Sunday, 10 April 2011 01:44 မောက္ခ ကျန်းမာရေးသတင်း
နှလုံးခွဲစိတ်ကု ဒေါက်တာ ဒါဗီရှဲတ်တီက အသပြာ သမားတော် မဟုတ်။ အိန္ဒိယ ကျန်းမာရေး ကုသစောင့်ရှောက်မှု လုပ်ငန်း များကို တော်လှန်ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက် ကြီးကြီးဖြင့် ဆောင်ရွက်နေသူ ဖြစ်သည်။
လူဦးရေ ၁ ဒသမ ၂ ဘီလီယံ ရှိ အိန္ဒိယတွင် အရည်အသွေးမီ အထူးကု ဆေးခန်းတွေနား ကပ်နိုင်သူက လူနည်းစု သေးဖွဲဖွဲလေးသာ ဖြစ်သည်။ အစိုးရ ဆေးရုံတွေကျတော့ ညစ်ပတ်သည်။ ဆက်ဆံရေး ညံ့ဖျင်းသည်။ လာဘ်စားလွန်းသည်။ တာဝန်ယူမှု မရှိ။ ပစ္စည်းကိရိယာနဲ့ ဆေးဝါးက မပြည့်စုံ။ အနံ့ဆိုးက မျိုးစုံ။
အခု ဒေါက်တာ ရှဲတ်တီက နှလုံးခွဲစိတ်မှုကို အောက်ခြေလူထုတွေ တတ်နိုင်အောင် ကုသခနှုန်း လျှော့ချပစ်လိုက်သည်။ နှလုံးခွဲစိတ်မှုက လူကုံထံများအတွက် သီးသန့် မဖြစ်စေရ။ အောက်ခြေလူထု အားလုံး လက်လှမ်းမှီနိုင်အောင် စတင် တော်လှန်ပြောင်းလဲ ပစ်ရမည်ဟု ဆိုသည်။
ရှဲတ်တီက မာသာထရီဆာရဲ့ သမားတော်ဖြစ်ပြီး သူမဆီမှာ အလုပ် လုပ်ခဲ့ဖူးသည်။ ယခု ဘန်ဂလိုမြို့မှာ ကုတင် ၁၀၀၀ ဆန့် အဆင့်မြင့် ဆေးရုံ ကိုယ်ပိုင်ဖွင့်ထားသည်။ ဘန်ဂလိုမြို့ကြီးနဲ့ အိန္ဒိယ အခြားမြို့ကြီးတွေမှာ ငွေတောင်း ကြမ်းလွန်းလှတဲ့ အထူးကု ဆေးခန်းတွေ မှိုလိုပေါက်နေသည်။ လူနာတွေထံက ဓါးပြတိုက်သလို ငွေကြေး ပက်ပက်စက်စက် တောင်းယူပြီး ချမ်းသာနေတဲ့ ဆရာဝန်တွေ၊ ဆေးခန်း ထောင်စားသူတွေ ရှိနေကြသည်။
သမားတော်ကြီး ရှဲတ်တီက နှလုံးခွဲစိတ်ခကို ဒေါ်လာ ၂၀၀၀ အထိ စ လျှော့ချခဲ့သည်။ ဒီနှုန်းက မည်သည့်နိုင်ငံနှင့် ယှဉ်ယှဉ် အများကြီး သက်သာနေသည်။ အမေရိကမှာ နှလုံးခွဲစိတ်ဖို့ ဒေါ်လာ တစ်သိန်းကျော် ကုန်ကျမည် ဖြစ်သည်။ ဒေါက်တာ ရှဲတ်တီရဲ့ ဆေးရုံမှာ ခွဲစိတ်ခအတွက် လုံးကနဲ ပေးစရာမလို၊ အရစ်ကျ ပေးသွားလို့ ရသည်။ လုံးဝကို မတတ်နိုင်သူများအတွက် ရန်ပုံငွေ ထူထောင်ထားသည်။ ပျမ်းမျှ ခွဲစိတ်ခနှုန်း ဒေါ်လာ ၈၀၀ အထိ ချသွားဖို့ ဆောင်ရွက်နေသည်။
ရှဲတ်တီ က “နှလုံးခွဲစိတ်မှု ပညာပေါ်ပေါက်ပြီး နှစ် ၁၀၀ အတွင်းမှာ ကမ္ဘာ့ လူဦးရေရဲ့ ၈ ရာခိုင်နှုန်းအောက်သာ ခွဲစိတ်ကုသဖို့ တတ်နိုင်ကြပါတယ်။ နှလုံးခွဲစိတ်မှုဆိုတာ သူဌေးတွေအတွက် ဖြစ်နေတယ်။ ဒါဟာ ရယ်စရာကောင်းတဲ့ ဆေးပညာ ဖြစ်နေတယ်။ တစ်ခုခု လုပ်ဖို့ လိုနေပြီ။ လုပ်နည်းကတော့ ဘာမှ မဟုတ်ဘူး၊ ခွဲစိတ်ခ လျှော့ချပစ်ဖို့ပဲ။ ကမ္ဘာပေါ်က ဆေးရုံ ဆေးခန်းတိုင်းမှာ တစ်နေ့ကို လူနာ နှစ်ယောက်၊ သုံးယောက်ပဲ နှလုံးခွဲစိတ်တယ်။ ကျနော်တို့ ဆေးရုံက တစ်နေ့ကို ၃၅ ယောက် ခွဲစိတ် ကုသပါတယ်။ အော်ပရေးရှင်း များများလုပ်လေ ရလဒ်တွေ ပိုကောင်းလာလေပါပဲ” ဟု သတင်းဌာနများကို ရှင်းပြခဲ့သည်။
အထူးကု ဆေးခန်းဆိုတာ အိန္ဒိမှာ ပင်လယ်ပြင်ထဲ ရေတစ်စက် ချပေးသလို ဖြစ်သည်။ သန်းထောင်ချီတဲ့ အိန္ဒိယလူထုက အထူးကု ဆေးခန်းနဲ့ သမားတော်တွေနား မကပ်နိုင်။ မြို့ကြီးတွေက အဲယားကွန်းတပ် ဆေးခန်းများမှာ အိန္ဒိယ သူဌေးများနဲ့ နိုင်ငံခြားမှ ဆေးလာကုတဲ့ တိုးရစ်များအတွက်သာ ဖြစ်နေသည်။
အိန္ဒိယ ကျန်းမာရေး လုပ်ငန်းရဲ့ ၈၀ ရာခိုင်နှုန်းက ပုဂ္ဂလိကလုပ်ငန်းများ ဖြစ်သည်။ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေနား သီနိုင်သည်။ အထူးကု ဆေးခန်းသွားဖို့ မပြောနဲ့၊ အစိုးရ ဆေးရုံ တစ်ရက် တက်ရင် လူတစ်ယောက် တစ်လစာ ပြုတ်သွားမည်။ ဆေးရုံတက်နိုင်သူနဲ့ မတက်နိုင်သူကြား ချောက်ကမ်းပါးကြီးလို ကွာဟနေသည်။
အိန္ဒိယ အစိုးရ ကျန်းမာရေး အသုံးစရိတ်က ကမ္ဘာ့ အနည်းဆုံး နိုင်ငံတွေထဲပါပြီး၊ ဂျီဒီပီရဲ့ ၁ ရာခိုင်နှုန်းသာ ရှိသည်။ မန်မိုဟန်ဆင်း အစိုးရက ၃ ရာခိုင်နှုန်းအထိ သုံးမယ်လို့ ပြောနေတာ ကြာပြီ။ ခုထိ အထမမြောက်။ ဒေါက်တာ ရှဲတ်တီ က ပြည်သူ့ကျန်းမာရေး လုပ်ငန်းအတွက် ဗြိတိန်အစိုးရလို ဂျီဒီပီရဲ့ ၇ ရာခိုင်နှုန်းသုံးစွဲဖို့ အစိုးရကို တိုက်တွန်းနေသည်။
ဒေါက်တာ ရှဲတ်တီက လူတွေ ဆဲလ်ဖုန်း ကိုင်နိုင်သလို ကျန်းမာရေး စောင့်ရှောက်မှုအတွက် တတ်နိုင်ကြရမည်ဟု ပြောသည်။ သူ့ဆေးခန်းမှာ ခွဲစိတ်ကုသနေသူတွေရဲ့ ၄၀ ရာခိုင်နှုန်းမှာ အရစ်ကျ ပေးသွင်းစနစ်ဖြင့် ကုသနေသူများ ဖြစ်သည်။
မောက္ခ ကျန်းမာရေးသတင်း Source: CNNRest of your post
Monday, April 11, 2011
ဒေါ်လာ ၈၀၀ နှင့် နှလုံးခွဲစိတ်ပေးမယ့် အိန္ဒိယ သမားတော်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment