“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, April 26, 2011

ကံကြမ္မာရဲ့ သတို့သမီး

(ပေးပို့ သူ -ဗမာသွေး)

မိုးသည်းထန်နေတဲ့ ထိုတည

အညိုးကြီးစွာ ပစ်ချနေတဲ့ မိုးကြိုးပစ်သံတွေကြားမှာ

ငိုရှိုက်သံ သဲ့သဲ့လေး ကြားလိုက်ရတယ် ....

စူးစမ်းချင်တဲ့ စိတ်ကြောင့်

အဲဒီအနားကို အပြေးကပ်သွားတဲ့ အခါ

မိန်းမပျိုလေး တစ်ယောက်

ဘ၀ပြေးလမ်းမှာ ခြေခေါက်လဲလို့

HIV စွဲကပ်နေပြီတဲ့ ....။



သူ့အဖေက စစ်သား စစ်မြေပြင် အသွားမှာ

ထိမှန်တဲ့ ဗုံးတစ်စကြောင့် ဒုက္ခိတ ဘ၀ရောက်

တိုင်းပြည်တာဝန် ထမ်းဆောင်လို့

သေရတာ မြတ်ပါတယ်လို့ ခံယူထားတဲ့ အဖေ

ဆေးပင်စင်သမားများ အိမ်ခန်းမှာ

မထားနိုင်တဲ့ ဆိုတဲ့ စာရွက်လေးကို ကိုင်ကာ

အခုတော့

ကြိတ်မနိုင်ခဲမရ နဲ့ ဒေါသပုန်ထနေပြီ ..။



နှစ်(၂၀) တာဝန်ထမ်းခဲ့တဲ့

ဝန်ထမ်းတစ်ယောက်ရဲ့ အကျိုးအမြတ်က

ဒုက္ခိတဘ၀နဲ အဆုံးသတ်

ဘယ်နေရာကို ပြေးကပ်ရမလည်း ဆိုတာစဉ်းစား

လက်ထဲက ရွှေတမူးသားနဲ့ သူရဲကောင်း တံဆိပ်ကြီးကို

ငေးကာကြည့်ရင်း သူ့မျက်ဝန်းမှာ

မျက်ရည်တွေ စီးကျလာပြီလေ ……..။



မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီကြောင့်

ရန်ကုန်ကိုရောက် လှိုင်သာယာ

လယ်ကွင်းထဲမှာ အိမ်ဆောက်

မဖြစ်စလောက်ငွေကြေးလေးနဲ့ ဓနိမိုးနဲ့ ထရံကာ

ကြမ်းခင်းလေးတောင် မလောက်ငခဲ့ဘူး…။

လေတိုက်ရင် ယိုင်နဲ့နေတဲ့

ထိုတဲလေးမှာ မိသားစုဘဝ

ပြန်လည် တည်ဆောက်ခဲ့ကြရတယ်..။



သေနတ်ကိုင်တာက လွဲပြီး

အခြားအရာဆို ဘာမှ မသိတဲ့

စစ်သားကြီး ဒုက္ခိတ အဖေ

အရပ်တကာလည်ကာ အ၀တ်လျှော်ခဲ့တဲ့ အမေ

သူတို့ နှစ်ယောက်ပေါင်းလို့

ပေါက်ဖွားလာတာ သားသမီးက ခြောက်ယောက်

ထမင်းဆိုတာ မနပ်မှန်လို့

ဆန်ပြုတ်သောက်ခဲ့ရတဲ့ ရက်တွေက များလာခဲ့ပြီ ။



အကြီးဆုံး ဖြစ်တဲ့ ကျမ တက္ကသိုလ်က

ဘွဲ့ရလို့ အလုပ်လုပ်ဖို့ ကြိုးစားနေတဲ့ အချိန်

စားဝတ်နေရေး အဆင်ပြေစေဖို့

မလည်မ၀ယ်နဲ့ အမေ ဈေးသည် လုပ်ခဲ့တယ် ။



မညီမျှတဲ့ ၀င်ငွေကြောင့် မောင်နှမတွေ

စာသင်ကျောင်းကို ကျောခိုင်းစွန့်ခွာ

မောင်လေးက ဒုတ်တချောင်းနဲ့

အမှိုက်ပုံပေါင်းများစွာကို ထိုးဆွ

သူလိုချင်တဲ့ အရာကို ရှာဖွေတတ်ခဲ့တယ်..။

အငယ်နှစ်ယောက်က ပန်းကောက်

ထမင်းနပ်မှန်ဖို့ အားလုံးကြိုးစားကာ

ထောက်ပံ့ပေးထားခဲ့ကြတယ် ။



အလကား မနေလိုတဲ့ ဆန္ဒနဲ့

ရန်ကုန်မြို့အနှံ့ လျှောက်သွားပြီး

အလုပ်တခု ရဖို့ အရေးကို

ကြိုးစားခဲ့ပါသေးတယ်………ဒါပေမယ့်

ဘာအမြီးမှာ မပါတဲ့ ကျမ အတွက်

အလုပ်တခုရဖို့ သိပ်ကို ခက်ခဲခဲ့ပါတယ်

ကားမစီးနိုင်လို့ လမ်းလျှောက်ခဲ့ရတာ

ခိုင်ပါတယ်ဆိုတဲ့ ကားတာယာ ဖိနပ်

အခုတော့ပါးလှပ်လှပ်လေးဘဲ ကျန်တော့တယ်

ငွေပိုမပါလို့ ရေငတ်တာတောင်

ဝယ်မသောက်နိုင်တဲ့ဘဝ

ရေအိုးစင်တွေ့တိုင်း သာဓုခေါ်မိတာ အမှန်ပါဘဲ ။





ဆိုးဝါးတဲ့ ကံကြမ္မာ မုန်တိုင်းက

နှိပ်စက်တာ အားမရလို့

အခု အဖေ ဆေးရုံကို ရောက်နေခဲ့ပြီ ။

ငွေမပါရင် မကြည်ဖြူတဲ့ အသိုင်းတခုက

ကျမတို့ကို ငြူစူစွာ ဆက်ဆံပြခဲ့တယ် ။

စိတ်ညစ်လို့ လမ်းထွက်လျှောက်ရင်း

အဖေ့အတွက် စဉ်းစားကာ

မျက်ရည်ကျခဲ့ကြတာ အခါခါပါဘဲ..။



ဒီလိုနဲ့ လူတစ်ယောက်က

ကျမနောက်ကို လိုက်လာရင်း

သူပြောလိုက်တဲ့ စကားကြောင့်

တကိုယ်လုံး ထူပူသွားပေမယ့်

သေချာစဉ်းစားဖို့ ခွန်အားမရှိခဲ့ဘူး

သူပေးတဲ့ ငွေကြောင့် အဖေ့ရောဂါ

မပျောက်ခဲ့ရင်တောင်……..

ခက်ခဲနေတဲ့ လက်ငင်းပြဿနာကို

ဖြေရှင်းနိုင်တာ အမှန်ဖြစ်လို့

ကျမငြင်းဆန်နိုင်ခြင်း မရှိခဲ့ပါဘူး ။



လောကဓံရဲ့ ရိုက်ပုတ်ချက်ကြောင့်

ကျမဘ၀ လမ်းဘေးမှာ အပျိုရည်ပျက်ခဲ့ရတယ် ။

အဲဒီက ရတဲ့ ငွေလေးနဲ့

အဖေ့အတွက် ဆေးပြေးဝယ်

တာဝန်ကျ ဆရာဝန်ကို မျက်နှာချိုသွေးလို့

ဆေးကုပေးဖို့ တောင်းပန်ခဲ့ရတယ် ။



ကံဇတ်ဆရာရယ် ကစားတာရပ်ပါတော့လို့

အခါခါတောင်းပန်ခဲ့ပေမယ့်

ဒုက္ခိတ အဖေကို ရောဂါပေါင်းစုံက နှိပ်စက်လို့

ကျမရဲ့ ဘ၀ ထပ်မံ နစ်မွန်းခဲ့ရတယ်. ။



ပညာရှင် ဖြစ်စေလိုတဲ့ အဖေဆန္ဒ

ပြည့်မြောက်လို့ ချီးမြှောက်တဲ့

ဘွဲ့တံဆိပ် စာရွက်လေးကို

ရင်ခွင်ပိုက်ထားကာ ကြည်နူးနေတဲ့

ကျမအဖေ……………ကို

သူ့သမီးမိုက် ကလပ်ကို ရောက်တာ မသိပါစေနဲ့…။



ချမ်းသာသူတို့ စည်းစိမ်ခံဖို့ အရေး

ကျမရဲ့ ဘ၀လေးကို ပေးဆပ်နေတာကို

ရသတဏှာကြောင့် သူတို့မှာ ချိုမြနေပေမယ့်

ငွေကြေးအတွက် ဝေဒနာကို ပြေးဖက်နေရတဲ့

ကျမတို့ဘ၀ကို တချက်လောက်တော့

ကိုယ်ချင်းစာ ကြည့်စေချင်တယ်.. .။



ဒီလိုနဲ့ ကျမ အသွေးအသားဈေးသည်ဘ၀ကို

ခြေချကာလို့ ကျင်လည်ရာက

ကုမရတဲ့ဝေဒနာ စွဲကပ်လာခဲ့ရတယ် ။

အားလုံးကို အနှစ်ချုပ်လို့ ပြန်စဉ်းစားတိုင်း

အသုံးမကျတဲ့ အုပ်ချုပ်မှု

ပုံစံ စနစ်ကြောင့် ကျမတို့ မျိုးဆက်သစ်တွေ

ရေတိမ်နစ်ခဲ့ရပြီလေ……..။



အချိန်တန်လို့ လူသားဘဝ

သေကြရမှာ အမှန်ဖြစ်ပေမယ့်

ဒီလိုဘ၀ကြီးနဲ့ အဆုံးသတ်ရတာ

ဘယ့်သူမှာ အပြစ်ရှိလည်း သေချာစွာ

စဉ်းစားပေးပါလို့ နောက်ဆုံးဆန္ဒ

အနေနဲ့ တင်ပြေပေးပါ အစ်ကိုရယ်……….တဲ့…..။





မင်းပြောသမျှကို စာပန်းချီချယ်

မင်းခံစားချက် အစစ်ကို ထုတ်ပြလို့

ရင်နာစရာ ကဗျာတပုဒ် အဖြစ်

ငါတင်ပြရင်း ….

အို…….မိန်းကလေးရယ်………

နောင်တချိန်လူသားဘဝ

မင်းပြန်ရခဲ့ရင် ……..အခုလို အဖြစ်အပျက်

မကြုံတွေ့ပါစေနဲ့လို့

ဝမ်းနည်းဂရုဏာကြောင့် မျက်ရည်တွေစိုရွှဲစွာနဲ့

ဆုတောင်းပေးလိုက်ပါတယ် ။


http://www.facebook.com/note.php?note_id=211492085535113

( မိတ်ဆွေ တို့အနေနဲ့ ဒီကဗျာလေးနဲ့ ပက်သက်လို့ ခံစားချက်တွေ ရေးထုတ်တင်ပြချင်ရင် ဒီလင့်လေးကို နှိပ်ကာ ရင်ဖွင့်ပြနိုင်ပါတယ် )




ခင်မင်လေးစားလျှက်

ဗမာ့သွေး
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */