“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 27, 2011

တပ်မတော် အတွင်း ဖြစ်ပျက်နေသည့် သတင်းများ

ဦးပိုင်ရှယ်ယာ သတင်းဆိုး = ကိုဖိုးတရုတ်(ပေးပို့ သူ -ဗမာသွေး)27/04/2011

ခေတ်သစ် ၂ဝ၁၁ ခုနှစ် နိုင်ငံတော် အာဏာလွှဲပြောင်းမှု ဆောင်ရွက်ပြီးတဲ့နောက် တိုင်းမှူးတွေက အာဏာ လက်မဲ့ ဘဝမှာ အလုပ်မရှိ အလုပ်ရှာကာ တပ်တွေလှည့်လည် စစ်ဆေးနေရပါတယ်။ ဦးပိုင်ရဲ့ ဖြတ်တောက်မှုအောက်မှ တပ်မတော်သားများ အနေနဲ့ မွန်းကျပ်နေရတဲ့အထဲ တပ်မတော် စည်းရုံးရေးကော်မတီ ခေါင်းစဉ်အောက်ကနေ တခါမှ မလုပ်ဘူးတာတွေ လျှောက်လုပ် နေရတာတွေကြောင့် တပ်တွေမှာ အစိုးရသစ်နဲ့ တပ်ချုပ် (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်) အသစ်အောက်တွင် အတော်လေး ကိုးယိုးကားရားနိုင်သော ဖြစ်ရပ်များ ဖြစ်နေရကြောင်း စစ်ဘက် နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။ တပ်ချုပ် အသစ်ပြောင်းပြီ ဆိုသော်လည်း နိုင်ငံအကြီးအကဲလည်း မဟုတ်၊ တပ်ချုပ်လည်း မဟုတ်တော့တဲ့ ဗိုလ်ချုပ်မှူးကြီး အပွင့်တပ်ထားသော ဦးသန်းရွှေအား မည်ကဲ့သို့ ဆက်ဆံသွားရမည်ကို နားမလည်သလို သတင်းစာတွေ၊ တီဗွီတွေ၊ စာစောင်တွေမှာ ပါနေတဲ့ ဦးတည်ချက် (၁၂) ရပ်တွေ၊ ပြည်သူ့သဘောထားတွေကလည်း မပြောင်းလဲသေးတာကို တွေ့နေရတာကြောင့် ခေါက်ရိုးကျိုးနေတဲ့ ပုံစံခွက်သာဖြစ်ကြောင်း တပ်တွင်းမှာ တီးတိုး ဝေဖန်နေကြပါတယ်။ အစိုးရရဲ့ သတင်းထုတ်လွှင့် ချက်တွေကလည်း မပြောင်းလဲသေးတာကို တွေ့နေရပါတယ်။ စစ်သည်တွေရဲ့ နားမလည်နိုင်မှုကို အရာရှိတွေကလည်း ရှင်းပြဖို့ အတော်ခက်ခဲနေတဲ့ အနေအထားရှိကြောင်း သိရှိရပါတယ်။

ဒီလိုအခြေအနေမှာပဲ တပ်မတော်က ဆက်လက်ချုပ်ကိုင်ထားတဲ့ တပ်မတော် စီးပွါးရေးဦးပိုင် လီမိတက်ရဲ့ အစုရှယ်ယာများကို အရာရှိ/စစ်သည် အားလုံး မဝယ်မနေရဆိုသော ညွှန်ကြားချက်က ရုတ်တရက် ထွက်လာလို့ တပ်တွင်းကို အတော် ဂယက်ရိုက်စေခဲ့ပါတယ်။ အရင်ကတော့ လေတပ်စခန်းအလိုက် ဌာနချုပ်တစ်ခုလျှင် သိန်း (၃ဝဝ) ကျပ် ပြည့်အောင် ထည့်ဝင်ရမည် ဆိုတာသာ ရှိခဲ့ပြီး မပြည့်သော တပ်များအတွက် ကက (လေ) အစီအစဉ်နဲ့ ထည့်ပေးထားတယ်ဆိုကာ စစ်ရေးချုပ်ရုံးမှ တဘက်လှည့်ဖြင့် ငွေတွေ ထည့်ပေးထားရတယ်လို့ သိခဲ့ရပါတယ်။ တပ်တွေရဲ့ သက်သာချောင်ချိရေးအတွက် တပ်မတော်အစိုးရလက်ထက် ဆောင်ရွက်ပေးတာဖြစ်လို့ ပြည်ခိုင်ဖြိုးကို မဲပေးဖို့ ဌာနချုပ်မှူးများအား မဲဆွယ်စေသော ထောက်ပံ့ကြေးအနေဖြင့် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ဦးပိုင် အမြတ်ငွေများ ပိုရရှိကာ တပ်များရဲ့ သက်သာချောင်ချိရေး လုပ်ငန်းအချို့ အဆင်ပြေသလို ရှိခဲ့ပါတယ်။

ဒီလို စေတနာ ဗလာပွ စစ်ဌာနချုပ်များက စိုက်ပေးသလိုလိုနဲ့ ဆက်ပြီး မစိုက်နိုင်တာလား၊ စိုက်ထားတဲ့ငွေကို တဘက်လှည့်နဲ့ အရာရှို၊ စစ်သည် လစာတွေထဲက ပြန်တောင်း လာတာလား ဆိုတာကတော့ အခုထွက်လာတဲ့ ညွှန်ကြားချက်က ဦးပိုင်ကိုင်တဲ့ ဗိုလ်ချုပ်ခင်ဇော်ဦးသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ တင်ပြပြီးခဲ့တဲ့ သတင်းတွေထဲမှာ အသစ် ရောက်ရှိလာတဲ့ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်တွေက ပြောင်းသွားခဲ့တဲ့ ဗိုလ်ချုပ်တွေအပေါ်မှာ စာရင်းရှင်းတမ်း မကြေလည်ကြကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဦးပိုင်ကဲ့သို့သော ငွေစာရင်းရှင်းတမ်းများ ရှုပ်ထွေးမှု ရှိနိုင်လေရာ လိုငွေပြနေမူကို အဲဒီညွန်ကြားချက်နှင့် ပြန်လည်ဖြည့်တင်းခြင်း ဖြစ်နိုင်ကြောင်း စစ်ဘက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သုံးသပ် တင်ပြလာပါတယ်။

သို့သော်လည်း ဦးပိုင် ထည့်ဝင်ငွေဟာ ထည့်ပြီးရင် အတိုးနှုန်းနည်းနည်းနဲ့ အမြတ်ငွေကိုသာ တစ်နှစ် တစ်ကြိမ် ထုတ်ပေးပြီး အရင်းကိုတော့ ပြန်ထုတ်ခွင့် မရှိတဲ့အတွက် အရာရှိ/စစ်သည် တစ်ဦးချင်းမှ ထည့်ဝင်ရန် မည်သူမှ စိတ်မဝင်စားကြပါ။ ဒါပေမယ့်လည်း အာဏာလွဲပြောင်းမှု အပြီးမှာပဲ တပ်မတော်သားများအားလုံး ရှယ်ယာဝင်ရန်နှင့် ထည့်ဝင်ရမည့် သတ်မှတ်ပမာဏအား ထုတ်ပြန်ခဲ့ရာမှာ မျက်လုံးပြူး ကြရပါတော့တယ်။ စစ်သည်အားလုံးက တစ်ဦးလျှင် (၁၅) သိန်းကျပ်၊ ဒုဗိုလ်မှ ဗိုလ်မှူး အဆင့်ထိက (၃ဝ) သိန်းကျပ်၊ ဒုမှူးကြီးနဲ့ အထက်က သိန်း (၅ဝ) ကျပ်လို့ ဆိုပါတယ်။ ဒီပမာဏ ပြည့်မီအောင် လစာထဲက ဖြတ်သွားမယ်လို့ ပြောသလို အချို့သော တပ်များကိုတော့ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များရဲ့ ဒေသရံပုံငွေမှ အချိုးကျ ထည့်ပေးမယ် လို့လည်းဆိုပါတယ်။ အခုကာလမှာ တစစ တိုးလာတဲ့ ကုန်ဈေးနှုန်းနဲ့ မလောက်ငတဲ့ လစာရိက္ခာ၊ များပြားလှသော သင်တန်းများရဲ့ စရိတ်များအကြား လုံးခြာလည်လိုက်နေကြသော အရာရှိ/စစ်သည်များအတွက် နားလည်ရခက်တဲ့ ဦးပိုင်ရှယ်ယာ ဖြစ်လာပါတယ်။

လစာထဲက ဖြတ်ရင်လည်း ဒီ ပမာဏဟာ အတော်များသလို အာဏာပိုင်တွေက ထည့်ပေးမယ် ဆိုတာကလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။ ပြီးတော့ ဒီ ငွေတွေကို ပြန်ထုတ် မရတော့တဲ့အတွက် တပ်မှထွက်သွား ရင်ဘဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် တပ်ထဲမှာ မရှိတော့ရင်ဘဲဖြစ်ဖြစ် ဦးပိုင်က အမြတ်ထွက်နေမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် တပ်ထဲကနေ မထွက်အောင် စပေါ် တောင်းထားသလိုပဲလို့လည်း အရာရှိအများစုက တွက်ဆ ပြောဆိုနေကြပါတယ်။ အရပ်သားအစိုးရ လို့သာဆိုသော်လည်း ယခင်အတိုင်း မပြောင်းလဲသေးတဲ့ အနေအထားကို စိတ်မသက်သာစွာ ကြည့်နေရင်းမှာဘဲ ဦးပိုင်ရှယ်ယာ အိပ်မက်ဆိုးက ခြောက်လှန့်လာပြန်ပါပြီ။ မပြောင်းလဲတာကမှ ပိုကောင်းဦးမယ်လို့ တပ်မှူးအချို့ ညီးတွားနေကြသလို ၂ဝ၁၁ အနာဂတ်သည် စိတ်ဝင်စားဖွယ် ကောင်းလှပါကြောင်း စစ်ဘက်နီးစပ်သူများမှ သတင်း ပေးပို့လာပါတယ်။

http://www.photayokeking.org/armynews/hot-news/496-news-of-holding-share



ရည်ရွယ်ချက် ကြီးမားသော ဆောင်းပါး

ဆောင်းပါးရှင် - မင်းကန်စီ (ပြည်တွင်းမှ တပ်မတော် အရာရှိကြီး တစ်ဦး)



http://photayokeking.org/policylaw/research/377-unity-is-strength မှ ကူးယူဖော်ပြသည်။



စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်ကို အမြဲတမ်း တက်ရောက်အားပေး ကြည့်ရှုနေတဲ့ ပြည်တွင်းက တပ်မတော်အရာရှိကြီး တစ်ဦးကတော့ သူနဲ့ တစ်ပတ်စဉ်တည်း သူငယ်ချင်းတွေဟာ တိုင်းမှူးအဆင့် ဗိုလ်ချုပ်တွေ ဖြစ်နေကြပါတယ်။



အဲဒီ တပ်မတော် အရာရှိကြီးက “မင်းကန်စီ” ဆိုတဲ့ ကလောင်နံမည်နဲ့ “စည်းလုံးခြင်းသည် အင်အား” ခေါင်းစဉ်ဖြင့် လက်ရှိ တပ်မတော်အတွင်း ဖြစ်ပျက်နေသော နောက်ဆုံးအခြေအနေများအား ဖော်ကျူးထင်ဟပ်စေဖို့ သတင်းဆောင်းပါး တစ်ပုဒ်ကို ဆက်သွယ် အားပေး ပေးပို့လာပါတယ်။ အဲဒီသတင်းရဲ့ ခေါင်းစဉ် အနှစ်သာရဟာ စည်းလုံးခြင်းရဲ့အင်အား ရည်ရွယ်ချက်နဲ့ ထပ်တူထပ်မျှ ဖြစ်နေတာမို့ ဤ၀က်ဘ်ဆိုဒ် ပြန်လည် ဖွင့်လှစ်ခြင်း အထူး အစီအစဉ်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။



စည်းလုံးခြင်းဟာ အင်အားပါ။ ထင်းစည်းချောင်းကြီးကို ဆုပ်ကိုင်ပြီး ချိုးပြလို့ မရတဲ့အကြောင်း သားတွေကို ပြနေတဲ့ အဘိုးကြီးရဲ့ပုံရိပ်ကို ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာမှာ တွေ့ခဲ့ရတာ အခုထိ မမေ့နိုင်အောင်ပါပဲ။ တစ်ယောက်အားနဲ့ ယူသော်မရ၊ တစ်သောင်းအားနဲ့ ယူသော်ရ၏။ သဲပွင့်တစ်ပွင့်ချင်း ပေါင်းလိုက်တော့ သဲသောင်ပြင် ၊ ရေတစ်စက်ချင်း ပေါင်းလိုက်တော့ သမုဒ္ဒရာပြင် ၊ ရေများ ရေနိုင်၊ မီးများ မီးနိုင်၊ ပြည်သူတင်း မင်းမခံနိုင်၊ ဒါတွေဟာလည်း စည်းလုံးခြင်းနဲ့ အင်အားရဲ့ သာဓကအချို့တွေပါ။



တိုင်းပြည်တစ်ပြည် နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့၊ တည်ငြိမ်ဖို့၊ တန်းတူ အခွင့်အရေးရရှိဖို့၊ အများသူငါရဲ့ လေးစားယုံကြည်မှု ရရှိဖို့အတွက် အင်အားဟာ မဖြစ်မနေ လိုအပ်စမြဲပါပဲ။ Global power ၊ Super Power ၊ Highper Power၊ Neo Power တွေ တည်ဆောက်နေကြတာလည်း အားလုံးအမြင်ပါပဲ။ ဒီအင်အားတွေဟာ စည်းလုံးခြင်းက မတည်ဆောက်ရင် ဘယ်လိုမှ မရနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။



ကျွန်တော်တို့ နိုင်ငံမှာတော့ အာဏာရရှိခဲ့သူ အာဏာရှင်တွေဟာ စည်းလုံးခြင်းက ရမဲ့အင်အားကို ကြောက်ခဲ့ကြတယ်။ “အားနည်းသူကို နိုင်၊ အားသာသူကို ရှုံး” သွားမယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားခဲ့ကြတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက် ပါတီ ဂိုဏ်းဂဏတွေ ကွဲစေခဲ့တယ်။ ကွဲခဲ့တဲ့ ဂိုဏ်းဂဏတွေကို စုစည်းရမဲ့အစား သွေးထိုးမြှောက်ပင့် လုပ်ခဲ့ကြတယ်။ ပုံစံအသီးသီးနဲ့ ဒေသအသီးသီးကို ပြန့်ကွဲသွားစေခဲ့တယ်။ တစ်စစီ ဖဲ့ထုတ်ခဲ့ကြတယ်။ ပြီးတော့ အပြီးတိုင် ချေမှုန်းပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ သွေးခွဲ အုပ်ချုပ်ရေးစနစ်ကိုပဲ သင်ရိုးညွှန်းတမ်းကြီး တစ်ခုလို ကိုင်ဆွဲခဲ့ကြတယ်။



မဆလ လက်ထက်ကျတော့ ဘာထူးသေးလဲ၊ တိုင်းရင်းသား လူမျိုးစုတွေကို ဘာသာရေး၊ လူမှုရေးတွေနဲ့ ပိုင်းခြား၊ စော်ဘွားစော်ခံ နယ်ရှင်တွေကိုလည်း ပဒေသရာဇ်လက်ငုတ်ဆိုပြီး တူးထုတ်၊ သီးခြားမျိုးနွယ်စုလေးတွေကို အယူသီးသူ လူမျိုးရေး အမြင်ကျဉ်းမြောင်းသူအဖြစ် သတ်မှတ်၊ သွေးနှောရေး စီမံကိန်းတွေ ရေးဆွဲ၊ ခြိမ်းခြောက် အပြတ်ချေမှုန်း စနစ်တွေနဲ့ သွားခဲ့တော့ စည်းရုံးရေးလည်းမရ အင်အားလည်း မရှိ၊ နိုင်ငံရဲ့ပကတိဟာ အရိုးရင်းပဲ ကျန်တဲ့ပုံစံ ဖြစ်သွားခဲ့ရတယ်။

မဆလလည်း ပြိုကွဲ၊ (၈၈၈၈) ဒီမိုကရေစီ မြစ်တွင်းလည်း သွေးချောင်းစီး၊ စစ်အစိုးရလည်း တက်လာတော့ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဆိုပြီး ကြွေးကြော် ၊ တပ်မတော်ကို အင်အားရှိအောင် လုပ်ရမယ်ဆိုပြီး အသည်းအသန် အာဏာရှင်ဆန်ဆန် ကြိုးစားကြပြန်ရော။ တကယ်တမ်း တပ်မတော် အင်အားရှိအောင် ဖြည့်တယ်ဆိုတာကလည်း ခပ်ညံ့ညံ့ တရုတ် လက်နက်တွေနဲ့ ဖြည့်ဆည်းတာမို့ တိုင်းပြည်ရော၊ တပ်မတော်ပါ မိအေးနှစ်ခါ နာခဲ့ရပြန်တယ်။



ဒါပေမယ့် အရိုးစွဲခဲ့တဲ့ Devided In Rules က မပျောက်နိုင်ခဲ့ပါဘူး။ ကျားသေ အသက်သွင်းတော့ လူသားပဲ ပြန်စားပြန်ရော။ လက်ရှိ တပ်မတော်အတွင်းမှာလည်း သွေးခွဲအုပ်ချုပ်ရေးစနစ်ပဲ ကျင့်သုံးနေခဲ့တယ်။ တစ်ချိန် ဘီအိုင်အေ ၊ ဘီဒီအေ ခေတ်က ပေါ်ပေါက်ခဲ့တဲ့ တပ်မတော်ဟာ အင်မတန် ရိုးစင်းပါတယ်။ မြင့်မြတ် သန့်ရှင်းလှပါတယ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ တစ်ဦးအပေါ်တစ်ဦး ရဲဘော်ရဲဘက်စိတ်ရှိမှု ၊ စွန့်လွှတ် စွန့်စားမှုတွေနဲ့ ပြည့်လျှမ်းနေခဲ့တယ်။ ပြည်သူလူထုကိုပဲ ဦးစားပေး ရပ်တည်ခဲ့တယ်။ စေ့စေ့တွေးကြည့်ရင် ဒါတွေဟာ စစ်အာဏာရှင် တည်ဆောက်လိုသူတွေနဲ့ ဆန့်ကျင်ဘက်တွေပဲ မဟုတ်လား။



ဒီလိုတပ်မတော်မျိုးက ပြည်သူတွေကို ဆန့်ကျင်ဖို့ ၊ ပြည်သူတွေကို နှိပ်စက်ဖို့ ၊ ကိုယ်ထင်ရာလုပ်ဖို့ ၊ မဖြစ်စေနိုင်ဘူး။ ဒါကြောင့် စစ်အာဏာရှင်တွေဟာ ဒါတွေကို အကွက်ကျကျနဲ့ ပျက်စီးစေခဲ့ပြီး ပြန့်ကျဲသွားတဲ့ အပိုင်းအစတွေကို ကောက်စားနိုင်အောင် “အင်အားကို ပြန့်ကွဲစေ တစ်စစီကို ၀ါးမျိုစား” ဆိုတဲ့ နည်းဗျူဟာကို ကျင့်သုံးခဲ့တယ်။ “ရန်သူကို ပန်းသီးကိုက်စားသလို တစ်စစီ ကိုက်စားသွားပါ” ဆိုတဲ့ စစ်ကျောင်းက သင်ခန်းစာအတိုင်း လုပ်ခဲ့တယ်။ ကေအန်န်ယူကို လုပ်ပစ်တာကိုဘဲကြည့်။ အင်အားတောင့်တင်းပါတယ်ဆိုတဲ့ အပစ်ရပ်အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ ဒီကေဘီအေတောင် ယခုဆိုရင် နှစ်ခြမ်းကွဲနေပြီ။



ဒါတင်ဘဲလား၊ မဟုတ်သေးပါဘူး။ တပ်တွင်းမှာလည်း အရာရှိ/စစ်သည် ၊ တပ်မှူးတွေ ကြားမှာလည်း နားလည်မှုတွေ လွဲမှားအောင် ဖန်တီးခဲ့တယ်။ တပ်မတော်က ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ လုပ်သင့် လုပ်ပေးရမယ့် သက်သာ ချောင်ချိရေးတွေကို တပ်ရင်းမှူး၊ တပ်မှူးတွေကို လုပ်ခိုင်း။ မလုပ်နိုင်တော့ ကြပ်တည်း ဆင်းရဲနေရတာ ဒီတပ်ရင်းမှူးတွေ အရာရှိတွေကြောင့်ဆိုပြီး စစ်သည်နဲ့ အရာရှိတွေအကြား နားလည်မှု လွဲမှားအောင် ဖန်တီးထားခဲ့တယ်။



ဥပမာ ဦးပိုင်ကို ထည့်ဝင်ရမယ့် ငွေပမာဏအရ တပ်ရင်းတစ်ရင်းဆိုရင် သိန်း (၃၀၀) ပြည့်ရမယ် ဆိုတဲ့ ဖိအားပေးမှုကြောင့် ရဲမွန်တပ်နယ်မှာ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းတချို့က တပ်ရင်းမှူးတွေဟာ ကြံရာမရဖြစ်ပြီး စစ်သည်စုဆောင်းငွေထဲက ငွေတွေကို ကာယကံရှင်တွေ မသိအောင် ဘဏ်ထဲက ဆွဲထုတ်ပြီး လုပ်ထုံးလုပ်နည်းလွှဲမှားကာ ဦးပိုင်ထဲသို့ တိတ်တဆိတ် ထည့်ဝင်ရတာမို့ ပြဿနာတက်ခဲ့ရပါတယ်။ ခေါင်းဆောင်နဲ့ ငယ်သားအကြားမှာ သပ်လေး ထိုးပေးထားခဲ့တယ်။ ၀ါးစေ ဝေစားစနစ်ကိုလည်း သူတို့ဘဲ အကောင်အထည်ဖေါ်၊ သူတို့ဘဲ ကြိုးရှည်ရှည်လှန်၊ သူတို့လိုအပ်တဲ့အချိန် ကြိုးကိုဆောင့်ဆွဲ၊ မှောက်ရက်လဲလည်း ဇာတ်တူသားချင်း မြိန်မြိန်စား၊ များများလုပ်လေ မြန်မြန်ပြုတ်၊ ဦးနှောက်မရှိမှ ပွဲထုတ်၊ တော်တော်ဟုတ်တဲ့ မဟာဗျူဟာ။



တပ်မတော် အရာရှိတွေ အတွင်းမှာ ကျောင်းဆင်းချင်း မတူတာတွေကို ဖန်တီး၊ အခွင့်အရေးတွေကို ခွဲခြားပေး၊ သွေးကွဲလာအောင် လှုံ့ဆော် ၊ အသီးသီး အုပ်စုဖွဲ့ ၊ လည်ပင်းဖက် ကြီးလာတဲ့ ဗိုလ်လောင်းကျောင်းဆင်း တစ်ပတ်စဉ်တည်း သူငယ်ချင်းတွေ ရာထူးလု၊ နေရာလု၊ အာဏာလု၊ အချင်းချင်းတွေကို ရန်သူတွေတောင် ဖြစ်လာစေခဲ့တယ်။



တပ်တွင်းမှာ အောက်ခြေက တကယ်ကြိုးစားပြီး တက်လာတဲ့သူတွေနဲ့ အခြားအဆင့်တွေက အရာရှိဖြစ်လာခဲ့ သူတွေကိုတော့ ဘွဲ့မရလို့၊ အသက်ကြီးလို့၊ အသက်ကျော်လို့၊ မိန်းမက ပညာမတတ်လို့ စတဲ့ အကြောင်းအမျိုးမျိုး ပြချက်တွေနဲ့ ကြီးမားတဲ့ရာထူးတွေကို မရစေပြန်ဘူး။ စိတ်ဓါတ်အင်အားတွေကို ကုန်ခမ်းသွားစေခဲ့ပြန်တယ်။ ငါတို့တွေ ကြိုးစားလို့လည်း ဘာမှမထူးပါဘူး ဆိုတဲ့ သိမ်ငယ်စိတ်တွေကို သွင်းထားပေးလိုက်သေးတယ်။



နောက်တပ်မတော်မှာ ဂျပန်ခေတ်က မီနာရာရှီဂန် ဆိုတာကို သဘောကျလို့ မွေးထုတ်ခဲ့တဲ့ OTC အလုပ်သင်ဗိုလ်တွေကိုလည်း ဘွဲ့မရလို့တဲ့၊ ဘွဲ့ရအောင် စာပေးစာယူနဲ့ ကြိုးစား ယူပြန်တော့လည်း အဝေးသင်ဘွဲ့ဖြစ်ပြန်လို့၊ ၀ိဇ္ဇာဘွဲ့ဖြစ်လို့ဆိုပြီး တပ်မမှူးရာထူး အထက်ကို မပေးပြန်ဘူး။ နောက်ဆုံး စစ်သင်္ချိုင်းအုတ်ဂူ လေ့ကျင့်ရေးကျောင်းတွေမှာ ကျောင်းအုပ်ဆိုပြီး ဘယ်ညာ သီချင်းသံတွေကိုပဲ နားထောင် နေကြရပြန်တယ်။



နောက်ဆုံး ခွဲစရာမရှိတော့ “နောင်တစ်ခေတ်၏ အောင်စစ်သည်” ဆိုတဲ့ DSA စစ်တက္ကသိုလ် ကျောင်းဆင်းတွေကိုပါ ခွဲထုတ်ပြန်ရော။ သိပ္ပံဘွဲ့ မဟုတ်လို့၊ တချို့တပ်ဖွဲ့ (ဆက်သွယ်ရေး) တပ်တွေမှာ တပ်ရင်းမှူး မပေးတာတို့ ၊ Qualified မဖြစ်ရင် M.Sc မရရင် နိုင်ငံခြားသင်တန်း မတက်ရရင် ဆိုတဲ့ ကန့်သတ်ချက်တွေ အမျိုးမျိုးထားပြီး တစ်ပတ်စဉ်ထဲအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်မရလောက်အောင် ဖြစ်နေစေပြန်ရော။ M.Sc တက်ရသူက မြို့ကြီးတွေမှာ ကျောင်းတွေ သွားတက်၊ စာတွေသင်၊ ဇိမ်ကျနေတဲ့အချိန် ကွာခြားမှု ကြီးမားလာချက်အရ တစ်ပတ်စဉ်တည်း တပ်တွေမှာ ကျန်ခဲ့တဲ့ကောင်တွေက ပင်ပန်း ကြမ်းတမ်း ၊ တစ်ယောက်နဲ့တစ်ယောက် လူတန်းစား ကွဲပြားပြီး အမြင်မကြည်လင်အောင် ရန်စောင်လာအောင် လုပ်ထားနိုင်ခဲ့ပြန်တယ်။



နောက်ဆုံးဓါးချက်၊ နှလုံးသားဟက်တက်ခွဲ၊ ရဲရဲကြီး ခုတ်ချလိုက်တာကတော့ ရာထူးနဲ့ အာဏာဆိုတဲ့ လူတွေ အတက်မက်ဆုံး ဓါးချက်ပါပဲ။ တပ်မတော်မှာ အစဉ်အလာကြီးခဲ့တဲ့ Senier (စီနီယာ) Junier (ဂျူနီယာ) ဆိုတာကို ရိုက်ချိုးပြီး ကျော်ခွ ရာထူးပေးတဲ့ စနစ်ပါပဲ။ ရှေ့ရောက်နေ တော်နေပေမယ့် တွန်းချခံရနိုင်တယ်၊ မသေချာဘူးဆိုတဲ့ မလုံခြုံတဲ့စိတ်ကို အမြဲပေးထားတယ်။ ဘယ်လောက် စီနီယာ ကျကျ၊ ဘယ်လောက်တော်တော် မရဘူး။ ငါတို့ကြိုက်မှ ရမယ်။ ငါတို့ပေးချင်တဲ့လူမှ ရမယ်၊ ငါတို့နေရာပေးချင်ရင် ဘယ်လောက်ငယ်ငယ် ဘယ်လောက်ညံ့ညံ့ ၊ ဘယ်လောက်ဆိုးဆိုး ငါတို့ပေးလို့ရတယ်ဆိုတဲ့ ဥပမာတွေကို ပြသပြီး ခြိမ်းချောက်ခဲ့တယ်။ တစ်ယောက်ကို တစ်ယောက်လည်း ဖြုတ် ထုတ် သတ် စေခဲ့တယ်။ အကြီးနဲ့အငယ်ကြား အထက်နဲ့အောက်ကြား သူ့ငါမယုံ၊ ငါ့သူမယုံ သံသယပွားစေခဲ့တယ်။ ခြေလျင် လက်ရုံး ၀န်ထမ်း ဒါတွေကိုလည်း အခွင့်အရေး အနေအထိုင် ကွဲပြားစေပြီး စိတ်ဝမ်းကွဲစေခဲ့တယ်။



အမြောက်နဲ့ သံချပ်ကာကို အမြောက်တစ်ခု၊ သံချပ်ကာတစ်ခုခွဲ၊ လေကြောင်းရန်တစ်ခုခွဲ ၊ ခွဲလို့ရသလောက် ကွဲစေခဲ့တယ်။ သံချပ်ကာနဲ့တင့်ကားဆိုပြီး ထပ်ခွဲလို့ရရင် ခွဲအုံးမလားတောင် မသိဘူး။ အမြောက်တပ်မမှူးတွေ ဗိုလ်မှူးချုပ် အခွေတွေနဲ့ ပွနေသလောက် သံချပ်ကာနဲ့တင့်ကား တပ်ရင်းတွေမှာတော့ ဗိုလ်မှူးချုပ်ဖြစ်ဖို့အရေး ဖင်ကြားထဲ ချွေးကျအောင် ကြိုးစားရတယ်။



လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့တွေနဲ့ အထက်ရုံးဌာနချုပ်တွေကို လုပ်ပိုင်ခွင့် အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ ကွဲပြားစေပြီး ပိုင်းခြားထားခဲ့တယ်။ ခြေလျင်တပ်က တပ်ထောက်ဗိုလ်ကြီးကို တိုင်းစစ်ဌာနချုပ်၊ စစ်ထောက်ဌာနမှ တပ်ကြပ်ကြီးလောက်က ကြိမ်းမောင်း ငေါက်ငမ်းခဲ့တာမျိုးတွေ တွေ့နေခဲ့ရတယ်။ မီးမလာ ရေမရှိ၊ ကားလမ်းမပေါက်တဲ့ဒေသက တိုင်းစစ်ဌာနချုပ်တွေက စစ်သည်တွေနဲ့ တရုတ်ကွန်ကရစ် ဓါတ်မီးတိုင်၊ ပေါင်းလောင်းဆည် ရေသောက်ဘုံဘိုင်၊ (၁၄) လိုင်းပါ ရုပ်သံအခမဲ့ ကြည့်ရှုခွင့်ရ နေပြည်တော်သားတွေနဲ့ အဆင့်အတန်းကွာခြားမှုကို ပိုင်းခြားပေးခဲ့တယ်။ ဒါတွေက ရလာတဲ့ စိတ်ပိုင်းဆိုင်ရာ ကွဲပြားမှုတွေကို အကွက်ကျကျ အသုံးပြုခဲ့တယ်။



ဒီလို အကွက်ကျကျ တစ်စစီ ချိုးဖဲ့ထားတဲ့ တပ်မတော်ဟာ စုစည်းနိုင်ဖို့ သိပ်တော့ မလွယ်လှပါဘူး။ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ဦးတည်ရာမဲ့ သွားနေကြတယ်။ ဒီထဲက အာဏာရူးသူ အရှိန်အ၀ါ မက်သူတွေကို ရာထူး အာဏာ အရှိန်အ၀ါ မက်လုံးပေးပြီး ကြိုက်တာလုပ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ အနက်ရောင် အချိန်ကာလ (Dark Period) ဟာ ဘယ်လောက်ထိ ကြာရှည်အုံးမလဲ စဉ်းစားမရနိုင်သေးပါဘူး။ ယခုဆိုရင် ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီက (၈၀) ရာခိုင်နှုန်းခန့် အနိုင်ရသွားတယ်ဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အဖွဲ့ ဒူးနှံ့နေပါပြီ။ နှစ်ပေါင်းတစ်ရာ မကြာရလေအောင် တပ်မတော်သားတွေအနေနဲ့ ဒီမိုကရေစီ ရရှိဖို့ စည်းလုံးခြင်းရဲ့အင်အား ကြိုးပမ်းတည်ဆောက်ကြဖို့ တိုက်တွန်းလိုတယ်။



တိုင်းရင်းသားတွေကိုလည်း နိုင်ငံရေးမူတွေအရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးထက် အပစ်အခတ် ရပ်စဲထားသောအဖွဲ၊့ ငြိမ်းချမ်းရေးအဖွဲ့ ၊ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ထားသောအဖွဲ့၊ လက်နက်ကိုင်လမ်းစဉ်ကို စွန်လွှတ်တဲ့အဖွဲ့၊ လက်နက်ချတဲ့အဖွဲ့၊ ပြည်သူ့စစ်ဖွဲ့စည်းဖို့ လက်ခံတဲ့အဖွဲ့ ၊ နယ်ခြားစောင့်တပ် လက်ခံတဲ့အဖွဲ့ ၊ လက်မခံတဲ့အဖွဲ့ ဆိုပြီး အစိတ်စိတ် အပိုင်းပိုင်း အဆင့်အတန်း အသီးသီးသတ်မှတ်၊ အခွင့်အရေးတွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီအောင်ပေးပြီး သွေးခွဲအုပ်ချုပ် ကြိုးကိုင်နေခဲ့တာ တွေ့နေရတယ်။



အရပ်ဘက် ရုံးဌာနတွေမှာလည်း စစ်တပ်က လာသူ၊ စစ်တပ်နဲ့ပေါင်းသူ၊ ကြားနေသူ၊ ဆန့်ကျင်သူ ဆိုပြီး ပိုင်းခြား။ အဆင့်တိုးမြှင့်မှုတွေလုပ်၊ သွေးစည်းမရနိုင်အောင် ဖြစ်နေကြတာပဲ မဟုတ်လား။ ဘယ်လိုပဲ လုပ်လုပ်၊ ဘယ်လိုပဲ ခွဲခြားခွဲခြား၊ သွေးစည်းခြင်းရဲ့ အဓိပ္ပာယ်ကို ကျွန်တော်တို့ သိခဲ့ကြပြီးသားပါ။ စည်းလုံးခြင်းရဲ့တန်ဖိုးကို ကျွန်တော်တို့ မေ့လို့မှ မရနိုင်သေးတာ။ ဒါကြောင့် ကျွန်တော်တို့အင်အားတွေ တည်ဆောက်ဖို့ စည်းလုံးခြင်းကို ရယူဖို့ကတော့ မဖြစ်မနေ လိုအပ်ချက် Essential ပါပဲ။

ထပ်ပြီး ကောက်ချက်ဆွဲရမယ် ဆိုရင်တော့ စည်းလုံးခြင်းကနေ အင်အားဆီကို ကျွန်တော်တို့ သွားကြမယ်။ အဲဒီအင်အားကနေ စည်းလုံးခြင်းကို ကျွန်တော်တို့ ပိုပြီး သိပ်သည်းစေမယ်။ အဲဒီသိပ်သည်းတဲ့ စည်းလုံးခြင်းမှ ပြင်းထန်တဲ့အင်အားကို ဆပွားစေမယ်။ အဲဒီပြင်းထန်တဲ့ အင်အားနဲ့ စစ်မှန်တဲ့ဒီမိုကရေစီ ၊ ညီညွတ်တဲ့ပြည်ထောင်စု၊ စည်းလုံးတဲ့ တိုင်းရင်းသား နိုင်ငံတော်ကြီးဆီ ကျွန်တော်တို့ သွားဖြစ်အောင်ကို သွားကြရမှာပါပဲ။



ဆွမ်းကြီးလောင်း လေတပ်အပြောင်းအရွေ့သတင်း

၁၁-၄-၂၀၁၁ ည ၁၀ နာရီကျော်မှာပင် စစ်ရုံးမှ ကြီးမှူးကျင်းပတဲ့ အထူး နှစ်ပတ်သင်တန်းအား တက်ရောက်ဖို့ အမည်စာရင်းတွေကို အမိန့်ုထုတ်ပြန်လာကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) က လေသူရဲ pilot (၉) ဦးနဲ့ အင်ဂျင်နီယာ (၉) ဦး၊ စုစုပေါင်း (၁၈) ဦး ပါဝင်ပြီး ရာထူးတိုးမြင့်ရေး အမိန့်မှာ ဗိုလ်မှူးကြီး (၄) ဦး ပါရှိပါတယ်။ လေသူရဲပိုင်းလော့ (၉) ဦးတွင် D.S.A - 37 မှ (၄) ဦးနဲ့ D.S.A - 38 မှ (၂) ဦး၊ တေဇ - ၂၂ မှ (၁) ဦးနဲ့ တေဇ - ၂၀ မှ (၁) ဦးဖြစ်ကာ စီနီယာအကျဆုံး အနေဖြင့် D.S.A - 36 က (၁) ဦးတို့ အသီးသီး ပါဝင်ပါတယ်။

D.S.A - 38 က (၂) ဦးဟာ ခေတ်မှီ ဂျက်တိုက် လေယာဉ်များ ဖြစ်ကြတဲ့ Mig - 29နဲ့ F - 7 တို့မှ ဖြစ်နေတာကြောင့် အဲဒီ နှစ်ပတ်သင်တန်းပြီးတာနဲ့ ဒုဗိုလ်မှူးကြီးအပွင့် တန်းတင်မယ်လို့ သိရပါတယ်။ အင်ဂျင်နီယာတွေကတော့ O.T.S - 96 က ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး (၄) ဦးမှာလည်း F - 7 မှ ဒုဗိုလ်မှူးကြီး အောင်မျိုးအေးဖြစ်ပြီး အမိန့်ထွက်ကတည်းက အပွင့်တင်ပြီး ဖြစ်နေကြောင်း သိရပါတယ်။ စစ်တပ်ထုံးစံအရ Officiating ကာလ လုံးဝ မရှိတာကို တွေ့ရှိရပါတယ်။ ဒီအမိန့်တွေကြောင့် ဗိုလ်မှူးအဆင့်မှာတင် ခွက်ပျောက်စစ်ဗိုလ်ဘ၀ ရောက်နေတဲ့ စက်မှုလက်မှု ဌာနခွဲအောက်က O.T.S - 85 မှ ဗိုလ်မှူးများ အနေနဲ့ မျှော်လင့်ချက် မရှိတော့သလို ဗိုလ်ကြီးဘ၀နဲ့ ခွက်ပျောက်စစ်ဗိုလ်ဖြစ်နေတဲ့ D.S.A - 38 ရဲ့အရှေ့မှ ပြန်တမ်းဝင် ဗိုလ်ကြီးများအားလုံးလည်း ဘာဆက်လုပ်ရမယ်မသိ ဖြစ်ကုန်ကြကာ တချို့က နှစ်သစ်ကူး ပြန်အဖွင့်မှာ ထွက်စာတင်ဖို့တောင် ပြင်ဆင်နေကြကြောင်း သတင်းပေးပို့လာပါတယ်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */