“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, April 23, 2011

ထွေရာလေးပါး( ပေးပို့ သူ-ဗမာသွေး)

အလုပ်အကိုင် အခွင့်အလမ်းအတွက် မနောရမ္မကျောင်း နှင့် ပညာဒါန သင်တန်းများကိုသာ အားထားနေရ
Thursday, 21 April 2011 07:33 အောင်မြင်
လက်ရှိ မြန်မာနိုင်ငံတွင် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ နည်းလွန်းနေပြီး အလုပ်အကိုင် ရရှိရေးအတွက် ကွန်ပြူတာတတ်ကျွမ်းမှု၊ ဘာသာစကား တတ်ကျွမ်းမှုတို့ မရှိမဖြစ် လိုအပ်ကြောင်းကို နယ်မြို့လေးတစ်ခုကနေ ရန်ကုန်မှာ သင်တန်းလာတက်နေတဲ့ ဘွဲ့ရလူငယ်တစ်ဦးက ပြောပြသည်။

“အလုပ်ရဖို့က တော်တော့်ကို ခက်ပါတယ်။ ခေါ်တဲ့အလုပ်တွေမှာက အင်္ဂလိပ်စာ ရေး-ဖတ်-ပြော၊ ကွန်ပြူတာ အသုံးပြုနိုင်မှ၊ မိန်းကလေးတွေဆို စာရင်း ကိုင်လက်မှတ် ရှိရမယ်။ သက်ဆိုင်ရာ ဘာသာရပ်တွေ သင်တန်းဆင်း အောင်လက်မှတ်တွေ မရှိမဖြစ် လိုအပ်ပါတယ်။ ယောက်ျားလေးတွေ အတွက်ဆို ယာဉ်မောင်းလိုင်စင် ရှိရမယ်။ ဘွဲ့လက်မှတ်ရှိတာတောင် ကားမောင်လိုင်စင် မပါရင် မခန့်ချင်ဘူး။ ဒီလိုဆို အစကတည်းက ကားမောင်းဖို့ပဲ လုပ်ခဲ့ပါတယ်”

“အလုပ်ခေါ် ကြော်ငြာတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ကြည့်ပြီး လိုက်လျှောက်ကြပါတယ်။ အလုပ်ခေါ်စာ ကြော်ငြာ ၁၀၀လောက် လိုက်လျှောက်တာတောင် အလုပ်တစ်ခု ရဖို့က မလွယ်ဘူးဗျ။ ကျွန်တော်က နယ်ကလာပြီး အလုပ်ရှာရတာဆိုတော့ နေရေး၊ ထိုင်ရေး၊ စားသောက်ရေး တော်တော့်ကို ဒုက္ခရောက်ပါတယ်။ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးနီစပ် အိမ်တွေ ကပ်နေပြီး သင်တန်းတွေတက် အလုပ်ရှာကြရတာ။ အလုပ်သွားလျှောက်ရတဲ့ ခရီးစရိတ်၊ မိတ္တူဖိုးတွေ ပေါင်းလိုက်ရင် အလုပ်ရပြီးခဲ့ရင်တောင် ၄၊ ၅လနဲ့ မကျေနိုင်ပါဘူးဗျာ”

“နောက်ပြီး အလုပ်လျောက်တဲ့နေရာမှာ မရှိမဖြစ် လိုအပ်တဲ့ အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာလည်း လိုသေးတယ်။ ပြစ်မှု တစုံတရာ ကင်းရှင်းကြောင်းနဲ့ နိုင်ငံရေး လှုပ်ရှားမှုများနဲ့ ကင်းရှင်း ကြောင်း ရဲစခန်းက ထောက်ခံ ပေးတဲ့စာပေါ့။ ဒီထောက်ခံစာ ကလည်း တည်းခိုနေထိုင်ရာရပ်ကွပ်က ရပ်ကွက်ရုံးမှာ အရင် တောင်းရတယ် အလှူငွေ ကျပ်၃၀၀ ကနေ့၅၀၀ ထည့်ရတယ်။ ရဲစခန်းကျ တော့လည်း ၅၀၀ လောက်ပေးမှ အဆင်ပြေတာ” ဟု ဆက်လက် ပြောပြခဲ့သည်။

ယနေ့မြန်မာနိုင်ငံအနှံ့အပြားမှ ဘွဲ့ရလူငယ်များသည် မိမိတို့မွေးရပ် မြေကို စွန့်ခွာလာကြပြီး မိမိတို့ ဘဝ ရှေ့ရေးအတွက် အိပ်မက်ကိုယ်စီ ဖြင့် ကုမ္မဏီအလုပ်အကိုင် ရှာဖွေရန်၊ နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ရန်၊ နိုင်ငံခြား တက္ကသိုလ်များမှာ ပညာသင်ဆု ရအောင်ကြိုးစားပြီး အဆင့်မှီ နိုင်ငံတကာ ကျောင်းများတွင် ပညာဆက် သင်နိုင်ရန် ရည်မှန်းချက် ကိုယ်စီဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာကြသည်။ မိမိတို့ဇာတိမှ စောပြီးထွက်ခွာခဲ့ကြတဲ့သူတွေ ရန်ကုန်မှာ အလုပ်အကိုင် အဆင်ပြေ အခြေကျနေသူတွေရဲ့ သတင်း၊ နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင် နေကြသူတွေရဲ့ သတင်းတွေကို အားကျပြီး နယ်မြို့များမှ ထွက်လာကြခြင်း ဖြစ်သည်။

ရန်ကုန်ကို ရောက်ရှိပြီး အရင်ဆုံး ပုဂ္ဂလိက သင်တန်းကျောင်းတွေမှာ သင်တန်းဆင်း လက်မှတ်ရရှိဖို့တက် ရောက်ကြရ သည်။ ရန်ကုန်တွင် ဘာသာစကားသင်တန်း၊ ကွန်ပြူတာသင်တန်း၊ စာရင်းကိုင်သင်တန်း စတဲ့သင်တန်းမျိုးစုံ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းတွေထဲကမှ မိမိတို့တတ်နိုင် သောငွေကြေးဖြင့် ရွေးချယ်ပြီး တက်ရောက်ကြရသည်။ ငွေကြေးများများ မတတ်နိုင်သော လူငယ်တွေက ဘုန်းကြီးကျောင်းတွေမှာ ဖွင့်လှစ်ထားပြီး သင်တန်းဝင်းကြေးလောက်သာ ပေးရတဲ့ သင်တန်းကျောင်းတွေကို ရွေးချယ် တက်ရောက် ကြသည်။

အရှေ့ဥယျာဉ်တိုက်၊ ဗဟိုလမ်း(ရှမ်းလမ်း)၊ တရားရုံးအနောက်ဖက်၊ စမ်းချောင်းမြို့နယ် အတွင်းရှိ ‘မနောရမ္မ ပညာဒါန’ ဘုန်းတော်ကြီးကျောင်းတွင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသည်မှာ ဆယ်စုနှစ်မက ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယနေ့ မနောရမ္မ ပညာဒါနကျောင်းမှာ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ဂျာမာန်၊ စပိန်၊ မလေး၊ ထိုင်း ဘာသာစကားသင်တန်းများ၊ အီလက်ထရောနစ်၊ စာရင်းကိုင်၊ ဟိုတယ်စီမံခန့်ခွဲမှု၊ ဆေးဝါးသုတ၊ ကွန်ပြူတာလက်တွေ့ သင်တန်းများ ကို သင်တန်းဝင်ကြေးကိုပေးဆောင်ရပြီး ၃လ သင်တန်းများ ဖွင့်လှစ်လျက်ရှိသည်။ သင်တန်း တက်ရောက် နေသူပေါင်း ထောင်နဲ့ချီပြီး ရှိကြောင်း သိရသည်။

မနောရမ္မကျောင်းတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူအချို့ကို မေးမြန်းကြည့်ရာ လာရောက် သင်တန်းတက်ကြသူများမှာ လူငယ်အများစုဖြစ်ပြီး အချို့လူကြီးပိုင်းများလည်း တက်ရောက် ရှိကြကြောင်း၊ တက်ရောက်သူများမှာ ရန်ကုန်မြို့ခံနှင့် လှည်ကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ပဲခူးမြို့များက နေ့ချင်းပြန်လာရောက် တက်ကြသူများရှိသလို၊ မြန်မာနိုင်ငံ ဒေသအသီးသီးမှ လာရောက် တက်ရောက်ကြကြောင်းကို ပြောပြခဲ့သည်။

မနောရမ္မကျောင်းတွင် စာရင်းကိုင်နှင့် ကွန်ပြူတာရုံးသုံး သင်တန်းတက်ရောက်နေသော တောင်ငူမှ ကျောင်းသူတစ်ဦး ပြောပြတာက

“သမီးတောင်ငူကနေ ဘွဲ့ရပြီး ရန်ကုန်ကို အလုပ်လာရှာတယ်၊ ယုဇန ပလာဇာနားက အထည်ဆိုင်မှာ အရောင်းဝန်ထမ်း တစ်နှစ်ခွဲ လုပ်ပါတယ်။ လစာက နေ့စားရိတ်အပြီး ၃သောင်းကျပ် ရပါတယ်။ ခုထွက်လိုက်ပြီး စာရင်းကိုင်သင်တန်းနဲ့ ကွန်ပြူတာရုံးသုံး ဘာသာရပ်ကို တက်နေတာပါ"

"အကိုက မလေးရှားကနေ ငွေထောက်ပံ့လို့ တက်နိုင်တာပါ။ ၃လ သင်တန်းပြီးရင် အလုပ်ရှာရမယ်။ ဒီစာရင်းကိုင် လက်မှတ်နဲ့ ကွန်ပြူတာ တတ်သွားပြီး သင်တန်းဆင်းရင် ကုမ္မဏီတစ်ခုခုမှာ အလုပ်ရမယ်လို့ ယုံကြည်ပါတယ်။ ကုမ္မဏီ တစ်ခုမှာ အလုပ်ရပြီးရင် တတ်နိုင်သလောက် ငွေစုပြီး LCCI Level 3 နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းကို ဝင်ဖြေမယ်လို့ ဆုံးဖြတ်ချက် ချထားပါတယ်”

“တောင်ငူက ကျောင်းအတူတက်ဖူးတဲ့ သူငယ်ချင်းတစ်ယောက်က သူ့မိဘက ငွေလည်းတတ်နိုင်တော့ စင်္ကာပူ ကျောင်းခွဲ တစ်ခုက MAT သင်တန်းကျောင်းမှာ LCCI ဒီပလိုမာ တက်နေတာ Level 3 ရောက်သွားပြီ၊ သင်တန်းကြေးက တစ်ဘာသာ ကျပ် ၅သောင်း စာမေးပွဲက တစ်ဘာသာ ဒေါ်လာ ၄၀ ကုန်ကျတယ်။ ပြီးရင် သူက စင်္ကာပူမှာ ACCA သွားတက်မှာ။ သူငယ်ချင်းလိုမျိုးတော့ မတက်နိုင်ပါဘူး။ အလုပ်ရပြီးရင် တတ်နိုင်သလောက် စာမေးပွဲ ကြေးအတွက် ပိုက်ဆံစုမယ်။ အပြင်ကနေ လေ့လာကြည့်မယ်။ သမီးဘက်ကနေ ပိုင်နိုင်ပြီဆိုရင် စာမေးပွဲကို ဝင်ဖြေမယ်။ မကျွမ်းကျင်တဲ့ ဘာသာရပ် ၂ခု ၃ခု လောက်တော့ သင်တန်း တက်ချင်တယ်။ မတက်နိုင်ရင်လည်း တက်နေသူကို မိတ်ဖွဲ့ အောက်ကြို့ပြီး ကပ်လေ့လာမယ်။ သမီးဘဝ မြင့်မားရေးကို အဲဒီလို စဉ်းစားထားတယ်လို့” ပြောပြသည်။

မနောရမ္မကျောင်းရဲ့ သင်တန်းကြေးက ကွန်ပြူအတွက် ၃လသင်တန်း ၆၀၀၀ကျပ် ပေးရသည်။ ဘာသာစကား သင်တန်းဝင်ကြေးများမှာ စပိန်၊ ဂျာမာန်၊ ပြင်သစ် အတွက် ၁၇၀၀ကျပ် အင်္ဂလိပ်၊ ကိုရီးယား၊တရုပ်၊ ဂျပန်၊ မလေး၊ ထိုင်းဘာသာအတွက် ၇၀၀ကျပ် ပေးရပြီး တက်ရောက်သူ အများစုမှာ ဧည့်လမ်းညွှန် လုပ်ငန်းတွင်း ၀င်ရောက်လုပ်ကိုင်ရန်နှင့် နိုင်ငံခြားသွားရောက် အလုပ်လုပ်ကိုင်မည့် သူများ၊ သဘောင်္တက်ရန် ကြိုးစားနေသူများ တက်ရောက်ကြသည်။

အီလက်ထရောနစ်သင်တန်းအတွက် ကျပ်၂၇၀၀နှင့် ဟိုတယ်စီမံခန့်ခွဲမှုသင်တန်းအတွက် ကျပ် ၅၀၀၀ ပေးရသည်။ ဟိုတယ်ခန့်ခွဲမှုသင်တန်းတွင် ရန်ကုန်မြို့ရှိ ဟိုတယ်အချို့သို့ လက်တွေ့သင်တန်း သွားပြီး လုပ်ငန်းခွင် ဝင်ရောက်ရကြောင်း သိရသည်။ သင်တန်းဆင်းပြီးလျှင် ဟိုတယ်လုပ်ငန်းသို့ ၀င်ရောက်နိုင်ကြောင်း သိရသည်။ ပြည်ပမှလာရောက်ဖွင့်လှစ်သော အလားတူ သင်တန်းမျိုး တက်ရောက်ပါက ကျပ်ငွေ ၅သိန်းခန့်ထိ သင်တန်းကြေး ကုန်ကျစရိတ်ရှိသည်။

ယ္ခုဧပြီလ ၃၀ရက်နေ့တွင် သင်တန်းသစ်များ စတင်ဖွင့်လှစ်မှာ ဖြစ်သော်လည်း ဧပြီလ ၃ရက်နေ့က သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းခဲ့သော ကျောင်းသူတစ်ဦးပြောပြသည်မှာ အင်္ဂလိပ်စာနှင့် ကွန်ပြူတာ သင်တန်းမှာ လူပြည့်သွားပြီဖြစ်သဖြင့် အသစ်ထပ်မံဖွင့်လှစ်မည့် သင်တန်းမှသာ တက်ရောက်နိုင်မည် ဖြစ်သောကြောင့် စာရင်းပဲ ပေးသွင်းခဲ့ရကြောင်း ပြောပြသည်။

အင်္ဂလန်သံရုံးမှ စာကြည့်တိုက်တွင်လည်း မိမိတို့အလုပ်ကောင်းများရရှိရေးနှင့် နိုင်ငံရပ်ခြားတွင် အလုပ်အကိုင် သွားရောက်လုပ်ကိုင်ရန်၊ တက္ကသိုလ် များတွင် ပညာဆက်လက်သင် ကြားနိုင်ရန်အတွက် ဒေါ်လာငွေနှင့် တက်ရသော သင်တန်းမျိုးစုံကိုလည်း မြန်မာလူငယ်တို့ တက်ရောက်လျက် ရှိကြသည်။

သံရုံးစာကြည့်တိုက် အသင်းဝင်ကြေးအတွက် တဦးလျှင် ကျပ်ငွေ ၂၅၀၀၀နှင့် မိသားစုလိုက် အသင်းဝင်အတွက် ကျပ်ငွေ ၄၀၀၀၀ ကုန်ကျကြောင်းကို ဆရာဝန်ဘွဲ့ရရှိပြီးနောက် သံရုံးစာကြည့်တိုက်တွင် အင်္ဂလိပ်စာ လေ့လာရင်း လှုမှုရေး လုပ်ငန်းများကို စေတနာ ဝန်ထမ်း အဖြစ် လုပ်ကိုင်နေသူ တစ်ဦးက ပြောပြပါသည်။

အင်္ဂလိပ်စာ လေ့လာသင်ကြားဖို့ နာရီ ၆၀ အချိန်သင်ကြားမှုကို အမေရိကန် ဒေါ်လာ ၂၉၀ ပေးရကြောင်း သိရသည်။ လူငယ် အများစုမှာ ဘွဲ့ရများ ဖြစ်ကြသလို၊ ကျောင်းတက်ဆဲ ကျောင်းသား၊ ကျောင်းသူများလည်း သံရုံး စာကြည့်တိုက် အဖွဲ့အဝင်အဖြစ် စာဖတ် ခြင်း၊ အင်တာနက် အသုံးပြုခြင်း၊ စီဒီငွေများ ငှားရမ်းပြီး အင်္ဂလိပ်စာ လေ့လာနေကြခြင်း ဖြစ်ပြီး ရဟန်း သံဃာများလည်း ပါဝင်ကြောင်း ပြောပြပါသည်။

စာရင်းကိုင်ပညာရပ်၊ စီမံအုပ်ချုပ်မှု၊ ဈေးကွက်ရှာဖွေရေး၊ အသက်မွေးဝမ်းကြောင်းမှု၊ စီးပွားရေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် စက်မှုလုပ်ငန်း၊ ကျောက်မျက် ဆိုင်ရာ ဘာသာရပ်များ အစရှိသော နိုင်ငံတကာ အသိအမှတ်ပြု အတတ်ပညာဆိုင်ရာ စာမေးပွဲများကို ၀င်ရောက်ဖြေဆိုရန် လေ့လာနေကြ သူများလည်း ရှိသည်။

အင်္ဂလန်သံရုံးစာကြည့်တိုက်တွင် လာရောက်လေ့လာနေကြသော လူငယ်အချို့သည် လူမှုရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြကြောင်း သတင်းရရှိသည်။ နွေရာသီ ကျောင်းပိတ်ရက်တွင် ပရဟိတ လူငယ်ဖွံဖြိုးရေး ဘုန်တော်ကြီး ကျောင်းများတွင် အဂ်လိပ်စာနှင့် ယဉ်ကျေးလိမ္မာ ဘာသာရပ်များကို စေတနာဝန်ထမ်း ဆရာများအဖြစ် လှည့်လည်ပို့ချပေးကြောင်း NGO ၀န်ထမ်းတစ်ဦးက ပြောပြပါသည်။

သတင်းပေးပို့သူ-- အောင်မြင်

မောက္ခပြည်တွင်းသတင်း


ရန်ကုန်ရှိ ပုဂ္ဂလိကကျောင်းများ အစိုးကျောင်းများ နှင့်တူ ဇွန်လတွင် ပြန်ဖွင့်မည်
Saturday, 23 April 2011 09:04 မောက္ခပြည်တွင်းသတင်း

၂၀၁၀-၂၀၁၁ ပညာသင်နှစ်က ပုဂ္ဂလိကကျောင်းအဖြစ် ဖွင့်ခွင့်ရခဲ့သော ပုဂ္ဂလိကကျောင်းများမှာ အစိုးရကျောင်း ဖွင့်ရက်များအတိုင်း ဇွန်လအတွင်း ကျောင်းပြန်ဖွင့်မည်ဟု သိရှိရသည်။



“ပုဂ္ဂလိကကျောင်းတွေရဲ့ အခန်းကဏ္ဍက ယှဉ်ပြိုင်မှုများလာတာနဲ့အမျှ တာဝန်ယူမှုပိုင်းတွေမှာလည်း အရေးပါလာပါတယ်” ဟု ပုဂ္ဂလိက ကျောင်းတစ်ကျောင်း၏ ပညာရေးတာဝန်ခံ ကျောင်းအုပ်ဆရာကြီး တစ်ဦးက မောက္ခကို ပြောပြခဲ့သည်။

မြန်မာပြည်တွင်ရှိသော ပုဂ္ဂလိကကျောင်းများသည် အစိုးရ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားကြရမည့်အပြင် ကျောင်းဖွင့် ချိန်နှင့် စာမေးပွဲစစ်ဆေးမှုများမှာလည်း အစိုးရကျောင်းများ နည်းတူပင် ဆောင်ရွက်ကြသည်။ အချို့ပုဂ္ဂလိက ကျောင်းများ၌ နွေရာသီတွင် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ သဒ္ဒါများကိုလည်း သင်ကြားပေးမှုများ ရှိသည်။

"ပုဂ္ဂလိကကျောင်းဆိုတာ ဟိုးအရင်က ရှိခဲ့သလိုမျိုး ဆင်းရဲ၊ ချမ်းသာမရွေး တက်နိုင်ရမယ်။ နောင်လာမယ့်နှစ်တွေမှာလည်း ပုဂ္ဂလိကကျောင်းတွေမှာ ပညာဒါနအဖြစ် ပြုလုပ်ပေးသွားဖို့ စီစဉ်နေပါတယ်" ဟု ထိုပုဂ္ဂလိကကျောင်းတာဝန်ခံ ကျောင်းအုပ် ဆရာကြီးက ပြောကြားခဲ့သည်။

မိဘများကလည်း ပုဂ္ဂလိကကျောင်းများအပေါ် စိတ်ဝင်စားမှုပိုလာခဲ့ကြပြီး ပိုမိုကောင်းမွန်သည့် ပညာရေးစနစ်တစ်ခု ဖြစ်လာဖို့ အားလုံးက မျှော်လင့်နေကြသည်ဟု ဆိုသည်။

သို့သော် ပုဂ္ဂလိကကျောင်းများဘက်မှလည်း နည်းစနစ်ကျနပြီး ပိုမိုကောင်းမွန်သည့် ပညာရေးအဖြစ် ရှိလာစေရန် ပုဂ္ဂလိက ကျောင်းဥပဒေ အမြန်ဆုံးပေါ်ထွက်လာဖို့ လိုအပ်ကြောင်း ပညာရေး တက္ကသိုလ်မှ အငြိမ်းစား ဒုတိယပါမောက္ခချုပ် တစ်ဦးကလည်း

"၁၉၇၅ ခုနှစ် ကိုယ်ပိုင်ဘာသာရပ်သင် သင်တန်းကျောင်း ဥပဒေဟာ ကျွန်တော် လေ့လာမိသလောက် International Schools တွေအပြင် ဘော်ဒါနဲ့ နေ့တက် အထူးသင်တန်းကျောင်းတွေ အနေနဲ့ပါ အခုအချိန်မှာ ကိုက်ညီမှု မရှိတော့ပါဘူး။ ဥပမာ သင်တန်းကြေး တစ်လ ၁၀ ကျပ်၊ သင်တန်းကျောင်း တစ်ခုမှာ သုံးဘာသာထက် ပိုမသင်ရဘူး ဆိုတာတွေဟာ လက်ရှိ အခြေအနေတွေနဲ့ လုံးဝ ကွာဟနေပါသေးတယ်။ ဒါကြောင့် ပုဂ္ဂလိကကျောင်းနဲ့ သက်ဆိုင်တဲ့ဥပဒေ ပြဋ္ဌာန်း ထွက်ရှိလာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု မောက္ခကို ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ပုဂ္ဂလိကကျောင်းများသည် အစိုးရကျောင်းဖွင့်ရက်များအတိုင်း ဇွန်လ၌ စတင် ဖွင့်လှစ်မည်ဖြစ်ရာ ပုဂ္ဂလိကကျောင်းများအား ယမန်နှစ်များက ညွှန်ကြားချက်အတိုင်း ငါးတန်းမှ ကိုးတန်းအထိ လက်ခံ သင်ကြားရမည်ဟု သိရသည်။

မောက္ခပြည်တွင်းသတင်း


ယေးလ်တက္ကသိုလ်က အခမဲ့ အွန်လိုင်း သင်တန်းများ ဖွင့်လှစ်
Wednesday, 20 April 2011 02:22 Editor

အခမဲ့ အွန်လိုင်း သင်တန်း ၁၀ မျိုးကို နာမည်ကျော် ယေးလ် တက္ကသိုလ်ကြီးက ဖွင့်လှစ်လိုက်သည်။ မြန်မာအပါအ၀င် တကမ္ဘာလုံးမှ အင်တာနက်ကွန်ယက် ဆက်သွယ်ထားရှိသည့် နေရာတိုင်းတွင် ဤသင်တန်းများကို တက်ရောက် လေ့လာ နိုင်ကြမည် ဖြစ်သည်။

အမေရိကန်ပြီးလျှင် ဤသင်တန်းများသို့ တရုတ်၊ ယူကေ၊ ကနေဒါ၊ တောင်ကိုးရီးယား၊ ဂျာမဏီ၊ ဘရားဇီး၊ အိန္ဒိယနှင့် သြစေတြးလျတို့မှ ကျောင်းသားများ ၀င်ရောက် လေ့လာလျက်ရှိကြသည်။

အခမဲ့ သင်တန်း ၁၀ မျိုးမှာ ဘဏ္ဍာငွေကြေး သီအိုရီမှသည် ဒွန်ကီအုတ်အထိ၊ သဘာဝပတ်ဝန်းကျင် နိုင်ငံရေးမှသည် ဥပဒေနှင့် ကောင်းကင်ဘုံသစ် အထိ မျိုးစုံစွာ ပါဝင်ကြောင်း ကွန်နတ်တီကတ်အခြေစိုက် တက္ကသိုလ်က ကြေညာလိုက်သည်။

ယေးလ်ကောလိပ်ကျောင်းသားများကို သင်ကြား ပို့ချခဲ့သည့် ဗီဒီယိုမှတ်တမ်း တစ်ခွေလုံးစီကို သင်တန်းတိုင်းတွင် ကြည့်ရှု လေ့လာနိုင်ကြမည်ဖြစ်သည်။ ထင်ရှားသော ယေးလ်ပါမောက္ခများ၏ သင်ကြားချက်များလည်း ဖြစ်သည်။ ဤသင်တန်းများကို http://oyc.yale.edu ဆိုဒ်တွင် ၀င်ရောက် လေ့လာနိုင်ကြသည်။


အရည်အသွေး ကောင်းမွန်စွာ ရိုက်ကူးထားသည့် ပညာရေး ဗီဒီယိုများ၊ အသံဖိုင်များဖြင့် သင်တန်းများကို အွန်လိုင်း တက်ရောက် လေ့လာနိုင်ပါမည်။ အမှန်တကယ် ယေးလ် စာသင်ခန်းများထဲ ၀င်ရောက် သွားသည့်အတိုင်း ခံစား လေ့လာနိုင်မည်ဟုလည်း ဆို၏။

သင်တန်းတိုင်းအတွက် အညွှန်းများကို ထားရှိပြီး ပုံနှိပ်ရန် ဖိုင်များ၊ သင်ရိုးမာတိကာများ၊ စာဖတ်ရန် ကဏ္ဍများ၊ ပြဿနာ ပုစ္ဆာများနှင့် အခြားသော သင်ထောက်ကူများကို ရှာဖွေနိုင်မည်ဖြစ်သည်။

မိမိအားလပ်သည့်အချိန်တွင် ကြည့်ရှုလေ့လာရန်အတွက် စိတ်ဝင်စားသည့် ပညာရပ်ဆိုင်ရာ ဗီဒီယိုဖိုင်၊ အသံဖိုင်တို့ကိုလည်း မိမိ၏ကွန်ပျူတာထဲတွင် ဒေါင်းလုပ်ယူ၊ သိမ်းဆည်းထားနိုင်ပါသည်။

အိုင်ဖုန်းနှင့် အိုင်ပက်တို့အတွက်လည်း သီးသန့်ကဏ္ဍ ထားရှိပြီး ခရီးထွက်ရင်း လမ်းပေါ်တွင်လည်း အင်တာနက်မှတဆင့် သင်ယူလေ့လာနိုင်သေးသည်။

သင်တန်း တက်ရောက်ခွင့်အတွက် မှတ်ပုံတင်ရန် မလိုအပ်ဟု သိရသည်။ တက္ကသိုလ်က ရမှတ်နှင့် အောင်လက်မှတ် ထုတ်ပေးမည် မဟုတ်သလို ပါမောက္ခများနှင့်လည်း ဆက်သွယ် ပြောဆိုခွင့်တော့ မရှိပါ။

ဒီဇင်ဘာ ၂၀၀၇ ခုနှစ်က စတင်ခဲ့ရာတွင် ယနေ့အချိန်အထိ အွန်လိုင်း ကျောင်းသား ၃ သန်းကျော် လေ့လာခဲ့ကြသည်။ ၂၀၀၉ ဧပြီလမှစပြီး ယနေ့အထိ ဖတ်ရှုသည့် စာမျက်နှာပေါင်း ၂၆ သန်း ကျော်ရှိသည်။

ယေးလ် ယူကျူ့ YouTubeနှင့် အဲပဲလ် အိုင်ကျွန်း iTunes ချန်နယ်များမှလည်း ၀င်ရောက်လေ့လာနိုင်ကြသည်။

လိပ်စာများမှာ

http://oyc.yale.edu

http://www.youtube.com/yalecourses

http://itunes.yale.edu

လူ ၁၅ သန်းကျော်ခန့် ဤယေးလ်ချန်နယ်များမှတဆင့် ပညာဆည်းပူးနေကြောင်း သိရသည်။

“တကမ္ဘာလုံးက ပြည်သူတွေဟာ ယေးလ်အွန်လိုင်းသင်တန်းကို အခမဲ့ ၀င်ရောက်လေ့လာနိုင်ကြတဲ့အတွက် ကျွန်တော်တို့ အင်မတန် ၀မ်းသာပီတိဖြစ်ရပါတယ်။” တက္ကသိုလ် ဥက္ကဌဖြစ်သူ ရစ်ချဒ်စီလဲဗင်က ဆိုသည်။

“ဒီနေ့ ထုတ်လွှင့်မယ့် သင်တန်းအသစ်တွေမှာတော့ နောက်ဆုံးနည်းပညာကို အပြည့်အ၀ အသုံးချထားပါတယ်။ တက္ကသိုလ်ရဲ့ အထင်ကရဌာနကြီးတွေရဲ့ သင်ကြားမှုတွေကို လေ့လာချင်ကြတဲ့သူတွေဆီ ရောက်နိုင်ဖို့ပါ။”


ကလေးများ လိမ်တတ်အောင် သင်ပေးသူ
Wednesday, 20 April 2011 04:53 အောင်


လွန်ခဲ့သည့် တစ်လ၊ နှစ်လ ခန့်လောက်က သြစတေးလျ တီဗွီ အစီအစဉ် တစ်ခုတွင် ကလေး ငယ်များသည် လိမ်ညာတတ်သည့် အကြောင်း သုတေသန ပြုသည့် အစီအစဉ် တစ်ခု ပြသွားသည်ကို ကြည့်လိုက်ရသည်။

ထို အစီအစဉ်တွင် အခန်းငယ် ၅ ခန်းခွဲပြီး၊ ကလေး ၅ ဦးကို တစ်ခန်းစီမှာ ထား၍ သူတို့ မသိ မမြင် နိုင်အောင် လှို့ဝှက် ကင်မရာများ တပ်ထားသည်။

ကလေးငယ် များ၏ အနောက်တွင် အရုပ် တစ်ခုချင်း ချပြီး ကလေးများကို နောက်မှာ ချထားသည့် အရုပ်အား လှည့်မကြည့်ရန် မှာထားသည်။ ထို့နောက် လူကြီး တစ်ယောက်စီက တစ်ခန်းစီမှာ ကလေးငယ်များကို နောက်မှ ချထားသည့် အရုပ်၏ အော်သံကို ဖွင့်ပြသည်။ ဥပမာ ဝုတ်ဝုတ် ဟု အော်လျှင်၊ ဒါခွေးရုပ် ဖြစ်သည်၊ ညောင်ဟု အော်လျှင် ဒါကြောင်ရုပ် ဖြစ်သည်ဟု ကလေးများက ဖြေရသည်။ အဖြေမှန်လျှင် သူတို့ကို ထိုအရုပ် ပေးလိုက်သည်။

သို့ဖြင့် တစ်ချိန်တွင် ဂေါ်ဇီလာရုပ် ချထားရာ ဂေါ်ဇီလာ မြည်သံကို ကလေးများက နားယဉ် ကြားဖူးခြင်း မရှိကြချေ။ ထိုအခါ ကလေးများသည် တွေဝေ နေကြစဉ် သူတို့အား မေးနေသည့် လူကြီးက ကဲ မင်းတို့ စဉ်းစားထားနော်၊ နောက်လှည့် မကြည့်ရဖူးနော်၊ မျက်လုံးလဲ သေချာ ပိတ်ထား၊ ၁၅ မိနစ် စဉ်းစားချိန် ပေးမယ်၊ ငါ အပြင်သွားပြီး ၁၅ မိနစ်နေရင် ပြန်လာမယ် လို့ မှာပြီး ကလေးများကို တစ်ဦးထဲ အခန်း တစ်ခုစီမှာ ထားခဲ့ပြီး အပြင် ထွက်သွား သည်။

လူကြီး ထွက်သွားပြီး ကလေး တစ်ဦးချင်း အခန်း တစ်ခန်းစီမှာ ရှိနေကြသည့် အခါတွင် သူတို့သည် မကြာခင်မှာပင် နောက်သို့ ခိုး၍ လှည့်ကြည့်ပြီး အနြေ္ဒိ မပျက် မျက်လုံးကို လက်ကာ၍ အရုပ်ထားရာ ဖက်ကို ကျောခိုင်း နေကြသည်။ လူကြီးက ပြန်ဝင်လာသည့် အခါတွင် ကလေးများကို အဖြေရပြီလား မေးလျှင် ကလေးများက အဖြေမှန် ဂေါ်ဇီလာ ရုပ်ဖြစ်သည်ဟု ဖြေလေသည်။ ထိုအခါ လူကြီးက မင်းတို့ နောက်လှည့် ကြည့်လား မေးလျှင် ဟင့်အင်း- မျက်လုံးမှာ လက်ကာ ထားတာ ညောင်းတာတောင်မှ လက်မချပါဖူးဟု ပိပိရိရိ ညာလေသည်။ ကလေး ၅ ယောက်တွင် တစ်ယောက်သာ ခိုးကြည့် မိပါသည်ဟု ဝန်ခံသည်။ ထိုအစီအစဉ်ကို ကြည့်ခြင်းဖြင့် ကလေးများမှာ ငယ်စဉ်ကပင် လိမ်ညာ တတ်သည်ကို တွေ့ရသည်။

ထိုသို့ လိမ်ညာတတ်ခြင်းမှာ ကလေးများသည် သူတို့၏ အနီးကပ်ဆုံး ရှိသည့် လူကြီး မိဘများထံမှ စတင် တတ်မြောက်ခဲ့ခြင်း ဖြစ်သည်ကိုမူ လူကြီး မိဘတို့က သတိ မပြုမိဘဲ ရှိတတ်ပြီး၊ ကလေးများ လိမ်တတ်ခြင်း ကိုပင် အပြစ် ဆိုချင် ကြသေးသည်။ ကလေးများမှာ စကား စတင်ပြောတတ်သည့် အရွယ်မှ စလို့ပင် သူတို့၏ ဦးဏှောက်နှင့် မှတ်ဥာဏ် တို့သည် အလွန် လန်းဆန်း ဖွံ့ဖြိုးလာသည် ဖြစ်ပြီး၊ ကလေးများသည် အရာရာကို အနီးစပ်ဆုံး သူများထံမှ ဦးစွာ သင်ယူ ရရှိလာလေသည်။ ထိုအချိန်ကပင် သူတို့၏ ကိုယ်ပိုင်ဥာဏ် နှင့် ရှိသည့် ဗဟုသုတ တို့ဖြင့် စဉ်းစား တွေးတော တတ်လာပြီလည်း ဖြစ်သည်။

ကလေးငယ်များအား လိမ်ညာ တတ်အောင် သင်ပေးခြင်း နှင့် ပတ်သက်၍ မကြာသေးမှီက ကြားသိရသည့် အဖြစ်အပျက် တစ်ခု ပြောရသော် – တရက်တွင် မိမိ၏ မိတ်ဆွေ လူကြီး တစ်ဦးသည် သူ့၏ မိတ်ဆွေ ကလေးငယ်များထံ အလည် အပတ်သွားရာ ကလေးများက – ဘဘကြီး ဘယ်က လာသလဲဟု မေးရာတွင် သူက ဘဘကြီးက နတ်ပြည်က လာတယ်ဟု ပြန်ဖြေလေသည်။ ထိုအခါ ကလေးငယ်များမှာ နတ်ပြည် ဆိုသည်ကို အလွယ်တကူ လက်ခံလိုက်သည် မဟုတ်ပေ။ သူ့အား နတ်ပြည် ဆိုသည်မှာ ဘယ်သို့ ဘယ်ပုံ၊ ဘယ်လိုသွား၊ ဘယ်လို လာရသည် စသည်ဖြင့် အသေးစိတ် လိုက်မေးတော့သည်။ သူကလဲ ပါးစပ်ထဲ ရှိရာ လျှောက်ပြော လိုက်တော့သည်။ ထိုအခါ ကလေးငယ်များမှာ ထိုလူကြီး ပြောခဲ့သည့် အကြောင်း အရာများကို သူတို့၏ ဦးဏှောက် မှတ်ဥာဏ်ထဲတွင် စွဲထည့် ထားသည် ဖြစ်သည်။ တစ်ချိန်တွင် ထိုလူကြီး ပြောခဲ့သည့် အကြောင်းမှာ မဟုတ်သည်ကို သူတို့ တွေ့မြင်သည့် အခါ စကားကို မမှန်မကန် ပြောချင်ရာ ပြောလို့ရတယ်ဟု သူတို့၏ အသိတွင် ဝင်သွားတော့သည်။

အလားတူပင် ကလေးငယ်များအား မိဘများက သူရဲဖြင့် ခြောက်ခြင်း၊ မဟုတ်က ဟုတ်ကပြောပြီး နှစ်သိမ့်ခြင်း၊ ကလေးများ၏ သင်ယူနေသည့် မှတ်ဥာဏ်ကို အထင်သေးပြီး စကားကို အလွယ်တကူ ပေါ့ပေါ့ တန်တန် မဟုတ်တာ ပြောလိုက် ခြင်းတို့သည် ကလေးများအား လိမ်ညာခြင်းကို စသင်ပေးလိုက် သလိုဖြစ်နေတော့သည်။

မိမိ၏ မိတ်ဆွေ တစ်ဦးတွင် ၇နှစ် အရွယ် သားလေး တစ်ယောက်ရှိသည်။ ထိုကလေးသည် အလွန်မှ လိမ်ညာတတ်သည်။ တစ်ခါက မိမိမှာ သူတို့၏ အိမ်သို့ တပတ်ခန့် သွားရောက် နေထိုင်ဖူးစဉ် သူ့ဖခင်မှာ ကလေးက မုန့်စားချင်၍ တောင်းသည့် အခါမှာ မုန့်မရှိတော့ဖူးဟု ညာပြောတာမျိုး၊ ကလေးက အကြောင်း တစ်ခုခု သိလိုလျှင် ပေါ့ပေါ့တန်တန် ပေါက်တတ်ကရ လျှောက်ပြောတာမျိုး လုပ်လေ့ရှိသည်ကို တွေ့ရသည်။

ကလေး ဆိုသည်မှာ သူတို့ သိချင် လိုချင်သည့် အရာကို အထက်က ပြောခဲ့သည့် တီဗွီ အစီအစဉ်မှာ ပါသလို ကြံဖန် လုပ်တတ်သည် ဖြစ်သည်။ မုန့်မရှိဖူး ပြောသော်လည်း သူသည် မုန့်ထားသည့် နေရာကို ချက်ခြင်း သွားမရှာသည့်တိုင် နောင်တစ်ချိန်တွင် ထိုမုန့်ရှိသည့် နေရာမှ မုန့်ရလာလျှင် ယခင်က ဖခင်သည် သူ့အား ညာခဲ့သည်ကို သူချက်ခြင်း သိနိုင်သည်။ ထိုအခါ လိမ်ညာခြင်းသည် အပြစ်မရှိသည့် လုပ်ရပ် တစ်ခုလို သူအနေဖြင့် သတ်မှတ်သွားမည် ဖြစ်တော့သည်။

မိမိနှင့် သိကျွမ်းသည့် အခြားမိတ်ဆွေ တစ်ဦးမှာမူ သူ့၏ သားကို ကလေးပင် ဖြစ်သော်လည်း လေးလေး စားစား ဆက်ဆံသည်ကို တွေ့ရသည်။ ကလေးက မုန့်စားချင်လို့ တောင်းလျှင် ဒီအချိန်သည် မုန့်စားရသည့် အချိန်မဟုတ်ကြောင်း၊ အကျိုး အပြစ်တို့ကို သေသေချာချာ ခွဲခြား ရှင်းပြတတ်သည်။ ထိုအခါ ထိုကလေးသည် လိမ်ညာခြင်း အကျင့်မရှိတော့ဘဲ အမှန်ကိုသာ ပြောပြီး၊ ထို အမှန်တရားကို လက်ခံသင့်သည့် အကြောင်းအား စူးစမ်းလိုစိတ် ဖြစ်လေတော့သည်။ အလားတူ ကလေးက အကြောင်း တစ်ခုခုကို သိလိုသဖြင့် မေးမြန်းလျှင်လည်း၊ ပေါ့ပေါ့တန်တန် ပေါက်တတ်ကရ လျှောက်မပြောဘဲ ကလေးနားလည်အောင် သေသေချာချာ ရည်ရည်လည်လည် စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည်။ ထိုအခါ ကလေးသည် သူသိချင်သည့် အရာကို သေသေချာချာ သိလိုက်ရပြီး နောင်တွင် သူ့အနေဖြင့် သူသိထားသည့် အရာမှာ မှန်ကန်သည်ကို တွေ့ရလျှင် သူ့၏ ဖခင်ကို လေးစားသည့် စိတ်ဝင်သွားမည် ဖြစ်သည်။

သြစတေးလျတွင်မူ ကလေးများအား ကျောင်းမထား မနေရ ဖြစ်ပြီး၊ ကျောင်းပညာရေး အဆင့် အတန်း မှာလည်း မြင့်မားသည့် အတွက်၊ လူကြီး မိဘ အုပ်ထိန်း သူများက ချို့ယွင်းချက် ရှိသည့်တိုင် ကလေးများမှာ ကျောင်းသို့ ရောက်ကြလျှင် လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစေရန် ပြုပြင် နေထိုင် လာတတ်ရန် အခွင့် အရေး ရှိကြသည်။

မြန်မာနိုင်ငံတွင်မူ ပညာရေး အဆင့်အတန်းမှာ အလွန် နိမ့်ပါးလျှက် ရှိရာ၊ တဖက်မှာလည်း ကလေးများအားလုံး ပညာသင်ရခြင်း မရှိကြသည့် အတွက် လူကြီး မိဘ အုပ်ထိန်းသူ များမှာ ကလေးများ လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစေရေး အတွက် အလွန် အရေးကြီး လှတော့သည်။

မကြာခင်က မိမိရေးခဲ့သည့် အချဉ်ဖမ်းသည့် အတတ် တွင် လူ့ယဉ်ကျေးမှု အဆင့်အတန်းသည် လူတို့၏ ဂုဏ်ကို ဖော်ဆောင် နေကြောင်း ဖော်ပြခဲ့သည်။ မိမိတို့ လူမျိုးများတွင် အများအားဖြင့် လိမ်ညာမှုကို ယဉ်ပါးစွာ ပြုလုပ်နေကြခြင်းဖြင့် လူ့ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျနေပြီး၊ လူ့ဂုဏ်သိက္ခာ ကျဆင်းနေခြင်း ဖြစ်သည်ကို ဆင်ခြင်ကြပြီး၊ နောင်မျိုးဆက်များတွင် ထိုသို့ မဖြစ်ရလေအောင် ပြုပြင် ထိန်းသိမ်း လိုကြသည် ဆိုပါက၊ လူကြီး မိဘများ တို့သည် သူတို့၏ ကလေးငယ်များအား လိမ်ညာခြင်း အတတ်ကို မသင်ပေးဖြစ်အောင် စတင် ဆောင်ရွက်သင့်မည် ထင်ပါသည်။

အောင်

(AUNG.INFO မှ ကူးယူ ဖော်ပြပါသည်)


ကလေးများ၏ လက်ဦးဆရာ
Monday, 18 April 2011 00:49 သိန်းနိုင်

လူမှုစီးပွားအဆင်ပြေ၍ ချမ်းသာကြွယ်ဝကြသူများ၏ သားသမီးများမှာ ဉာဏ်ရည် ပိုမို ထက်မြက်ကြသည်၊ ကျောင်းပညာရေးတွင် ပိုတော်ကြသည် ဟူသော အယူအဆမှာ ဆွေးမြေ့ ဟောင်းနွမ်းခဲ့ပြီးဖြစ်ပါ၏။

မိဘများ၏ လစဉ်၊ နှစ်စဉ် ၀င်ငွေ၊ ချမ်းသာ ကြွယ်ဝမှု ပမာဏ၊ နေထိုင်ရာမြို့နယ်၊ ရပ်ကွက် စသည့် လူမှုစီးပွား နောက်ခံအခြေအနေများနှင့် ကျောင်းပညာရေး အောင်မြင်မှု ဆက်နွယ်နေမှု ဆိုသည်မှာ အတိတ် ကာလများတွင် ပြောဆို ဆွေးနွေးခဲ့သောပုံစံများလောက် ရိုးစင်းလှသည်တော့မဟုတ်ပါ။ အမှန်တကယ်တွင်မူ ဤ ၂ ခု၏ အဆက်အစပ်ကို ရိုးရိုးသာ ရှုမြင်ခဲ့သည်မှာ အစဉ် မမှန်ကန်နိုင်ကြောင်းများကို တွေ့မြင်ခဲ့ခြင်းပင်။ ဆင်းရဲ နွမ်းပါးသော မိသားစု များမှ ကလေးများသည်လည်း ဘ၀တွင် ထွန်းပေါက် အောင်မြင်နိုင်စွမ်း အဘယ်ကြောင့် ရရှိနေပါသနည်း။



အလှည့်အပြောင်း

“ကျောင်းပညာရေးတွင် အောင်မြင်မှုကို မည်သည့်အချက်များမှ လွှမ်းမိုးနေသနည်း” ဟူသော မေးခွန်းကို မိဘများအား မေးမြန်း ကြည့်ခဲ့ဖူးပါသည်။ ဖြစ်နိုင်သော အဖြေများတွင် “အစားအစာ ကောင်းကောင်း ကျွေးမွေးခြင်း၊ ငယ်စဉ်ကတည်းက (မူကြိုအရွယ် ကတည်းက) ပညာရေး အခြေခံကောင်း ရရှိခြင်း၊ မိဘများ၏ နောက်ခံပညာအခြေခံ၊ မွေးစဉ် (အကြီး၊ အငယ်၊ အလတ်)၊ ရုပ်ပိုင်း၊ စိတ်ပိုင်းကျုန်းမာရေး စသည့် အချက်များ ပါဝင်နိုင်ပါလိမ့်မည်။ လူအများစု သတိ မမူမိတတ်သည့် အရေးကြီးသော အချက် တစ်ချက်ကား ကျန်ရှိနေလေသည်။ ဤအချက်မှာ အခြားသော အချက်များကို များစွာ လွှမ်းမိုမှု ရှိပြန်သည်။ ကလေးများ၏ စိတ်အခြေခံ၊ သင်ယူ လေ့လာမှုနှင့် အဆုံးစွန်အားဖြင့် ကျောင်းပညာရေး အောင်မြင်မှုတွင်လည်း သက်ရောက်မှု ရှိခြင်းကြောင့်ပင် ဖြစ်သည်။

ဤအချက်မှာ “မိဘများကိုယ်တိုင် ပါဝင်ဆောင်ရွက်မှု” ပင်ဖြစ်တော့သည်။ လူမှုစီးပွား နောက်ခံအခြေအနေနှင့် ကျောင်းပညာရေး အောင်မြင်မှု တိုက်ရိုက် ဆက်နွယ်နေသော အချက်များကို မငြင်းပယ်လိုပါ။ သို့ရာတွင် မိဘများ၏ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆောင်ရွက်မှုမှာ ဤဆက်နွယ်နေမှုတွင် ကြားခံသော့ချက်ပင်တည်း။ တနည်းဆိုရသော် ကလေးများ၏ ဆင်းရဲ၊ ချမ်းသာ နောက်ခံ အကြောင်းတရားများမှာ များစွာ အရေးမကြီးလှ ခြင်းပင်ဖြစ်သည်။ အရေးပါသည့် အချက်မှာကား သားသမီးငယ်များ၏ ကျောင်း ပညာရေးတွင် မိဘများ ကိုယ်တိုင် ကိုယ်ကျ အနှစ်သာရ ရှိရှိ၊ ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်မှုရှိခြင်း၊ တက်ကြွစွာ လုပ်ကိုင် ဆောင်ရွက်ပေးခြင်း၊ မိဘများ၏ ပါဝင်မှုမှာ ထင်သာမြင်သာ ရှိခြင်းတို့ပင်ဖြစ်သည်။ အထက်တွင် မေးထားသည့် မေးခွန်း၏ အဖြေလည်းဖြစ်သည်။ ဆင်းရဲသောမိဘများ၏ ကလေးငယ်များမှာ ကျောင်းပညာရေးတွင် အောင်မြင်မှု ရရှိနိုင်ခြင်းနှင့် မိဘချမ်းသာ ကြွယ်ဝသော်ငြားလည်း သားသမီးတို့မှာ ကျောင်းပညာရေးတွင် အောင်မြင်မှု မရရှိကြသူတို့အကြား ခြားနားချက်ကို ရှင်းပြနိုင်ခြင်းဖြစ်သည်။ မြန်မာစကားပုံတွင် အထင်ကရဖြစ်သော “လက်ဦးဆရာ၊ မည်ထိုက်စွာသည်၊ ပုဗ္ဗာစရိယ မိနှင့်ဖ” ဟူသည်မှာ မိဘများ၏ တာဝန် ၀တ္တရားကိုလည်း ဖော်ကျူးထားခြင်းပင်။

စံနမူနာယူစရာ

နိုင်ငံတကာတွင် အောင်မြင်မှု ရရှိနေသော ဦးနှောက်ခွဲစိတ်ကု သမားတော်၊ စာရေးဆရာ၊ စိတ်ခွန်အား တက်ကြွဖွယ်ဟောပြောသူ ဒေါက်တာ ဘန်ကာဆန်သည် အသက် ၃၃ နှစ် အရွယ်တွင် ဂျွန်ဟော့ကင်း ဆေးရုံကြီး (အမေရိကန်နိုင်ငံ နှစ်စဉ် အကောင်းဆုံး ဆေးရုံဆု ၁၈ ခု ရရှိပြီး) ၏ ကလေးသူငယ် ဦးနှောက်ခွဲစိတ်ကု သမားတော်အလုပ်ကို ရရှိသည်အထိ အောင်မြင်မှုနှင့် ပတ်သက်၍ တစ်ဦးတည်းသော မိခင်ဖြစ်သူကြောင့် ဖြစ်ကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့လေသည်။


ရင်ချင်းဆက်အမွှာကို ခွဲစိတ်ကုသသူ၊ မကြာမကြာ သတိလစ် “တက်” တက်သူ လူနာများကို ကူညီပေးရန်အတွက် ဦးနှောက် တစ်ခြမ်းကို ခွဲစိတ်ထုတ်ပယ်သည့် radical hemispherectomies သမားတော်တစ်ဦးဖြစ်သည်။ ဒေါက်တာဘန်ကာဆန်မှာ ဆင်းရဲနွမ်းပါးပြီး မိဘများမှာ လင်မယား ကွာရှင်းပြတ်စဲထားသူများဖြစ်လေသည်။ မိသားစု ဖရိုဖရဲဖြစ်ခြင်းကို ငယ်စဉ်ကပင် ကြုံတွေ့ခံစားရလေသည်။ မိခင် ဖြစ်သူသည် သုံးတန်း အဆင့်သာ ကျောင်းနေဘူးပြီး စာပေ မတတ်သူဖြစ်ရကား မိသားစုကို အလုပ် ၃-၄ မျိုး တပြိုင်တည်းလုပ်ကာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရှာဖွေ ကျွေးမွေးခဲ့ရသည်။ သား ၂ ယောက်လူလားမြောက်လာစေရန် ပြုစုပျိုးထောင်ပေးခဲ့ရာတွင် ဒေါက်တာ ဘန်ကာဆန်နှင့် သူ၏ ညီဖြစ်သူတို့ကို တီဗွီတစ်ချိန်လုံးကြည့်နေသည်ထက် စာပိုမိုဖတ်ရှုလေ့လာရန် ကြပ်မတ် လမ်းညွှန် ခဲ့သည်။


ရက်သတ္တ တစ်ပတ်တွင် ရုပ်မြင်သံကြားအစီအစဉ် ၂ခု၊ ၃ ခုကိုသာ ကြည့်ရှုခွင့်ပြုလေသည်။ နေ့နေ့ ညည ကျန်သော အချိန်အများစုကိုကား စာပေ ဖတ်ရှုခြင်း၊ လေ့လာခြင်းတို့ဖြင့် ကုန်လွန်စေရသည်။ အမိဖြစ်သူသည် သား ၂ ဦးတို့၏ ပညာရေးတွင် နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့၏။ ကျောင်း ပညာရေး၏ တန်ဖိုးကို အစဉ်ပင် သတိပေးလေ့ရှိပြီး မဖြစ်နိုင်သောအရာ ဟူသည်မရှိဟုလည်း စိတ်ခွန်အား တတ်ကြွဖွယ်ရာ ပြောဆိုဆုံးမတတ်သည်။ မြန်မာနိုင်ငံတွင် အထင်ကရ တစ်ဦးဖြစ်သူ တက္ကသိုလ် ကောလိပ်ကျောင်းအုပ်ကြီး၊ စာပေ ပညာရှင် ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်မှာ ဆင်းရဲသော မိသားစု၏ စာတော်သော ကျောင်းသား ဖြစ်ခဲ့ကြောင်းကိုလည်း ရေးသား ဆွေးနွေးခဲ့ဖူးပါသည်။

နွေးထွေးသော ဂရုဏာရှင် အမေ

ဆရာဆရာမများအနေဖြင့် မိဘများနှင့် မည်သည့်အချိန်တွင် တွေ့ဆုံတတ်ပါနည်း။ များသောအားဖြင့် မြန်မာစာသင်ကျောင်းများတွင် ကျောင်းသားမိဘနှင့် တွေ့ဆုံမှုမှာ ပြဿနာဖြစ်သည့် အခါတွင်သာ ဖြစ်လေသည်။ ကျောင်းသားများ ဆိုးသွမ်းသည့်အခါ၊ ကျောင်း စာမေးပွဲ ကျရှုံးသောအခါ၊ ခိုက်ရန် ဖြစ်ပွားသည့် အခါတို့တွင်သာ ထိုကျောင်းသားတို့၏ မိဘများနှင့် တွေ့ဆုံ လေသည်။ “မိဘ၊ ဆရာ ပူးပေါင်း ကလေး ပညာကောင်း” ဟူသော ပညာရေး စကားပုံရှိသော်ငြားလည်း ကလေးငယ်တစ်ဦးချင်း မိဘများအနေဖြင့်မူ ကျောင်းအုပ်၊ အတန်းပိုင်၊ ဘာသာရပ်ပြဆရာဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်မှာမူ များစွာမရှိသေးကြောင်း လေ့လာတွေ့ရှိ ရပြန်သည်။ စာသင်ကျောင်း၏ တစ်နှစ်တာ ပညာရေးပြက္ခဒိန်တွင် ထည့်သွင်း မထားရှိကြသေး။

အခြားသောနိုင်ငံများ၏ ပညာရေးသုတေသန လေ့လာတွေ့ရှိမှုများအရ မိခင်၊ ဖခင် တစ်ဦးဦးမှ ကလေး၏ ပညာရည်တိုးတက်မှုကို ကျောင်းဆရာဆရာမများနှင့် လာရောက် ဆွေးနွေးသည့် အခါဝယ် ကျောင်းသား အနေဖြင့် အပြုအမူ၊ စိတ်ပါဝင်စားမှုနှင့် သင်ယူ လေ့လာရာတွင် ပိုမို ကောင်းမွန်တိုးတက်မှုရှိခြင်းပင်ဖြစ်ပါသည်။ မိဘမှ ကျောင်းသို့ လာရောက်သည့်အတွက် ကြောက်ရွံ့ ထိတ်လန့်ပြီး ပြောင်းလဲလာခြင်းဟူ၍ ရှုမြင်နိုင်သည်။ ဤသို့ကား မဟုတ်ရပါလေ။ အကောင်းမြင် သဘောထားအနေဖြင့်သာ ရှုမြင်အပ်သည်။

မိဘနှင့် ကျောင်းသား နှစ်ဦးနှစ်ဝအတွက် ပညာရေးအမြစ်ကို ခိုင်မာစေခြင်းပင်။ သူတို့၏ ကျောင်းစာနှင့် ကျောင်း ပညာရေးတွင် မိဘများ၏ ပါဝင်ပတ်သက်မှု၊ စိတ်ဝင်စားမှု၊ အခြား ကျောင်းသားများနှင့် ဆက်ဆံရေး၊ ဆရာဆရာမများနှင့် ဆက်ဆံရေးတို့ကို သားသမီးများနှင့် ဆွေးနွေး ပြောဆိုမှုတို့သည် ကျောင်းသူကျောင်းသားများမှ ပညာရေးကို အမှန်တကယ် စိတ်ပါဝင်စားမှု ဖြစ်ပေါ် စေပါသည်။ စိတ်အား တက်ကြွဖွယ်ရာလည်း ဖြစ်ပြီး ပညာရေး စိတ်ခွန်အား ရရှိစေကာ ဖြစ်နိုင်စွမ်းရှိသည့် လိုလားအပ်သော ကျောင်း ပညာရေး ရည်မှန်းချက်များ ခပ်မြင့်မြင့် ထားရှိကြပါသည်။

လက်ရှိကျောင်းပညာရေးအခြေအနေ၊ သူငယ်ချင်းများအကြောင်း၊ သူတို့စိတ်ပါဝင်စားသည့် ဘာသာရပ်များ၊ အကြောင်းအရာများ၊ မျှော်မှန်းချက်များ၊ အနာဂတ်အကြောင်း စသည်တို့ကို ကလေးများနှင့် ဆွေးနွေး ပြောဆိုခြင်းသည် သင်ယူလေ့လာမှုကို တိုးတက် စေရန် များစွာ အထောက်အပံ့ ဖြစ်စေပြီး ကျောင်းပညာရေးတွင် အောင်မြင်မှု ရရှိရန်အတွက်လည်း မျှော်လင့်နိုင် ပါသည်။ အနှစ်သာရ အားဖြင့် မိဘများ၏ ပါဝင်ဆောင်ရွက်မှု၊ ကလေးပညာရေးအတွက် နိုးကြားတက်ကြွမှုတို့ကို ကျောင်းသူကျောင်းသားများမှ များစွာ တန်ဖိုးထားရှိကြောင်းပင်ဖြစ်ပါ၏။

ကျောင်းများအနေဖြင့် နှစ်ဝက်တိုင်းတွင် မိဘတိုင်းနှင့် အတန်းပိုင်၊ ဘာသာရပ်ပြဆရာတို့ တွေ့ဆုံ ဆွေးနွေးခြင်း အစီအစဉ်ကို ရေးဆွဲ ထားသင့်သည်။ ငါးမိနစ်၊ ဆယ်မိနစ်ခန့် တွေ့ဆုံခြင်းမှာ ပညာရေး အကျိုးကျေးဇူး များစွာရှိပါသည်။ ပညာရည်တိုးတက်မှု မှတ်တမ်း ပေးပို့ပြီးသည့်အခါများတွင် ကလေးတိုင်း၏ မိဘတိုင်းနှင့် တွေ့ဆုံခြင်းအစီအစဉ်ပင်ဖြစ်၏။ ဆိုးသော၊ တော်သော၊ ညံ့သော ကလေး ဟူ၍လည်း ခွဲခြား ထားမှုမရှိဘဲ မိဘအားလုံးနှင့် အလှည့်ကျ တွေ့ဆုံခြင်းဖြစ်သည်။ ထို့အပြင် အခါအားလျော်စွာ လိုအပ်ချက် များအရလည်း တွေ့ဆုံသင့်ပါသည်။ အနည်းဆုံးအားဖြင့် မိဘတိုင်းသည် ကလေးများနှင့် ကျောင်းပညာရေး ဆိုင်ရာတို့ကို ပြောဆို ဆွေးနွေးနိုင်သည် မဟုတ်ပါလား။

ကလေးများ၏ ပညာရေး အောင်မြင်မှုမှာ ကျောင်းဆရာဆရာမများသာလျှင် တာဝန်ရှိသည် မဟုတ်ပါ။ ဆရာဆရာမများနည်းတူ ကလေးများ၊ မိဘများ၊ ရပ်ရွာလူ့အဖွဲ့အစည်းနှင့် အစိုးရ အဆင့်ဆင့် တွင်လည်း အညီအမျှ တာဝန်ကြီးကြီးရှိပါကြောင်း။

သိန်းနိုင်


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */