“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 22, 2011

သတင်းစုံ (ပေးပို့ သူ - ဗမာသွေး ) ၂၂-၀၄-၂၀၁၁

လစ်ဗျားမှာ မောင်းသူမဲ့ တိုက်လေယာဉ် အသုံးပြုဖို့ အိုဘားမားခွင့်ပြု

ကြာသပတေး, 21 ဧပြီ 2011

လစ်ဗျားနိုင်ငံအတွက် တိုက်ခိုက်နေမှုတွေမှာ မောင်းသူမဲ့လေယာဉ်နဲ့ ပစ်ခတ်ခွင့်ကို အမေရိကန်သမ္မတ ဘရက်အိုဘားမားက အတည်ပြုပေးခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ နေတိုးဦးဆောင်ပြီး လစ်ဗျားအတွက် တိုက်ခိုက်နေမှုတွေမှာ သုံးဖို့ အမေရိကန်နိုင်ငံရဲ့ အစွမ်းထက်တဲ့ စစ်သုံး မောင်းသူမဲ့ လေယာဉ်တွေကို ပေးအပ်နိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် က ကြာသပတေးနေ့မှာ ပြောပါတယ်။

လစ်ဗျားခေါင်းဆာင် မိုမာကဒါဖီဟာ သူ့ကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို ချေမုန်းဖို့အတွက် ကလက်စတာ ဗုံးလို့ခေါ်တဲ့ ဆင့်ကဲပေါက်ကွဲစေတဲ့ ဗုံးမျိုး သုံးနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ကြာသပတေးနေ့ အစောပိုင်းမှာ ပြောကြားလိုက်ပါတယ်။

တချိန်တည်းမှာပဲ လစ်ဗျားနိုင်ငံ အနောက်ပိုင်း တူနီးရှားနယ်စပ်က ထရစ်ပိုလီနဲ့ မိုင် ၁၄၀ အကွာမှာရှိတဲ့ ဝေးလှံတဲ့ နယ်စပ်ဂိတ်တွေကို အတိုက်အခံ လက်နက်ကိုင်တွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လစ်ဗျား တပ်မှူးကြီးတဦးနဲ့ ဗိုလ်မှူးကြီးတဦး အပါအ၀င် လစ်ဗျားစစ်သား ၁၃ ဦးဟာ တူနီးရှားနယ်စပ် ဖြတ်ကျော်လာတုန်းမှာပဲ အဖမ်းခံခဲ့ရတယ်လို့ တူနီးရှားအစိုးရရဲ့ TAP သတင်းမှာ ဖော်ပြပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီရဲ့ သစ္စာခံတပ်တွေထဲက စစ်သား ၁၀၀ လောက် တူနီးရှားဘက်ကို ထွက်ပြေးပြီး လက်နက်ချခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လစ်ဗျား ထရစ်ပိုလီကြားက ပင်မနယ်စပ်ဂိတ်ကိုတော့ လစ်ဗျားအစိုရ တပ်တွေက ထိန်းချုပ်ထားပါတယ်။

တချိန်တည်းမှာပဲ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ မစ်ရာတာ မြို့မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

ရွှေတိဂုံ လုံခြုံရေး တင်းကျပ်

By မအေးအေးမာ ကြာသပတေး, 21 ဧပြီ 2011

ရန်ကုန်မြို့က ရွှေတိဂုံဘုရားအပေါ်မှာ မိုင်းသတိရှိပါ ဆိုတဲ့ စာတွေကို နေရာအတော်များများမှာ ကပ်ထားပြီး အာဏာပိုင်တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေက ဘုရားဖူးလာသူတွေကို မိုင်းရှာတဲ့သူတွေရဲ့ ၀င်ပေါက်တွေကနေ ၀င်ခိုင်းနေသလို စစ်ဆေးမှုတွေကိုလည်း တင်းတင်းကျပ်ကျပ် လုပ်နေတာကြောင့် ဘုရားဖူးတွေ စိတ် အနှောက်အယှက် ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို စုံစမ်းထားတဲ့ မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ကမ္ဘာလှည့်ခရီးသွားများ အပါအ၀င်နယ်မြို့တွေက လာရောက် ဖူးမျှော်လေ့ရှိတဲ့ မြန်မာပြည်က ထင်ရှားတဲ့ ရွှေတိဂုံစေတီတော်ကြီးမှာ မိုင်းသတိပေးရေး စာတမ်းတွေ ကပ်ထားပြီး ဒီရက်ပိုင်းအတွင်း မိုင်းရှာဖွေရေးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ ဘုရားဖူးလာသူတွေက ပြောပြပါတယ်။

“ကျနော်က အရှေ့ဘက်မုဂ်ကနေ တက်သွားတာလေ။ အလယ်ပစ္စယံမှာ စပြီးတော့ မိုင်းရှာဖွေတဲ့ဝင်ပေါက်ကို သွားတွေ့တယ်။ အဲဒီမှာ လုံခြုံရေးတွေလည်း ရှိတယ်။ အဲဒီကနေ၀င်သွားချိန်မှာ အိတ်တွေဘာတွေကို ရှာတာ ပေါ့။ မိုင်းအသိ၊ မိုင်းသတိရှိပါ ဆိုတာတွေလည်း ကပ်ထားတာတွေ့တယ်။ ဘုရားပေါ်မှာတော့ ၈နေရာ လောက်ရှိတယ်။ ဘုရားထောင့်တွေမှာ စာကပ်ထားတာတွေ တွေ့တယ်။ လုံခြုံရေးတချို့လည်း အဲဒီမှာ ချထားတယ်လေ။ အရန်မီးသတ်တွေလည်း ပါတယ်။”

ဘုရားဖူးလာသူတွေဟာ စစ်ဆေးမေးမြန်းမှု၊ ရှာဖွေမှုတွေကြောင့် စိတ်အနှောက်အယှက်တွေ ဖြစ်ရတယ် လို့လည်း ဆိုပါတယ်။

“စိတ်အနှောက်အယှက်တော့ ဖြစ်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဘုရားလာတာက ဘုရားရှိခိုးဖို့၊ ဘုရားမှာ ကောင်းမှုကုသိုလ်လုပ်ဖို့ လာတာပဲဗျာ။ အဲဒီမှာ ဒီလူတွေကို ရှာတာဖွေတာ ဆိုတဲ့အခါကျတော့ ကိုယ်သွားတဲ့နေရာနဲ့ သူတို့ရဲ့ ဆက်ဆံပုံနဲ့က တခြားစီ ဖြစ်သွားတယ်လေ။ တခြား လူစည်ကားတဲ့နေရာတွေဆို ထားပေါ့ဗျာ။ ဘုရားပေါ်မှာတော့ ဒါကြီးက မသင့်လျော်ဘူးပေါ့။ စိတ်အနှောက်အယှက်လည်း ဖြစ်တာပေါ့။ ဘယ်လိုလူတွေမှလဲ ဒီလိုမျိုး လာလုပ်ကြမှာမဟုတ်ဘူးလေ။ ဘုရားပေါ်ရောက်ပြီးမှ မိုင်းအသိ၊ မိုင်းသတိရှိပါဆိုတာနဲ့ လုံခြုံရေးတွေလည်း ရှိနေတော့ ဘုရားရှိခိုးချင် စိတ် တောင် သိပ်မရှိတော့ဘူး။ အဲဒါနဲ့ပဲ လှည့်ပြီးတော့ ထပြန်လာလိုက်တယ်။ စိတ်အနှောက်အယှက်ဖြစ်စရာ တော်တော် ကောင်းပါတယ်။ နောက်တခုက ဘာရေးထားလဲဆိုတော့ လုံခြုံရေးအရ တာဝန်အရ ရှာဖွေတာကို ကြည်ဖြူစွာလက်ခံပါ ဆိုတာကို ရေးထားတာဆိုတော့ အသိပဲပေးသလိုလို၊ သတိပဲပေးသလိုလို ဖြစ်တာပေါ့ဗျာ။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလအတွင်းလူ ၁၀ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာ ရရှိ ခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း ဒီနှစ်မှာ သင်္ကြန် ရေကစားမဏ္ဍပ်တွေမှာ ဗုံးရှာကိရိယာ တပ်ဆင်တာ၊ စီစီတီဗွီကင်မရာတွေ တပ်ဆင်တာတွေကို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလထဲမှာပဲ အင်းစိန်မြို့နယ်ထဲမှာ ရခိုင်အမျိုးသားတဦးထံကနေ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် လူ ၈ဦး ဒဏ်ရာရရှိသွားပါတယ်။ အဲဒီနောက် ရခိုင်လူမျိုးတွေကို ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ဧပြီလ ၃ရက် နေ့ကပဲ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ထဲမှာ လက်လုပ် ချိန်ကိုက်ဗုံး တလုံးကို တာဝန်ရှိသူတွေ က ဖယ်ရှားနိုင်ခဲ့ကြောင်း အစိုးရထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ပုဇွန်တောင် ဈေးမှာ အထုပ်တထုပ် တွေ့တယ်ဆိုပြီး ဗုံးလန့်ပြီး လမ်းတွေပိတ် စစ်ဆေးတာတွေလည်း လုပ်ခဲ့ပါတယ်။

ပေါက်ကွဲမူတွေဖြစ်တိုင်း အတိုက်အခံ ဒီမိုကရေစီရေး လုပ်ဆောင်နေသူတွေကို အာဏာပိုင်တွေက စွပ်စွဲလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်ထဲမှာမှာ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းမှာတော့ ဗုံးပေါက်ကွဲမှုတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပေါက်ကွဲမှုတွေဟာ မကြာခဏ ဖြစ်လေ့ရှိပြီး ရန်ကုန်မြို့ထဲမှာပဲ ပေါက်ကွဲမူတွေဟာ ဒီနှစ်ဆန်း ပိုင်းတွေမှာ ဖြစ်ခဲ့တာကြောင့် အထူးတင်းကျပ် စစ်ဆေးမှုတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။ ကားဂိတ်တိုင်းမှာ ဗုံးရှာဖွေရေးတွေကို လုပ်လာရုံသာမက အခုအခါမှာ ဘုရားပေါ်ပါမကျန် ဗုံးရှာဖွေမှုတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။


ဆီးရီးယား အရေးပေါ်အမိန့် ရုပ်သိမ်းပြီ

ကြာသပတေး, 21 ဧပြီ 2011

ဆီးရီးယားနိုင်ငံမှာ နှစ်ပေါင်း ၅၀ လောက် ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို ကြာသပတေးနေ့မှာ ရုပ်သိမ်းတဲ့ ဥပဒေတရပ်ကို ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် က အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယားအလယ်ပိုင်းဟာ ဟုမ်းစ် မြို့မှာ လုံခြုံရေးတပ်သားတွေကို တိုးပြီးချထားပါတယ်။

အရေးပေါ်ဥပဒေ ရုပ်သိမ်းကြောင်း မစ္စတာ အာဆဒ် လက်မှတ်ရေးထိုးပြီး အင်္ဂါနေ့က အစိုးရအဖွဲ့ကို ပေးအပ်ခဲ့တယ်လို့ ဆီးရီးယားအစိုးရ သတင်းမှာ ဖော်ပြပါတယ်။ အခုလို အရေးပေါ်ဥပဒေ ရုပ်သိမ်းလိုက်ပေမဲ့ နိုင်ငံမတည်ငြိမ်အောင် လုပ်နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီအရေးပေါ်ဥပဒေထဲမှာ ဆန္ဒပြမှုတွေကို ပိတ်ပင်ထားသလို လူထုဆက်သွယ်မှုတွေကို အစိုးရက လျှို့ဝှက် နားထောင်ခွင့်ရှိပြီး သတင်းမီဒီယာကိုလည်း ထိန်းချုပ်ထားပါတယ်။ ဒီကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ အတွက် ဆီးရီးယားနိုင်ငံတ၀ှမ်း ဆန္ဒပြသူတွေက အဓိကထား တောင်းဆိုခဲ့ကြတာပါ။

နိုင်ငံတ၀ှမ်း သောကြာနေ့မှာ အစိုးရကို ဆန္ဒပြဖို့စီစဉ်ထားကြပြီး ဟုမ်းစ်မြို့မှာ ကြာသပတေးနေ့ကတည်းက စစ်သားတွေ အရပ်ဝတ်လုံခြုံရေး တပ်သားတွေ စပြီးနေရာယူထားကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အင်္ဂါနေ့က ဟုမ်းစ်မြို့ ဆန္ဒပြပွဲတွေမှာ လုံခြုံရေးတပ်သားတွေက ပစ်ခတ်ခဲ့လို့ ထိုင်သပိတ်မှောက် ဆန္ဒပြသူ အများအပြား သေဆုံးခဲ့ရသလို တနင်္ဂနွေနေ့ကတော့ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။


တရုတ် ရေကာတာစီမံကိန်း ပွင့်လင်းမြင်သာမှုမရှိ

By ကိုသားညွှန့်ဦး ဗုဒ္ဓဟူး, 20 ဧပြီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

Digg
Facebook
StumbleUpon
Yahoo! Buzz
del.icio.us

တရုတ်နိုင်ငံဟာ သူ့နိုင်ငံတွင်းမှာရော အိမ်နီးချင်း ပြည်ပမှာပါ ရေအားလျှပ်စစ် စွမ်းအင်အစီအစဉ်တွေ တိုးချဲ့ဆောင်ရွက် နေတာကြောင့် ဒီလို ဆောင်ရွက်မှုတွေမှာ ပိုပြီး ပွင့်လင်းမြင်သာဖို့ လိုလိမ့်မယ်လို့
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဟိမ၀န္တာဒေသကနေ မြစ်ဖျားခံလာတဲ့ မြစ်ချောင်းတွေအပေါ် တရုတ်က ရေလှောင်တမံတွေ တည်ဆောက်နေတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိလာနေတဲ့အချိန်မှာပဲ ထင်ရှားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၂ ခုကနေ တရုတ်အနေနဲ့ ဒီလို စီမံချက်တွေကို ဆောင်ရွက်ရာမှာ ပွင့်လင်းမှုရှိဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီလို စီမံချက်တွေကြောင့် သဘာဝကပ်ဘေးဆိုးတွေ ဖြစ်လာမှာ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာ၊ ရေရရှိမှု အခြေအနေ အပြောင်းအလဲ ဖြစ်လာမှာအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း ဘေဂျင်းကနေ Peter Simpson က သတင်းရေးသား ပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တိဗက်ကုန်မြေမြင့်ကနေ မြစ်ဖျားခံတဲ့ မြစ်အတော်များများပေါ်မှာ တရုတ်နိုင်ငံက ရေလှောင်တမံတွေ အတော်များများ တည်ဆောက်နေတာကြောင့် အဲဒီမြစ်အောက်ပိုင်းက နိုင်ငံတွေ မြို့တွေအတွက် စိုးရိမ်မှုတွေ
တိုးလာခဲ့ပါတယ်။ Peter Bosshard ဟာ International Rivers လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရအဖွဲ့တဲ့ အဖွဲ့အစည်းက မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကို တာဝန်ယူ ဆောင်ရွက်တဲ့ ICBC လိုမျိုး တရုတ်ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးတွေက ဒီသက်ရောက်မှုအပေါ် သဘာဝပတ်ဝန်းကျင် အရရော လူမှုရေးအရပါ တာဝန်ယူ ပေးနေတယ်လို့ ဆိုပေမဲ့ တရုတ်ကုမ္ပဏီ အသေးတွေကတော့ ဒါတွေကို လစ်လျူပြုနေကြတယ်လို့ သူက ပြောပါတယ်။

“တကယ့် ကုမ္ပဏီလုပ်ငန်းကြီးတွေရဲ့ ဆောင်ရွက်ချက်တွေတော့ မြင်ရပါတယ်။ ဒါပေမဲ့ အစိုးရပိုင် ဒါမှမဟုတ် ပုဂ္ဂလိကပိုင် လုပ်ငန်းငယ်တွေကတော့ ကုမ္ပဏီကြီးတွေကနေတဆင့် ခံပြီး ဒီလို တာဝန်ယူတာမျိုးမရှိဘဲ
အချောင်လိုက်နေပါတယ်။ China Power Investment၊ China Southern Power Grid ဒါမှမဟုတ် ယူနန်ပြည်နယ်ပိုင် ကုမ္ပဏီလိုမျိုး တရုတ်ကုမ္ပဏီ အများအပြားရဲ့ တာဝန်မဲ့လုပ်ရပ်တွေ တွေ့ရတော့ အတော် စိတ်ပျက်ရပါတယ်။ မြန်မာနိုင်ငံက ရေလှောင်တမံ စီမံကိန်း လုပ်ငန်းတွေကိုကြည့်ရင် သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေအပေါ် စစ်ဆေး သုံးသပ်မှုတွေ မတွေ့ရပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အဲဒီ စီမံချက်နေရာတွေမှာ လယ်မြေသိမ်းယူမှုတွေ ရှိနေပါတယ်။”

ဟိဝမန္တာဘက်က မြစ်ချောင်းတွေ ရေစီးဆင်းမှု ပြောင်းလဲကုန်တဲ့ အခြေအနေအပေါ်မှာ တရုတ်မှာ တာဝန်ရှိတယ်လို့ အပြစ်တင်ခံရယုံတင် မဟုတ်တော့ဘဲနဲ့ မြေကြောရေကြောဆိုင်ရာ ဇလဗေဒ အချက်အလက်တွေကို ဖလှယ်ပေးဖို့ ငြင်းဆန်တာတွေ အပါအ၀င် သူ့ရဲ့ စီမံကိန်းတွေအတွက် ပွင့်လင်းမြင့်သာမှု ကင်းမဲ့တဲ့အပေါ်မှာလည်း သံသယတွေ ပိုကြီးလာပါတယ်။ ရှမ်းပြည်နယ် အထက်ပိုင်း တရုတ်နိုင်ငံထဲက ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ သံလွင်မြစ်တလျှောက် တရုတ်ကုမ္ပဏီတွေရဲ့ လုပ်ငန်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်ဒေသကိုလည်း သဘာဝပတ်ဝန်းကျင်အပြင် ဒေသခံတွေရဲ့ နေ့ဓဒူဝ စားဝတ်နေရေး ထိခိုက်စေတဲ့ အခြေအနေမျိုးတွေ ဖြစ်လာစေတယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်များဆိုင်ရာ အဖွဲ့က ကိုစိုင်းစိုင်းက ပြောပါတယ်။

“အပေါ်ဖက်ပိုင်းမှာ ရေကာတာ တည်ဆောက်မှုရယ်။ နောက်ထပ် တရုတ်ကနေ သင်္ဘောကြီးတွေ သွားလာနိုင်ဖို့အတွက် မြစ်တလျှောက်မှာရှိနေတဲ့ ကျောက်စောင်တွေကို မိုင်းဖောက်တာတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့တယ်။”

ဒါကြောင့်လဲ အခြား နိုင်ငံတကာဘဏ်တွေက တရုတ်ရဲ့ အခုလို ရေလှောင်တမံ စီမံကိန်းတွေအတွက် ငွေစိုက်ထုတ်ပေးတာ မလုပ်ကြဘူးလို့ Bosshard က ပြောပါတယ်။

“ဒါပေမဲ့ ဒီစီမံကိန်းတွေ ဆက်ဖြစ်နေတုန်းပါ။ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေရဲ့ စိုးရိမ်ပူပင်မှုတွေ ကိုလည်း တရုတ်ကုမ္ပဏီတွေက အလေးမထားပါဘူး။ ပွင့်လင်းမြင်သာမှုတွေ တိုင်ပင်ညှိနှိုင်းမှုတွေ နည်းတာ အစဉ်အလာလို ဖြစ်နေပါပြီ။ နေရောင်ခြည်ဟာ အကောင်းဆုံး ပိုးသတ်ဆေးဖြစ်တယ်၊ ပွင့်လင်းမြင်သာမှုတွေ ရှိခြင်းအားဖြင့်သာလျင် အခွင့်အာဏာကို အကောင်းဆုံး စောင့်ကြပ်ပေးနိုင်တယ် ဆိုတာ ပြောလာပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက နိုင်ငံတော်ကောင်စီကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသစ်တွေ ချပေးခဲ့တာ မြင်ခဲ့ရပါပြီ။ ဒါပေမဲ့လဲ အခု ဒီ စီမံကိန်းတွေမှာတော့ ပွင့်လင်းမြင်သာမှု တိုင်ပင်ညှိနှိုင်းမှုတွေ လုံးလုံး မရှိသလောက်ပါပဲ။ အထူးသဖြင့်တော့ တကယ့်ကို လိုအပ်တဲ့ ဌာနေနိုင်ငံတွေက လူမှုလူ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသင့်ပါတယ်။”

အခုလို ရေလှောင်တမံ စီမံကိန်းတွေကြောင့် သဘာဝကပ်ဘေးဆိုးတွေ ဖြစ်လာမှာ၊ ရေနေသတ္တ၀ါတွေနဲ့ ဒေသခံတွေ ရေရရှိမှု စတဲ့ ဂေဟစနစ်တခုလုံးကပါ ထိခိုက်တာတွေ ရှိတယ်လို့ မြန်မာနိုင်ငံတင် မဟုတ်တော့ပါဘူး။ တရုတ်စီမံကိန်းတွေရှိနေတဲ့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက စိုးရိမ်တကြီး ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ သူ့ရဲ့စီမံကိန်းတွေကို တာဝန်ယူစိတ်မရှိဘဲ လက်လွတ်စပယ်လုပ်တယ် ဆိုတာကို ငြင်းပါတယ်။ တရုတ်အနေနဲ့ ရေလှောင်တမံ ဆောက်မယ်ဆိုရင် သူ့အောက်မှာရှိတဲ့ နိုင်ငံအတွက် အမြဲတမ်း စဉ်းစားပေးပြီး ဒီနိုင်ငံတွေအတွက် အကျိုးစီးပွားထိခိုက် အောင် ဘယ်တော့မှ မလုပ်ပါဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lei က ပြောပါတယ်။

“ဒီ ရေလှောင်တမံ စီမံကိန်းတွေကြောင့် သဘာဝအရင်းအမြစ်တွေ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ထိခိုက်စေနိုင်တာတွေကို အထူးအလေးပေး စဉ်းစား ဆောင်ရွက်ပါတယ်။” - လို့ တရုတ်ဘာသာစကားနဲ့ ပြောသွားတာပါ။ ဒါ့အပြင် သူတို့စီမံကိန်းရဲ့ မြစ်အောာက်ပိုင်း နိုင်ငံတွေရဲ့ စိုးရိမ်ချက်ကိုလည်း ထည့်သွင်း စဉ်းစားပါတယ်လို့ ဆိုပါတယ်။

အခုလို တရုတ်ရဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ အရှေ့တောင် အာရှဒေသမှာတင် မဟုတ်တော့ပါဘူး။ အာဖရိကနိုင်ငံတွေမှာပါ ခြေလှမ်းလာတာကြောင့် ဒီကိစ္စဟာ အရှေ့တောင်အာရှနိုင်ငံတွေတင် မဟုတ်တော့ဘဲ အာဖရိကနိုင်ငံတွေရဲ့ စိုးရိမ်ချက်ပါ ဖြစ်လာပါတယ်။ ကုလသမဂ္ဂရဲ့ ၁၉၉၇ ခုနှစ် နိုင်ငံဖြတ်ကျော် မြစ်ချောင်းများဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ငြင်းထားတဲ့ နိုင်ငံတွေ ထဲမှာတော့ တူရကီနိုင်ငံနဲ့ တရုတ်နိုင်ငံပဲ ရှိပါတယ်။


မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ ကနေဒါ ဖိအားဆက်ပေးမည်
2011-04-21 RFA

ကနေဒါအစိုးရအနေနဲ့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ခန့်အပ်လိုက်တဲ့ မြန်မာသံအမတ်ကြီး ကတဆင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ဖိအားပေးသွားမယ်လို့ ဧပြီ ၂၀ ရက် မနေ့က ပြောကြားလိုက်ပါတယ်။

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်သစ် ဦးကျော်တင်ရဲ့ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲမှာ ကနေဒါ ဘုရင်ခံချုပ် David Johnston အခုလို အလေးထား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်တင်ဟာ မြန်မာစစ်အစိုးရ ဖျက်သိမ်းပြီးနောက်ပိုင်း လက်ရှိအစိုးရသစ် လက်ထက်မှာ ပထမဆုံး ခန့်အပ်ခံရတဲ့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရနဲ့ ကနေဒါနိုင်ငံအကြား မြန်မာသံအမတ် ခန့်အပ်ရေးနဲ့ ပတ်သက်လို့ သဘောထားကွဲခဲ့အပြီး ကနေဒါနိုင်ငံမှာ မြန်မာ သံအမတ်ကြီးမရှိတာ ၂၀၀၄ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

အခုသံအမတ်သစ် ဦးကျော်တင်ဟာ စစ်တပ်က မဟုတ်တဲ့အတွက် ၆ နှစ်လောက် အဆင်မပြေ ဖြစ်နေခဲ့တဲ့ သံအမတ်ခန့်အပ်ရေးကိစ္စ ပြေလည်မှု ရရှိသွားခဲ့တာဖြစ်ကြောင်း CFOB မြန်မာ့မိတ်ဆွေ ကနေဒါနိုင်ငံသားများအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးတင်မောင်ထူးက ပြောပါတယ်။

“ဒါပေမဲ့ ဒီ သံအမတ်ကို ခန့်ရေး မခန့်ရေးကတော့ လွန်ခဲ့တဲ့ လေး ငါး ခြောက်နှစ်ကတည်းက ဆွေးနွေးနေခဲ့ကြတဲ့ ကိစ္စပါ။ ကနေဒီယန် အစိုးရကနေပြီးတော့ မြန်မာ သံအမတ်ကို ခန့်တဲ့နေရာမှာ လက်ခံရေး လက်မခံရေးက သံအမတ်ရဲ့ နောက်ကြောင်းပေါ့နော်၊ စစ်တပ်နဲ့ မပတ်သက်ပဲနဲ့ ပေါ့နော်၊ အရပ်သားဖြစ်ရင် ပိုကောင်းမယ်ဆိုတဲ့ အကြံပြုမှုကို လွန်ခဲ့တဲ့ ဒီ ငါးနှစ် ခြောက်နှစ်လောက်ကတည်းက လုပ်ခဲ့တာပါ။”

“အခုကျတော့ အခု လက်ရှိ မြန်မာအစိုးရသစ်ကနေပြီးတော့ ခန့်အပ်လိုက်တဲ့အခါကျတော့ သူ့ရဲ့ နောက်ကြောင်းမှာက စစ်တပ်နဲ့ ပတ်သက်တာ မပါပဲနဲ့ သူဟာ နိုင်ငံခြားရေးကိစ္စတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းကနေပြီးတော့ ဆောင်ရွက်ခဲ့တဲ့လူ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့က တွေ့ရပါတယ်။”

ကနေဒါအစိုးရအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီ ဖော်ဆောင်ရေးကိစ္စ၊ တရား ဥပဒေ စိုးမိုးရေး ကိစ္စတွေကို သံအမတ်သစ်နဲ့ ဆွေးနွေး ပြောဆိုဖို့ မျှော်လင့်ထားကြောင်း၊ အခုလို သံအမတ် ခန့်အပ်မှုဟာ ကနေဒါအစိုးရရဲ့ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ စိုးရိမ်ပူပန်မှုတွေအတွက် ပြောဆိုဖို့ အခွင့်အလမ်းတွေ ပိုမို ရရှိလာတာဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်တင်ကို ကနေဒါ ဘုရင်ခံချုပ် David Johnston က ပြောဆိုခဲ့ပါတယ်။

အခု မြန်မာသံအမတ်ကြီး ခန့်အပ်မှုအပါအဝင် မြန်မာအစိုးရသစ်လက်ထက် ကနေဒါ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး နောက်ဆုံးအခြေအနေ၊ ရှေ့အလာအလာတွေနဲ့ ပတ်သက်လို့ မြန်မာ့မိတ်ဆွေ ကနေဒါနိုင်ငံသားများအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးတင်မောင်ထူးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။


လမ်းဂိတ်နှင့် နွေစပါးကိစ္စ ရှမ်းပြည်နယ် အစိုးရ ပယ်ဖျက်
သဲသဲ | ကြာသပတေးနေ့၊ ဧပြီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၀ မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်အစိုးရ ရှိလာပြီးနောက် မန္တလေး-မူဆယ် လမ်းတလျှောက် စစ်ဆေးရေး ဂိတ်များ ထားရှိမှုနှင့် နွေစပါး စိုက်ပျိုးရေး စီမံချက်ကို ဧပြီ လဆန်းမှစ၍ ပယ်ဖျက်ခဲ့ပြီဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ဆိုသည်။

ပြည်နယ်မြောက်ပိုင်းကို ဖြတ်ကာ တရုတ်-မြန်မာနယ်စပ် မူဆယ်သွားရာ လမ်းတလျှောက် ကုန်စစ်ဆေးရေး ဂိတ်များ ထားရှိခြင်းမှာ စရိတ် ပိုမိုကုန်ကျပြီး၊ ကုန်စည် စီးဆင်းမှု နှေကွေးသဖြင့် နယ်စပ်မြို့ မူဆယ်၌သာ အကောက်ခွန် ဂိတ်တခု ထားရှိရန် ပြည်နယ် အစိုးရက ဌာနဆိုင်ရာများကို ညွှန်ကြားခဲ့သလို၊ ပြည်နယ် ရာသီဥတုနှင့် မကိုက်ညီသည့် နွေစပါး စိုက်ပျိုးရေး စီမံချက်ကိုပါ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။

“ဌာနပေါင်းစုံ လွှတ်ပြီးတော့ လာသမျှ ကားအားလုံးကို စစ်ဆေးရေး ဂိတ်တွေမှာ ကုန်တွေကို ပြန်ချပြီး စစ်တာတွေကို ပယ်လိုက်ပြီ၊ မလုပ်ရတော့ဘူး။ အဲဒီဂိတ်တွေမှာ လုံခြုံရေးအတွက်ပဲ တာဝန် ယူတော့တယ်။ အရင်လို အချိန်အကြာကြီး မစစ်ရတော့ဘူး” ဟု ကျားဖြူ ခေါ် SNDP ပါတီ ဘဏ္ဍာရေးမှူး ဦးစောမြင့်သန်းက မဇ္ဈိမကို ပြောသည်။

မိုင်ပေါင်း ၂၈ဝ သာ ရှည်လျားသည့် မူဆယ်-မန္တလေးလမ်းရှိ စစ်ဆေးရေးဂိတ်များကြောင့် ကုန်ကားများမှာ ၂ ရက်ခန့် မောင်းနှင်ခဲ့ရသလို၊ ဝန်ထမ်းများကို လာဘ်ထိုးရသည့် ဂိတ်ကြေးမှာ ကျပ် တသိန်းခန့် ကုန်ကျပြီး၊ ကုန်တင်ခွင့် လိုင်စင်မှာ နေပြည်တော်၌ သွားရောက်လျှောက်ထားရသည်ဟု မူဆယ်ကုန်ကား အသိုင်းအဝိုင်းက ဆိုသည်။

ဦးစောမြင့်သန်းက “ကားတွေက.. ဂိတ်တခုပြီးတခု စစ်ဆေးခံဖို့ ကုန်တွေကို အကုန်ပြန်ချ၊ အကုန်ပြန်စီရတော့ ကုန်တွေလည်း ပျက်စီးတယ်၊ တင်ချစရိတ်အားလုံးလည်း ထပ်ကုန်တယ်။ နောက်ပြီး ခရီးလည်း ဖင့်တာပေါ့” ဟု ဆိုသည်။

မန္တလေး- မူဆယ်လမ်းတွင် မန္တလေးနှင့် ပြင်ဦးလွင်ကြား ၁၆ မိုင်ဂိတ် (ယခင် ၂၄ မိုင်)၊ သန္ဒီမြို့နယ်ရှိ ရေပူဂိတ်၊ မူဆယ် ၁ဝ၅ မိုင်ဂိတ်တို့တွင် ကုန်ပစ္စည်းများ သယ်ရာတွင် ခွင့်ပြုသည့် ကုန်စည်ဟုတ်မဟုတ် စစ်ဆေးရန် ဌာနပေါင်းစုံမှ ဝန်ထမ်းများ ထားရှိကာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရ ညွှန်ကြားချက်အရ ယခုအခါ ကုန်များကို အချိန်ကြာ မစစ်ဆေးတော့ဘဲ၊ ဂိတ်များ၌ တာဝန်ကျ ဝန်ထမ်းများသာ ထားရှိဆဲဖြစ်ကြောင်း မူဆယ်မြို့ခံ ကုန်တင်ယာဉ်မောင်းတဦးက မဇ္ဈိမကို ပြောသည်။

“သင်္ကြန်တွင်း မူဆယ်တက်တော့ ၁၆ မိုင်နဲ့ ရေပူမှာ အရင်လို အကြာကြီးတော့ မစစ်တော့ဘူး။ ဒါပေမဲ့ လုံခြုံရေး စစ်တယ်ဆိုပြီး တာလပတ်ကို လှန်ပြရတယ်။ ၁ဝ၅ မိုင်မှာပဲ ကုန်တွေချပြီး စစ်တော့တယ်” ဟု သူက ပြောသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ်သည် ဗိုလ်မှူးဟောင်း ဦးအောင်မြတ် (ခ) စပ်အောင်မြတ်ဖြစ်ပြီး၊ ၉ ဦးပါ ဝန်ကြီးအဖွဲ့တွင် ကျားဖြူပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းမှာ စက်မှုနှင့် သတ္တုဝန်ကြီးနှင့် ဦးစိုင်းနော်ခမ်းမှာ ဆောက်လုပ်ရေးဝန်ကြီး ရာထူးများ ရရှိထားသည်။

နွေစပါးစိုက်ပျိုးရေးနှင့် ပတ်သက်၍ ဦးစောမြင့်သန်းက “နွေဆိုပေမယ့် မပူဘဲ မိုးကောင်းတဲ့ ဒေသဆိုတော့ နွေစပါးစိုက်တာ မဖြစ်ဘူးလေ။ ဒါ့ကြောင့် တောင်သူတွေ မကိုက်တဲ့ စီမံချက်တွေကိုလည်း ဖျက်လိုက်တယ်။ ဒါ ပြည်နယ်အစိုးရ တက်လာပြီး လုပ်နိုင်တဲ့ ကိစ္စတွေပါ” ဟု ပြောပြသည်။

ပြည်နယ်အစိုးရ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည့် ဒေသတွင်း ငြိမ်းချမ်းရေး ကိစ္စကိုမူ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဟု SNDP က ဆိုသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ငြင်းဆန်သည့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA နှင့် စစ်အစိုးရအကြား ဆက်ဆံရေး တင်းမာခဲ့ရာ ယခုနှစ် မတ်လဆန်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ စတင်လာခဲ့သည်။

ထို့အပြင် ရှမ်းပြည်တောင်ပိုင်း အင်းလေးကန် ထိန်းသိမ်းရေးမှာလည်း အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စဖြစ်သဖြင့် ပြည်နယ်အစိုးရသို့ တင်ပြထားကြောင်း ဒေသတွင်းရှိ အင်းအမျိုးသားပါတီက မဇ္ဈိမကို ပြောပြသည်။

၂ဝဝ၈ ခုနှစ်က ရေပြင်အကျယ် စတုရန်းမိုင် ၄ဝ ရှိခဲ့သော အင်းလေးကန်မှာ ရာသီဥတု စံချိန်တင်ပူပြင်းခြင်းကြောင့် ရေခန်းခြောက်ခဲ့ရာ ပြီးခဲ့သည့် နွေကာလတွင် ၂၃ စတုရမ်းမိုင်ခန့်သာ ရှိတော့သည်။

ရှမ်းပြည်နယ် လွှတ်တော်အမတ်နေရာ ၁၄၃ နေရာတွင် တပ်မတော်သား ကိုယ်စားလှယ် ၃၆ ဦးနှင့် SNDP မှ ၃၂ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည ၅ ဦး၊ ပအိုဝ်း အမျိုးသားပါတီ ၆ ဦး ၊ “ဝ” ဒီမိုကရက်တစ်ပါတီ ၃ ဦး၊ အင်းအမျိုးသားပါတီ ၂ ဦး၊ တအောင်း(ပလောင်) အမျိုးသားပါတီ ၄ ဦး၊ လားဟူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦး၊ ကယန်းအမျိုးသားပါတီ ၁ ဦးနှင့် တသီးပုဂ္ဂလ ၂ ဦး ပါဝင်သည်။ ကျန်နေရာများမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဖြစ်ကြသည်။




အမျိုးသမီးများ ပြည်ပထွက် အလုပ်လုပ်ခွင့် တားမြစ်
နရီလင်းလက် Thursday, 21 April 2011 11:39
E-mail Print
အမျိုးသမီး အလုပ်သမားများအား ပြည်ပနိုင်ငံများသို့ စေလွှတ်ခြင်း မပြုရန်တားမြစ်ချက်၊ ညွှန်ကြားချက်များ တရားဝင်ထုတ်ပြန် ထားသော်လည်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပုံမှန်ဝန်ဆောင်မှု ပြုလုပ်နေရဆဲဖြစ်သည်ဟု ပြောသည်။





အဆိုပါ ညွှန်ကြားချက်များကို အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ အမိန့် ကြော်ငြာစာအမှတ် ၄၉/၂၀၁၀ နှင့် ၅၁/၂၀၁၀ တို့တွင် ဖော်ပြထားသည်ဟု သိရသည်။

“ညွှန်ကြားချက်ရှိပေမယ့် ဒီအတိုင်းမလုပ်နိုင်သေးတဲ့ အခြေအနေတွေ ရှိပါတယ်။ ပြည်ပမှာ သွားမလုပ်နဲ့ဆိုပြီး တားလို့မှမရ တာ ၊ ဥပမာအနေနဲ့ကိုယ့်နိုင်ငံတွင်းမှာ အလုပ်အကိုင် ဘယ်လိုဖန်တီးပေးမလဲဆိုတဲ့ ပြဿနာတွေရှိတယ်”ဟု ရန်ကုန်ရှိ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပြသည်။

၎င်းက ဆက်၍“ကျနော်တို့ ဘက်က အလွန်ဆုံး အေဂျင်စီတွေကို ခေါ်စာအတုနဲ့ အလုပ်သမားတွေဆီက ငွေကြေး လိမ်ယူ တာ မျိုးမဖြစ်အောင်၊ ပြည်ပမှာ ဒုက္ခသွားရောက်တာမျိုးမဖြစ်အောင် တချို့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေသတ်မှတ် အရည်အချင်းနဲ့ မမီလို့ ပိတ်လိုက်တာမျိုးတွေရှိပါတယ်။ အမျိုးသမီးအလုပ်သမားတွေ ပြည်ပသွားခွင့်မပိတ်ထားသလို၊ အေဂျင် စီတွေကလည်း အမျိုးသမီးအလုပ်သမားပို့ပေးတဲ့ ၀န်ဆောင်မှုလုပ်လို့ ပိတ်လိုက်တာမျိုးတော့ မရှိပါဘူး”ဟု ပြောသည်။

နာမည်ပျက်စာရင်းသွင်းခံရခြင်း သို့မဟုတ် ၀န်ဆောင်မှု ဆက်လက်လုပ်ဆောင်ရန် ဖျက်သိမ်းခံရသည့် ကုမ္ပဏီအများစုသည် ပြည်ပနိုင်ငံမှ အလုပ်သမားခေါ်စာ အတုများပြုလုပ်ပေးခြင်း၊ အလုပ်ရမည်ဟု ဆိုကာ ငွေကြေးလိမ်ယူခြင်းကြောင့်ဖြစ်သည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများက ပြောသည်။

“အေဂျင်စီလိုင်စင်ရထားတဲ့ အထဲမှာ အမှန်အကန် ပြည်ပ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး လုပ်ပေးနေတာ ရှိသလို ကိုယ်ငွေကြေး ရရင်ပြီးရောလုပ်တဲ့ ကုမ္ပဏီတွေလည်းရှိတယ်။ အခုနောက်ပိုင်း ခေါ်စာအတု လုပ်ပေးပြီး လေဆိပ်ရောက်မှ ပြန်လှည့်လာရ တာမျိုး ငွေကြေးရော၊ အလုပ်ပါ ဆုံးရှုံးတာတွေ များလာတော့ ဒီလို မဖြစ်အောင် စိစစ်တာကလွဲရင် အမျိုးသမီး အလုပ်သမား

တွေ ပြည်ပသွားမလုပ်ရဘူးဆိုတာတော့ မဟုတ်ပါဘူး”ဟု စင်္ကာပူနှင့်မလေးရှားနိုင်ငံသို့ ၀န်ဆောင်မှု ပြုလုပ်ပေးနေသည့် ကုမ္ပဏီ မှ တာဝန်ရှိသူ တဦးက ဆိုသည်။

၎င်းက ဆက်၍ “လက်ရှိ ၀န်ဆောင်ခ တ၀က်ပေးထားခဲ့၊ တ၀က်ကို အလုပ်တကယ်ဝင်ရပြီးမှ အရစ်ကျပြန်ဆပ်တဲ့ စနစ်နဲ့အမျိုးသမီးတွေကိုပဲ စလုပ်ပေးနေတယ်”ဟု ပြောသည်။

မလေးရှားနိုင်ငံရှိ စက်ရုံတွင် ၃ နှစ်ခန့် သွားရောက်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မဧပြီက ပြည်ပသို့ ပြန်လည်ထွက် ရန် လုပ်ကိုင်နေသည်ဟု ပြောပြသည်။

“၃ နှစ်လောက် မလေးကစက်ရုံမှာ သွားအလုပ်လုပ်ခဲ့တယ်။ အဲဒီတုန်းက ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကို အပ်ပြီး လုပ်လိုက်တာ သူတို့ အကုန် စီစဉ်ပေးတယ်။ ၀န်ဆောင်ခ အနေနဲ့ အမေရိကန် ဒေါ်လာ ၈၀၀ ပေးရတယ်။ အခု ပတ်စ်ပို့ စာအုပ်အသစ်လဲပြီး မလေးကို ပြန်ထွက်ဖို့လုပ်နေတယ်။ အမျိုးသမီးတွေ ပြည်ပထွက်မလုပ်ရဘူးဆိုပြီး ပြောသံတွေတော့ ကြား တယ်”ဟု မဧပြီက ဆိုသည်။

အောင်ကမ္ဘာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူတဦးက“အစ်မတို့ ကုမ္ပဏီနဲ့ ဆက်သွယ်လုပ်နေတဲ့ ပြည် ပ ကုမ္ပဏီကလောလေဆယ် အမျိုးသမီး အလုပ်သမားခေါ်တာ မရှိသေးတော့ ၀န်ဆောင်မှုခဏရပ်ထားတယ်။ အဲဒီဘက်က အမျိုးသမီး အလုပ်သမား လိုတယ်၊ ခေါ်ပေးပါဆိုရင်တော့ ပြန်လုပ်ပေးမယ်။ ဒီဘက်ကတော့ ပိတ်ထားတာ မရှိပါဘူး”ဟု ပြော သည်။

“မလေး၊ စင်္ကာပူ၊ ဒူဘိုင်း အကုန်လုံးလက်ခံပြီး အမျိုးသမီးတွေကို အလုပ်ရှာပေးတဲ့ ၀န်ဆောင်မှုကို လက်ခံလုပ်ပေးနေပါတယ်။ ၀န်ဆောင်မှု စလက်ခံတဲ့ အချိန်ကစပြီး အချိန်အများဆုံး ၃ လ မြန်ရင် ၁ လ ခွဲနဲ့ သွားလို့ရပါပြီ။ ၀န်ဆောင်ခ ကတော့ ကျပ် ၉ သိန်း ပတ်ဝန်းကျင်မှာရှိပါတယ်။ တရားဝင် တဖက်ကနေ ခေါ်စာနဲ့ သေချာ လုပ်ပေးမှာပါ”ဟု Myanmar Express Link ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူ တဦးက ပြောသည်။

အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှု ကုမ္ပဏီများအား အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ပြည်ပ လုပ်ငန်းရှင်များနှင့် ဆက်သွယ်၍ ရပိုင်ခွင့်နှင့် အခွင့် အရေးများ အပြည့်အ၀ ရရှိခံစားနိုင်ရေးအတွက် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ပအလုပ်အကိုင်ရှာဖွေ ပေးသည့် အတွက် ဗဟိုကော်မတီက သတ်မှတ်ပေးထားသည့် ၀န်ဆောင်ခကို အလုပ်သမားထံမှ တောင်းခံခွင့်ရရှိသည်ဟု ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မတွင်ပါရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လ က မလေးရှား နိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာအတုဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ပို့ဆောင်သည် ဟူသော စွဲချက်ဖြင့် ရတနာရွှေမိုး၊ ပွင့်ဖူးဝေနှင့် ၀င်း ကုမ္ပဏီ စသည်တို့ အပါအ၀င် ကုမ္ပဏီ ၁၂ ခုကို အာဏာပိုင်များက ဖမ်းဆီး အရေးယူခဲ့သည်။

ဝ တိုင်းရင်းသားများ ဘဝရပ်တည်ရေးအတွက် တရုတ်ကို မှီခိုနေရ
administrator Thursday, 21 April 2011 18:31


ဝ ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားများသည် ဘဝ ရပ်တည်ရေးအတွက် ပြောင်းရွှေ့လာသည့် တရုတ်လူမျိုး များကို မှီခိုနေကြရသည်ဟု ပြောဆိုကြသည်။

ဝ ဒေသခံများသည် လယ်ယာ၊ တောင်ယာ၊ စိုက်ပျိုးရေး စသည့်လုပ်ငန်းများကိုသာ လုပ်ကိုင်ကြ သော်လည်း ရရှိသည့် ဝင်ငွေဖြင့် ရပ်တည်၍ မရနိုင်သောကြောင့် တရုတ်လူမျိုးများထံတွင် အခကြေးငွေဖြင့် အလုပ်လုပ်ကိုင် နေရသည်ဟု ပန်ဆန်းမြို့ရှိ ကာစီနို လောင်းကစားရုံတရုံတွင် အလုပ်လုပ်နေသည့် အသက် ၃၂ နှစ်အရွယ် အိုက်ပေါင်းရိုင်းက ဧရာဝတီသို့ပြောသည်။


ပြောင်းရွှေ့လာသည့် လူနည်းစု တရုတ်လူမျိုးများက ငွေအရင်းအနှီးနှင့် ဝင်ရောက်လာကာ ဟိုတယ်လုပ်ငန်းများ၊ ကျောက် အရောင်းအဝယ်ဆိုင်များ၊ ကာစီနိုရုံများ ဖွင့်ကြကြောင်း၊ ထို စီးပွားရေးလုပ်ငန်း များက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်လာကြောင်း ဝ တိုင်းရင်းသား အိုက်ပေါင်းရိုင်းက ဆိုသည်။

“ကျနော်တို့တွေက မြို့ကြီးတွေမှာ နေတာမဟုတ်ပေမယ့်လည်း တီဗီတွေ၊ ဒီဗီဒီတွေ၊ ရေခဲသေတ္တာတွေ၊ လျှပ်စစ်မီးတွေ လိုတယ်။ အဲဒါတွေနဲ့ ကောင်းကောင်း နေထိုင်နိုင်ဖို့အတွက် ဝင်ငွေကောင်းကောင်း ရှိမှရမယ်။ အဲဒီလို ဝင်ငွေကောင်းရဖို့ အတွက်က တရုတ်တွေဆီမှာ အလုပ်လုပ်ရတယ်” ဟု သူက ဆက်ပြောသည်။

ဝ ဒေသတွင် အဓိကငွေကြေးအဖြစ် တရုတ်ငွေ (ယွမ်) ကိုသာ အသုံးပြုကြပြီး ရုံးသုံး စာများ ရေးသားရာတွင်လည်း တရုတ်စာကို အသုံးပြုသည်။ ဒေသခံလူထုသည် အဓိက ဘာသာစကားအဖြစ် တရုတ်စကားကိုသာ အများဆုံး ပြောဆိုကြပြီး ဝ ဘာသာစကား နှင့် ရှမ်းဘာသာစကား တို့ကိုလည်း ပြောဆိုကြသည်။

ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ မှတ်တမ်းများအရ ဝ ဒေသတွင်နေထိုင်သူ လူဦးရေ ၅ သိန်းခန့် ရှိပြီး တရုတ်နိုင်ငံတွင် နေထိုင်ကြသည့် ဝ တိုင်းရင်းသား ၁ သန်းခန့် ရှိသည်ဟု သိရသည်။

ပန်ဆန်းမြို့သည် ဝ ဒေသ၏ မြို့တော် ဖြစ်ပြီး UWSA ၏ ဌာနချုပ် တည်ရှိရာမြို့လည်း ဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှ မိုင် ၁၀၀ ခန့်အကွာတွင် တည်ရှိသည်။

စီးပွားရေးလုပ်ငန်းရှင် တရုတ်လူမျိုးများသည် ဝ ဒေသခံများအပေါ် နှိမ့်ချ ဆက်ဆံမှုများရှိနေပြီး ၎င်းတို့ပေးသည့် အလုပ်များမှာလည်း အောက်ခြေသိမ်း အလုပ်များသာ ဖြစ်သည်ဟု အိုက်ပေါင်းရိုင်းက ရှင်းပြသည်။

ဒေသခံ ဝ တိုင်းရင်းသား အများစုမှာ ဟိုတယ် သန့်ရှင်းရေး၊ ညစောင့်၊ ယာဉ်မောင်း၊ လောင်းကစားရုံ အလုပ်များနှင့် စားသောက်ဆိုင် ဝန်ထမ်း အလုပ်များသာ ရရှိကြောင်း အိုက်ပေါင်းရိုင်း၏ ညီမတော်သူ အီလွဲရိုင်းက ဆိုသည်။

“ကျမတို့လို လူတွေအတွက် အလုပ်ကောင်းရဖို့ဆိုတာ ခက်ပါတယ်။ ဒါပေမယ့် ကျမတို့ရတဲ့ လခကတော့ လယ်စိုက်လို့ ရတဲ့ ငွေထက်တော့ များပါသေးတယ်။ အရေးကြီးတာက တရုတ်စာနဲ့ တရုတ်စကား တတ်ဖို့ပါပဲ။ တရုတ်လို မတတ်ရင် ဘယ်သူဌေး ကမှ အလုပ်မပေးချင်ကြဘူး” ဟု ၎င်းက ပြောသည်။

ပန်ဆန်းမြို့တွင် အနှိပ်ခန်းများလည်း များစွာရှိကြောင်း၊ အနှိပ်ခန်းများတွင် အလုပ်လုပ်ရခြင်းသည်လည်း ဝင်ငွေကောင်း သောအလုပ်တခု ဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းအနေဖြင့် ရုပ်ရည်လှပခြင်းမရှိသဖြင့် ပိုင်ရှင်များက အလုပ် မပေးကြောင်း အီလွဲရိုင်းက ရှင်းပြသည်။

“မြင်တဲ့အတိုင်းပဲ။ ကျမက ဝ စစ်စစ်ဆိုတော့ အသားမည်းတယ်၊ အရိုးအဆက်တွေ ကြီးတယ်ဆိုတော့ ဘယ်အနှိပ်ခန်းမှာမှ အလုပ်မရနိုင်ဘူး။ ပိုင်ရှင်တွေက ခပ်ချောချော တရုတ်မလေးတွေ၊ ဗမာပြည်ထဲက အလုပ်လာလုပ်တဲ့ ရုပ်ချောတဲ့ သူတွေကိုပဲ အလုပ်ခန့်တာလေ” ဟု အီလွဲရိုင်းက ဆိုသည်။

ပန်ဆန်းမြို့ရှိ အနှိပ်ခန်းများမှာ အပြင်ပန်းအမြင် အနှိပ်ခန်းဖြစ်သော်လည်း အမှန်တကယ်အားဖြင့် ပြည့်တန်ဆာ ရုံများပင်ဖြစ်ကြောင်း ပန်ဆန်းအခြေစိုက် NGO တခုမှ အမည်မဖော်လိုသူ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

“ဒီက အနှိပ်ခန်းတွေက အနည်းဆုံး ၅၀ ကနေ ၈၀ လောက်ရှိကြတယ်။ အဲဒီ အလုပ်က ဝင်ငွေလည်းဖြောင့်တော့ လုပ်ချင် တဲ့ သူတွေများတယ်။ သာမန် အလုပ်သမား တယောက်ဆိုရင် တရက်ကို ၆၀ ယွမ် (၈ ထောင်ကျပ်ခန့်) လောက်ပဲ ရတယ်။ အနှိပ်ခန်းမှာ လုပ်ရင်တော့ အနည်းဆုံး ယွမ် ၂၀၀ (၂၆၀၀၀ ကျပ်ခန့်) လောက်ရတယ်။ ဒီထက်တောင်မှ ပိုနိုင်သေးတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ၎င်းတို့အဖွဲ့အစည်းမှ ကောက်ယူထားသည့် စစ်တမ်းများအရ ဒေသခံလူထု ကိုသော်လည်းကောင်း၊ အနှိပ်ခန်းများတွင် အလုပ်လုပ်ကြသူများကိုလည်းကောင်း HIV/AIDS အသိပညာပေးရန် များစွာလိုအပ်နေသေးသည် ဟု သိရသည်။

စီးပွားရေးလုပ်ငန်းများကို တရုတ်လူမျိုး အများစုက ပိုင်ဆိုင်ကြပြီး UWSA မှ အရာရှိကြီးတချို့သည်လည်း ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများ ထူထောင်ထားကြသည်ဟု ဒေသခံများက ပြောဆိုကြသည်။

UWSA အမြောက်တပ်ရင်းမှ အမည်မဖော်လိုသူ အရာရှိတဦးကမူ ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံမှနေ၍ ဆန်၊ ဆီ၊ ဆား စသည့် အခြေခံ စားသောက်ကုန်များမှအစ တခြားသော ပစ္စည်းများပါ မှီခိုနေရသည်ဟု ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ နယ်ထဲကို ဗမာအစိုးရက ကုန်ပစ္စည်း တင်သွင်းခွင့် ပိတ်ပင်ထားတယ်။ စားစရာမပြောနဲ့ ဖွဲတောင်မှ ကျနော်တို့ဆီကို သယ်လို့မရဘူး။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့ဘက်က တရုတ်အပေါ် မှီခိုရတယ်ဆိုတာ မဆန်းပါဘူး” ဟု အဆိုပါ အရာရှိက ဆိုသည်။

မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအစီအစဉ်ကို ငြင်းဆန်ခဲ့သဖြင့် UWSA နှင့် မြန်မာအစိုးရတပ်များအကြား ဆက်ဆံရေး တင်းမာခဲ့သည်။




ရှမ်းတောင်ပိုင်း မြေယာသိမ်းမှု များစွာဖြစ်နေ
သန်းထိုက်ဦး Thursday, 21 April 2011 19:06


သမ္မတ ဦးသိန်းစိန်က တောင်သူလယ်သမား အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများ အစဉ်ခေတ်မီပြည့်စုံရန် ပြဌာန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံတ၀န်း၌ အဓမ္မ မြေယာသိမ်းမှုများ ကျယ် ကျယ် ပြန့်ပြန့်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း ခိုလန်မြို့နယ်တွင် မြေစာရင်းဦးစီးဌာနနှင့် အုပ်ချုပ်ရေးဌာန အရာရှိများက တောင်သူလယ်သမားများ၏ မြေဧက ၁၀၀ ခန့်ကို သိမ်းယူ၍ မြေကွက်များ ရိုက်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများက ဆိုသည်။

“အာဏာပိုင်တွေက နေရာကောင်းတွေကို ယူထားပြီးတော့ မကောင်းတဲ့ နေရာတွေကို တောင်သူ လယ်သမားတွေကို ပြန်ပေး တယ်”ဟု ခိုလန်ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

ယခု မြေသိမ်းမှုများသည် တောင်သူလယ်သမားများ၊ အလုပ်သမားများ၏ လူမှု စီးပွားဘ၀ဖွံ့ဖြိုး တိုးတက်လာရန် အားပေး ပံ့ပိုး ဆောင်ရွက်သွားမည်ဟူသော မတ်လ ၃၀ ရက်နေ့က သမ္မတအသစ် ဦးသိန်းစိန်၏ ပထမဆုံး ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း လေ့လာသူများက ဆိုသည်။

နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း များနှင့် စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရမည်ဟု ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၃၅၆ တွင် ပြဌာန်း ထားသည်။

ဒေသခံ ဦးအောင်ကျော် အပါအ၀င် ခြံပိုင်ရှင် ၆ ဦး၏ မြေဧက ၅၀ ခန့်ကို စစ်ဖက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စရဖ) ရုံးဆောက် လုပ်ရန် အတွက် အာဏာပိုင်များက မတ်လကုန်ပိုင်းက သိမ်းဆည်းခဲ့သည်။

“သိမ်းပြီးတော့ တဧကကို ကျပ် တသိန်းခွဲ ပေးတယ်၊ ဦးအောင်ကျော်တို့က လက်မှတ် မထိုးဘူး၊ အတင်း လိုက်ထိုးခိုင်းတယ်၊ နောက်ဆုံးမရတော့ အာဏာပိုင်တွေက သိမ်းလိုက်တယ်”ဟု ခိုလန်မြို့ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

အသိမ်းခံရသည့် မြေပိုင်ရှင်တချို့ကို တဧက ကျပ် ၁ သိန်းခွဲ နှုန်းဖြင့် ပြန်ပေးသော်လည်း အများစုမှာ မရရှိကြကြောင်း ၎င်းက ဆိုသည်။

အလားတူပင် ပန်းခြံဆောက်လုပ်ရန် အတွက် ပေ ၃၀၀ ခန့် ရှိသော ဒေါ်နန်းညွန့်နှင့် မောင်နှမ ပိုင်ဆိုင်သည့် ခြံနှင့် မြေတို့ကို လည်း ပုဂ္ဂလိက ကုမ္ပဏီများက သိမ်းယူခဲ့ကြောင်း၊ ယခု မြေသိမ်းမှုများကို ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးအောင်မြတ် ထံသို့ တိုင်ကြားထားသော်လည်း တစုံတရာ အရေးယူခြင်း မရှိကြောင်း သိရသည်။

ဧရာဝတီက ကောက်ယူထားသည့် စာရင်းများအရ ရန်ကုန်တိုင်း၌ ၈၅၀၀ ဧက ၊ ဧရာဝတီတိုင်း ၅၀၀၀ ဧက ၊ ကချင်ပြည်နယ် ၁၁၃၈ ဧက၊ မွန်ပြည်နယ် ၆၀၀ ဧက ရှိမြေယာများကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် အာဏာပိုင်များ ပူးပေါင်း၍ သိမ်းဆည်းခဲ့
ကြောင်း သိရသည်။

ယင်း မြေသိမ်းမှု ကိစ္စနှင့် ပတ်သက်၍ တရားရုံးသို့ လယ်သမားများက တိုင်ကြားခဲ့သော်လည်း တစုံတရာ အရေးယူ ဆောင် ရွက်ခဲ့ခြင်း မရှိခဲ့ပေ။

ကာလိမြို့နယ်တွင် ယခုနှစ်အစောပိုင်းက စစ်တပ်အသစ် ဆောက်လုပ်ရန် အတွက် မြေဧက ၃၀၀ ခန့်ကို သိမ်းယူခဲ့ကြောင်း ရှမ်းသံတော်ဆင့် သတင်းတွင် ရေးသားထားသည်။ ထို့အပြင် တာချီလိတ် ကျိုင်းတုံမြို့နယ်များတွင် မြေဧက ၁၀၀ ကျော်ကို တရုတ်လုပ်ငန်းရှင်များသို့ အာဏာပိုင်များက လွှဲပြောင်းပေးအပ်ခဲ့သည့် အတွက် တောင်သူလယ်သမား ၅ ဦးက တရားစွဲဆို ရန် ပြင်ဆင်နေကြောင်း သိရသည်။


လွှတ်တော်အကြောင်း ရှင်းလင်းမည့် RNDP တားဆီးခံရ
ဧရာဝတီ Thursday, 21 April 2011 17:04 သတင်းတိုများ


ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တချို့သည် လွှတ်တော် အတွေ့အကြုံများအား ပြည်သူလူထုထံ ရှင်းလင်းပြောဆိုရန်နှင့် ပြည်သူများ၏ အခက်အခဲအား သိရှိနိုင်ရန် ကြိုးပမ်းမှုကို ဒေသဆိုင်ရာ အာဏာပိုင်များက တားဆီးပိတ်ပင်ကြောင်း သိရသည်။ အစိုးရ အပြောင်းအလဲ ဖြစ်သွားသည့်တိုင် မြို့နယ်၊ ရပ်ကွက်များ၌ အပြောင်းအလဲ မဖြစ်သည့်အပြင် အာဏာအလွဲသုံးစား ပြုလုပ်မှုများလည်း ရှိကြောင်းနှင့် ထို့ကြောင့် လွှတ်တော်ဥက္ကဋ္ဌထံ စာရေး အကြောင်းကြားမည် ဖြစ်ကြောင်း မြေပုံမြို့နယ်မှ RNDP ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။


ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ပြန်လက်ခံ
ဧရာဝတီ Thursday, 21 April 2011 12:20 သတင်းတိုများ


ကနေဒါနိုင်ငံ အစိုးရက မြန်မာသံအမတ် ဦးကျော်တင်ကို အော့တဝါ မြို့တွင် ထားရှိရန် လက်ခံ လိုက်သည်။ မြန်မာစစ်အစိုးရ လက်ထက် ၂၀၀၄ ခုနှစ်ကတည်းက ပယ်ဖျက် ထားသော မြန်မာသံအမတ် ထားရှိခွင့်ကို ယခု အစိုးရသစ် ဖွဲ့စတွင် ပထမဆုံး ပြန်လည် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ကနေဒါ အစိုးရက မြန်မာအစိုးရနှင့် လူ့အခွင့်အရေး ကိစ္စများ၊ ဒီမိုကရေစီ ဖွံ့ဖြိုးမှုကိစ္စ ရပ်များကို အပြုသဘောဆောင် စေ့စပ် ဆွေးနွေးရန် အခွင့်အရေးတရပ်အနေနှင့် ယခုကဲ့သို့ ပြန်လည် ခွင့်ပြု ခြင်း ဖြစ်ကြောင်း ကနေဒါအစိုးရ အဖွဲ့ဝင် ဗိုလ်မှူး ဒေးဗစ် ဂျွန်စတန်က ပြောသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။



UNFC မှ နုတ်ထွက်သည့်သတင်း မမှန်ကြောင်း SSA မြောက်ပိုင်း ငြင်းဆို
2011-04-21 RFA

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (UNFC) က နုတ်ထွက်လိုက်တယ်ဆိုတဲ့ သတင်း မဟုတ်မှန်ကြောင်း SSA-N ကိုယ်စားလှယ်က ငြင်းဆိုပါတယ်။

SSA-မြောက်ပိုင်းအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC အဖွဲ့ကို အခုနှစ်ဆန်းပိုင်းက ဝင်ရောက်ခဲ့ပေမဲ့ အဖွဲ့ရဲ့ အခြေခံမူတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရတာကြောင့် အခုလို နုတ်ထွက်လိုက်တာဖြစ်ကြောင်း SSA- တောင်ပိုင်းအဖွဲ့က ရရှိတဲ့ သတင်းကို အခြေခံပြီး သတင်းနဲ့ မီဒီယာ ကွန်ရက်သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFAက ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ရဲ့ ကိုယ်စားလှယ် ဗိုလ်မှူးကြီး ပိန်ဖကို မေးမြန်းတဲ့အခါမှာ အခုလို ပြောပါတယ်။

“လုပ်ကြံတဲ့ သတင်းပဲ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဗဟိုကလည်း ဘာမှ ထုတ်ပြန်ချက်လည်း မရှိဘူး။ ကျွန်တော့ဆီမှာလည်း အကြောင်းမကြားဘူး။ ကျွန်တော် ဗဟိုကို မေးတော့ အဲဒါ သူတို့လည်း မမှန်ဘူး။ ကောလာဟလ သတင်းပဲ ဖြစ်တယ်လို့ ကျွန်တော် အဲလိုပဲ ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း SSA-မြောက်ပိုင်းအဖွဲ့နဲ့ စစ်အစိုးရတို့ လားရှိုးမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီသတင်းဟာလည်း သတင်းမှားဖြစ်ကြောင်း SSA-မြောက်ပိုင်းအဖွဲ့က ငြင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။
post">Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */