“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, April 30, 2011

အစိုးရသစ်လက်ထက် သတင်းလွတ်လပ်ခွင့် မျှော်လင့်ချက်မရှိ

ဧရာဝတီ Friday, 29 April 2011 11:51
မြန်မာအစိုးရသစ် စတင် အာဏာရယူလာသည်မှာ ၁ လနီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်မရရှိသေးဘဲ အစိုးရသစ်ကို တိုက်တွန်းဝေဖန် ထောက်ပြသော သတင်းများ၊ အစိုးရ၀န်ထမ်း လာဘ်ပေးလာဘ်ယူ သတင်းများ အပါအ၀င် သတင်းအများစုကို ဖြုတ်ပယ်မှုများ ရှိနေသေးကြောင်း သတင်းရရှိသည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများတွင် ဒီမိုကရေစီ အစိုးရအတွက် စတုတ္ထမဏ္ဍိုင်ဟုခေါ်သော သတင်း မီဒီယာများ၏ ကဏ္ဍ အရေးကြီးကြောင်း ထည့်သွင်းပြောဆိုခဲ့သော်လည်း ယခုအချိန်အထိ သတင်းလွတ်လပ်ခွင့် မပေးဘဲ ပိတ်ပင်မှုများ ဆက်လက်
ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

“အရင်ထက် စာရင်တော့ စိစစ်ရေးက သတင်းတွေ လွှတ်ပေးတာရှိပါတယ်။ ဒါပေမယ့် သတင်းမီဒီယာတွေ အဓိက လုပ်ရမယ့် အစိုးရ၀န်ထမ်း လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲသင့်တဲ့ အကြောင်းတွေကိုတော့ အခုအချိန်အထိ
ဖော်ပြခွင့်မပေးသေးဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုး လှုပ်ရှားမှုသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အပြုသဘော ကြိုဆိုသည်ဆိုသော သတင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့်ပေးရန် နိုင်ငံရေးအင်အားစုများက တောင်းဆိုသည့် သတင်း စသည်ဖြင့်ဖော်ပြနိုင်ရန် သတင်းဂျာနယ်တချို့က စာပေစိစစ်ရေးကို တင်ပြကြကြောင်း၊ သို့ရာတွင် စာပေစိစစ်ရေးက ယင်းသတင်းများအား လုံးဝ ဖော်ပြခွင့်မပေးဘဲ ဖြုတ်ပယ်ခဲ့ကြောင်း သိရှိရသည်။

“နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပတ်သက်လို့ ပြည်တွင်း မီဒီယာတွေကို ကျယ်ကျယ်လောင်လောင် ပြောလာတယ်။ စာပေစိစစ်ရေးက အဲဒီ သတင်းတွေမှန်သမျှကို လုံးဝပယ်ချတယ်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုသတင်းတွေလည်း ဖော်ပြခွင့်မရဘူး။ ဒါက သတင်း လွတ်လပ်ခွင့် မရသေးဘူးဆိုတာ ထင်ထင်ရှားရှား ပြနေပါတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာဦးက ဆိုသည်။

ယခုတပတ်ထုတ် သတင်းဂျာနယ်များတွင် နာရေးကူညီမှုအသင်း ၁၀ နှစ်ပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် ဓာတ်ပုံများကို ဂျာနယ် အတွင်းစာမျက်နှာများတွင် ဖော်ပြခွင့် ပြုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က နာရေးကူညီမှုအသင်းသို့ အမေရိကန်ဒေါ်လာ ၁ သောင်းခွဲ လှူဒါန်းသည့် သတင်းနှင့် NLD မှ ဦးဝင်းတင်က ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ နာရေးကူညီမှုအသင်း ၁၀ နှစ်ပြည့် အခမ်းအနား တက်ရောက်သည်ဆိုသော သတင်းများကိုမူ စာပေ စိစစ်ရေးက ဂျာနယ်အများစုတွင် ဖြုတ်ပယ်ခဲ့သည်။

သို့ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဝင် ဒေါက်တာတင်ထွန်းဦး အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူသော Myanmar Times ဂျာနယ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအောက်၌ ပုံစာအဖြစ် ငွေလှူသည့် အကြောင်းကို ဖော်ပြခွင့် ပြုထားသည်။

အစိုးရ ၀န်ထမ်းများအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ သတင်းများလည်း ဖော်ပြခွင့် မရကြောင်း ဂျာနယ်အသိုင်းအဝန်းက ပြောသည်။

“မှတ်ပုံတင်လုပ်ဖို့ လ၀က ကို ပိုက်ဆံပေးရတာ၊ ရန်ကုန်လေဆိပ်မှာ ပြန်လာတဲ့ အလုပ်သမားတွေကို ပိုက်ဆံ တောင်းနေတာ၊ ဆေးရုံတွေမှာ ပိုက်ဆံပေးမှ ခွဲစိတ်ပေးတာ အဲဒီလို သတင်းမျိုးတွေက လူထုကြားထဲက တက်လာတဲ့ သတင်းတွေပါ။ ဒါပေ မယ့် စာပေစိစစ်ရေးက ဒါမျိုးတွေကို ဖော်ပြခွင့်မပေးသေးဘူး။ ဒီသတင်းတွေက တကယ့်ကို လူထုအကျိုးပြု သတင်းတွေ ဖြစ်တဲ့အတွက် ဖော်ပြခွင့်ပေးသင့်ပါတယ်”ဟု သတင်းအယ်ဒီတာ တဦးက ဆိုသည်။

မကြာသေးမီကလည်း သာသနာရေး ဝန်ကြီးဌာနမှ သတင်းများ ပြည်ပမီဒီယာများသို့ ပေါက်ကြားမှုကြောင့် ဝန်ထမ်းများအား ခေါ်ယူစစ်မေးခြင်း၊ နယ်ပြောင်းအရေးယူခြင်းတို့ ပြုခဲ့သည်။

သတင်းဂျာနယ် အများစုက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရရှိရန် မျှော်လင့် နေကြသော်လည်း ယခုအချိန်အထိ အစိုးရက တရားဝင် ခွင့်ပြုချက် မပေးသေးဘဲ စစ်တပ် ကျောထောက်နောက်ခံပေးထားသော မြ၀တီသတင်းစာ တစောင်ကိုသာ ထုတ်ဝေခွင့် ပေးခဲ့ခြင်းက မမျှတသော လုပ်ရပ်ဖြစ်ကြောင်း သတင်းဂျာနယ် အသိုင်းအ၀န်းက ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဟောင်း ဦးတင့်ဆွေကမူ သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များမှအပ အားကစား၊ နည်းပညာ၊ ဖျော်ဖြေရေး၊ သုတ၊ ရသ၊ ကလေးစာပေ အပါအ၀င် စာပေ အမျိုးအစား ၆ မျိုးကို စာပေစိစစ်ရေး တင်ရန် မလိုဘဲ ထုတ်ဝေခွင့်ပေးမည်ဟု ပြောဆိုခဲ့သည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */