ဇန်န၀ါရီ လမှ စတင်ကာ ၂ လအတွင်း ထုံးသင်္ကန်းမှ ရွှေသင်္ကန်းအဖြစ် ပြောင်းလဲပစ်ရန် ဗိုလ်ချုပ်မှူးကြီး၏ စေခိုင်းချက်အရ ပြုလုပ်ခဲ့ရာ ယခု စေတီတော်ကြီး တဆူလုံးနီးပါး ရွှေသင်္ကန်းအဖြစ် ပြောင်းလဲမှု ပြီးစီး သလောက် အခြေအနေတွင် ရှိနေပြီဟု သိရသည်။
ယင်းကဲ့သို့ ထုံးသင်္ကန်းမှ ရွှေသင်္ကန်းအဖြစ် ပြောင်းလဲခြင်းသည် ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ်ကြိုင်ကြိုင်၏ ယတြာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။
အဆိုပါ ကိစ္စရပ်သည် သမိုင်းအမွေအနှစ် လက်ရာနှင့်အတူ ကြည်ညိုသပ္ပာယ်စေမှုကိုပါ ဖျက်ဆီးလိုက်ခြင်း ဖြစ် သည် ဟု မန္တလေး မြို့မှ ကဗျာဆရာ၊ စာရေးဆရာတဦးက ဧရာဝတီကို ပြောသည်။
အမျိုးသားရေးနှင့် ဆိုင်သည့် ကိစ္စဖြစ်သောကြောင့် တဦးတယောက်၊ အဖွဲ့အစည်းတခု၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင် ခြင်းထက် ပြည်သူများ၊ ဆရာတော်ကြီးများ၊ ပညာရှင်များနှင့် တိုင်ပင် ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း၊ ယခု အခြေအနေမှာ လက်ညှိုးထိုး၍ ရွှေရောင်သုတ်၊ ငွေရောင်သုတ်၊ ထုံးသုတ်ဟု ခိုင်းစေသကဲ့သို့ ဖြစ်နေကြောင်း သူက ဆိုသည်။
“လမ်းဘေး စေတီတဆူကို သဒ္ဓါလို့ မြင်တဲ့လူက ရွှေချသွားတယ်ဆိုတာမျိုးပေါ့ဗျာ။ အခုဟာက မြန်မာတပြည် လုံးမှာ အထင်ကရ အနေနဲ့ ရှိနေတဲ့ ဘုရားကြီးလေ။ မြူစ မထင် အင်မတန် သန့်ရှင်းစင်ကြယ်ပြီး ကြည်ညိုဖွယ် အဆင်း ဆောင်တယ် ဆိုတဲ့ ဂုဏ်ပုဒ်က ဒီ ထုံးဖြူဖြူ စေတီတော်ကြီးကို ဖူးတွေ့လိုက်တိုင်း စိတ်ထဲမှာ ပေါ်လာစေပါတယ်” ဟု ၎င်းက ပြောသည်။
ခရစ်နှစ် ၁၆၃၆ ခုနှစ် သာလွန်မင်း လက်ထက်က တည်ထားခဲ့သော ကောင်းမှုတော် စေတီတော်ကြီးကို မြန်မာနိုင်ငံ၏ ထင်ရှားသော ရှေးဟောင်းအမွေအနှစ် ဘုရား စေတီတဆူ အဖြစ် သတ်မှတ်ထားကြသည်။
သို့သော် ယခုကဲ့သို့ ရွှေချလိုက်သည့် အခါတွင်မူ ရှေးလက်ရာများ ပျက်စီးကာ၊ မြန်မာနိုင်ငံ၏ အနုပညာ လက်ရာတခု လျော့သွားသည်ဟု သမိုင်း ဆောင်းပါးများ ရေးသားနေသူ စာရေးဆရာ ညီစေမင်းက ဧရာဝတီကို ပြောသည်။
“ကျနော့် သဘောအရတော့ အရင်အတိုင်းလေးပဲ ထားစေချင်တယ်။ မြန်မာဘုရင်တွေ ရွှေသင်္ကန်း မကပ် ခဲ့ဘူးဆိုတာ မကပ်နိုင် လို့ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်တခုနဲ့ မကပ်ဘဲ ထားခဲ့တာ။ ထုံးဖြူဖြူနဲ့ ကြည်ညို ဖွယ်ရာ၊ သပ္ပာယ်ဖွယ်ရာ ဖြစ်တာပဲ။ရွှေမရှိတဲ့ ဘုရား လူမလေးစားဆိုတာ မရှိပါဘူး” ဟု သူက ဆိုသည်။
ထို့အပြင် ပြည်ပ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်း အနုပညာလက်ရာ တခု လျော့သွားပြီ ဖြစ်ကြောင်း၊ မူရင်းလက်ရာများ မပျက်စီးစေရန် Renovation (ပြန်လည်ပြုပြင်ခြင်း) ထက် Preservation (ထိန်းသိမ်းခြင်း) ကို လုပ်ဆောင်သင့်ကြောင်း စာရေးဆရာ ညီစေမင်းက ပြောပြသည်။
“နိုင်ငံခြားသားက မူရင်းလက်ရာကိုကြည့်ချင်လို့ လာမှာလေ။ အန်ကောဝပ် (ကမ္ဘောဒီးယားရှိ ရှေးဟောင်း ဘု ရား)ကို ဒီအတိုင်း ထားတာ မပြင်နိုင်လို့မှ မဟုတ်တာ။ အရင်ကဆို မန္တလေး၊ စစ်ကိုင်း တ၀ိုက်က ထင်ရှားတဲ့ ဘုရား တွေ လိုက်ပို့ပေးပြီး ရှင်းပြပေးနေတာ။ အခု အဲဒီဘုရားရောက်ရင် ဘယ်လိုကြောင့် ရွှေသင်္ကန်း ပြောင်း လိုက် ရတယ် ဆိုတာတောင် မရှင်းပြ တတ်တော့ဘူး” ဟု မန္တလေးမြို့မှ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဧည့် လမ်းညွှန်တဦးက ဆိုသည်။
အဆိုပါ ကောင်းမှုတော် စေတီတော်ကြီးကို ရွှေသင်္ကန်း ကပ်ရန် ဆောက်လုပ်ရေး ၀န်ကြီးနှင့် အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့်တို့က သက်ဆိုင်ရာ ဘုရားဂေါပကကို ညွှန်ကြားပြီးနောက် ရွှေတောင် လုပ်ငန်းစုမှ အလှူငွေ အများဆုံး ထည့်ဝင်ခဲ့သည်ဟု သိရသည်။
ရွှေတောင်လုပ်ငန်းက ကောင်းမှုတော် စေတီ ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ အများဆုံး ထည့်ဝင် ခဲ့သည့်အတွက် စစ်ကိုင်းနှင့် အနီးတဝိုက်ရှိ ဓာတ်ဆီဆိုင်လုပ်ငန်း၊ လမ်း၊ တံတား၊ အဆောက်အအုံ ကန်ထရိုက် လုပ်ငန်း၊ တိုးဂိတ် ကန်ထရိုက် လုပ်ငန်းများလုပ်ပိုင်ခွင့် အားလုံးရရှိခဲ့သည်ဟု အဆိုပါ လုပ်ငန်းစုနှင့် နီးစပ်သူ တဦးက ပြောသည်။
“ကောင်းမှုတော်နားမှာ အရင်ခေတ် အခေါ်အရဆို ဘုရားကျွန်တွေက ဟိုး ဘုရင်တွေလက်ထက်ကတည်းက နေနေတာ ရှိတယ်။ ကောင်းမှုတော် ဘုရားကြီးရဲ့ ကိစ္စအ၀၀ကို ဒီရွာတွေကပဲ လုပ်ပေးနေတာ။ တင်းတိတ်၊ ဆွမ်းချက် ရွာတွေပေါ့။ အဲဒီရွာက လူတွေဆိုတော် တော်လေးကို မကျေနပ်ကြတာ။ ဒါပေမယ့် ဘာမှ လုပ်လို့ မရဘူး လေ” ဟု စစ်ကိုင်းမြို့ ဒေသခံတဦးက ရှင်းပြသည်။
နှစ်ပေါင်းရာချီသည့်တိုင်အောင် ထုံးအထပ်ထပ်သုတ်ထားသဖြင့် ထုတက်နေသည့် စေတီတော်ကြီး၏ မျက်နှာပြင်အား တူရွင်းများ၊ သံဆူးများနှင့် ထိုးခွာနေသည်ကို မြင်ရတိုင်း ခံစားရသည်ဟု အမရပူရမြို့နေ စာရေးဆရာ တဦးက ပြောသည်။
“သူများကတော့ ကုသိုလ် လုပ်တာပါပဲ။ ကိုယ်တွေကတော့ ခံစားရလို့ အကုသိုလ်တွေ ဖြစ်ဖြစ်ကုန်တယ်။ ထပ်ပြောရရင် မန္တလေးတောင် ခြေနားမှာ ကျောက်တော်ကြီး ဘုရားဆိုတာ ရှိတယ်။ အဲဒီမှာ နံရံဆေးရေး ပန်းချီတွေကို စာရေးဆရာတွေ၊ ပန်းချီဆရာတွေ သွားလေ့လာကြ၊ ကူးကြပေါ့နော်။ အခု ထုံးသုတ်လိုက်တာ ဘာမှ မရှိတော့ဘူး” ဟု သူက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံရှိ တန်ခိုးကြီး ဘုရားတဆူဖြစ်သော မန္တလေး မဟာမြတ်မုနိ ဘုရားကြီး၏ တန်ဆောင်းများ ပြုပြင်လိုက် သောကြောင့် မန္တလေး ပန်းချီ လက်ရာများ ဆုံးရှုံးခဲ့ရသည်ဟု အဆိုပါ စာရေးဆရာက ပြောသည်။
ပန်းတော့၊ ပန်းရံ လက်ရာများဖြင့် အလှဆင်ထားသော မန္တလေး ကုသိုလ်တော် ဘုရား လေးဘက်လေးတန်ရှိ မုခ်ဦးနှင့် ပန်း ကပ် လက် ရာများကို ယခင်က ဓာတ်ပုံဆရာများတကူးတက သွားရောက်ရိုက်ကူးခဲ့ရသော်လည်း ယခု အဆိုပါ မုခ်ဝကို အနီရောင်နှင့် ရွှေရောင်ခြယ်လိုက်သောကြောင့် သမိုင်းဝင် အနုပညာများ ပျောက်ကွယ်သွားသည်ဟု မန္တလေးမြို့မှ မြန်မာမှု ဗိသုကာ ပညာရှင် တဦးက ဆိုသည်။
“မုခ်ဆိုတာ အလွန်ဆုံး ရှိမှ ပေ ၂၀၊ ၃၀ ရှိတဲ့ ဗိသုကာ။ ကောင်းမှုတော် စေတီတော် ဆိုရင်တော့ ပျက်စီးမှု ဘယ်လောက် များလဲ စဉ်းစားကြည့်ပေါ့။ စေတီ ပုထိုးကတော့ စေတီ ပုထိုးပါပဲ၊ ကြည်ညိုသူ စိတ်ထဲမှာတော့ ခံစားမှု အနည်းငယ်လောက် အကုသိုလ်စိတ် ၀င်တာမျိုးရှိမယ်” ဟု သူက ပြောသည်။
မြန်မာဗိသုကာ ပညာရှင်၊ ဒီဇိုင်းသုတေသီ ဦးအေးမြင့်က “ရွှေတိဂုံ စေတီတော်ရဲ့ ကောက်ကြောင်း ပုံသဏ္ဌာန်က “ကကြီး” လိုင်းလေးတွေ ရှိတယ်။ ဒီတော့ အပြာခံခံ၊ အနက်ခံခံ ကုန်းမို့မို့ပေါ်မှာ ရွှေစေတီကြီးက သပ္ပာယ်တာ မှန်ပါတယ်။ ကောင်း မှုတော်ကျတော့ ပျူ၊ သရေခေတ္တရာ ခေတ်က “ကကြီး” လိုင်းနဲ့ ပိုတူတယ်။ စစ်ကိုင်းတောင်ရိုး နောက်ခံ၊ ထုံးဖြုဖြူနဲ့ ဆိုတော့ ပိုကြည်ညိုစရာ ကောင်းတာပေါ့” ဟု ပြောသည်။
“ညောင်ဦး ရွှေစည်းခုံ ဘုရားမှာ ရှိတဲ့ သစ်သား ပန်းပုလက်ရာတွေက ရေနံချေးရောင် အိုအို ရင့်ရင့်နဲ့ ရှေးလက်ရာတွေ လိုက်ဖက်နေတာကို ရွှေစေးသုတ်လိုက်တော့ ရှေးလက်ရာတွေ ပျက်ကုန်တာမျိုးတွေ ရှိတယ်” ဟု သူက ဆိုသည်။
ပုဂံမြို့အနီး ဧရာဝတီမြစ်ကမ်းနဖူး၌ ပျူစောထီးလက်ထက်ကတည်းက ထုံးစေတီအဖြစ် တည်ထားခဲ့သည့် ဗူးဘုရား သည်လည်း ယခုအချိန်တွင် ရှေးခေတ်လက်ရာ စေတီတော်အဖြစ် မတွေ့ရတော့ဘဲ ပြုပြင်မွမ်းမံထားသည့် မှန်စီရွှေချများဖြင့် ရွှေသင်္ကန်းကပ် စေတီ တဆူအဖြစ် ပြောင်းလဲသွားသည်။
ပုဂံခေတ် စေတီပုထိုးများကို ထုံးသုတ်ခြင်း၊ စေတီငယ် ထပ်တင်ခြင်း၊ နံရံဆေးရေး ပန်းချီများကို ထုံးသုတ်ခြင်း စသည့် စိတ်ကူးရသည့်အတိုင်း ပြုပြင်ပြောင်းလဲ မှုများကြောင့် အနုပညာလက်ရာများ ပျောက်ပျက်ကုန်သည့်အပြင် အာဏာ ပိုင်များက ၎င်းတို့ အာဏာရှိချိန် ပြုပြင်ပြီးခဲ့သည့် ဘုရားများကို ကိုယ်ပိုင်ဘုရားများသဖွယ် “ပြုပြင်သူ၏ ကောင်းမှု” ဟု ဘုရား အသီးသီးတွင် ကမ္ပည်း ထိုးထားကြသည်။

0 comments:
Post a Comment