“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 13, 2011

ယခုနှစ် သင်္ကြန် အဆိုတော်များ ၀င်ငွေထိခိုက်

နရီလင်းလက် Tuesday, 12 April 2011 17:59

ယခုနှစ် သင်္ကြန်မဏ္ဍပ်များတွင် အနုပညာရှင်းများ လိုက်လံ ဖျော်ဖြေခွင့် နည်းပါးသွားခြင်းကြောင့် ၀င်ငွေထိခိုက်သည်ဟု ဂီတအသိုင်းအ၀န်းတွင် ပြောဆိုနေ ကြသည်။
ယမန်နှစ်က သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှုကြောင့် ယခုနှစ် မဏ္ဍပ်များ လျော့နည်းသွားပြီး သီဆို ဖျော်ဖြေရန် အနုပညာရှင်များအား ခေါ်ဆိုမှု မရှိသလောက် နည်းပါးသွားသည်ဟု အဆိုတော် သားစိုးက ဧရာဝတီကို ပြောသည်။

“ဂီတလောက အခြေအနေကတော့ မကောင်းဘူး၊ တော်တော်ပျက်ပါတယ်။ မနှစ်က ဗုံးပေါက်တဲ့ အရှိန်ကြောင့် လူတွေက လန့်ပြီး မပျော်ရဲကြဘူး။ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးတဲ့ ဖြစ်ရပ်ဆိုတော့၊ အရင်နှစ်တွေက သင်္ကြန် ၄ ရက်ရှိရင် ရက်အလိုက် ဖြစ်ဖြစ်၊ တရက်တည်းမှာ ဘယ်အချိန်ကတော့ ဘယ်မဏ္ဍပ်မှာ သီချင်း ဘယ်နှပုဒ်ဆိုပြီးဖြစ်ဖြစ် ဖျော်ဖြေကြတာ။ ဒီနှစ်ကတော့ ကူးစရာ မဏ္ဍပ်မရှိသလောက်ဘဲ” ဟု သူက ဆိုသည်။

ယခုနှစ်သင်္ကြန်တွင် သားစိုးက နေပြည်တော်ရှိ ရွှေဧည့်သည် ဟိုတယ် မဏ္ဍပ်တွင် သွားရောက် ဖျော်ဖြေရမည်ဟု သိရသည်။

၎င်းက “ရန်ကုန်မှာဆိုရင် မဏ္ဍပ်က ကန်တော်ကြီးမှာလည်း ခပ်ကျဲကျဲပဲ။ နေပြည်တော်မှာလည်း ကျဲကျဲပဲ။ စည်စည် ကားကားတော့ မရှိဘူး။ ဒါပေမယ့် ပွဲကတော့ ဖြစ်နေတာပေါ့။ မနှစ်ကဆို မဏ္ဍပ်တွေကလည်း အလုအယက်ပဲ ခေါ်တာ။ ဒီနှစ်တော့ နေပြည်တော်မှာတောင် ၀န်ကြီးက မလုပ်ချင်လည်း ရတယ်လို့ ပြောလိုက်တော့၊ မလုပ်ဘူးကွာဆိုပြီး စရံ အဆုံးခံတဲ့ ပိုင်ရှင်တွေ များတယ်လို့ ပြောသံကြားတယ်” ဟု ရှင်းပြသည်။

ပြည်လမ်း အင်းလျားကန်စောင်းရှိ Air Bagan မဏ္ဍပ်တွင် အင်ပါယာ တီးဝိုင်းနှင့် ဖျော်ဖြေမည့် အဆိုတော် ဇော်ဝင်းထွဋ်က ယခုနှစ်သင်္ကြန်တွင် ရန်ကုန်မှာ ဖျော်ဖြေရေးပါသည့် မဏ္ဍပ် နည်းပါးကြောင်း၊ နေပြည်တော်တွင်လည်း ယခုနှစ်တွင် ယခင်နှစ်ကကဲ့သို့ မဏ္ဍပ်မလုပ်မနေရ အမိန့် မထုတ်ထားကြောင်း ပြောသည်။

“မဏ္ဍပ်ထိုးချင်ထိုး၊ မထိုးချင်နေဆိုတော့ ကုန်ကျစရိတ်နဲ့ သွားရေးလာရေးကြောင့် မထိုးကြတော့ဘူး။ ကျနော် တနေ့က နေပြည်တော် ရောက်တော့ မဏ္ဍပ် ၁၀ ခု လောက်ပဲ တွေ့တယ်” ဟု သူကဆိုသည်။

ဆက်လက်၍ သူက အဆိုတော်များ အနေဖြင့် ယခင်ကထက် လွတ်လပ်မှု နည်းပါးသွားသည်ဟု ပြောပြသည်။

“အရင်ကဆို ကိုယ့်ကို ချစ်လို့ခင်လို့ ဖိတ်တဲ့ မဏ္ဍပ်မှာ လိုက်ဆိုတယ်။ ကျနော်တို့ ငယ်ငယ်တုန်းဆို ဥပမာ - ဆက်သွယ်ရေး မဏ္ဍပ်က ဖိတ်တယ်ဆို အဲဒီမဏ္ဍပ်မှာဆိုပေးမယ်၊ ပြီးရင် သူတို့က လက်ဆောင်ပေးတာမျိုး၊ ငွေချီးမြှင့်တာမျိုးပေါ့။ နောက်ပိုင်း ကျတော့ စပွန်ဆာတွေနဲ့ ကြော်ငြာသင်္ကြန်လို ဖြစ်သွားတော့ ကုမ္ပဏီတွေက အပြိုင်အဆိုင်ကိုး။ သိန်းချီ ပေးထားတဲ့ ကုမ္ပဏီ တွေက အဆိုတော်တွေ အပိုင်၊ တီးဝိုင်းအပိုင် လိုချင်တော့ တနေရာတည်းမှာပဲ ဆိုဖြစ်သွားကြတယ်။ အဲဒါကြောင့်လည်း ပါတယ်” ဟု ဇော်ဝင်းထွဋ်က ဆိုသည်။

Air Bagan မဏ္ဍပ်တွင် အင်ပါယာတီဝိုင်း၊ အဲလက်စ်နှင့်အဖွဲ့၊ အောင်လ (Reason အဖွဲ့)၊ Wanted အဖွဲ့ တို့က ကိုယ်ပိုင် တီးဝိုင်းများဖြင့် ဖျော်ဖြေမည်ဟု သိရသည်။

“မဏ္ဍပ်တခါဆောက်ရတာ ပိုက်ဆံသိန်းချီကုန်တာလည်း ပါတယ်။ သင်္ကြန်ဆိုတာကျတော့ ပြောရ ခက်တယ်။ လမ်းပေါ်မှာ လူတွေအများကြီး လျှောက်သွားနေတာကို၊ ပျော်နေကြတာကို ဘယ်လို ထိန်းချုပ်မလဲ” ဟု ၎င်းက ပြောသည်။

Lazy Club တီးဝိုင်းသည် ရန်ကုန် ဗိုလ်ချုပ်ဈေးရှေ့ရှိ ရေကစားမဏ္ဍပ်တွင် ဖျော်ဖြေမည်ဟု သိရသည်။

Lazy Club တီးဝိုင်းခေါင်းဆောင် နိုင်ဇော်က “Xing Xing စီးကရက်အပြင် တခြား စီးကရက် တံဆိပ်တွေပါ တင်သွင်းတဲ့ ကုမ္ပဏီက လုပ်တဲ့ မဏ္ဍပ်ပေါ့။ အခုက စီးကရက်ကြော်ငြာခွင့် မရတော့ စီးကရက်အနေနဲ့ မဟုတ်ဘဲ ကုမ္ပဏီ အနေနဲ့ ပွဲလုပ်တာ။ ကမယ့် ယိမ်းအဖွဲ့တွေ၊ Dancer တွေ၊ အဆိုတော် ၈ ယောက်အပြင် တခြား ဧည့်သည့် အဆိုတော်တွေပါ ဖိတ်ထားတော့ စည်မှာပါ” ဟု ပြောသည်။

အဆိုပါ မဏ္ဍပ်တွင် ဟယ်ရီလင်း၊ ပူစူး၊ ကိုကိုမောင်၊ ဆုန်သင်းပါရ်၊ မေစံပယ်ညို၊ သျှားအိ ဘိုဘိုဟန်၊ ခိုင်ရွှေဝါ စသည့် အဆို တော်များ ဖျော်ဖြေမည်ဟု သိရသည်။

“တီးဝိုင်းတွေ အနေနဲ့ ကတော့ ပုံမှန်ပါပဲ။ အဆိုတော်တွေက မဏ္ဍပ်များရင် များသလို ပိုက်ဆံပိုရတယ်။ ဒီမဏ္ဍပ်မှာ ဆိုပြီး နောက်တခု ပြောင်းကူးကြတာပေါ့။ အခုတော့ သူတို့ အတွက် တော်တော်လျော့သွားမယ်။ မဏ္ဍပ်တခုတည်းမှာပဲ ဖျော်ဖြေရမှာ” ဟု ကိုနိုင်ဇော်က ပြောသည်။

Lazy Club တီးဝိုင်းသည် ဧပြီ ၁၅ ရက်နေ့ ည ၇ နာရီမှ ၉ ခွဲတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ အခမဲ့ ဖျော်ဖြေသွားမည်ဟု သိရသည်။

“မန္တလေးနဲ့ နေပြည်တော်မှာ ဒီနှစ် ရန်ကုန်ထက် မဏ္ဍပ်တွေများရတဲ့ အကြောင်းရင်းက မနှစ်က ရန်ကုန်မှာ ဗုံးပေါက်ခဲ့တာ ရယ်၊ ရန်ကုန်မှာ လုံခြုံရေး ပြဿနာကြောင့် နေရာ ကန့်သတ်လိုက်တော့ စီးပွားရေးသမားတွေက အကွက်အကွင်း မကျတဲ့ နေရာမှာ ကျရင် ကြော်ငြာ အလုပ် မဖြစ်မှာရယ်ကြောင့်ပါ” ဟု နိုင်ဇော်က ဆိုသည်။

Iron Cross (IC) တေးဂီတဝိုင်းသည် မန္တလေးမြို့ရှိ မြန်မာဘီယာ မဏ္ဍပ်၊ Metal Zone တီးဝိုင်းသည် မန္တလေး မြို့တော်ဝန် မဏ္ဍပ်၊ The Tree Band သည် မန္တလေး Alpine မဏ္ဍပ်များတွင် ယခုနှစ် သင်္ကြန် ဖျော်ဖြေမည်ဟု သိရသည်။

ယခုနှစ်တွင် သင်္ကြန်မဏ္ဍပ်များ လိုက်နာရမည့် လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်ကို အာဏာပိုင်များက ထုတ်ပြန် ထားသည်။

စည်းကမ်းချက်များထဲတွင် သင်္ကြန်မဏ္ဍပ်ကြီးများသည် လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရန်အတွက် သက်ဆိုင် ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး မသင်္ကာဖွယ်ရာများကို အနီးကပ် မှတ်တမ်းတင်နိုင်ရန် သီးခြား ဓာတ်ပုံ ရိုက်သူများ ထားရှိရမည်ဟုလည်း ထုတ်ပြန်သတ်မှတ်ထားကြောင်း သိရှိရသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းတွင် ၇ နေရာ၊ ပြည်လမ်းမပေါ်တွင် ၅ နေရာ၊ ပါရမီ လမ်းပေါ်တွင် ၂ နေရာ၊ ကမ္ဘာအေးဘုရားလမ်းတွင် ၅ နေရာ၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ၃ နေရာ၊ စက်မှု (၁) လမ်းတွင် ၁ နေရာ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းတွင် ၁ နေရာ၊ ဝေဇယန္တာလမ်းတွင် ၁ နေရာ၊ ဘုရင့်နောင်လမ်းတွင် ၃ နေရာ၊ ဒဂုံမြို့နယ်ရှိ အလုံလမ်းတွင် ၂ နေရာနှင့် ကြည်မြင့်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ၁ နေရာ၊ စုစုပေါင်း မဏ္ဍပ် ၃၁ ခုကို တည်ဆောက်ခွင့် ပြုထားသည်။

၂၀၁၀ ပြည့်နှစ် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံးပေါက်ကွဲခဲ့ရာ အခင်းဖြစ်ပွားရာနှင့် ဖြစ်ပွားပြီး နောက် စုစုပေါင်း ၁၀ ဦးသေဆုံးပြီး ၁၇၀ ဒဏ်ရာ ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */