“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 06, 2011

မလှုပ်နဲ့ နော်

အင်တာနက် ဆိုင်များ ရှောင်တခင်စစ်ဆေးခံရ နရီလင်းလက် Tuesday, 05 April 2011 18:30

ပိတ်ပင်ထားသည့် အင်တာနက် အသုံးပြု၍ တယ်လီဖုန်းခေါ်ဆိုမှုများ ဆက်လက် သုံးစွဲမှု ရှိမရှိကို ရန်ကုန်မြို့ တွင်းရှိ အင်တာနက် ဆိုင်များသို့ ယမန်နေ့တွင် အာဏာပိုင်များက ၀င်ရောက် စစ်ဆေးမှုများပြုလုပ်သွားသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်းရှိ ဆူးလေ ၊ ပန်းဆိုးတန်း ၊ လှည်းတန်း ၊ တာမွေ ၊ ကျောက်မြောင်း စသည့် နေရာများအပါအ၀င် မြောက်ဥက္ကလာ မြို့နယ်တွင် ဖွင့်လှစ်ထားသော အင်တာနက်ဆိုင်များကို ယခု ရက်ပိုင်းအတွင်း အထူးစုံစမ်းစစ်ဆေးရေး(စစစ) မှ တာဝန်ရှိသူများ ၀င်ရောက်စစ်ဆေးခဲ့သည်ဟု အင်တာနက်ဆိုင်ဝန်ဆောင်မှု လုပ်ကိုင်သူများက ပြောသည်။

ပြည်ပသို့ ခေါ်ဆိုရာတွင် အများပြည်သူသုံး Public Access Center (PAC) နှင့် ဆိုက်ဘာကဖေးများမှ အများဆုံး အသုံးပြု နေ သည့် Skype, G-talk, Pfingo, VZO စသည့် VOIP အသုံးပြုခေါ်ဆိုနေမှုသည် နိုင်ငံခြားခေါ်ဆိုမှုမှ ရရှိသည့်ဝင်ငွေ ကျဆင်း စေသောကြောင့် ဆက်လက်အသုံးပြုမခေါ်ဆိုရန် ယခင်လက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ခဲ့သည်။

“မနေ့က အရပ်ဝတ်တွေနဲ့ ဆိုင်ထဲဝင်လာပြီး အင်တာနက်သုံး ဖုန်းမခေါ်ဖို့ ၊ ခေါ်နေတာတွေ့ရင် တရားဥပဒေအရ အရေး ယူ မယ် ဆိုပြီး ပြောတယ်။ သူတို့ ပါးစပ်ကနေပြောတဲ့ ဥပဒေဆိုတာပဲ သိရတယ်။ ဘယ်လို ဥပဒေနဲ့ ငြိတယ်ဆိုပြီး မပြောသလို ဘာဥပဒေမှန်းလဲ မသိရဘူး”ဟု ဆူးလေဘုရားအနီး ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်မှ တာဝန်ရှိသူတဦးက ဧရာဝတီကို
ပြောပြသည်။

သူက ဆက်၍ “Gtalk တို့ ၊ VZO တို့ ဆိုတာ အလကားခေါ်ပြီး သုံးနေတဲ့ ၀န်ဆောင်မှု၊ သူတို့ ဘယ်လို ပိတ်ပိတ်၊ သုံးလို့ ဖမ်းမ ယ်ဆို အကုန်ပါမှာပဲ။ Pfingo ကတော့ ပိုက်ဆံပေးခေါ်ရတာ၊ ဆက်သွယ်ရေးအနေနဲ့ ဒီလို အင်တာနက်ကနေ အများစု ခေါ်နေ တော့ နိုင်ငံခြားခေါ်ဆိုမှုကရတဲ့ ၀င်ငွေကျတယ်ဆိုပြီး မခေါ်ရဘူးလုပ်လိုက်တာ ၊ ဆိုင်အများစုက ဒီဝန်ဆောင်မှုပေးပြီး ရပ် တည်နေတာ ဆိုတော့ ထုတ်ချင်တာထုတ် ခိုးပြီး ခေါ်ပေးနေတာတွေ ရှိတယ်။ ဒါကို သူတို့က သိတော့ ကွန်ပျုတာတွေ ၀င်စစ် တဲ့ သဘောပါပဲ”ဟုလည်း ပြောသည်။

အင်တာနက်ဖုန်းခေါ်ဆိုမှု မပြုလုပ်ရန် ပိတ်ပင်လိုက်ပြီးနောက် အင်တာနက်ဆိုင်များရှေ့တွင် ခေါ်ဆိုနိုင်သည့် နိုင်ငံနှင့် ကျသင့် ငွေ ပမာဏများ ပါဝင်သည့် ကြော်ငြာများ၊ ဆိုင်တွင်း နိုင်ငံခြားခေါ်ဆိုနိုင်သည်ဟု ကပ်ထားသည့် စာရွက်များကို ဖြုတ်ချလိုက်ရ သည်ဟု သိရသည်။

“CCTV တွေ အင်တာနက်ဆိုင်တိုင်းမှာ တပ်ရမယ်တုန်းကလည်း အပြလောက်ပဲ တပ်ကြတာ။ သုံးစွဲသူတွေ စိတ်အနှောင့် အယှက်ဖြစ်တော့ ကိုယ့်ဆိုင်မလာတော့ရင် စီးပွားပျက်ပြီလေ။ သူတို့ တခုပြီး တခု စိတ်ကူးပေါက်ရာ လျှောက်လုပ်တာကို ခံရ တာ သုံးစွဲသူနဲ့ ဆိုင်ရှင်ပဲ။ သုံးစွဲသူတွေရှိမှ ဆိုင်က ရပ်တည်လို့ ရမှာ။ လောလောဆယ်တော့ Pfingo တွေကို ဒတ်စတော့ ပေါ်မှာ မတင်ဘဲ ခဏ ဖြုတ်ချထားတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ အင်တာနက်ဆိုင် ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်းရှိ အင်တာနက်ဆိုင် အများစုတွင် ဖုန်းခေါ်ဆိုမှုကို အဓိက ၀န်ဆောင်မှုပေး ရပ်တည်နေသည့်ဆိုင်နှင့် ပုံမှန် အင်တာ နက် သုံးစွဲမှုအတွက် အဓိက ၀န်ဆောင်မှုပေးသည့်ဆိုင် ဟူ၍ ၂ မျိုး ခွဲနိုင်ကြောင်း သိရသည်။

အဆိုပါ အင်တာနက်ဆိုင် ၀န်ထမ်းက ဆက်၍ “Pfingo နဲ့ Skype ကတော့ အဆင်ပြေသလို အခြေအနေကြည့်ပြီး ခေါ်ပေး နေတယ်။ ဖုန်းလိုင်းကနေ နိုင်ငံခြားကို ဖုန်းခေါ်ရင် ဈေးဒီလောက်ကြီးတာ မွဲသွားမှာပေါ့။ ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ သူနဲ့ ပြည်တွင်းက ဆက်သွယ်ဖို့ဆိုတာ အလွယ်ကူဆုံး ၊ အသက်သာဆုံးက အင်တာနက်က ခေါ်တာပဲ။ ဒီထက် အတင်းအကျပ် လုပ်လာရင်တော့ လုံးဝခေါ်မရတော့တဲ့ အခြေအနေဆိုရင် ပြဿနာတွေ အများကြီးရှိလာနိုင်တယ်”ဟု ပြောသည်။

အင်တာနက်ဆိုင်များတွင် အင်တာနက် အသုံးပြု ခေါ်ဆိုခမှာ စင်ကာပူ၊ မလေးရှားနှင့် အာရှနိုင်ငံများသို့ ၁ မိနစ်လျှင် ၅၀ ကျပ်၊ အမေရိကန်သို့ ၁ မိနစ်လျှင် ၂၀၀ ကျပ်၊ တောင်အာဖရိကနိုင်ငံသို့ ၁ မိနစ်လျှင် ၄၀၀ ကျပ်နှုန်း ရှိသည်ဟု သိရသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းလိုင်း အသုံးပြုခေါ်ဆိုပါက စင်္ကာပူနိုင်ငံသို့ ၁ မိနစ်လျှင် အမေရိကန် ဒေါ်လာ ၁.၇၅ ဒေါ်လာ(၁၆၀၀ ကျပ်ခန့်)၊ ထိုင်းနိုင်ငံသို့ ၁ မိနစ်လျှင် ၁.၄ ဒေါ်လာ(၁၀၀၀ ကျပ်ခန့်)၊ အမေရိကန်သို့ ၁ မိနစ်လျှင် ၄.၅ ဒေါ်လာ(၃၂၀၀ ကျပ်ခန့်) သတ်မှတ်ထားသည်။

မြန်မာအင်ဖိုတက်ခ်နှင့်နီးစပ်သူတဦးက“လက်ရှိ ဥပမာ ပြရရင် ပြည်တွင်းကနေ အခု Facebook ၀င်ဖို့ကျော်ပြီး ၀င်နေရတယ်။ Gtalk ကိုလည်း နောင် ဒီလို ဖြစ်အောင် လုပ်သွားမယ့် အလားအလာရှိနေတယ်။ အင်တာနက်လိုင်း နှေးအောင်လုပ်ပြီး သုံး မရအောင် ၊ အလွယ်တကူ ၀င်မရအောင် လုပ်တာမျိုးတွေပေါ့”ဟု ပြောသည်။

“စနစ်တွေက အခုတမျိုး တော်ကြာတမျိုးဆိုတော့ လူတွေက သူတို့ကို မီအောင်လိုက်နိုင်ဖို့ တော်တော်မလွယ်ဘူး။ ဒီလို ခဏ ခဏ ပြောင်းလို့ လဲ ဘာမှ ဖြစ်မလာတာ။ တခု ပြောင်းလို့ အထိုင် မကျသေးဘူး။ နောက် နည်းစနစ် တခု ပြောင်း။ အရင် က (PAC) လိုင်စင်ထုတ်ပေးတာနဲ့ ပတ်သက်ပြီး မြန်မာအင်ဖိုတက်ခ်ကို လုပ်ခွင့်ပေးထားတာကနေ အကျိုးအမြတ် အများကြီးရနိုင်တယ်ဆိုတာ သိတော့ ဆက်သွယ်ရေးက သူတို့ပဲ လိုင်စင်ချပေးတာ လုပ်တော့မယ်ဆိုပြီး ပြန်ယူသွားပြန်ပြီ”ဟု ၎င်းက ဆက် ၍ ပြောသည်။

မြန်မာအင်ဖိုတက်ခ်မှ ဆောင်ရွက်လျက် ရှိနေသည့် အများသုံး အင်တာနက် ၀န်ဆောင်မှုလုပ်ငန်း(PAC) လိုင်စင်များနှင့် သက် ဆိုင်သော ကိစ္စရပ်များကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ယခုလဆန်းမှ စတင်၍ လွှဲပြောင်း ရယူခဲ့ကြောင်း သတင်းရ ရှိသည်။

မြန်မာအင်ဖိုတက်ခ်နှင့်နီးစပ်သူ နည်းပညာရှင်တဦး က“ဆက်သွယ်ရေးက လွှဲယူလိုက်တယ်ဆိုပေမယ့် မြန်မာ အင်ဖိုတက်ခ် က လက်ခံထားတဲ့ လိုင်စင် တချို့ကို လက်စ သတ်လုပ်ပေးနေတယ်။ အစိုးရသစ်တက်လာပြီး မူဝါဒအပြောင်းအလဲ ရှိနေတော့ ဆက်လုပ်ခွင့်ပေးသွားမလား မပေးဘူးလား ဆိုတာ မသေချာဘူး”ဟု ပြောသည်။

“သေချာတာတခုကတော့ အင်ဖိုတက်ခ်မှာ ရှယ်ယာဝင်ထားတဲ့ လုပ်ငန်းရှင်တွေက သိပ်မကျေနပ်ကြဘူး။ ဒီနှစ်အတွက် ရှယ် ယာဝင်ထားတဲ့ ပိုက်ဆံတွေ အကျိုးအမြတ်ရလို့ ထုတ်တဲ့အချိန်လည်းဖြစ်တော့ နောက်နှစ် သူတို့ကို လုပ်ခွင့်မပေးတော့ဘူး ဆို ရှယ်ယာတွေ ပြန်ထုတ်ပြီး တခြားလုပ်ငန်းပြောင်းလုပ်ရတော့မယ်”ဟုလည်း သူက ပြောသည်။

ယခင်က မြန်မာအင်ဖိုတက်ခ် ကော်ပိုရေးရှင်း လီမိတက်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် PAC လိုင်စင်ထုတ် ပေးသည့် ၀န်ဆောင်မှုကို တဦးတည်းလုပ်ကိုင်ခွင့်ရရှိထားပြီး နည်းပညာနယ်ပယ်တွင် ပထမဆုံးသော အများပိုင်ကုမ္ပဏီ ဖြစ်ပြီး နိုင်ငံတော်အဆင့် စီးပွားရေးလုပ်ငန်းများကို ပါဝင်လုပ်ကိုင်ခွင့် ရနေသည်။

ယမန်နှစ် မတ်လက မြန်မာအင်ဖိုတက်ခ်၏ နှစ်ပတ်လည် အစီရင်ခံစာအရ ကုမ္ပဏီ၏ ဝင်ငွေ ကျပ်သိန်း ၈၀၀၀ ကျော်ရရှိခဲ့ကြောင်း၊ PAC များမှရရှိသည့် ၀င်ငွေသည် ကျပ်သိန်း ၃၅၀၀ ၀န်းကျင်ဖြင့် အများဆုံးရကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ထိ မြန်မာအင်ဖိုတက်ခ်၌ မှတ်ပုံတင်ထားသော PAC စင်တာအရေ အတွက်မှာ စုစုပေါင်း ၈၀၂ ခုရှိပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်း၌ ၅၅၇ ခု၊ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပ၌ ၂၇ ခု၊ မန္တလေးမြို့ ၌ ၂၁ ခုနှင့် အခြားသော မြို့များ၌ ၁၉၇ ခု အစရှိသဖြင့် စုစုပေါင်း ၈၀၂ ခုရှိသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */