“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, April 23, 2011

ဒီနေ့ ဖတ်စရာ သတင်းများ ( ဧြ့ပီလ 23 ရက် ) နှင့် အတူ မိုးမခ သတင်းစာပို ပူးတွဲပေးလို့လိုက်ပါတယ်

burma thwe
Time မဂ္ဂဇင်း သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ပြ
2011-04-22 RFA

အမေရိကန် ပြည်ထောင်စုမှာ မနေ့က ထုတ်ဝေတဲ့ ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးရဲ့ ၂ဝ၁၁ ခုနှစ် အတွက် သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ပြလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူတဦးအဖြစ် ဖော်ပြထားပြီး တရုတ်ပြည် တီယင်မင်ရင်ပြင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူ Wang Dan က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဆုတ်မနစ်တဲ့ ဒီမိုကရေစီရေး ဆောင်ရွက်မှုတွေအကြောင်း မဂ္ဂဇင်းမှာ အကျဉ်းချုပ် ရေးသားထားပါတယ်။

၁၉၈၈ ခုနှစ် မြန်မာ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက် လှုပ်ရှားမှုတွေကို နောက်နှစ်မှာ ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့ တရုတ်နိုင်ငံ တီယင်မင်ရင်ပြင် ဒီမိုကရေစီရေး ဆန္ဒပြပွဲ ကာလအတွင်းမှာ အထူးသတိထား ဥပမာ ယူခဲ့ရပါတယ်လို့လည်း Mr. Wang Dan က ရေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂ဝ နီးပါး အကျဉ်းချခံခဲ့ရပေမယ့် ပြန်လွတ်လာတဲ့အချိန်မှာ ဒီမိုကရေစီ တိုက်ပွဲအတွက် ရှေ့တန်းကနေ ကြိုးပမ်းနေသူ ဖြစ်တယ်လို့လည်း ရေးပါတယ်။

Time မဂ္ဂဇင်းရဲ့ ၂ဝ၁၁ ခုနှစ် သြဇာအကြီးမားဆုံး လူပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာ ထိပ်တန်းက ဖော်ပြခံရသူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ ဒု-သမ္မတ ဂျိုးဘိုက်ဒင်၊ ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်၊ Facebook အင်တာနက် ထူထောင်သူ Mark Zuckerberg၊ ဘောဂဗေဒ ပညာရှင် ပါမောက္ခ ဂျိုးဇက် စတစ်ဂလစ်၊ အမေရိကန် သမ္မတကတော် မစ်ချဲလ် အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း စတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ထင်ရှားသူတွေလည်း ပါဝင်ပါတယ်။

ဒီကနေ့ထုတ် Time မဂ္ဂဇင်းမှာပဲ ကမ္ဘာမှာ သြဇာနဲ့ အကျိုးသက်ရောက်မှု အကြီးမားဆုံး ဖြစ်ရပ် ၁ဝဝ ကိုလည်း ဖော်ပြထားရာမှာ ဂျပန်နဲ့ နယူးဇီလန် မြေငလျင်၊ ဖူကူးရှီးမား နျူကလီယား ပြဿနာ၊ အာရပ်နဲ့ အမေရိကန်က ဆန္ဒပြပွဲတွေနဲ့ ဝီကီလိခ် လျှို့ဝှက် စာရွက်စာတမ်း ပေါက်ကြားမှုတွေ ပါဝင်ပါတယ်။



အစိုးရသစ်အပေါ် NLD သဘောထား အစစ်အမှန်

By မသင်းသီရိ သောကြာ, 22 ဧပြီ 2011

မြန်မာနိုင်ငံ အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရှိတရားအဖြစ် ရှုမြင်ခြင်းသာဖြစ်ပြီး တရားဝင် အသိအမှတ်ပြုခြင်း မဟုတ်ဘူးလို့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီနေ့ NLD ရုံးချုပ်မှာပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေရဲ့ အစည်းအဝေးမှာ အခုလိုပြောကြားခဲ့တဲ့ အကြောင်းကို ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။ ဒီကနေ့လုပ်တဲ့ အစည်းအဝေးမှာ တခြား ဘယ်လို ကိစ္စတွေကိုပါ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတာကို မသင်းသီရိက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးရာ ကိစ္စတွေအပြင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဆွေးနွေးကြစဉ်အတွင်း အစိုးရသစ်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြီး အတိအကျ ဖွင့်ဆို ရှင်းပြခဲ့တာပါ။ လွှတ်တော်ကနေတဆင့် ပေါ်ပေါက်လာခဲ့တဲ့ အစိုးရသစ်ကို အရှိတရားအဖြစ်သာ ရှုမြင်ပြီး လက်ခံတာ ဖြစ်တယ်လို့ မှတ်ချက်ပေး ပြောဆိုခဲ့တဲ့အကြောင်း NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အစိုးရအဖွဲ့တရပ် ရှိနေတယ်။ အရှိကို အရှိအတိုင်း ရှိတယ်လို့ ဒါ ပြောရမှာပဲ။ အနှစ် ၂၀ ကာလ တလျှောက်လုံးမှာလည်း နအဖ၊ န၀တ ကို ကျနော်တို့ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ တောင်းဆိုမှုတွေ လုပ်ခဲ့တဲ့ အဲဒီအုပ်ချုပ်နေတာ ဒီအစိုးရ ဆိုတာရှိတယ်။ လက်ရှိမှာလည်း အစိုးရသစ်တရပ် ရှိတယ်။ ဒါကို အရှိအတိုင်း လက်ခံတာပဲ။ ဒါနဲ့ပတ်သက်ပြီး သူ အဲဒီလို မှတ်ချက်ပြောတယ်။ ကျနော် နားလည်တာပြောရရင် acknowledgement ပဲ။ recognize မဟုတ်ဘူး။ တရားဝင်မှု ရှိမရှိကို ဘာမှမပြောဘူး။ အုပ်ချုပ်တဲ့ အစိုးရ တရပ် ပြည်သူ့လွှတ်တော်ကနေ ပေါ်ပေါက်လာတယ်။ ဒါကိုပဲပြောတာ။”

နိုင်ငံရဲ့ အကျိုးအတွက် အစိုးရသစ်နဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ့် ကိစ္စတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြသလို လာမယ့်ရက်တွေအတွင်း NLD ရဲ့ သဘောထားတွေနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ့် ကိစ္စတွေကိုလည်း လူထုသိအောင် ထုတ်ပြန် ကြေညာသွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် မနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံထားရာကနေ လွတ်မြောက်လာခဲ့ပြီးတဲ့ နောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ ကွန်ယက်တွေကနေ ဒီကနေ့ လှုပ်ရှားနေတဲ့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှုတွေ အပေါ်မှာလည်း NLD ပါတီက ပိုမို ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ ကိစ္စတွေ ကိုလည်း သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။

“ဒီ signature ရရှိဖို့ကို NLD အင်အားစုတွေကလည်း ၀ိုင်းဝန်း ဆောင်ရွက်မယ်ပေါ့။ ရပ်ကွက်ကျေးရွာအထိ ရောက်အောင် ကျနော်တို့ ရှင်းပြမယ်။ လက်မှတ်တွေ ရရှိဖို့။ အဲဒီဟာနဲ့ပတ်သက်ပြီး ဆွေးနွေးတယ်။ ဆွေးနွေးတော့ ကျနော်တို့ သဘောတူတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လက်မှတ် ထိုးပြီးပြီ။ ဒါကြောင့် ကျနော်တို့ အားလုံး သဘောတူညီချက်နဲ့ ၀ိုင်းဝန်း ကူညီဆောင်ရွက်ကြဖို့ပေါ့။ အဲဒီလို ဆွေးနွေးပါတယ်။”

ဒါ့ကြောင့် နိုင်ငံတ၀ှမ်းမှာရှိနေတဲ့ NLD ပါတီဝင်တွေအားလုံး ဒီလှုပ်ရှားမှုမှာ ပိုပြီး ပူးပေါင်း ပါဝင်လှုပ်ရှားဖို့ကို အဖွဲ့ချုပ်က တိုက်တွန်း နိုးဆော်သွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင် အပြစ်ပေးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အတွက် နိုင်ငံရဲ့ သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံ တောင်းဆိုတဲ့စာကို ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့က စတင်လှုပ်ရှားခဲ့တာပါ။ ဒီတောင်းဆို လှုပ်ရှားမှုကို နိုင်ငံရေး အဖွဲ့အစည်း တွေ၊ နိုင်ငံရေးနဲ့ လှုမှုရေး ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေ အပါအ၀င် လူထုရဲ့ စိတ်ဝင်စားမှု တွေနဲ့အတူ နယ်မြို့တွေအထိ လှုပ်ရှားမှုတွေရှိနေပြီလို့ ဦးဆောင်သူတွေက ပြောပါတယ်။

ဒီ လူထုရဲ့ ဆန္ဒ သဘောထားတွေကို သမ္မတထံ တင်ပြတောင်းဆိုတဲ့ စာတွေကိုတော့ လာမယ့် ဧပြီလ ၂၅ ရက် တနင်္လာနေ့မှာ ပထမအကြိမ်အဖြစ် နေပြည်တော်ကို ပို့ဖို့ စီစဉ်ထားသလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထိ လှုပ်ရှားသွားဖို့လည်း စီစဉ်ထားတယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေထဲက တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“ပြည်သူလူထုက ဒီဥစ္စာအပေါ်မှာ ဘယ်လို လက်မှတ်ရေးထိုး ရမလဲလို့ ကျနော်တို့ကို မေးမြန်းလာတာတွေ ရှိပါတယ်။ ဖုန်းနဲ့ သော်လည်းကောင်း၊ လူကိုယ်တိုင် သော်လည်းကောင်း လာတွေ့ပြီး မေးမြန်းတာတွေ ရှိတယ်။ အဲဒီအပေါ်ကနေပြီးတော့ ပြန်လည် ဆက်သွယ်ရမယ့် နေရာတွေကိုလည်း ကျနော်တို့က ပြောနေ ပါတယ်။ ဒီ ရက်ပေါင်း ၃၀ အတွင်းမှာ ရသမျှတွေကို ကျနော်တို့ ပထမအဆင့် တင်ပြမယ်။ တင်ပြလို့ ပြည်သူလူထုက ထပ်မံ လက်မှတ်ရေးထိုးချင်သေးတယ် ဆိုရင်လည်း ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မချင်း လက်မှတ်ရေးထိုး ဆန္ဒခံယူမှုကို ကျနော်တို့ တံခါးတွေ ဖွင့်ထားမယ်။ စာအုပ်တွေကို ချထား ပေးမယ်။ စာရွက်တွေကို ကျနော်တို့ နယ်တွေကို ပို့ပေးနေမှာပဲ ဖြစ်ပါတယ်။ ဒီ တနင်္လာနေ့ ၂၅ ရက်နေ့မှာ နေပြည်တော်မှာရှိတဲ့ နိုင်ငံတော် သမ္မတရုံးကို ပို့မယ်။ နောက်ပြီးတော့ တပတ်တကြိမ် ကျနော်တို့ စုဆောင်း လို့ရတဲ့ လက်မှတ်တွေကို ပို့ပေးသွားမှာပါ။ နောက်ဆက်တွဲအဖြစ်ပေါ့။”

ကိုဖြိုးမင်းသိန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ပွင့်လင်းတဲ့ ဆက်ဆံရေး လမ်းကြောင်းတွေ ဖွင့်မယ်ဆိုတဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေရဲ့ ပြောဆိုချက်တွေကို နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးခြင်းဆိုတဲ့ ခြေလှမ်းနဲ့စတင်ဖို့ တောင်းဆိုနေကြပြီး နိုင်ငံရေးပါတီ တချို့ကလည်း လွှတ်တော်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ တင်ပြခဲ့ပေမဲ့ အခုချိန်ထိတော့ အစိုးရက တစုံတရာ တုံ့ပြန် အကြောင်းကြားတာ မရှိသေးပါဘူး။


ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ အရှိန်မြင့်

သောကြာ, 22 ဧပြီ 2011

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွင်း ဒဏ်ရာရ ထိုင်းစစ်သားတဦးကို Surin ခရိုင်၊ Phnom Dongrak ဒေသ ဆေးရုံကိုပို့ဆောင်နေစဉ် (ဧပြီလ ၂၂၊ ၂၀၁၁)

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဘုရားကျောင်းတခုကို သူပိုင်ငါပိုင် အငြင်းပွားရာကနေ နယ်စပ်ပြဿနာတွေ အထိ ပေါ်ပေါက်ခဲ့တဲ့ မကြာသေးခင်က တိုက်ပွဲတခုမှာ နှစ်ဖက် တပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

ကမ္ဘောဒီးယားဘက်က စစ်သား ၃ ယောက် ကျဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကမ္ဘောဒီးယား တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းဘက်မှာလည်း စစ်သည် ၂ ဦး ကျဆုံးပြီး အနည်းဆုံး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းတပ်မတော် အကြီးအကဲတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ ဆူရင်း (Surin) ပြည်နယ် ဖနွမ်ဒွန်ရက်ခ် (Pa Nom Dong Rak) ဒေသက တာမူဝမ်တွမ် (Ta Muen Tom) ဘုရားကျောင်းနားမှာ ဒီတိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကို ဘယ်သူ့ဖက်က စတင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်ဖက်လုံးရဲ့ တပ်မတော်အကြီးအကဲတွေက တဘက်နဲ့တဘက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။




ထိုင်းနှင့် မြန်မာ တချိန်တည်း ရုပ်သံလိုင်းပြတ်တောက်မှုဖြစ်
သန်းထိုက်ဦး Friday, 22 April 2011 17:17

ထိုင်းနိုင်ငံတွင် အာဏာသိမ်းမည် ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုင်း ရုပ်သံလိုင်းတချို့ ပြတ်တောက်ခြင်း များရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ ရုပ်မြင်သံကြားနှင့် နေပြည်တော်ရှိ ရေဒီယိုအစီအစဉ်များ ပြတ်တောက်ခဲ့ကြောင်း သိရသည်။



Thaicom 5 ဆက်သွယ်ရေး ဂြိုဟ်တု၏ စက်ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့နှင့် နေပြည်တော် ခရိုင် တပ်ကုန်းမြို့တို့မှအပ ကျန် မြို့များတွင် ရုပ်မြင် သံကြားအစီအစဉ်များ ညနေ ၄ နာရီမှ စတင်၍ ည ၇ နာရီ အထိ ပြတ်တောက်သွားခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

ယင်း စက်ချို့ယွင်းမှုကြောင့် နေပြည်တော်တွင်လည်း မြန်မာ့အသံရေဒီယို အစီအစဉ်များ ထုတ်လွှင့်နေစဉ် မြန်မာနိုင်ငံအောက် ပိုင်းဒေသတချို့၌ မိနစ် ၃၀ ခန့် အကြာ ပြတ်တောက်သွားခဲ့ပြီးနောက်ပိုင်း အားလုံးပုံမှန်တင်ဆက် ထုတ်လွှင့်ပေးနိုင်ခဲ့ကြောင်း သတင်းစာက ဆိုသည်။

Thaicom 5 ဆက်သွယ်ရေး ကုမ္ပဏီက ၎င်းတို့နှင့် ချိတ်ဆက်ထားသော လိုင်းပြတ်တောက်မှုသည် ထိုင်းနိုင်ငံ နိုထပ်ဘူရီ ခရိုင်ရှိ ဂြိဟ်တု စက်ချို့ယွင်းမှုသာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် The Nation နှင့် ဘန်ကောက်ပို့စ် သတင်းစာများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထိုင်း စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Dapong Rattanasuwan က ဘန်ကောက်၊ ပလာကျင်ဘူရီနှင့် ကန်ချနဘူရီမြို့ များရှိ တပ်မှူးများနှင့် ၎င်း၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်၍ ရှင်းလင်းချက် ထုတ်ပြန်ရန် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ထောက်ခံသော ရှပ်နီခေါင်းဆောင်များက ပြောဆိုထားသည်။

ယင်းတွေ့ဆုံဆွေးနွေးခဲ့သော တပ်မှူးများသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖြုတ်ချ၍ အာ ဏာသိမ်းမှု၌ ပါဝင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ရှပ်နီခေါင်းဆောင်များ အနေဖြင့် စစ်တပ် က အာဏာသိမ်းမှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။


စုပေါင်း တောင်းဆိုချက် လက်မှတ်ထိုးလှုပ်ရှားမှု အရှိန်မြင့်လာ
ဧရာဝတီ Friday, 22 April 2011 12:43 သတင်းတိုများ

မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်မှစတင်သော စုပေါင်းလက်မှတ်ထိုး တောင်းဆိုလှုပ်ရှားမှုသည် ယခုတပတ် အတွင်း လက်မှတ်ပေါင်း ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ပြီး လာမည့် တနလာင်္နေ့၌ ပထမဆုံးအကြိမ် သမ္မတ ဦးသန်းစိန် ထံ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။ အပတ်စဉ် သောကြာနေ့တိုင်း ရရှိသည့်လက်မှတ်များကို ဆက်လက်တင်ပြသွားမည် ဖြစ်သည်ဟု ဦးဆောင်လှုပ်ရှားသူများက ပြောသည်။ ယင်းလှုပ်ရှားမှုအား NLD အပါအ၀င် မြန်မာပြည်တွင်းရှိ ဒီမိုကရေစီရေး ဆောင်ရွက်သူများက ဦးဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲ ရေး၊ ပြည်ပရောက် မြန်မာ နိုင်ငံသားများ ပြန်လာနိုင်ရေး စသည့် အချက်များလည်း ပါဝင်သည်။



သာသနာရေးဝန်ကြီးဌာန သတင်းပေါက်ကြားမှု ဝန်ထမ်းများကို စစ်ဆေး
ဧရာဝတီ Friday, 22 April 2011 18:54

သာသနာရေး ၀န်ကြီးဌာန၏ ဌာနတွင်း သတင်းတချို့ ပြည်ပမီဒီယာများသို့ ပေါက်ကြားမှုဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သာသနာရေး ၀န်ထမ်းများ မကြာခဏ ခေါ်ယူစစ်ဆေး မေးမြန်းခံနေရကြောင်း သိရသည်။

ထိုသို့ စစ်ဆေး မေးမြန်းခဲ့သော်လည်း ၀န်ထမ်းများထံမှ တိကျသောအဖြေ မရရှိခြင်းကြောင့် သံသယရှိသူ ၀န်ထမ်းတချို့ နယ်ပြောင်း အရေးယူ ခံနေရသည်ဟု နေပြည်တော် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ၀န်ထမ်းတဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ဇန်န၀ါရီ ၁၄ ရက်က ကရင်ပြည်နယ် ဘားအံမြို့နယ် သာသနာရေး ဦးစီးဌာန၊ သာသနာရေး ဒုတိယ ဦးစီးမှူး မမြတ်လေးမော် (ခ) ကွန်းပီး၏ လက်ဝယ်မှ ၁၀၀၀ ကျပ်တန် ငွေစက္ကူအတုများ တွေ့ရှိခဲ့ခြင်းကြောင့် မွန်ပြည်သစ်ပါတီက ၎င်းအား ဖမ်းဆီးခဲ့ရသည်ဟု ပြည်ပအခြေစိုက် မွန်သတင်းဌာန တခုဖြစ်သော ကောင်းဝါ (Kaowao.org) တွင် ဇန်န၀ါရီ ၁၈ ရက် နေ့စွဲဖြင့် ဖော်ပြခဲ့သည်။

ငွေအတုနှင့် ရော်ဘာဝယ်သူ အစိုးရ အရာရှိတဦးကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးရမိသည် ဆိုသည့် သတင်းအရ ငွေစက္ကူ အတု လက်ဝယ်ရှိသူ မမြတ်လေးမော် (ခ) ကွန်းပီးသည် ဇန်န၀ါရီ ၁၄ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက် ကျေးရွာနေ မိရင်လေးထံမှ ရော်ဘာ ကျပ် ၂ သိန်းဖိုး ၀ယ်ယူခဲ့သည်ဟု သိရသည်။

မိရင်လေးက အဆိုပါငွေဖြင့် မုဒုံမြို့တွင် ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူရာ ငွေစက္ကူအတုများ ဖြစ်နေကြောင်း သိရသဖြင့် ကြာအင်း ဆိပ်ကြီးမြို့နယ်၊ အင်းခွကျေးရွာ အခြေချ၊ မော်လမြိုင်ခရိုင်၊ မွန်ပြည်သစ်ပါတီပါတီ အရာရှိများထံ တိုင်ကြားခဲ့သည်။

မွန်ပြည်သစ်ပါတီက မမြတ်လေးမော် (ခ) ကွန်းပီးအား ဖမ်းဆီးလိုက်ပြီး ၎င်းတည်းခိုနေသည့်အိမ်တွင် ဆက်လက်ရှာဖွေရာ ငွေစက္ကူအတု ကျပ် ၄ သိန်း တွေ့ခဲ့ရသည်ဟု ကောင်းဝါသတင်းတွင် ဖော်ပြထားသည်။

တရားခံအား မွန်ပြည်သစ်ပါတီနှင့် မုဒုံရဲစခန်းတို့က အဆင့်ဆင့် စစ်ဆေးကာ နေပြည်တော် သာသနာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းခဲ့သည်ဟု နေပြည်တော် ၀န်ထမ်း အသိုင်းအ၀န်းက ဆိုသည်။ နေပြည်တော် သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများက မမြတ်လေးမော် (ခ) ကွန်းပီးအား ရှမ်းပြည်နယ် သာသနာရေး ဦးစီးမှူးရုံးသို့ နယ်ပြောင်း အပြစ်ပေးခဲ့သည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ နှစ်ဆန်းကလည်း ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏ လိုဏ်ဂူနံရံထက်ရှိ ပြာသာဒ် ကြေးပြားများ ပျောက်ဆုံးခြင်း၊ သံဃာ့ရေးဖြေ စာမေးပွဲ မေးခွန်းလွှာများ ပြင်ပတွင် ပေါက်ကြားခြင်း၊ ပုဂံမြို့ သာသနာ့ ဗိမာန်တော် တည်ဆောက်ရေးလုပ်ငန်း၌ ၀န်ကြီး၏ ညွှန်ကြားမှုဖြင့် သာသနာရေးဝန်ထမ်းများကို အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ သာသနာရေး ၀န်ကြီးဌာနပိုင် ဂိုဒေါင်၊ မြေနေရာ၊ ပုံနှိပ်စက်၊ ဓားစက်များကို ဌာနတွင်း ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ခြင်း မပြုဘဲ ပုဂ္ဂလိက လုပ်ငန်းတခုအား ငှားရမ်းလိုက်ခြင်း စသည့် သာသနာရေး ဝန်ကြီးဌာန သတင်းများကို ပြည်ပအခြေစိုက် မီဒီယာများတွင် ရေးသား ဖော်ပြခဲ့သည်။

အဆိုပါ သတင်းများ ပြည်ပ မီဒီယာများသို့ ပေါက်ကြားမှုနှင့် ပတ်သက်၍ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သာသနာရေး ဦးစီးဌာန အသီးသီး၏ ၀န်ထမ်းများစွာအား ခေါ်ယူစစ်ဆေး မေးမြန်းခြင်း၊ နယ်ပြောင်း အပြစ်ပေးခြင်းများကြောင့် တာဝန် ထမ်းဆောင် ရသည်မှာ စိတ်ကျဉ်းကျပ်ဖွယ် ဖြစ်နေသည်ဟု သာသနာရေး ၀န်ထမ်းအများစုက ပြောနေကြသည်။

အတည် မပြုနိုင်သော သတင်းများ၏ အဆိုအရ ယခုနှစ် သင်္ကြန်ရက် မတိုင်မီက သာသနာရေး ၀န်ထမ်း ၂၀ ခန့်ကို နယ်စပ်ဒေသ သာသနာရေး ဦးစီးရုံးများသို့ ရွှေ့ပြောင်းခဲ့သည်ဟု သိရသည်။

“ဒီသတင်းတွေ ဘယ်ဝန်ထမ်းတွေဆီက ထွက်သလဲ ဆိုတာ ပြဿနာရဲ့ အဖြေ မဟုတ်ဘူး။ ဖြစ်စဉ်မှန်၊ မမှန် သုံးသပ်၊ မှန်ရင် တာဝန်ရှိသူတွေကို အရေးယူ၊ မှားနေရင် ဌာနတွင်း ၀န်ထမ်းတွေကို အမြင် မစောင်းအောင် ရှင်းလင်း၊ ၀န်ကြီး အဆင့်ကနေ ၀န်ထမ်းငယ်အထိ ဌာနတွင်း အရေးယူမှု တတန်း တစားတည်း ဖြစ်သင့်တယ်” ဟု ပြည်တွင်း နိုင်ငံရေးလေ့လာသူ တဦးကပြောသည်။

အလားတူ သတင်းစာ ဆရာကြီး တဦးကလည်း ပြည်သူများ၏ တုံ့ပြန်မှု၊ မီဒီယာများ၏ အပြုသဘောဆောင်သည့် အကြံပြုချက်၊ ဝေဖန်ထောက်ပြချက်များကို အလေးထားသင့်ကြောင်း၊ ဌာနတွင်း လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများကို လျစ်လျူရှုခြင်း၊ ကုန်ကျစရိတ်နှင့် အလေအလွင့်များကို အလေးမထားခြင်း၊ နိုင်ငံတော်က အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို တလွဲ
အသုံးချနေခြင်းနှင့် အဂတိ လိုက်စားခြင်းများကို မီဒီယာများက ဝေဖန်ထောက်ပြနေရမည် ဟု ဆိုသည်။

သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး သူရဦးမြင့်မောင်သည် ယခုနှစ် မတ်လ ၃၀ ရက်နေ့က ကျမ်းကျိန်ခဲ့သည့် အစိုးရသစ်တွင် မူလဌာန ၀န်ကြီးအဖြစ် ပြန်လည်နေရာ ရခဲ့သည်။

၎င်းသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလက “ဓမ္မစက်နှင့် တားမြစ်၍ မရပါက အာဏာစက် ကျင့်သုံးရပါလိမ့်မည်” ဟု နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အား လျှောက်တင်ခဲ့သူဖြစ်ပြီး လက်တွေ့ အကောင်အထည် ဖော်ခဲ့သူလည်း ဖြစ်သည်ဟု သာသနာရေး ၀န်ထမ်းများအကြား ဝေဖန်ပြောဆို နေကြသည်။


မြန်မာ ပြည်ပခရီးသွား လာရောက်နှုန်း မြင့်မားလာ
နရီလင်းလက် Friday, 22 April 2011 11:58

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှုနှုန်းမှာ ယခင်နှစ် ဒီဇင်ဘာလထက် ယခုနှစ် ဇန်န၀ါရီလတွင်၂၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရသည်။

အရှေ့တောင်အာရှအတွင်း ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား စသည့် နိုင်ငံများထက် ရာခိုင် နှုန်း ပိုများကြောင်း ယခုလဆန်း၌ The Pacific Asia Travel Association (PATA) က ထုတ်ပြန်ထားသည်။ PATA က အရှေ့တောင်အာရှရှိ ခရီးသွားနေရာများ အားလုံးတွင် မှတ်တမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


ယခုနှစ်ဆန်းက ကောက်ယူသည့်စာရင်းများအရ ဗီယက်နမ်၌ ၂၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၁၈ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် နိုင်ငံ တွင် ၁၇ ရာခိုင်နှုန်း၊ စင်ကာပူတွင် ၁၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁၂ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားတွင် ၁၁ ရာခိုင်နှုန်း နိုင်ငံခြား သား ခရီးသွားများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သင်္ဘောအမှုထမ်း ၁၇၇ ဦး၊ ကမ္ဘာလှည့်ခရီးသည် ၂၉၂ ဦးပါရှိသည့် MS Columbus ကမ္ဘာလှည့် အပျော်စီး သင်္ဘောသည် ဧပြီ လ ၆ ရက်နေ့က ရန်ကုန်သို့ဆိုက်ရောက်ခဲ့ပြီး ရန်ကုန်မြို့တွင်း၊ သန်လျင်နှင့် ပဲခူးမြို့များသို့ လည်ပတ်ခဲ့သည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဧပြီလ ၇ ရက်နေ့က အမေရိကန် အခြေစိုက် Oceania Crusies မှ ကမ္ဘာလှည့်ခရီးသည် ၆၃၁ ဦးနှင့် သဘောင်္ဝန် ထမ်း ၃၉၈ ဦး ပါရှိသည့် အပျော်စီးသင်္ဘော M.V Nautics သည်လည်း သန်လျင်မြို့နယ် အပြည်ပြည်ဆိုင်ရာ သီလ၀ါ ဆိပ် ကမ်း သို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြီး ရန်ကုန်မြို့တွင်း၊ ပဲခူး၊ ပုဂံ - ညောင်ဦးနှင့် မန္တလေးမြို့များသို့ သွားရောက်လေ့လာ ခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။

ယင်းကဲ့သို့ ကမ္ဘာလှည့်ခရီးသွား တိုး၍ရောက်ရှိလာခြင်းသည် မြန်မာ့သဘာဝအလှအပများ၏ ဆွဲဆောင်မှု၊ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု၊ မြန်မာတို့၏ဧည့်ဝတ်ကျေပွန်မှု၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းသာယာမှုများက ဖော် ညွှန်းပြဆိုလျက်ရှိသည်ဟု သတင်းစာတွင် ရေးသားထားသည်။

“အရင်နှစ်တွေကထက် စာရင် ၂၀၀၉ အကုန်လောက်ကနေ အခုနှစ်ဆန်းပိုင်းအထိ ပြည်ပ ဧည့်သည် တော်တော်ဝင်တယ်။ ဥပမာ - စပိန်၊ ဂျာမန်ဘက်ကို ကိုယ်က Package Tour ပိုရောင်းထားတယ်ဆို ရောင်းထားတဲ့ နိုင်ငံအလိုက် အကုန်အလုပ်ဖြစ် တော့ ဒီနှစ် နိုင်ငံစုံက ပြည်ပခရီးသွားတွေ တော်တော်များများတွေ့ရတယ်”ဟု Moon Princess ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီ မှ တာဝန်ရှိသူတဦးက ပြောသည်။

လာရောက်သည့် ပြည်ပခရီးသည် အများစုသည် မြောက်ဦးရှိ ဘုရားပုထိုးများ၊ ပုဂံဒေသရှိ ယဉ်ကျေးမှုလက်ရာများနှင့် မန္တလေး မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များရှိရာဒေသသို့ သွားရောက်လေ့လာမှု ပိုများကြောင်း၊ အဆိုပါ ယဉ်ကျေးမှုအမွေအနှစ်များသည် ပြည်ပခရီးသွားများကို အကောင်းဆုံးဆွဲဆောင်နိုင်မှုတခုဖြစ်ကြောင်း မန္တလေးမြို့ရှိ ခရီးသွား ကုမ္ပဏီတခု၏ ဧည့်လမ်းညွှန် တဦး က ပြောပြသည်။

ယင်းကဲ့သို့ ယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည်ပ ခရီးသွားဝင်ရောက်မှုနှုန်းကို မြှင့်တင်ရာတွင် ဗီယက်နမ်နိုင်ငံသည် Phu Yen(Dabia) တောင်တန်း ခရီးစဉ်သစ်တခုကို အထူး အစီအစဉ်များဖြင့် ဆွဲဆောင်ခေါ်ယူမှုများ ယခုနှစ်အတွင်း စတင် နေ သည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ရှိ ရှေးဟောင်းဘုရားပုထိုးများကို မပြုပြင်ဘဲ ရှေးဟောင်း အမွေအနှစ်များအဖြစ် ထိန်းသိမ်း ပြသထားသည်။ စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ တ၀န်းရှိ စေတီ ပုထိုးများကို ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်ခဲ့ရာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးခဲ့ကြောင်း ပညာရှင်များက ဝေဖန် ပြောဆိုခဲ့ကြသည်။

ခရစ်နှစ် ၁၆၃၆ ခုနှစ် သာလွန်မင်း လက်ထက်က တည်ထားခဲ့သော ကောင်းမှုတော် စေတီတော်ကြီးကို မြန်မာနိုင်ငံ၏ ထင်ရှားသော ရှေးဟောင်းအမွေအနှစ် စေတီတဆူအဖြစ် သတ်မှတ်ထားခဲ့ကြသော်လည်း စစ်အစိုးရလက်ထက်တွင် ထုံးသင်္ကန်းမှ ရွှေသင်္ကန်းသို့ ပြောင်းလဲခဲ့ရာ ရှေးလက်ရာများပျက်စီးခဲ့ရသည်။

“မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာ ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာ ပုဂံယဉ်ကျေးမှု နယ်မြေသည် နိုင်ငံတကာ ခရီး သွား လောကတွင် ထူးခြားမှုတခုအဖြစ် ထင်ရှားလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများ တိုးမြှင့်ရောက်ရှိလာခြင်း သည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် သဘာဝသယံဇာတ အရင်းအမြစ်များ၊ ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း၏ အကျိုးရလဒ်များဖြစ်သည်”ဟု အစိုးရသတင်းစာ က ရေးသားထားသည်။

ပုဂံမြို့အနီး ဧရာဝတီမြစ်ကမ်းနဖူး၌ ပျူစောထီးလက်ထက်ကတည်းက ထုံးစေတီအဖြစ် တည်ထားခဲ့သည့် ဗူးဘုရားသည် လည်း ယခုအချိန်တွင် ရှေးခေတ်လက်ရာ စေတီတော်အဖြစ် မတွေ့ရတော့ဘဲ ပြုပြင်မွမ်းမံထားသည့် မှန်စီရွှေချ ရွှေသင်္ကန်း ကပ် စေတီတဆူအဖြစ် ပြောင်းလဲသွားသည်။

ပုဂံခေတ် စေတီပုထိုးများကို ထုံးသုတ်ခြင်း၊ စေတီငယ် ထပ်တင်ခြင်း၊ နံရံဆေးရေး ပန်းချီများကို ထုံးသုတ်ခြင်း စသည်ဖြင့် ပြုပြင်ပြောင်းလဲမှုများကြောင့် အနုပညာလက်ရာများ ပျောက်ပျက်ကုန်သည့်အပြင် အာဏာပိုင်များက ၎င်းတို့ အာဏာရှိချိန် ပြုပြင်ပြီးခဲ့သည့် ဘုရားများကို ကိုယ်ပိုင်ဘုရားများသဖွယ် “ပြုပြင်သူ၏ ကောင်းမှု”ဟု ဘုရား အသီးသီးတွင် ကမ္ပည်း ထိုးထားကြ သည်ကို တွေ့ရသည်။

ကြံ့ဖွံ့က အလောင်းလုမှု ကြုံရဟု ဦးကျော်သူ ပြော
မျိုးသန့် | သောကြာနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၆ မိနစ်



ချင်းမိုင် (မဇ္ဈိမ)။ ။ နာရေးကူညီမှု လုပ်ရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက လာရောက် အလောင်းလုမှုများကို ကြုံတွေ့ခဲ့ရကြောင်း အသင်း တည်ဆောက်မှု သက်တမ်း ၁ဝ နှစ် ရှိပြီဖြစ်သော နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။



ဧပြီလ ပထမပတ်တွင်းက တောင်ဥက္ကလာပမြို့နယ်တွင်း နာရေးကိစ္စ တခု၌ နာရေးကူညီမှုအသင်း (ရန်ကုန်) ထံ အကူအညီ တောင်းသဖြင့် သွားရောက်ရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး နာရေးကူညီမှု အသင်းကားလည်း ထိုမိသားစု အိမ်၌ ရောက်ရှိနေပြီး ကူညီပါရစေ လုပ်ကြောင်း ကြုံတွေ့ခဲ့ရပုံကို ပြောပြခြင်း ဖြစ်သည်။

“သူတို့က အတင်းလာပြီးတော့ သယ်ပေးမယ် လို့ ပြောတယ်ပေါ့လေ။ ဒါပေမဲ့ ကာယကံရှင်က သူတို့ အကူအညီကို လက်မခံဘဲနဲ့ ကျနော်တို့ အကူအညီကိုပဲ လက်ခံလိုက်တယ်။ အလောင်းတောင် လုတယ်ဆိုတော့ လူကြားလို့တောင် မကောင်းဘူးလေ” ဟု ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

အလိုမကျသဖြင့် အာဏာပိုင်များက ရုပ်ရှင်ရိုက် ပိတ်ပင်ခံထားရသူ ဦးကျော်သူ၏ အပြောကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ရန်ကုန်တိုင်း တာဝန်ရှိသူတဦးကလည်း ဝန်ခံပြောကြားလိုက်ပြီး၊ အသင်းနာမည် ရလာစေရန် အထက်က ခိုင်းသည့်အပေါ် အောက်ခြေက အရမ်းကာရော လုပ်ဆောင်မှုဟု ဆိုသည်။

“အခုက သရုပ်ပြဖို့အတွက်ပဲ ဖြစ်နေတယ်” ဟု သူက ပြောသည်။

လူနေရပ်ကွက်များအတွင်း သေဆုံးသူ၏ ရုပ်အလောင်းများ သယ်ထုတ်ရာတွင် နာရေး ကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ရပ်ကွက်ခံများ၏ အယူသီးမှုများကလည်း နာရေး ကူညီမှု အသင်းအတွက် အခက်တခုဖြစ်သည်။

“အခက်အခဲကတော့ အယူသီးတာတွေပေါ့လေ။ အဲဒါတွေကို ရင်ဆိုင်ပြီး ရှင်းရတယ်။ ဒီဘက်က ဝင်ရင် ဟိုဘက်က မထွက်ရဘူး။ အဲဒီ အယူသီးမှုတွေတော့ ရှိတယ်။ အဲဒါတွေပဲ ကျနော်တို့ ဖြေရှင်းကြရတယ်” ဟု ဦးကျော်သူက ဆိုသည်။

ထို့အပြင် အသင်းမှာ အခမဲ့ ဝန်ဆောင်မှု ပေးနေသော်လည်း မသာပွဲစားများ ပေါ်ပေါက်ကာ ကွယ်လွန်သူ မိသားစုထံ ပွဲစားက ငွေညစ်တောင်းခံမှုများ ရှိနေကြောင်းနှင့် ထို့ကြောင့် အသင်းရုံးချုပ်တွင် ‘မသာပွဲစား မလာရ’ ဟူသည့် ဆိုင်းဘုတ်ပင် ချိတ်ထားရသည်။

“ကျနော်တို့ဆီမှာ မသာပွဲစားဆိုတာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်တအိမ်မှာ နာရေးဖြစ်တာနဲ့ ပွဲစားက အဲဒီအိမ်ကို သွားတယ်၊ ပြီးတော့ ကျနော် ဖုန်းဆက်ပေးမယ် ဘာညာဆိုပြီးတော့။ ဒါပေမဲ့ သူတို့ကို ၂ သောင်း ၃ သောင်းလောက် ပေးရမယ်ဆိုပြီးတော့ သူက ကြားထဲက ပိုက်ဆံနှိုက်သွားတယ်။ ” ဟု ဦးကျော်သူက ဆိုသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ နာရေးကိစ္စ အကူအညီတောင်းခံမှုမှာ တလလျှင် ၄၅ ဦးမှ ၅ဝ ဦးခန့်ရှိပြီး၊ တောင်ဥက္ကလာအခြေစိုက် ကြံ့ဖွံ့ နာရေးကူညီမှုအသင်းသို့ အကူအညီတောင်းခံမှုမှာ တနေ့လျှင် ၁ဝ ဦးပင် မပြည့်ဟု ၎င်းအသင်း၏ တာဝန်ရှိသူတဦးက ဆိုသည်။ ခါတော်မီ နာရေးကူညီမှုမျိုး မဖြစ်သင့်ဟုလည်း ဆိုသည်။

“အခုလို လက်တွေ့လုပ်တဲ့အခါမှာ၊ အခုမှလာပြီး ခါတော်မီ နာရေးကူညီမှု လာလုပ်လို့တော့ မအောင်မြင်ဘူးဗျ။ သူက တလောင်းရရ၊ ၂ လောင်းရရ၊ ၃ လောင်းရရ ဈေးရောင်းသလို လာကောက်သင်းကောက်နေလို့ မရဘူး” ဟု ဆိုသည်။

ဦးကျော်သူကလည်း မည်သည့်အသင်းအဖွဲ့ပင်ဖြစ်စေ လူမှုရေးလုပ်ငန်းလုပ်လျှင် စေတနာပါရန် လိုအပ်ပြီး၊ မည်သည့် အဖွဲ့အစည်းတခုခုကို တိုက်ခိုက်ရန် ရည်ရွယ်မည်ဆိုပါက အောင်မြင်နိုင်မည်မဟုတ်ဟု ပြောဆိုသည်။

ရန်ကုန်နာရေးကူညီမှုအသင်းကို မြောက်ဒဂုံမြို့နယ် အမှတ် ၁၃ (က) တွင် ရုံးစိုက်ထားသည်။ နာရေးနှင့် ပတ်သက်သည့် အကူအညီများ တောင်းခံလိုပါက ထိုရုံးချုပ်သို့ တိုက်ရိုက်ဆက်သွယ်နိုင်သည်။ အသင်းကို ကွယ်လွန်သူ စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် လွန်ခဲ့သည့် ၁ဝ နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ ရန်ကုန် နာရေးကူညီမှုအသင်းမှ နာရေးနှင့် ပတ်သက်သည့် ကူညီမှုပေါင်း ၁ဝ၁ဝ၂၃ ခု ရှိခဲ့ပြီဖြစ်သည်။

နာရေးကူညီမှုသာမက သုခ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကိုလည်း ၂ဝဝ၇ မေလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ကူညီမှုများ ပေးနေသည်။

“နာရေးပဲလုပ်လုပ်၊ အခမဲ့ပဲ ဆေးကုကု ကျော်သူတို့က အလကား လုပ်ပေးတာပဲ ဆိုပြီးတော့ တန်ဖိုးမထားတာမျိုး မလုပ်သင့်ပါဘူး။ ကျနော်တို့ စေတနာရှင် လုပ်အားပေးတွေကို ဆေးလာကုတဲ့အခါမှာ ငါကျတော့ တုံကင်မရဘူး၊ သူကျတော့ တုံကင်ရတယ်၊ အဲဒါမျိုးတွေ မလုပ်သင့်ပါဘူး။ အဲဒီလိုမျိုး ပြင်ပဆေးရုံတွေမှာ လုပ်လို့ မရပါဘူး” ဟု ဆိုသည်။

အသင်းတည်ထောင်ပြီး ၉ နှစ်အကြာတွင် စတင်တည်ထောင်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး နာရေးကူညီမှုအသင်းကို ၂ဝ၁ဝ နှစ်ဦးပိုင်းတွင် ကြံ့ခိုင်ရေးပါတီ၏ ရန်ကုန်တိုင်း တာဝန်ခံ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၏ ညွှန်ကြားမှုဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကြံ့ဖွံ့နာရေးကူညီမှုအသင်းကို အကူအညီကို တောင်းခံလိုပါက ရန်ကုန်တိုင်းရှိ နီးစပ်ရာ ကြံ့ဖွံ့မြို့နယ်ရုံးများသို့ အကြောင်းကြားရပြီး၊ ထိုမှတဆင့် ကြံ့ဖွံမြို့နယ်ရုံး တာဝန်ရှိသူများက ရေဝေးသုသာန်ရှိ ဝန်ထမ်းများကို အကြောင်းကြားကာ နာရေးကိစ္စ ဆောင်ရွက်ပေးသည်။

ဒုအရာခံဗိုလ် ပါဝင်သည့် နယ်ခြားစောင့် ၁၂ဦး ကေအဲန်ယူထံ ထွက်ပြေးလာ
ဧပြီလ ၂၂ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ်ဒေသရှိ နယ်ခြားစောင့်တပ်(၁၀၁၆)မှ တပ်ဖွဲ့ဝင် ၁၂ဦးသည် လက်နက်ကိုယ်စီဖြင့် ကရင်အ မျိုးသားအစည်းအရုံး တပ်မဟာ(၇)ထံသို့ ယမန်နေ့က ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ်စော ဂျော်နီက ပြောသည်။

၎င်းက “နယ်ခြားစောင့် ၁၂ယောက် ကျနော်တို့ တပ်မဟာ(၇)ကို မနေ့က ညနေ ၄နာရီလောက်မှာ ထွက်ပြေးလာတယ်။ အဲဒီ အထဲမှာ ဒုအရာခံဗိုလ် တစ်ယောက်ပါတယ်။ သူတို့နဲ့အတူ မော်တာတစ်လက် အပါအ၀င် လက်နက် ၁၃လက် ပါလာတယ်။” ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များထဲတွင် ဒုအရာခံဗိုလ် ၁ဦးနှင့် တပ်ကြပ် ၁ဦး ပါဝင်ပြီး ၎င်းတို့ယူဆောင်လာသည့် လက် နက်ခဲယမ်းများမှာ M-16 ၄လက်၊ AK-47 ၆လက်၊ ကျည်ဆံ ၆၈၃တောင့်၊ ကာဘိုင် ၂လက်၊ M-79 ၁လက်နှင့် ၎င်းကျည် ၁၇ လုံးတို့ဖြစ်သည်ဟု သိရသည်။

ယင်းသို့ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များထဲတွင် အသက် ၁၅နှစ်နှင့် ၁၆နှစ်အရွယ် ကလေးစစ်သားနှစ်ဦး ပါဝင် ပြီး ၎င်းတို့မှာ နယ်စပ်ရှိ ကလို့ယော်ထာ့နေရာတွင် တာဝန်ကျသည့် ဗိုလ်မှူးမြတ်ခိုင် ဦးစီးသော နယ်ခြားစောင့်တပ်(၁၀၁၆) တပ်ရင်းမှဖြစ်ကြောင်း ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ယခုလို ပြောသည်။

“အခု ပြန်ရောက်လာတဲ့ နယ်ခြားစောင့်အဖွဲ့ဝင်တွေက (၁၀၁၆)တပ်ရင်းကလူတွေချည်းပါပဲ။ ၅ယောက်၊ ၆ယောက်လောက်က တော့ ကျနော်တို့နဲ့အတူ တိုက်ပွဲဆက်ဝင်မယ်လို့ ပြောတယ်။ အသက်မပြည့်တဲ့ ကလေးနှစ်ယောက်က စစ်သားဆက်လုပ်ချင် ပေမဲ့ ကျနော်တို့ လက်မခံသေးဘူး။”ဟု ပြောဆိုသည်။

ယခု ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလမှ မတ်လအထိ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေသို့ နယ်ခြားစောင့်တပ်(၁၀၁၅)၊ (၁၀၁၆)နှင့် (၁၀၁၉)တပ်ရင်းများမှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၇ဦးရှိပြီး ဧပြီလထဲ၌ အယောက် ၂၀နီးပါး ထွက်ပြေး ရောက်ရှိလာသည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှတ်တမ်းများအရ သိရသည်။


ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ စစ်တပ်ရိက္ခာ ထမ်းပိုးပေးနေရ
ဧပြီလ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ၀ါ့မူ့ကျေးရွာအုပ်စုမှ ကျောင်းဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများသည် စာမေးပွဲဖြေပြီးချိန်မှစ၍ ယခုအချိန်ထိ ထိုဒေသတွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ်များ၏ ရိက္ခာများ ကို ထမ်းပိုးပေးနေရသည်ဟု ဒေသခံကျောင်းဆရာများက ပြောသည်။

ဝါ့မူ့ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ် တပ်မ(၁၁)လက်အောက်ခံ ခလရ(၉၆)တပ်ရင်းသည် ၀ါ့မူ့၊ မယ်တိုး ထာ၊ ကေကော်နှင့် မယ်ဝေစခန်းများတွင် အခြေချသည့် ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် ဆန်ရိက္ခာများ ထမ်းပိုးပေးရန် ပြီးခဲ့ သည့် ဖေဖော်ဝါရီလကုန် စာမေးပွဲဖြေဆိုပြီးချိန်မှ ယနေ့အချိန်ထိ ယင်းသို့ ခေါ်ယူခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ၀ါ့မူ့ကျေးရွာအုပ်စု မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

၎င်းကျောင်းဆရာက “ရိက္ခာထမ်းပို့ခိုင်းတာက စာမေးပွဲဖြေတဲ့အချိန်ကတည်းကပါ။ စာမေးပွဲအချိန်ဆိုတော့ ဘယ်သူမှ မသွား ကြသေးဘူး။ စာမေးပွဲပြီးမှ ဆရာဆရာမ၊ ကျောင်းသူကျောင်းသားတွေအကုန် စုပေါင်းပြီးတော့ သွားထမ်းပို့ပေးကြတယ်။ နေ့ တိုင်း မခိုင်းပေမယ့် တရက်ခြားနှစ်ရက်ခြားတခါ အခုထက်ထိ သွားနေရတုန်းပဲ။”ဟု ပြောသည်။

ယင်းသို့ တပ်ရိက္ခာအတွက် သွားထမ်းပိုးပေးရာတွင် တနေကုန်သွားလာရသည့်အပြင် လမ်းခရီး၌ စစ်တပ်မှ ထမင်းမကျွေးသ ဖြင့် မိမိတို့၏နေအိမ်မှ ထမင်းထုတ်များ သယ်ဆောင်သွားရသည်ဟု အဆိုပါကျောင်းဆရာက ပြောသည်။

ထို့အပြင် ရိက္ခာထမ်းပိုးရသည့် ၁၃နှစ်နှင့် ၁၄နှစ်အရွယ် ကျောင်းသူကျောင်းသားများမှာ သွားလာရင်း လမ်းခုလတ်တွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ဝင်များနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် စိုးရိမ်စိတ်ဖြင့် လိုက်ပါနေရသည်ဟု သိရသည်။

ကျောင်းဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ ယခုလို နွေကျောင်းပိတ်ရက်တွင် စစ်တပ်ရိက္ခာ ထမ်းပိုးပေးရခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်ရာရောက်ကြောင်း နယ်စပ်ဒေသရှိ ကရင်ကျောင်းဆရာများသမဂ္ဂ(KTWG)မှ ဆရာ စောအဲဒိုဝါးက ပြောသည်။

၎င်းက “ပေါ်တာခေါ်တာတို့၊ ဆန်ထမ်းခိုင်းတာတို့ လုပ်ဆောင်တဲ့နေရာမှာ ကလေးတွေပါ ပါဝင်တာကိုကြည့်ရင် လူ့အခွင့်အ ရေးချိုးဖောက်မှုတရပ်ပဲ။ ဒါဟာ တနည်းတဖုံနဲ့ ကလေးတွေရဲ့ ကြီးပြင်းလာမှု၊ ဦးနှောက်ဖွံ့ဖြိုးလာမှုကို တကယ်ပဲ အနှောက်အ ယှက်ဖြစ်စေတယ်။ ဒီတော့ ကျနော်တို့ ကရင်ကျောင်းဆရာများသမဂ္ဂအနေနဲ့ လုံးဝ ဆန့်ကျင်တယ်။”ဟု ပြောသည်။

ကျောင်းသူကျောင်းသားနှင့် ဆရာဆရာမဦးရေ ၇၀၀ကျော်ရှိ ဒွယ်လိုးမြို့နယ်၊ ၀ါ့မူ့ကျေးရွာအုပ်စုရှိ အထက်တန်းကျောင်းများ မှာ အစိုးရကျောင်းများဖြစ်သော်လည်း မူလတန်းကျောင်းအများစုကမူ ကိုယ်ထူကိုယ်ထကျောင်းများ ဖြစ်ကြသည်။


၈၈ ကျောင်းသား ခေါင်းဆောင်များ ကျန်းမာရေး ဆိုးဝါးနေ
ရန်ပိုင် Friday, 22 April 2011 17:24


ရှမ်းပြည်နယ် ကျိုင်းတုံထောင်၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် နှလုံးရောဂါကြောင့် မူးဝေသည့် ဝေဒနာကို ခံစားနေရကြောင်း မိသားစုဝင်တဦးက ပြောသည်။



ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က“နှလုံးခုန်ချက်တွေ မြန်ပြီး ခေါင်းတွေမူးတဲ့ ဝေဒနာကို ခံနေရတာ”ဟု ဆိုသည်။

ထိုဝေဒနာအတွက် မိသားစုထံမှ ဆေးဝါးများမှာယူခဲရပြီး ထောင်အာဏာပိုင်များကလည်း ကုသပေးကြောင်း ဒေါ်ကြည်ကြည်ညွန့်က ဆက်လက်ပြောပြသည်။

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရသစ် အာဏာလွှဲပြောင်းရယူခဲ့သည်ကို သတင်းစာနှင့် ဂျာနယ်မှတဆင့်သိရကြောင်း၊ အစိုးရသစ် ၀န်ကြီးအသစ်များ လွှဲပြောင်းတာဝန်ယူခဲ့သော်လည်း အကျဉ်းထောင် အုပ်ချုပ်ရေး အပါအ၀င် မည်သည့်ပြောင်းလဲမှုများမှ ဖြစ်ပေါ်မလာသေးကြောင်း ကိုမင်းကိုနိုင်က ဆိုသည်ဟုလည်း ၎င်းက ပြောသည်။

ကျိုင်းတုံ အကျဉ်းထောင်တွင် အစိုးရထုတ် သတင်းစာများကို ၂ ရက်တကြိမ်ဖတ်ခွင့်ရကြောင်းနှင့် ပုဂ္ဂလိကထုတ် ဂျာနယ်များကို လည်း ၀ယ်ယူ၍ ဖတ်ရှုခွင့်ရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ည ငလျင် လှုပ်ခတ်ခဲ့စဉ်က ကိုမင်းကိုနိုင် ရှိရာ ကျိုင်းတုံ အကျဉ်းထောင်သည် ပြင်းထန်စွာလှုပ် ရမ်းခဲ့ကြောင်း၊ယခင် အင်္ဂလိပ် ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့် အဆောက်အအုံဖြစ်သည့် အတွက် စိုးရိမ်ပူပန်မှု ဖြစ်ခဲ့ရကြောင်း ကိုမင်းကိုနိုင်က ပြောသည်ဟု ဆိုသည်။

အလားတူ မိုင်းဆတ်ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုကိုကြီး သည်လည်း ခန္ဓာကိုယ် အနှံအပြားနှင့် လက်၊ ခြေတို့တွင် အဆီကြိတ်များ ထွက်ပေါ်နေကြောင်း၊ ထို့အပြင် ဂရင်ဂျီနာ ဝေဒနာကိုလည်း ခံစားနေရကြောင်း ညီဖြစ်သူ ကိုအောင်ထွန်းက ဆိုသည်။

ငလျင်လှုပ်ခတ်စဉ်က ပြင်းထန်သည့်အသံနှင့် လှုပ်ခါမှုကို ကြုံရသော်လည်း ထောင်တွင်း၌ အပျက်အစီးမရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်တွင် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုဌေးကြွယ် မှာလည်း ထောင်တွင်းကျွေးမွေးမှု ညံ့ဖျင်းပြီး မလောက်ငသည့် အတွက် ယခင်က ခွဲစိတ်ကုသခံယူဖူးသည့် အစာအိမ်မှ ပြန် လည် နာကျင်လာကြောင်း၊ အိမ်မှပို့ပေးသည့် အစားအသောက်များမှာလည်း အပြည့်အ၀မရရှိဘဲ ပျောက်ဆုံးမှုများ ရှိနေသည်ဟု ညီမဖြစ်သူ မမိမိကြွယ်က ပြောသည်။

အစိုးရသစ် တာဝန်ယူပြီးသည့် နောက်ပိုင်းတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် နိုင်ငံတကာနှင့် ပြည်တွင်းရှိ နိုင်ငံရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေး အကျဉ်းသားမိသားစုများ ကလည်း တောင်းဆိုမှု များ ပြုလုပ်လျှက်ရှိသည်။

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် စုပေါင်းလက်မှတ်ရေးထိုးပြီး သမ္မတကြီး ဦးသိန်းစိန်ထံ တင်ပြတောင်းဆိုရန် မြန်မာ နှစ်ဆန်း ၁ရက် နေ့မှ စတင် စုဆောင်းသည့် လှုပ်ရှားမှု ပြုလုပ်ရာ ယခုဆိုလျှင် လက်မှတ်ပေါင်း ၁၀၀၀နီးပါး ရရှိပြီ ဖြစ်ပြီး လာမည့် တနင်္လာနေ့တွင် ပို့ဆောင်တောင်းဆိုမည်ဖြစ်သည်ဟု ဦးဆောင်လှုပ်ရှားနေသူများထံမှ သိရသည်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဓာတ်ပုံ ရုံးတွေက ဖြုတ်ပြီ - BBC

ရုံးတွေမှာရှိတဲ့ ဓာတ်ပုံတွေ ဖြုတ်ရပြီ

အစိုးရ ရုံးအသီးသီးမှာ ချိတ်ဆွဲထားတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဓာတ်ပုံတွေကို အခုတော့ ပြန်ဖြုတ်ချနေပြီလို့ သိရပါတယ်။

အထူးသဖြင့် ရန်ကုန်မှာ ရှိတဲ့ အစိုးရရုံး တော်တော်များများနဲ့ ရပ်ကွက် အုပ်ချုပ်ရေးရုံးတွေမှာ ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဓာတ်ပုံတွေကို ဖြုတ်ချ လိုက်ပြီလို့ မျက်မြင်တွေက ပြောကြပါတယ်။


အဲဒီလို ဖြုတ်ချဖို့ကို သင်္ကြန် မတိုင်ခင် ကတည်းက ရုံးတွေကို ညွှန်ကြားချက် ပေးပို့ခဲ့တာဖြစ်တယ်လို့ ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူ တဦးက ဘီဘီစီကို ပြောပြပါတယ်။

ရန်ကုန်ရုံးတွေမှာ စပြီး ဖြုတ်လာပေမဲ့ နယ်က ရုံးတွေမှာတော့ ဆက်ချိတ်ထားတာကို တွေ့ရတယ်လို့လဲ ဒေသခံတခိျု့က ဆိုပါတယ်။


ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဓာတ်ပုံတွေကို ဖြုတ်ချဖို့ ညွှန်ကြားချက် ထွက်လာပေမဲ့ အဲဒီနေရာမှာ ဘယ်သူ့ ဓာတ်ပုံကို ချိတ်ဆွဲမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ပုံတွေပဲ ချိတ်ဆွဲလာမှာ ဖြစ်တယ်လို့ ယူဆစရာ ရှိပါတယ်။


နအဖကို ဖျက်သိမ်းလိုက်ပြီဆိုပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ တကယ်အာဏာကို စွန့် မစွန့်ဆိုတာ သုံးသပ်သူတွေက စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

တပ်မတော် ရုံးတွေမှာတော့ ကာကွယ်ရေး ဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ချိတ်ဖို့ မှာကြားမှုတွေ ရှိတယ်လို့ သိရပါတယ်။


၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး လုပ်ခဲ့သူ ဦးနေဝင်းက အစိုးရရုံးတွေမှာ ချိတ်ဆွဲထားတဲ့ သူ့ဓာတ်ပုံတွေကို ဖြုတ်ချပေးဖို့ သူကိုယ်တိုင် စာရေးသား ထုတ်ပြန်ပြီး တောင်းဆိုခဲ့ဖူးပါတယ်။
လူငယ်ကွန်ယက်လှုပ်ရှားမှုမှာ ပြည်ပရောက် မြန်မာများ ပါဝင်ဖို့ NLD တိုက်တွန်း

2011-04-22 RFA

မြန်မာ လူငယ်ကွန်ယက်အဖွဲ့တွေ ဆောင်ရွက်နေတဲ့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို အခုလို ပြောပါတယ်။


“အဲဒီဥစ္စာက လူငယ်ကွန်ယက်ကလည်း လုပ်တယ်။ ကျနော်တို့ကိုလည်း ပြတော့ ကျနော်တို့က သဘောကျတယ်၊ သဘောလည်း တူတယ်။ ဒါကြောင့် သူတို့နဲ့ အတူတူ ပူးပေါင်းပြီး ဝိုင်းလုပ်နေကြတယ်။ ကျနော်တို့ အင်တာနက်ထဲမှာ အဲဒီက ပုံစံ ဆွဲထုတ်ပြီး လက်မှတ်ထိုးလို့ရအောင် တင်ထားပြီးပါပြီ။ လက်မှတ်ထိုးတဲ့ အရေအတွက်တော့ ကျနော်တို့ လိုချင်တယ်”


နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး၊ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေ အပါအဝင် မြန်မာ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးနဲ့ ပြည်ပရောက် မြန်မာတွေ မိမိနိုင်ငံကို အေးချမ်းစွာ ပြန်လာနိုင်ရေး ဆိုတဲ့ အချက် (၃) ချက်ကို နိုင်ငံတော်သမ္မတ အနေနဲ့ ဖြေရှင်းပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုကို လူငယ်ကွန်ယက်အဖွဲ့တွေက တိုင်းနဲ့ ပြည်နယ်အလိုက် ပြုလုပ်နေကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်ပရောက် မြန်မာတွေ ပါဝင်ကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

သမ္မတဆီ ပေးပို့မယ့် စာနမူနာပုံစံနဲ့ လက်မှတ်ထိုးရမယ့် ပုံစံကိုလဲ NLD Website မှာ ဖော်ပြထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။


စုဆောင်းရရှိတဲ့ လက်မှတ်တွေကို သက်ဆိုင်ရာ မြန်မာသံရုံးတွေက တဆင့် နိုင်ငံတော်သမ္မတဆီ ပေးပို့ကြဖို့ NLD က တိုက်တွန်းထားပြီး ရရှိတဲ့ လက်မှတ် အရေအတွက်ကိုလည်း NLD ရုံးချုပ်ကို အကြောင်းကြားပါလို့ ဆိုပါတယ်။

အခု လှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပါဝင် လက်မှတ်ထိုးပြီးပြီလို့ RFA က တင်ဆက်နေတဲ့ ‘လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အမေးအဖြေကဏ္ဍမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */