“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 22, 2011

Facebook ပေါ်က အတိုအထွာများ ( ပေးပို့ သူ - ဗမာသွေး)

တောင်ငူသွားတောလား...ပုဆိုးစုတ်နဲ့ မီးရထား...laptop လား ?....computerလား...?

ကျနော် နဲ့ သူငယ်ချင်း သုံးယောက် သင်္ကြန်ရက် မှာတောင်ငူ က သူငယ်ချင်းအဒေါ်တွေ ထံ အလည်သွားပြီး ဒီနှစ် သင်္ကြန် ကိုတောင်ငူ မှာ လည်ကြမယ်ဆိုပြီး ရန်ကုန်ကနေ ရထားနဲ့  တောင်ငူကို သွားခဲ့ကြပါတယ် ။ နေ့လည်ရထားစီးရမှာ ဆိုတော့ တော်တော်ပျင်းရိညီးငွေ့ စရာခရီးဖြစ်နေတယ် ။ ဒီလိ...ုနဲ့ ပဲ ရထားထွက်ရော ဆိုပါတော့ဗျာ..။ နေကလဲပူ လယ်ကွင်းတွေ ထဲ က ဖြတ်တိုက်လာတဲ့ လေပူတွေ ၊ ရထားတွဲတွေပေါ်က ထွက်တဲ့ ချဉ်စုတ်စုတ် အနံ့တွေကြောင့်တော်တော် စိတ်ပျက်စရာကောင်းပါတယ် ။ ရန်ကုန် အထွက် ရောက်တော့ ကျနော် နဲ့  အတူပါလာတဲ့ သူငယ်ချင်း နှစ်ယောက် က သူတို့ ရဲ့  ipod လေးတွေ ထုတ်ပြီး တယောက် က ဂိမ်းဆော့ တယောက် ကတော့  သီချင်းနားထောင်ပြီး ပါတ်ဝန်းကျင်ကို အာရုံလွဲပြောင်းလိုက်ပါတယ်.။ ကျနော် မှာ က တော့  laptop ပဲ ပါလာတာမို့  ထုတ်လိုက်ပြီး ကျနော် ကြိုတင်ထည့်လာခဲ့တဲ့ ရုပ်ရှင်ကားတွေ ကြည့်နေလိုက်ပါတယ်.။

ဒီလိုနဲ့ နာရီဝက် လောက်အကြာမှာတော့  ရထားလက်မှတ်စစ်တွေ ကျနော်တို့ တွဲကိုရောက်လာပြီး လက်မှတ်စစ်ရောဆိုပါတော့  ..။ ကျနော် တို့ နားရောက်တော့  လက်မှတ်နဲ့ မှတ်ပုံတင်တောင်းလို့  ပြလိုက်ကြတယ်.. ကျနော် တို့ လက်မှတ်တွေ ကို ရထားလက်မှတ်စစ်တွေက စစ်ပြီး ပေမယ့်လဲ မသွားကြသေးပဲ သူတို့  အချင်းချင်း တွတ်တွတ် နဲ့  စကားတွေပြောပြီးကျနော်နားရောက်လာပြီး " ညီလေး အဲဒီဟာ က တန်ဆာခ ဆောင်ထားလားတဲ့ " ကျနော် က လဲ ရိုးရိုးပဲထင်ပြီး မဆောင်ထားဘူး အကို လို့  ပြန်ပြောလိုက်တယ်..အဲဒါဆိုညီလေး မင်းကွန်ပြုတာအတွက် ဒါဏ်ကြေးဆောင်ရမယ်ဆိုပြီး တဖွဲ့  လုံးဝိုင်းအုံလာပါရောဗျာ..

ကျနော် တော်တော်အံ့သြ သွားတယ်..။ အခြားနိုင်ငံတွေအားလုံးနီးပါး မှာ ကျနော် သိသလောက်ကတော့  ရထားပေါ်မှာ ဖြစ်စေ ကားပေါ်မှာဖြစ်စေ ရထားစီးရင်း ကားစီးရင်း ရုံးလုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ် အခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် laptop သုံးရင် တန်ဆာခပေးဆောင်ပြီး သုံးရတယ်လို့  တခါမှ မကြားခဲ့ဘူးပါ..။ ကျနော် လဲ ဒါဏ်ကြေးဆောင်ရင်လဲ နည်းနည်းပါးပါးလောက်ပဲ ထင်ပြီး ကျနော် ဘယ်လောက်ဆောင်ရမှာလဲ မေးတော့  ၄၂၀၀ ပါတဲ့..။ ကျနော် စိတ်ထဲတော်တော်ခံပြင်းသွားတယ်ဗျာ..လူတယောက် စီးခ ၂၅၀၀ ပဲကျတာ laptop သေးသေးလေး ကို ၄၂၀၀ ဆိုတော့  ကျနော် မှားလားဗျာ.။

ကျနော် ပြန်ပြောလိုက်တယ် ဘယ်လို သတ်မှတ်ချက်နဲ့  ကောက်ခံတာလဲ မေးတော့  ပလတ်စတစ်လောင်းထားတဲ့ စာရင်းစာရွက် ထုတ်ပြတယ်..။ ညီလေးကို ..ကိုတို့ တောင်းတာ က လက်နှိပ်စက်ဈေးနဲ့  ပဲတောင်းတာပါတဲ့…ဒီမှာကြည့်ကွန်ပြူတာဆိုရင် (၁၂၀၀၀ ) ဒါဏ်ဆောင်ရမှာတဲ့ ..။ ကျနော် လျှာရှည် မိကာမှ ပိုဆိုးနေတော့  တယ်ဗျာ..။ ကျနော် က ပြောတယ် ဒါက laptop ပဲ အကိုတို့ စာရွက်ထဲမှာ laptop လို့ ရေးထားတာ မပါဘူး..ကျနော် မဆောင်နိုင်ဘူးဗျာလို့  ပြန်ပြောလိုက်တယ်..ဒီတော့  ကျနော် ကို လက်မှတ်စစ်ကြီး က ပြန်ပြောတယ်ဗျ..ဒါလဲကွန်ပြုတာပါပဲ တဲ့ဗျာ..သကောင့်သားကြီးတွေ က ဒါကြတော့  သိသားဗျာ..

ညီလေးမဆောင်နိုင်ရင် ကိုတို့ က ပစ္စည်းကို သိမ်းရပါလိမ့် မယ်တဲ့…ခံပေရော့ဗျာ.. လျှာရှည်မိကာမှ ပိုပိုဆိုးလာတယ်..ကျနော်လဲ ပြန်ချော့ရတာပေါ့ဗျာ..အကိုအဲဒါဆိုလဲ နည်းနည်းတော့လျှော့ဗျာ.. ၄၂၀၀ တော့ မလုပ်ပါနဲ့ ဆိုတော့  ..အဲလိုဆိုရင် တော့  ဖြစ်ပါတယ်တဲ့..တောင်ငူထိဆိုရင် ၂၁၀၀ ပဲ ပေးပါတဲ့.. ကျနော် လဲ လျှာမရှည် ရဲတော့  ဘူးဗျို့ ..ပေးလိုက်ရတော့ တာ ပဲ… ကျနော် သိထားသလောက်ကတော့  ကွန်ပြူတာ ကို တန်ဆာဆောင်ရမယ်ဆိုတာ က Desktop ကွန်ပြူတာကိုဆိုလိုခြင်း ဖြစ်ဟန်တူပါတယ်..။

ဘာပဲဖြစ်ဖြစ် ကွဲကွဲပြားပြားဖြစ်အောင် ရေးမထားတဲ့အတွက်ကြောင့် ကွန်ပြူတာ ဆိုပြီးရောကြိတ်တာခံလိုက်ရတဲ့ ကျနော် လို့ အဖြစ်မျိုး သူငယ်ချင်းတွေ မကြုံရအောင် ကျနော် ပြောပြချင်တာပါပဲ..။ ကျနော် လဲ နေပူတာတွေ လေပူုတာတွေ ရထားပေါ်ကချဉ်စူးစူး အနံ့တွေ ကိုခံစားနေရတာတွေ ဘယ်ပျောက်ကုန်မှန်း မသိတော့  ပဲ ..တယောက်ထဲ တွေးမိတွေးရာတွေးလာလိုက်တာ ရထားရပ်သွားတော့မှ ဘေးဘီဝဲယာ ကြည့်လိုက်တော့  လယ်ကွင်းခေါင်ခေါင်ကြီးမှာ ရထားကြီးက တုတ်တုတ် မှ မလှုပ်အောင်ရပ်သွားတာ သိလိုက်ရတယ် ..ကျနော် လဲ ပြတင်းပေါက်က ခေါင်းထုတ်ကြည့်လိုက်တော့  ရထားဝန်ထမ်းတွေ အောက်ဆင်းပြီး ရထားအောက်ကို ကြည့်နေတာတွေ တာ နဲ့  အောက်ဆင်းပြီး စပ်စုကြည့်လိုက်တော့  ရထားတွဲ ဘရိတ်ဖမ်းတဲ့ လေပိုက်ပြုတ် လို့  လေပေါင်ကျပြီးထိုးရပ် သွားတာတဲ့ဗျာ.. မိနစ် ၂၀ လောက်ကြာအောင်ပြင်လိုက်တော့  ရပြီရထားပြန်ထွက်မယ်ဆိုပြီး ဥသြဆွဲ ပြီး ပြန်ထွက်လာနိုင်ခဲ့ပါတယ်.

.နောက်တနာရီလောက်ခုတ်မောင်း ပြီး ချိန်မှာပဲ စောစော ကလိုပဲ ရထားက ရပ်သွားပြန်ရော..ကျနော် လဲဒီလောက်တော့  နပ်ပါတယ်ဗျာ..ကျနော် သိလိုက်ပြီ တို့  စီးလာတဲ့ရထားကြီးလေပေါင်ကျ သွားပြန်ပြီလို့ ..ဒီတခါဖြစ်တာကတော့  ကျနော်စီးလာတဲ့တွဲ အောက်ကဖြစ်တာ တဲ့ ကျနော် မနေနိုင်ဘူးဆင်းကြည့် လိုက်တယ် ဘယ်လို ကြောင့်လေပေါင်ကျကျနေလဲဆိုတာ သိချင်လို့ ဆိုပါတော့ ..။ ရထားဝန်ထမ်းတွေလဲ Toolbox ဆွဲပြီးရောက်လာပြန်တယ်..ရထားဘရိတ်တွေ ကို ဆက်သွယ်ထားတဲ့ လေပိုက်က ပြုတ်ထွက်သွားတာဗျ..။


ဒီနေရာမှာကျနော် တို့ မြန်မာတွေက တော်ပြန်ရောဗျို့..ပိုက် ၂ ခုကိုဆက်တဲ့ ၀ါရှာ က ပြုတ်ပြီးလမ်းမှာ ကျကျန်ခဲ့တော့  ၀ါရှာ အစား ပုဆိုးစုတ်ကိုအစားထိုးပြီးတော့  ထည့်လိုက်ပြီး လေဘားပြန်ဖွင့်လိုက်တာ ( ရပြီတဲ့ ) အော်သံတခု ထွက်လာတော့  ကျနော် ဟင်း ခနဲ သက်ပြင်းချ မိတယ်..။ ခရီးသည်တွေနဲ့ ရထားကြီး ဟာ ဆက်ရမယ့်ခရီးကို ဆက်ခဲ့ကြပြန်ရောဆိုပါတော့ ဗျာ.. တောင်ငူမြို့ အ၀င် ခပေါင်းတံတားပေါ် ဖြတ်နေချိန် တောင်ငူမြို့ကြီးကို မှောင်မှောင်မဲမဲကြီးမှာ တွေ့နေရချိန်မှာပဲ စီးတော်ယဉ် ရထားကြီး က ရပ်သွားပြန်ပါရောဗျာ…

ဒီတခါတော့  ကျနော် မဆင်းတော့  ဘူး..ရထားလုံးလုံး ဆက်သွားမရတော့ လဲ ကျနော် တို့  လာတဲ့ခရီးကရောက်နေပြီဆိုတော့  အထုတ်တွေသာပြင်နေ လိုက်တော့  တယ်…ကျနော် လဲ မကြည့်ပဲနဲ့  သိနေတာကစောစော က ပုဆိုးစုတ် တွေ က ကျန်နေသေးတယ်.. စိတ်ပူစရာမလိုဘူး အချိန်တန်ရင် ပြန်ကောင်းသွားမှာ ပဲဆို ပြီးနေ တာ ထင်တဲ့အတိုင်းပဲ ရထားဘီးလိမ့်  သံ ကို ခဏအကြာမှာ ပြန်ကြားလာခဲ့ပြီး မင်းကြီးညိုတို့ စိုးစံရာ ၊ ဘုရင့်နောင်တို့  လက်ခမောင်းခတ်ရာ ၊ တပင်ရွှေထီးတို့  ထန်းရည်သောက်ရာ ၊ နတ်သျှင်နောင်တို့  စာဆိုသီကုံးရာ တောင်ငူမြေ သို့ ရောက်ခဲ့ပါတော့ တယ် ခင်ဗျာ..။

by: Myat Thu

လူ နှင့် ဖေ့စ်ဘုတ်

တစ်ချို့လူတွေက ဖေ့စ်ဘုတ်ကို ကိုယ်ပိုင်ပြတိုက် လို သဘောထားကြတယ်။ ပုံလေးတွေတင်၊ ကိုယ်ကြိုက်တာလေးတွေရှာတင်၊ သီချင်းလေးတွေတင်၊ ဘယ်သူ like like, မ like like၊ ကိုယ် like တယ်။ ကိုယ်တင်ထားတာလေးပြန်ပြန်ကြည့်နေရတာ အမော။ ဘယ်သူမှ လာ မlike ရင်၊ ကိုယ်ဟာကို ပြန် like ထာ...းတတ်သေးတာ။ တစ်ချို့ကျတော့ ဖေ့စ်ဘုတ်ကို ဧည့်ခန်းကရှိုးကေ့စ် လိုသဘောထားတယ်။ ရှိုးကေ့စ်ဆိုတာ ရှိတာလေးတွေ စီစီရီရီတင်ပြီးကြွားတဲ့နေရာမဟုတ်လား။ ဘွဲ့ယူ၊ မင်္ဂလာဆောင်၊ အိမ်ဝယ်၊ ကားဝယ်၊ ဂါဝန်အသစ်ဝယ်၊ ဘောင်ဘီဖင်ကျပ်ဝယ်၊ ဖိနပ်သစ်ဝယ်၊ ခရစ်ဒက်ကဒ်ရ၊ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်ဖုံ၊ နည်းစုံတယ်နော..။ (ငါ့တော့ သောက်ညင်ကပ်နေကြလောက်ပြီ.. ဟိ..ဟိ..။) တစ်ချို့ကျပြန်တော့ ဖေ့စ်ဘုတ်ကို အိမ်သာ လိုသဘောထားကြတယ်။ အိမ်သာကို လူတွေက ပြဿနာဖြေရှင်းဖို့ လိုနေချိန်ကြမှသာ အပြေးအလွှားလာကြတာလေ။

ကျန်တဲ့အချိန်ကျတော့ မနေအပ်တဲ့ အရပ်လိုလို ကျဉ်ချင်ကြတာကလား။ ခုလည်း အဲသလိုပါပဲ။ လူပျို၊ အပျိုဘဝမှာတော့ ရည်းစားရှာချင်တော့ နေ့ရော ညရော ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်။ ရည်းစားလည်းရရော ဖေ့စ်ဘုတ်ကိုအဖက်မလုပ်တော့ဘူး။ အဲ… အိမ်ထောင်ပြုလို့ မင်္ဂလာဆောင်ပြန်တော့ ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်ဖြစ်ပြန်ရော..။ မဟုတ်ရင် မင်္ဂလာဆောင်ပုံတွေ တစ်အိမ်တက်ဆင်းလိုက်ပြနေရမှာပေါ့..။ အဲ.. မင်္ဂလာဆောင်ပြီး သွေးအေးသွားပြန်တော့ ဖေ့စ်ဘုတ်ခမျာ ချောင်ထိုးခံရပြန်ရော။ စောင့်ပေတော့ ကလေးရတဲ့အထိ။ အဲ.. ကလေးရပြီဆိုလို့ကတော့ ဖေ့ဘုတ်ပေါ်ပြန်ရောက်လာကြပြန်ပါရောမဟုတ်လား..။

ဖေ့စ်ဘုတ်ဘဝ သင်္ခါရပေါ့လေ။ တစ်ချို့တွေအတွက်တော့ ဖေ့စ်ဘုတ်က ယောက္ခမအိမ် လိုပဲဖြစ်နေပြန်တယ်။ ယောက္ခမများ မတော်မဖြစ်လို့တော်ရပေမယ့် တော်ယုံတော့ ပတ်ပတ်သက်သက်မလုပ်ကြတဲ့သဘောမဟုတ်လား။ အဲလိုပဲပေါ့။ အကောင့်တော့ သူများဖွင့် ကိုယ်ဖွင့် ဖွင့်ကြပြီး၊ တစ်လနေလို့လည်း တစ်ခါအလည်မလာ၊ လာပြန်တော့လည်း ဖင်ပူအောင်မနေကြတဲ့သူတွေပေါ့။ သူတို့အတွက် ဖေ့စ်ဘုတ်က ယောက္ခမအိမ် လေ။ အဲ… တစ်ချို့ကျပြန်တော့လည်း ဖေ့စ်ဘုတ်ကို ဘော့စ်(Boss) လိုသဘောထားကြပြန်ပါသေးတယ်။ ဒီနေ့ ဘယ်သွားတယ်၊ ဘာစားတယ်၊ ဘယ်သူနဲ့တွေ့တယ်၊ ဘယ်နေရာရောက်နေတယ်ဆိုပြီး မပြတ်တမ်း Report လုပ်ကြတယ်။

တစ်ချို့အတွက်တော့ ဖေ့စ်ဘုတ်က ဆရာဝန်ကြီး ကျလို့။ ဒီနေ့ အီးမပါဖြစ်ဘူး၊ ရှူရှူးတွေဝါတယ်၊ ခေါင်းတွေကိုက်တယ်၊ လည်ချောင်းထဲကပူတယ်၊ ဖင်ခေါင်းထဲကအေးတယ် နဲ့ လာလာပြောကြပြန်ရော။ တစ်ချို့လည်း တီးတိုးဖေါ် အဖြစ်မြင်ပြီး၊ ဒီနေ့ Moody ဖြစ်တယ်၊ ဒင်းတော့လား အစိမ်းလိုက်ကိုဝါးစားချင်တယ်၊ ဒီဘဝ သေတာအေးပါတယ်၊ ပျော်လွန်းလို့ဂျွမ်းတောင်ထိုးနေရတယ် ဆိုတာမျိုးတွေ လာလာပြောကြပြန်ပါရောလား။

တစ်ချို့တွေများကျတော့ ဖေ့စ်ဘုတ်ကို အမှိုက်ပုံကြီး လို ဖွထားတတ်ကြပြန်ရော။ ဘာမှန်းခွဲမရတဲ့ပုံတွေတင်၊ ဝါးတားတားပုံလည်းတင်၊ ခွေးပုံတင်၊ ကြောင်ပုံတင်၊ အရက်ပုလင်းပုံတင်၊ အကောင့်ပိုင်ရှင်က ဘယ်သူလည်းဆိုတာ မှန်းမရလောက်အောင်၊ တစ်ပြုံတစ်မကြီး အုပ်သင်းဖွဲ့တဲ့ပုံတွေချည်းရွေးတင်၊ ဝင်ကြည့်မိပလားဆို မူးနောက်နေအောင်ကို လုပ်ထားတတ်ကြတာကလား။ တစ်ချို့ တစ်ချို့တွေတော့ ဖေ့စ်ဘုတ်ကို Chat Room လုပ်ဖို့သုံးကြပြန်တယ်။ ဓါတ်ပုံတစ်ပုံအောက်မှာ ကွန်မင့်ပေးရင်းနဲ့ စကားလက်ဆုံတွေကျနေတတ်ကြတာမျိုး ကြုံဖူးမှာပေါ့။ ဟေ့ကောင်ကြီး မတွေ့တာကြာပေါ့ တို့။ ဟိုကောင်တွေနဲ့ရောတွေ့သေးလား တို့။ မင်းကတော့အရင်အတိုင်းပဲဟ၊ ခုဘယ်နိုင်ငံရောက်နေတုန်း တို့..၊ အဲဒီကနေစလိုက်ကြတာ ကွန်မင့်တွေအများကြီးဖြစ်ကုန်ရော..။

ဓါတ်ပုံရှင်ခမျာ ကွန်မင့်များလို့ မပျော်နိုင်ပါဘူး၊ မင့်ထားတာတွေက ပုံနဲ့မဆိုင်ဘဲကိုး။ သူတို့ဖာသာ စကားလက်ဆုံလာကျနေကြတာမှုတ်လား။ ဖေ့စ်ဘုတ်ကို ကာစီနိုတစ်ခု လို၊ စီးပွားရေးလုပ်ငန်းစုတစ်ခု လို သဘောထားတတ်တဲ့လူတွေလည်းရှိလေရဲ့။ တက်တက်ပြီး ဂိမ်းကစားကြတာကလွဲလို့ ဘာဆို ဘာမှ မလုပ်ကြဘူးတဲ့လေ။ အဲလိုကျတော့ အက်ပြီးထားတဲ့ သူငယ်ချင်းတွေက သောက်ရူးလား လို့ မေးရတော့မယ်။ (ဟိ..ဟိ.. ဒါက ရန်တိုက်ပေးတာ)။ ဆင်းရဲသား ဖေ့စ်ဘုတ်တန်းစား ဆိုတာလည်းရှိသေးတယ်။ ဆင်းရဲတော့ အကောင့် တစ်ခုကို လင်နှင့်မယား မျှပြီးသုံးကြရရှာတယ်လေ။

တစ်ယောက်တစ်ခုမရှိနိုင်ကြရှာတော့ ဒီလိုပဲ တိုးတိုးကြိတ်ကြိတ်ပေါ့..။ တစ်ချို့ကျတော့ ဖေ့စ်ဘုတ်သူရင်းငှားချ တာလည်းရှိတယ်။ လယ်ပိုင်ရှင်တွေ ကိုယ်တိုင်လယ်မလုပ်ဘူး၊ သူရင်းငှားကို သီးစားပေးပြီး လယ်လုပ်ခိုင်းတာမျိုးပေါ့။ ကိုယ့်အကောင့်ကို ကိုယ်ကမဝင်ဖြစ်ဘူး၊ တစ်ခြားတစ်ယောက်က ဝင်ဝင်ပြီး activities တွေလုပ် လုပ်ပေးရတာမျိုးပေါ့..။ အများအားဖြင့်တော့ ကောင်လေးတွေက ပိုင်ရှင်၊ ကောင်မလေးတွေက သူရင်းငှားလုပ်တတ်ကြတာပေါ့..။ ဘာပဲပြောပြော ကိုယ့်ကိစ္စနဲ့ကိုယ်များနေကြတဲ့ လူမှုနယ်ပယ်ထဲက မိတ်ဆွေတွေနဲ့ Keep in touch ဖြစ်နေဖို့တော့ ဖေ့စ်ဘုတ်က အများကြီး စွမ်းဆောင်ပေးနေတာအမှန်ပါပဲ။ သဟာဖြင့် သြဘာတို့ သူများတွေလုပ်သမျှကို ဘေးထိုင်ပြီး ဘုပြောနေသလားလို့ မေးကြတော့မယ်။

ကျုပ်မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပါနော်။ ကျုပ်အတွက်တော့ ဖေ့စ်ဘုတ်က ပြတိုက်တစ်ခု။ အပေါ်မှာပြောခဲ့တာမျိုး ကိုယ်ပိုင်ပြတိုက်တော့ဟုတ်ဘူးဗျ။ အများကြည့်စေချင်လို့ လုပ်ထားတဲ့ပြတိုက်။ ပြတိုက်လေးလူစည်အောင်၊ နုတ်စ်တွေရေးရ၊ ပုံတွေ အော်ဂနိုက်ဇ်ဖြစ်အောင်တင်ရ၊ လူပျိုကြီးပြတိုက်မို့ လူအထင်မသေးအောင် ပြုပြင်နေရတာအမော။ ခုတော့ ဘုရားပေါ်က အလကားဝင်ရတဲ့ ဂေါပကပြတိုက်လောက်တော့ လူစည်ပါတယ်။ ဒါပေသည့် တစ်နေ့တစ်နေ့ ကျုပ်ပြတိုက် လူဘယ်လောက်လာလည်းရေတွက်ရတာ လောဘ။ ဘယ်သူတွေများ ဘယ်လိုမင့်သွားကြလည်း စောင့်ဖတ်ရတာလည်း မောဟ။ မတော်တရော် လာမင့်သွားလို့ မသိမသာ ပြန်တွယ်ရတာက ဒေါသ။ တစ်ခါတစ်ခါတော့တွေးမိသား၊ နိမ္ဗာန်ရောက်ကြောင်းလေးများ မျက်စပြစ်စတင်မယ်ကြံရင် ပထမဆုံးဖြတ်ရမှာ ဖေ့စ်ဘုတ်ပါလားလို့….။ သွပ်..သွပ်...သွပ်...


သြဘာ ဧပြီ ၂၀၊ ၂၀၁၁.
ပြည်သူ့အကျိုးကို ရှေ့ရှု မှ ပြည်သူ့ကိုကိုယ်စားပြုတဲ့ ပြည်သူ့အစိုးရကောင်း
by Cho Tu Zal on Saturday, March 19, 2011 at 10:24am

ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်သူလူထု ရဲ့ သက်သာချောင်ချိရေး ကိုရှေ့ရှုတာလား ၊ အမြတ်အစွန်းကိုရှေ့ရှုနေတာလား ဆိုတာ

ပြန်သုံးသပ်ဖို့လိုပါလိမ့်မယ်။ ပြည်သူလူထုကိုကိုယ်စားပြုပြီး ပြည်သူလူထုရဲ့ရွေးကောက်တင်မြောက်မှုနဲ့ ပြည်သူ့အစိုးရအဖွဲ့အစည်း

ရဲ့ ဘယ်ဝန်ကြီးဌာနမဆို ပြည်သူလူထုရဲ့ သက်သာချောင်ချိလွယ်ကူချောမွေ့စေရေးကိုသာ ရှေ့ရှုဖို့လိုပါတယ်။အဲဒီလိုမှမဟုတ်ရင်

အမည်ခံ ပြည်သူ့အစိုးရသာဖြစ်ပါလိမ့်မယ်။


ဆက်သွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတကာမှ မရှိခဲ့တဲ့ဈေးနှုန်းတွေနဲ့ အများပြည်သူကို မိုဘိုင်းဖုန်းတွေလည်း အကြိမ်ကြိမ်အမျိုးမျိုး

ရောင်းချပေးခဲ့ပါတယ်။ဒါ့ထက်မက တယ်လီဖုန်းအခွန်ခတွေ၊မီတာခတွေကို ကောက်ချင်သလိုကောက်၊မြှင့်ချင်သလိုမြှင့်နေတာလည်း

တရားနည်းလမ်းမဲ့ပါပဲ။


ခုလည်း ကိုယ်တိုင်မဖန်တီးပေးနိုင်တဲ့ အများပြည်သူရဲ့ သက်သာချောင်ချိတဲ့ နိုင်ငံတကာရဲ့ လွတ်လပ်တဲ့ဆက်သွယ်ရေးလမ်း

ကြောင်းတွေကို ပိတ်ပင်တားဆီးဖို့တာစူနေပြန်ပါပြီ။


ဒီလိုလုပ်ရပ်မျိုးဟာ ပြည်သူလူထုကိုကိုယ်စားပြုတဲ့ ရွေးကောက်တင်မြောက်ခံအစိုးရတရပ်အနေနဲ့ လုပ်သင့်မလုပ်သင့်၊လုပ်ခွင့်ရှိမရှိ ဆင်ခြင်သုံးသပ်ဖို့လိုပါလိမ့်မယ်။ ယုတ်စွအဆုံးတယ်လီဖုန်းခွန်၊စည်ပင်ခွန်၊မီတာခွန် အခွန်ကောက်တာမျိုးကအစ ပြည်သူ့အစိုးရသာစစ်မှန်ရင် ပြည်သူလူထုရဲ့သဘောတူညီမှုတစုံတရာ မပါဘဲ ၊ လုပ်ရိုးထုံးစံမရှိပါဘူး။

ဒါ့ထက် ဘာလုပ်လုပ် အခွန်အခ၊အမြတ်အစွန်းထက် ပြည်သူလူထုသက်သာချောင်ချိရေးကိုသာရှေ့ရှုဖို့လိုပါတယ် ။ နိုင်ငံတော်

ဘဏ္ဍာငွေထိခိုက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြည်သူလူထုရဲ့လွယ်ကူချောမွေ့သက်သာချောင်ချိမှုကို ဖျက်ဆီးတာဟာ ပြည်သူ့အစိုးရကောင်းရဲ့လုပ်ရပ်မဟုတ်ပါဘူး။

လောကမှာ လူကောင်း၊လူဆိုးထက် ကို ယုတ်ညံ့တဲ့ လူယုတ်မာဆိုတာ ရှိပါတယ်။လူကောင်းက ကောင်းတဲ့လုပ်ရပ်ကိုလုပ်မယ် ၊ လူဆိုး

က ဆိုးတဲ့လုပ်ရပ်ကိုလုပ်မယ် ။ ယုတ်မာတဲ့လူကတော့ ဆိုးတဲ့လုပ်ရပ်ကိုလုပ်ရုံသာမက လူကောင်းတွေရဲ့ ကောင်းမွန်သာယာအဆင်

ပြေမှုကိုပါ ဖျက်လိုဖျက်ဆီးလုပ်တဲ့အထိ နိမ့်ကျဆိုးရွားပါတယ်။

အစိုးရ မှာလည်း ပြည်သူလူထုအတွက် ကောင်းတဲ့လုပ်ရပ်တွေကို လုပ်တဲ့ အစိုးရကောင်း ရှိသလို ၊ ဆိုးတဲ့လုပ်ရပ်တွေလုပ်တဲ့ အစိုးရဆိုးလည်းရှိ ပါတယ် ။

ပြည်သူလူထုရဲ့ သက်သာချောင်ချိအဆင်ပြေမှုကို ရည်ရွယ်ချက်နဲ့ဖျက်လိုဖျက်ဆီးလုပ်တယ် ဆိုရင်တော့ . . . . ။ ။



ပြည်သူ့အစိုးရကောင်း ပေါ်ထွန်းလာပါစေ ။



ချိုတူးဇော်



အညတြသူရဲကောင်းများ” ( မောင်မောင်ဝမ်း )
by Maung Maung Wann on Monday, April 18, 2011 at 2:54pm



“ အညတြသူရဲကောင်းများ”

( မောင်မောင်ဝမ်း )



“ မင်းတို့ရှိလို့ဘာအကျိုးမြတ်မှမဖြစ်ထွန်းဘူး

မင်းတို့ကိုရှင်းပစ်ဘို့လည်း ငါတို့မှာဘာတခုမှဆုံးရှုံးမသွားဘူး ”

( ပိုပေါ့ - ခမာနီအစိုးရ အကြီးအကဲ- ကဗ္ဘောဒီးယားနိုင်ငံ)



ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေစဉ် ပိုပေါ့ အကြောင်းကိုဖတ်ဘူးတယ် ( ခိုးဖတ်ရတာပါ )၊ ပိုပေါ့ဆိုတာ တခါက ကဗ္ဘောဒီးယား နိုင်ငံမှာ အာဏာရခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့အကြီးအကဲ အာဏာရှင်တစ်ယောက်ပေါ့ ၊ ပိုပေါ့ အာဏာရစဉ်ကာလအတွင်း လူသန်းပေါင်းများစွာသေကျေပျက်စီးခဲ့ရတယ် ၊ အထက်ဖော်ပြပါ စကားကတော့ သူပြောခဲ့တဲ့စကားပါသူနဲ့သူ့ပါတီ၊သူ့အစိုးရကိုဆန့်ကျင်သူတွေအပေါ်မှာထားခဲ့တဲ့သဘောထားတခုလည်းဖြစ်ပါ တယ်။ခမာနီတွေအာဏာရစဉ်ကာလတလျှောက်လုံးလူပေါင်းများစွာကိုနှိပ်စက်ခဲ့တယ်၊ဝေလံခေါင်ဖျားတဲ့အရပ်ဒေသတွေပို့ပြီးလယ်ယာမြေတွေထွန်ယက်စိုက်ပျိုးစေခဲ့တယ်၊အထူးသဖြင့်ပညာတတ်နဲ့လူလတ်တန်းစားများအတွက် အဲဒီအချိန်ကာလ ကဗ္ဘောဒီးယားနိုင်ငံကြီးဟာ ငရဲပြည်ကြီးသဖွယ်ဖြစ်စေခဲ့တယ်၊ နောက်ဆုံး အဆုံးသတ်မတော့ ပိုပေါ့ ဟာတောတွင်းတနေရာရဲ့ တဲငယ်လေးတခုပေါ်မှာ ဂရုစိုက်မဲ့သူမရှိပဲ သေဆုံးသွားခဲ့တာပါ၊


နိဂုံးမလှစွာနဲ့ပဲ အဆုံးသတ်သွားရတယ်ဆိုမမှားပါဘူး၊တချိန်ကလျှမ်းလျှမ်းတောက်အာဏာရှင်ကြီးဟာဘ၀ရဲ့နောက်ဆုံးစာမျက် နှာများမှာ အခြွေအရံမရှိ ၊ အာဏာမရှိ ၊လေးစားမဲ့သူမရှိနဲ့ ---ဒါပေမဲ့ ကံကောင်းသွားတဲ့တချက်ကတော့ ပြစ်ဒဏ်စီရင်မခံရပဲသူ့ရောဂါနဲ့သူသေသွားတာကတော့ကံကောင်းတယ်လို့ပြောမယ်ဆိုရင်ပြောလို့ရနိုင်ပါတယ်။အဲဒီအချိန်ကာလတွေက တာဝန်ရှိသူ သက်ရှိထင်ရှား ခမာနီ ခေါင်းဆောင်များကတော့ အခုထိတိုင် အရေးယူခံနေရစဲဖြစ်ပါတယ်။လူတယောက်ရဲ့အသက်ရှင်သန်မူ့ကိုတိရိစ္ဆာန်တကောင်လောက်တောင်တန်ဘိုးမထားပဲ ရက်စက်ခဲ့တဲ့ အာဏာရှင်တွေပါ၊

မြန်မာပြည်သမိုင်းစဉ်တလျှောက် စစ်အာဏာရှင်များဟာလည်း တချိန်က ကဗ္ဘောဒီးရားနိုင်ငံက ခမာနီများထက်မသာရင်တောင်မှ မလျှော့ပါဘူး ၊ မြင်သာတဲ့ သုတ်သင်ရှင်းလင်းမူ့တွေကို ခမာနီတွေလောက် သိသာအောင်မလုပ်တာကလွဲရင် ကျန်တာတွေအတူတူပါပဲ၊ မြန်မာပြည်အကျဉ်းထောင်တွေထဲမှာ၊စစ်မြေပြင်မှာ ၊ လမ်းမတွေပေါ်မှာ ၊ စစ်ကြောရေးစခမ်းများစွာထဲမှာ လူသိတာရော မသိတာရော ဆုံးရှုံးနစ်နာခဲ့ရတဲ့ ၊ ဆုံးရှုံးနစ်နာစဲဖြစ်နေတဲ့ အညတြ မထင်မရှား သူရဲကောင်းတွေဆိုတာ နည်းလားဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေကြီးမူးပြီး “ အညတြသူရဲကောင်းများဆု ” ကိုဂုဏ်ပြုချီးမြှင့်တော့ ကျနော် အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ပုဂ္ဂိုများဟာ မြန်မာပြည် စစ်အာဏာရှင်တော်လှန်မူ့သမိုင်းမှာ သိပ်မထင်ရှားပဲပေးဆပ်နေရသူစစ်စစ်တွေပါ ၊ သူတို့ကို ကမ္ဘာကလည်းမသိ၊ ပြည်သူအများစုကလည်းသိပ်မသိပဲ သူတို့ရဲ့ဘ၀တွေကို နှစ်ပေါင်းများစွာ အကျဉ်းစခမ်းထဲမှာပေးဆပ်နေဆဲပါ ၊

အဲဒီထဲက နှစ်ယောက်ကို ကျနော်ကောင်းကောင်းသိပါတယ် ၊ သူတို့ကတော့ ဦးခင်ဝင်း (ဘိုးတော်ခင်ဝင်းနဲ့ ) ၊ ကိုသန်းနိုင်တို့နှစ်ဦးပါ။ ၁၉၈၉ ခုနှစ်လောက်က ကျနော်ကိုဖမ်းပြီး အင်းစိန်ထောင် ၂ တိုက် ( ကြိုးတိုက်)ကိုပို့ထားစဉ်ကာလကပါ ပြောမယ်ဆို ကျနော့်အသက် ၂၀ ကျော်အရွယ် ဘ၀မှာတခါမှ အကျဉ်းထောင်ဆိုတာ မရောက်ဘူး ၊ နံမည်ကျော် စစ်ကြောရေးစခမ်းတွေထဲက တခုဖြစ်တဲ့ ထောက်လှမ်းရေး (၇ ) ရဲ့အထုအထောင်းနှိပ်စက်မူ့များအပြီး ထောင်ထဲစရောက်ကစ အချိန် နောက်တနေ့မှာ လူတယောက်က ကျနော့် အခန်းရှိရာကိုအပြေးလာပြီး အထုတ်လေးတထုတ်လာပစ်ပေးရင်းနဲ့…..

“ကျနော်ခင်ဝင်း..ပါ…ကိုမောင်မောင်ဝမ်း…ခင်ဗျားနဲ့လူချင်းမဆုံဘူးပေမဲ့..နံမည်ကြားဘူးနေတာကြာပါပြီ…ဘာမှ စိတ်အားမငယ်နဲ့…လိုတာရှိလှမ်းပြောလိုက် ကျနော်တတ်နိုင်သလောက်ကူညီမယ်…အိုကေနော် ”ဆိုပြီး စကားကို ကတိုက်ကရိုက်ပြောပြေးထွက်သွားပါတယ်။ အမှန်ပြောရရင် ကျနော်သူ့ကိုမသိပါဘူး ၊ အဲဒီကစပြီး ကိုခင်ဝင်းဆိုတာကျနော်စိတ်ထဲမှာအမှတ်တရဖြစ်နေပါတယ်….နောက်မှသူ့အကြောင်းကို ကျနော်မေးကြည့်တော့ အကြောင်းစုံကိုသိရပါတယ်။ သူပေးခဲ့တဲ့ အထုတ်လေးထဲမှာ ထန်းလျှက် ၄လုံးလောက်ရှိမယ်ထင်တယ် နောက်..ငပိထောင်းလေးနည်းနည်းရယ် ဆေးလိပ် ၁၀ လိပ်လောက်ရယ်ပါ ပါတယ်။


အဲဒီ ပစ္စည်းတွေဟာ တန်ဘိုးမများဘူးထင်ရပေမဲ့ အဖိုးဖြတ်လို့တော့မရနိုင်ပါဘူး ၊ ကိုခင်ဝင်း ဒီလိုလာပေးတာဟာ သိပ်ကို အန္တယာယ်တွေနဲ့ရင်းပြီးလာပေးရတာပါ၊ ကိုခင်ဝင်းက တချိန်က ဗိုလ်ချုပ်ခင်ညွန့် သတင်းစာရှင်းလင်းပွဲမှာ အကြီးအကျယ်ရှင်းလင်းခဲ့တဲ့စာအုပ်နီလိုလူသိများတဲ့(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ယူဂျီ)မူ့နဲ့အဖမ်းခံနေရစဉ်အချိန်ပါ၊ တယောက်နဲ့ တယောက်စကားပြောဆိုခြင်း ၊ ဆက်ဆံခြင်းမပြုဘို့ ပြင်းပြင်းထံထံ တားမြစ်ထားတဲ့အချိန် ၊ နှိပ်ကွပ်စရာရှိရင် လူမဆန်စွာနှိပ်ကွပ်ခံနေရတဲ့အချိန်တွေမှာ ကျနော့်အခန်းနဲ့ အလှမ်းကွာတဲ့နေရာမှာရှိနေတဲ့ သူ့အခန်းကနေ စွန့်စွန့်စားစားလာပေးတာပါ ၊ ဒါဟာ ရဲဘော်ရဲဘက် ဘယ်လောက်ဆန်သလည်းဆိုတဲ့ အချက်ကိုပြသလိုက်တာပါ ။ အများစုက သူ့ကို ဘိုးတော်လို့ပဲခေါ်ကြပါတယ်၊ ကျနော်သိသလောက်ဆိုရင် စစ်အာဏာရှင်အဆက်ဆက်မှာထောင်အကြိမ်ကြိမ်ကျပေးဆပ်နေရသူတဦးပါ၊သူ့ဘ၀ရဲ့အချိန်တွေတော်တော် များများဟာ အကျဉ်းထောင်အတွင်းမှာပဲများပါတယ်။ ကျနော်နဲ့သူ စက္ကန့်ပိုင်းလေးလောက်ပဲဆုံဖြစ်ခဲ့ကြပေမဲ့ သူ့နှလုံးသား သူ့ယုံကြည်ချက်တွေကိုတော့ ယနေ့ထက်တိုင် အသိမှတ်ပြုလေးစားနေဆဲပါ။



နောက်တစ်ဦးကတော့လက်ရှိမအူပင်ထောင်မှာအကျဉ်းကျခံနေရဆဲတချိန်ကမြေလတ်ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ကိုသန်းနိုင်ပါ။ သူနဲ့ကျနော်နဲ့က ၈၈ အရေးတော်ပုံအပြီးမှာ မြေလတ်ကျောင်းသားလူငယ်များညီညွတ်ရေးတပ်ပေါင်းစု(မကညတ)ကိုကိုယ်စားပြုပြီးနိုင်ငံရေးလှုတ်ရှားမူ့များကိုဆောင်ရွက်ခဲ့ဘူးပါတယ်။ အထက်ဗမာပြည်ကျောင်းသားညီလာခံ ၊ မြေလတ်ကျောင်းသားညီလာခံတို့ကစလို့ ရန်ကုန်မှာနိုင်ငံရေးလှုတ်ရှားမူ့များကို ဆိုးတူကောင်းဘက် အငတ်ခံ လှုတ်ရှားခဲ့ဘူးပါတယ်။ သူက တောင်တွင်းကြီးသားပါ ၊ မကွေးကောလိပ်မှာကျောင်းတက်ခဲ့ပါတယ်။ တခါ ထောင်ထဲမှာရောက်တော့လည်း သရက်ထောင်မှာအတူပြန်ဆုံရပြန်ပါတယ်။ သူနဲ့ပတ်သက်လို့မမေ့နိုင်တဲ့ အနိဌာရုံတွေရှိခဲ့ဘူးပါတယ်။ တနေ့ မနက်စောစော ကျနော်က သရက်ထောင် နှစ်တိုက် ထဲမှာ ရှိနေစဉ်ကာလ သူက ဆေးရုံဆောင်လို့ခေါ်တဲ့ နေရာမှာရှိပါတယ်။

အဲဒီနေ့က ဆေးရုံဆောင်မှာ နိုင်ငံရေးအခမ်းနားကျင်းပလို့ဆိုပြီး ထောင်အာဏာပိုင်များက ကိုသန်းနိုင် အပါဝင် ၆ ယောက် ၇ ယောက်လောက်ရှိမယ်ထင်တယ် သူတို့ကို ကျနော်တို့ နှစ်တိုက်ထဲ ထဲ့လိုက်ပါတယ်၊သူတို့ရောက်မလာခင်တိုက်ထဲမှာရှိတဲ့သူတွေအားလုံးကိုတိုက်ရဲ့အ၀င်ပေါက်ကိုကျောပေးပြီးထိုင်ခိုင်းတယ် အဲဒီအချိန်ထိ ကျနော်တို့လည်း ဘာမှန်းမသိသေးဘူး ဒါပေမဲ့ အားလုံးရဲ့စိတ်ထဲကတော့ ပြစ်ဒဏ်တိုက်သွင်းတော့မယ်ဆိုတာ သိနေကြတယ် ၊ နောက် အားလုံးကို ပုံစံတွေပေးသံ ၊ ဆဲဆိုးသံတွေ အဆုံးမတော့ နံပါတ်တုတ်တွေနဲ့ တအုံးအုံးရိုက်သံတွေထွက်လာပါတော့တယ်…အဲဒီမှာ ကျနော်တို့က အသံတွေကို ကျက်မိတယ် ၊ အော်ဟစ်သံ ၊ ငြီးတွားသံ ၊ ပြန်လည်ပြောဆိုသံ ၀န်ထမ်းတွေရဲ့ဆဲဆိုသံ စောင့်ကန်သံတွေကြားမှာ ကိုသန်းနိုင်ရဲ့စကားလုံးမပါပဲနာကျဉ်းဟစ်အော်လိုက်တဲ့ “ ဟား….”ဆိုတဲ့ ရင်ခေါင်းအသံကြီးဟာ ငြိမ်သက်နေတဲ့ ထောင်ကို ဖောက်ခွဲထွက်သွားတယ်….၀န်ထမ်းတွေက သူ့ပါးစပ်ကိုပိတ်လိုက်ပုံရတယ်…နောက်တော့ ၀ူးဝါး ၀ူးဝါး ဆိုပါးစပ်ကို ရုန်းနေသံတွေ…အားလုံးဟာ ….ဘယ်လိုမှ မခံစားနိုင်တဲ့ အနိဌာရုံတွေပါ။ ရိုက်ပြီးတာနဲ့ သူတို့ကို သံခြေကျင်းတွေခြေထောက်မှာခပ်ပါတယ် တခါ ဒေါက်လို့ခေါ်တဲ့တတောင်သာသာလောက်ရှိမဲ့သံချောင်းနဲ့ကန့်လန့်တတ်ထားတယ်။တော်တော်နေရထိုင်ရခက်တဲ့အနေထားပါ။အဆုံးမတော့ တိုက်ခန်းထဲကို နှစ်ယောက်တတွဲ ထဲ့ထားလိုက်တယ်။ မိလ္လာချခွင့်၊ရေချိုးခွင့်မပေးဘူး

တပါတ်ကျော်ကျော်လောက်ကြာမယ်ထင်တယ် အဲဒီအခါကြမှ သူတို့ကို အညစ်အကြေးချခွင့် ရေချိုးခွင့်တွေပေးပါတယ် ၊ ဒါပေမဲ့လည်း ခြေထောက်မှာ သံခြေကျင်းနဲ့အတူ ကန့်လန့်တတ်ထားတဲ့ ဒေါက်က ရှိနေသေးတော့ လမ်းလျှောက်ရတာမှာ တော်တော်ခက်ခက်ခဲခဲ လျှောက်ရတာပါ၊

ဒီလိုနဲ့ထောင်ထဲမှာအတူနေကြရင်းလွတ်မြောက်သွားပြီးကွဲသွားလိုက်တာ..ကျနော်နောက်ဆုံးအကြိမ် ထောင်ထဲကလွတ်လာမှပြန်ဆုံဖြစ်တော့တယ်…၊သူကျနော့်ဇာတိမြို့ကိုရောက်လာတယ်နိုင်ငံရေးလှုတ်ရှားမူ့တွေကို မပြတ်တမ်းလုပ်နေဆဲပဲ စိတ်ဓါတ်ကတော့ မာကျောလျှက်ပဲ ထူးခြားသွားတာက တခေါင်းလုံးနီးပါး ဆံပင်တွေဖြူကုန်ပြီ ၊ စီးပွားရေးအဆင်မပြေတဲ့ အိမ်ထောင်ကိုဦးစီးနေရတယ်။ ကျနော်လည်း အဲဒီအချိန်က ထောင်ထဲကသာလွတ်လာတာသိပ်တော့ကျောမလုံလှဘူးသူ့ကိုလည်းသတိပေးတယ်။ကျနော်ကတော့ဆုံးဖြတ် ပြီးပြီ နောက်တခါဆိုရင်တော့ အဖမ်းမခံနိုင်တော့ဘူး လစ်မယ် ဒါကိုအတိအလင်းပြောထားလိုက်တယ်။ ကျနော် ထိုင်းနိုင်ငံဘက်ထွက်မလာခင်မှာသူကမဖြူဖြူသင်းတို့နဲ့ပေါင်းပြီးအေအိုင်ဒီအက်စ်ကိစ္စတွေအစွမ်းကုန်လိုက် ဆောင်ရွက်နေတာကိုသိရတယ်နောက်တော့ကိုမင်းကိုနိုင်တို့လှုတ်ရှားမူ့ဓါတ်ပုံတွေထဲမှာသူ့ကိုမကြာမကြာတွေ့ နေရတယ်။ရွှေဝါရောင်လှုတ်ရှားမူ့အလွန်မှာတော့သူနောက်ထပ်ထောင်ကျသွားတယ်ဆိုတာကိုကြားလိုက်ရတယ်

၈၈ အရေးတော်ပုံကစလို့သူ့ဘ၀တခုလုံးဟာနိုင်ငံရေးထဲမှာပဲရှိတယ်အကျဉ်းထောင်ထဲမှာနှစ်ရှည်လများ ၊ စစ်ကြောရေးစခမ်းတွေထဲမှာ ပြင်းထံတဲ့နှိပ်စက်မူ့ဒဏ်တွေကို အခုထိခံနေရဆဲပါပဲ။

သူတို့တတွေကိုပေးအပ်ခဲ့တဲ့ “ အညတြ သူရဲကောင်းဆု” ဟာ သိပ်ကိုထိုက်တန်ပါတယ်။ ကျနော် သူတို့အတွက် ၀မ်းမြောက်တယ် ၊ သူတို့လိုပဲ ထောင်ထဲမှာ ၈၈ အရေးတော်ပုံကြီးကနေ ယနေ့အထိ နှစ်ပေါင်း ၂၃ နှစ်တောင်ရှိပြီ အသက်ရှင်နေသေးတဲ့ သံလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုသန်းဇော် ၊ သာယာဝတီ သုံးဆယ်ကသပိတ်ခေါင်းဆောင်ကိုဂျော်လီထွန်းဆိုလည်းပေးဆပ်နေရတဲ့အချိန်ကာလတွေဟာကြောက်စရာ ကောင်းလောက်အောင်လွန်နေပါပြီ ၊ ထောင်ထဲမှာ တရက် တရက်ဖြတ်ဘို့တောင်မလွယ်လှတဲ့ ကာလများမှာ နှစ်ပေါင်း ၂၃ နှစ်နေ နေရတယ်ဆိုတာ သိပ်ရက်စက်လွန်းလှပါတယ်။

သူတို့တတွေဟာလူသိနည်းတဲ့အညတြသူရဲကောင်းစစ်စစ်တွေပါ၊သူတို့ဘ၀တွေသူတို့ယုံကြည်ချက်တွေကိုလူထုလွတ်မြောက်ရေးအတွက်အစတေးခံနေသူတွေပါ၊မြန်မာနှစ်ကူးအချိန်အခါသမယမှာနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်လာမယ်ဆိုရင် မင်္ဂလာအပေါင်းနဲ့ စတင်ပြည့်စုံစေပါလိမ့်မယ်။ အဲသလိုမဟုတ်ပဲ….“ မင်းတို့ရှိလို့ဘာအကျိုးအမြတ်မှမဖြစ်ထွန်းဘူး..မင်းတို့ကိုရှင်းပစ်ဘို့လည်းငါတို့မှာ ဘာမှဆုံးရှုံးမသွားဘူးဆိုတဲ့ ” ခမာနီခေါင်းဆောင်ဟောင်း ပိုပေါ့ ရဲ့လမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေဦးမယ်ဆိုရင်တော့ ပိုပေါ့လိုပဲ ဘ၀နိဂုံး ဇတ်သိမ်းမလှနဲ့ သွားရနိုင်တယ်ဆိုတာကို ပြောကြားရင်း………၊



အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */