“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, April 21, 2011

သတင်းစုံ ( ပေးပို့ သူ-ဗမာသွေး) ၂၁-၀၄-၂၀၁၁

ကွန်ရက်ဖွဲ့သတင်း စစ်တပ်အငြိမ်းစားများ ဂယက်ရိုက်
လင်းသန့် Wednesday, 20 April 2011 17:34

မြန်မာ့ တပ်မတော်အတွင်း မျိုးချစ်တပ်မတော်သားများ ကွန်ရက် ဖွဲ့စည်းသည်ဆိုသည့် သတင်းထွက်ပေါ်လာ မှုကြောင့် အငြိမ်းစား တပ်မတော် အရာရှိများသည် နယ်မြေခံ အာဏာပိုင်များ၏ စုံစမ်း စောင့်ကြည့်ခံနေကြရကြောင်း သိရသည်။


မကြာသေးမီရက်ပိုင်းက တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသော မျိုးချစ်တပ်မတော်သားများက တပ်တွင်း ကွန်ရက်ဖွဲ့ကာ အဆိုပါကွန်ရက်မှဦးဆောင်ပြီး တပ်မတော်သားများသည် ပြည်သူ့ဘက်မှ ရပ်တည်ရေးအတွက် လုပ်ဆောင် သွားကြမည်ဖြစ်ကြောင်း ဘီဘီစီ နှင့် လွတ်လပ်သောအာရှအသံ(RFA) ရေဒီယို သတင်းဌာနများတွင် ကြေညာသွာခဲ့သည်။

“တပ်တွင်းကွန်ရက်ဆိုတာကြီး သတင်းတွေထွက်လာတော့ ကျနော်တို့ရပ်ကွက်လူကြီးဆိုတဲ့သူတွေနဲ့ သူတို့ရဲ့လက်ရုံး တပည့်လေးတွေက စောင့်ကြည့်တာတို့၊ ချဉ်းကပ်တာ စုံစမ်းတာတို့လုပ်လာတယ်၊ အန်ကယ်တို့ က ဒီကွန်ရက်ဆိုတာကို သိတောင်သိတာမဟုတ်ဘူး”ဟု မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူ အငြိမ်းစားဗိုလ်မှူးကြီးတဦးက ဧရာဝတီသို့ပြောသည်။

မြန်မာ့တပ်မတော်စစ်သည်အင်အား ၄ သိန်းကျော်ရှိသည့်အနက်မှ တပ်ကြပ်ကြီးအဆင့်ရှိသူ ၁၁ ဦး၏ လျှို့ဝှက် ဖွဲ့စည်း သည်ဟုဆိုသော အဆိုပါကွန်ရက်ဖွဲ့စည်းမှုသည် မည်မျှကိုယ်စားပြုသည်ကို ခန့်မှန်းရခက်ပြီး လက်ရှိ တပ်မတော်သားများနှင့် အငြိမ်းစားတပ်မတော်သား အသိုင်းအ၀ိုင်းမှ အဆိုပါကွန်ရက်အပေါ် ယုံကြည်မှုနည်းသော သတင်းများလည်းထွက်ပေါ်နေသည်။

“ကျနော်တို့ကတော့ ဒါဟာ မဖြစ်နိုင်ဘူးထင်တယ်၊ ကွန်ရက်ဖွဲ့တယ်ဆိုတာ အင်တာနက်သုံးနိုင်မှ ဖြစ်မှာ။ တပ်တွင်း မှာ အင်တာနက်သုံးနိုင်တဲ့ ကွန်ပျူတာသုံးနိုင်တဲ့ အခြေအနေအခွင့်အလမ်းအရမ်းနည်းတယ်။ ဖုန်းနဲ့ကလုံခြုံမှု မရှိတာကြောင့် လည်းဖြစ်တယ်။ ဒါမျိုးကွန်ရက်ဖွဲ့ဖို့ဆိုတာ အလွန်ခက်ပါတယ်။ အငြိမ်းစားတချို့တော့ ဒီသတင်းကြောင့် စောင့်ကြည့် ခံရ တာတော့ ရှိတယ်”ဟု ထိုင်းမြန်မာနယ်စပ်ရှိ တပ်မတော်အရာရှိဟောင်း ဗိုလ်ထက်မင်းက ပြောသည်။

ရန်ကုန်တိုင်း ရွှေပေါက္ကံမြို့သစ်တွင် နေထိုင်သူ အငြိမ်းစားဗိုလ်ကြီးတဦးကမူ“တပ်တွင်းကွန်ရက်ဖွဲ့တယ်ဆိုတာ ဟုတ်တယ် ဆိုရင်တောင် ကျနော်တို့ တပ်ကနေ အငြိမ်းစားယူထားတဲ့ သူတွေနဲ့က ဘာမှလဲမဆိုင်ဘူး။ အခု ရပ်ကွက်ရုံးက လူတချို့က လာမေးတာ၂ ခါ ရှိနေပြီ။ လာမေးတာက ဆက်စပ်နိုင်လား ဆိုတာ စုံစမ်းတာနေမှာပေါ့။ မိသားစုတွေက စိုးရိမ်တာပေါ့။ သိ တဲ့ အတိုင်း သူတို့အာဏာရှိသူတွေက လုပ်ချင်တာလုပ်မှာ”ဟု ပြောသည်။

တပ်မတော်သား အငြိမ်းစားအရာရှိကြီးများသည် ယခင်စစ်အစိုးရလက်ထက် စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာ့စီးပွားရေး ဦး ပိုင် လီမိတက် တို့တွင် အစုရှယ်ယာဝင်များ၊ အဖွဲ့ဝင်များအဖြစ်ရှိနေကြပြီး စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့် ရရှိနေ သူများဖြစ်ကြသည်။

သို့သော်လည်း မြန်မာစစ်တပ်တွင် တပ်မှူး၊ တပ်သားများအနေဖြင့် စစ်တပ်ခေါင်းဆောင်များအပေါ် မကျေနပ်မှုများ ရှိသည် မှာ နှစ်ကာလ ရှည်ကြာကတည်းကဖြစ်ပြီး အာဏာဖီဆန်နိုင်သည့်အခွင့်အရေး မည်သည့်အခါမှ မရခဲ့ပေ။

အထူးသဖြင့် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှ ဖယ်ရှားခံလိုက်ရပြီးနောက် စစ်ထောက်လှမ်းရေး ဟောင်း အများစုက မကျေနပ်မှုများရှိနေသည်ဟု သိရသည်။

“ကျနော့်အမြင်ကတော့ တပ်ထဲမှာ ဒီလိုကိစ္စမျိုး ဖွဲ့စည်းဖို့ဆိုတာ အတော်ခဲယဉ်းတယ်လို့ပြောချင်တယ်။ ဒါဟာ တပ်တွင်းမှာ အင်မတန်ကြီးလေးတဲ့ အပြစ်ကျူးလွန်မှုဖြစ်တယ်။ တကယ်မှန်ကန်တယ်ဆိုရင်တော့ ကြိုဆိုတယ်။ မဟုတ်ရင်တော့

တို့တွေ အနေခက်တာပဲ အဖတ်တင်သွားမယ်”ဟု တပ်မတော် စစ်ထောက်လှမ်းရေးဟောင်း တဦးက ပြောသည်။

မြန်မာနိုင်ငံ တပ်မတော်သမိုင်းတလျှောက်တွင် ဖယ်ရှားခံလိုက်ရသော ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်းရေး အဖွဲ့သည် အကြီးမားအကျယ်ပြန့်ဆုံးဖြစ်ခဲ့သည်။ ခိုင်မာစွာဖွဲ့စည်းထားသည့် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များသည်ပင်၂၀၀၄ ခုနှစ်တွင် ၀င်ရောက်စီးနင်း၊ ဖမ်းဆီးမှုပြုလုပ်ခြင်းများကို ခံခဲ့ကြရသည်။

၁၉၇၀ နှစ်လွန်ကာလ အာဏာရှင်ဟောင်း ဦးနေ၀င်း လက်ထက် မအောင်မြင်သောအာဏာသိမ်းရန်ကြံစည်မှုဖြစ်ပေါ်ခဲ့ပြီး ဦးဆောင်သူ ဗိုလ်ကြီးအုန်းကျော်မြင့် ကို သေဒဏ်အမိန့်ချမှတ်ခဲ့ပြီးနောက် အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးကွပ်မျက် ခဲ့သည်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများအနေဖြင့် ပြည်သူနှင့်လက်တွဲကာ ၄င်းတို့၏ ဆန္ဒကို ပူးပေါင်းဖော်ထုတ်ပြသခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း အပြောင်း အလဲကို လိုလားကြောင်း ဒီမိုကရေစီပါတီများကို ဆန္ဒမဲပေးထောက်ခံပြီး ပြည်သူနှင့် တသားတည်း ရပ်တည်ခဲ့ဖူးသည်။





နိုင်ငံရေး မငြိမ်သက်မှု သတိရှိရန် တပ်တွင်းညွှန်ကြား
ရန်ပိုင် Wednesday, 20 April 2011 19:25

နိုင်ငံရေး မတည်ငြိမ်မှုကို အကြောင်းပြုပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများ၌ အနောက်အုပ်စုက စစ်ရေးအရ ၀င်ရောက် စွက်ဖက်နေမှုနှင့် ပတ်သက်၍ မျက်ခြည်မပြတ် စောင့်ကြည့်ပြီး သတိရှိစေရန် စစ်တပ်အတွင်း ညွန်ကြားချက် ထုတ်ပြန်ထားသည်ဟု ဧရာဝတီက သိရသည်။



အဆိုပါ ဧပြီလ ၅ ရက်နေ့က နိုင်ငံတ၀န်းရှိ တပ်မ၊ တပ်ရင်းများသို့ ထုတ်ပြန်သည့် ညွန်ကြားချက်တွင်အာဖရိကနှင့် အရှေ့အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို အကြောင်းပြုပြီး ရုပ်သံ၊ အသံလွှင့်ဌာနများနှင့် Face Book စသည့် လူမှုရေးကွန်ရက် များမှ လှုံ့ဆော်မှုများ ပြုလုပ်လာကြောင်း၊ ထို့အပြင် အင်အားကြီး နိုင်ငံများက စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှုများရှိသည့် အတွက် သင်ခန်းစာယူကာ စစ်ရေးအရ သတိရှိရေး၊ တိုက်ပွဲဝင်မှု အသင့်ဖြစ်စေရေး၊ အရေးကြုံလာပါက အမြန်ဆုံး ဖြေရှင်းနိုင်ရန် စီစဉ် ဆောင်ရွက်ထားရန် လိုကြောင်း ပါရှိသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နိုင်ငံရေး ဖွဲ့စည်းမှု၊ လှုပ်ရှားမှုများ ပိုမိုများပြားလာသည့် အတွက် သတင်းလက် ဦးမှုရယူရေးနှင့် NLD နှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများက တပ်တွင်း ဆက်သွယ်စည်းရုံးမှု မပြုနိုင်ရန် လုံခြုံရေး အမြင်ဖြင့် စီစဉ် ထားရေးတို့ကို ညွန်ကြားထားပြီး တပ်တွင်းရှိ အရာရှိ၊ စစ်သည်များ နိုင်ငံတော်က ပေးအပ်သည့် လစာအခွင့်အရေးနှင့် ပတ်သက် ၍ ပြင်ပအဖွဲ့ အစည်းများ၊ လူ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး တရားမ၀င်တောင်းဆို လုပ်ဆောင်မှုများကို သတိကြီးစွာ စောင့်ကြည့်ရန် လည်း ပါရှိသည်။

ယခုအခါ မြန်မာ့တပ်မတော်ရှိ အောက်ခြေအဆင့် အကြပ်တပ်သားများနှင့် မိသားစုများမှ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းကြီးမြင့် သည့်အတွက် စားဝတ်နေရေးကျပ်တည်းမှုကို ကြုံနေရသည်ဟု မကြာသေးမီက ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိလာသည့် သင်္ကန်းညီနောင်တပ်နယ်ရှိ(စကခ) ၁၉ လက်အောက်ခံ ခလရ ၆၁ တပ်ရင်းမှ ဒုတပ်ကြပ် မျိုးသူ ထံမှသိရသည်။

အဆိုပါ ညွန်ကြားချက်တွင် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ ညအချိန်မတော် တပ်ပြင်ပသို့ သွားရောက်ရာမှ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု မကြာခဏ ဖြစ်ပွားသည့် ဖြစ်စဉ်များ စိစစ်တွေ့ရှိရသည့်အတွက် ကွပ်ကဲ ကြပ်မတ်သွားရန်လည်းပါရှိသည်။

ယင်းညွန်ကြားချက်နှင့် ပတ်သက်၍ စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ကာကွယ်ရေး ဦးစီးချုပ်အသစ်အနေဖြင့် ယိုယွင်း လာနေသည့် စစ်တပ်အတွင်း စစ်ပြေး များပြားလာခြင်း၊ စည်းကမ်းများ ပျက်ယွင်းလာခြင်းကို ပြန်လည် ကိုင်တွယ်ခြင်းဖြစ်ပြီး၊ လစ်ဗျားနှင် အိုင်ဗရီကို့စ် အရေးအခင်းများကို အကြောင်းပြကာ စစ်တပ်အား အသင့်အနေအထားရှိစေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

မကြာသေးမီက အာဖရိကတိုက်ရှိ လစ်ဗျားနိုင်ငံတွင် အာဏာရှင် ဗိုလ်မှူးကြီး ဂဒါဖီ၏ တပ်များကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဖြင့် အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ်နိုင်ငံဦးဆောင်သည့် လေတပ်က တိုက်ခိုက်နေခြင်းနှင့် အိုင်ဗရီကို့စ်နိုင်ငံတွင် ပြင်သစ်တပ်များက အာဏာရှင် သမ္မတ လော့ရင် ဘက်ဘို ကို ဖမ်းဆီး ဖြုတ်ချမှုများဖြစ်ပွားခဲ့သည်။

နအဖ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်း စိန် ခေါင်းဆောင်သည့် အစိုးရကို ပြီးခဲ့သည့် မတ် ၃၁ ရက်နေ့တွင် အာဏာလွှဲပြောင်းပေးခဲ့သည်။

သို့သော် လေ့လာသူများအဆိုအရ ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အနေဖြင့် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒု
ကာကွယ်ရေး ဦးစီးချုပ်ရာထူးအား ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းတို့အား လွှဲအပ်ခဲ့သည် ဆိုသော်လည်း စစ်တပ်ကို ဆက်လက် ကြိုးကိုင်မှုများ ရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့က မန္တလေးမြို့ မြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးကိုယ်တိုင်လာ ရောက် ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်နှင့် မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်တို့က တခမ်းတနားကြိုဆိုခဲ့သည်။


အစိုးရသစ် လုပ်ပိုင်ခွင့် အပြည့်အ၀ရှိပုံ မပေါ်

By မသင်းသီရိ ဗုဒ္ဓဟူး, 20 ဧပြီ 2011

လက်ရှိ မြန်မာအစိုးရသစ်ဟာ ပြောတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော်ခြင်း မရှိသေးဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဝေဖန်လိုက်ပါတယ်။ လောလောဆယ် အရေးတကြီးအဆင့် ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး ပြဿနာကို ကိုင်တွယ်သင့်ပြီလို့ ယူဆကြောင်း NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာပြောခဲ့တဲ့ ကတိတွေထဲက နိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေး ဆိုင်ရာ အချက်တွေကို စတင် အကောင်အထည်ဖော် လုပ်ဆောင်ဖို့ NLD ပါတီက တိုက်တွန်းတဲ့စာကို ဧပြီလဆန်းပိုင်းကတည်းက ပို့ထားပေမဲ့ အခုအချိန်ထိ ဘာမှ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ နိုင်ငံရေးပါတီတွေ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး လမ်းကြောင်း ဖွင့်မယ်လို့ အစိုးရတာဝန်ရှိသူတွေ ပြောပေမဲ့ ခုချိန်ထိ ဘာမှလက်တွေ့ ဖြစ်လာတာ မရှိသေးဘူးလို့ NLD ပါတီရဲ့ ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ ပြန်လွတ်ဖို့ဆိုတဲ့ ကိစ္စအပေါ် တောင်းဆိုမှုတွေ ပိုများလာတာကို တုံ့ပြန်ရင်းနဲ့ ပြောထားတဲ့ ကတိတွေနဲ့မူတွေကို စတင် အကောင်အထည် ဖော်သင့်ပြီလို့ ဦးတင်ဦးက ပြောပါတယ်။

“သူတို့ အခုပြောတဲ့မိန့်ခွန်းက မူပဲလေ။ ဒါပေမဲ့ လက်တွေ့ကတော့ ဒီနေ့အထိ ပြည်သူလူထုထဲမှာ ဘာမှ ထူးထူးခြားခြား မတွေ့ရသေးဘူးလေ။ အခြေအနေကတော့ အရင်နဲ့ ဘာမှမထူးခြားပါဘူး။ အကျဉ်းကျခံ ထားရတဲ့ နိုင်ငံရေးသမားတွေက တချို့လည်း လွတ်ရက်စေ့နေပြီ။ တချို့လည်း လွတ်ရက် နီးနေပြီ။ ဒါတွေနဲ့ပတ်သက်တဲ့ အားလုံးကို ခုထက်ထိကို မလွှတ်သေးဘူးဆိုတော့လဲ အားမရဘူးပေါ့။ ဒီလိုတော့ ရှိပါတယ်။ ဒီ့အပြင် တခြား များများစားစား ချိန်ကြည့်စရာမရှိပါဘူး။ အဲဒီဟာလေး တခုနဲ့ ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်က သူ သိပ်ပြီးတော့ လုပ်နိုင်ပုံ မပေါက်ဘူးထင်တယ်။ ဒီဟာနဲ့ ပတ်သက်တာ အားလုံးက အပေါ်က ချုပ်ကိုင်ထားတဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာရှိတယ်။ အဲဒီမှာက တာဝန်လွှဲပြောင်း ပေးသွားပြီဆိုတဲ့ ပုဂ္ဂိုလ်က ဆက်ပြီးသြဇာ ရှိနေသေးတော့ အဲဒီကနေ အကြောင်းကြီးငယ် မရသေးလို့ပဲ ဖြစ်မလားမပြောတတ်ဘူး။ သူတို့ပြောတဲ့စကားတွေ အပေါ်မှီပြီးတော့ လုပ်ကိုင်ပေးကြပါ ဆိုတာကို ရေးတာပဲ။”

ပြည်တွင်းက လူငယ်ကွန်ယက် အဖွဲ့တွေက ဦးဆောင်လှုပ်ရှားနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးဖို့ မြန်မာအစိုးရကို မေတ္တာရပ်ခံ တောင်းဆိုကြတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတွေကလည်း နယ်မြို့တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနေပြီဖြစ်သလို စာပေနဲ့ အနုပညာ အသိုင်းအ၀ိုင်းတွေကလည်း ပါဝင် လက်မှတ်ရေးထိုး ပေးကြတယ်လို့ ဒီလှုပ်ရှားမှုထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“နှစ်ဆန်းတရက်နေ့က စတာပေါ့နော်။ ၁၇ ရက်နေ့အထိ။ အဲဒီနေ့ကနေ စပြီးတော့ ကျနော်တို့ နယ်တွေကိုလည်း ပို့ပါတယ်။ နယ်တွေကလည်း ဖုန်းဆက်ပြီးတော့ မှာကြားတာတွေ ရှိပါတယ်။ အဲဒီတော့ လောလောလတ်လတ် အနေအထားမှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေအပြင်ကို နိုင်ငံရေးကို စိတ်ဝင်စားတဲ့လူတွေ အများအပြား ပါဝင်လက်မှတ် ထိုးပါတယ်။ နောက်ပြီးတော့ စာနယ်ဇင်းတို့၊ ရုပ်ရှင်တို့က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်း ပါဝင် လက်မှတ်ထိုးကြတာ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က ရသလောက်ကိုတော့ ပထမအဆင့်တော့ အစိုးရရုံးတွေ ပြန်ဖွင့်ပြီးတဲ့အခါ ပေါ့နော်။ ၂၅ ရက်နေ့လောက်မှာ ကျနော်တို့ နိုင်ငံတော် သမ္မတရုံးကို လိပ်မူပြီးတော့ ပို့ပါမယ်။ ပြီးတဲ့အခါကျတော့ ဒီလက်မှတ်တွေကိုလည်း ကျနော်တို့ နောက်ပိုင်း ၀က်ဆိုက်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးသွားမှာပါ။”

မြန်မာနိုင်ငံထဲက အကျဉ်းထောင်တွေမှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့အတူ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ရှိပါတယ်။ မိသားစုတွေနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေကို ပို့ခံထားရတာမို့ မိသားစုတွေက ထောင်ဝင်စာ ပုံမှန် သွားမတွေ့နိုင်တဲ့ ပြဿနာတွေအပြင် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရကြသလို ကျန်းမာရေးချိုယွင်းတဲ့ အခြေအနေတွေ တွေ့ကြုံနေရသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒါ့ကြောင့်မို့ အခုတက်လာတဲ့ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကိစ္စအပေါ် ကိုင်တွယ် ဖြေရှင်းပေး လာလိမ့်မယ်လို့ မိသားစုဝင်တွေက မျှော်လင့်နေကြတဲ့ အကြောင်း ဗန်းမော်ထောင်မှာ နှစ်ရှည် ထောင်ဒဏ်တွေနဲ့ ပြစ်ဒဏ်ပေးခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်းရဲ့ မိခင် ဒေါ်ညွှန့်ညွှန့်ဦးက ပြောပါတယ်။

“လိုက်လျောရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အချက်ကတော့ မလိုက်လျောဘဲနေလို့ မသိချင်ယောင် ဆောင်နေမယ်၊ ရက်ရှည်လများ လုံးဝ မစဉ်းစားဘဲနေမယ် ဆိုရင်တော့ ဒီကိစ္စက အစိုးရသစ်အတွက် အရုပ်ဆိုး အကျည်းတန်တဲ့ကိစ္စတခု ဖြစ်လိမ့်မယ်လို့ အန်တီထင်တယ်။ အဲဒီ အရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စတခုကို ကြာကြာရင်ဆိုင်နေမယ် လို့တော့ အန်တီ မတွေးဘူးလေ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတဲ့ကိစ္စရပ်ကြီးကို သူတို့ ဖြည်းဖြည်းချင်း ကိုင်တွယ်ဖြေရှင်းမလား။ ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ နည်းလမ်းစဉ်းစားပြီးတော ဖြေရှင်းမလဲ ဆိုတာတော့ အန်တီတို့က မျှော်လင့်ချက်ထားပြီး စောင့်ကြည့်ရမယ့် အနေအထားတော့ ရှိပါတယ်။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ် ရဲ့ မိခင် ပြောပြခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးနှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး အဆိုပြုလွှာကို နိုင်ငံရေးပါတီ တချို့က လွှတ်တော်မှာ တင်သွင်းခဲ့ကြပေမဲ့ ဒီနေ့အထိ အကြောင်းပြန်တာ မရှိသေးပါဘူး။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ ပိုကောင်းလာဖို့ အမေရိကန်အပါအ၀င် အနောက်နိုင်ငံကြီးတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျော့ကျလာဖို့အတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးတဲ့ လမ်းကြောင်းနဲ့ ခြေလှမ်းတွေ စသင့်ပြီလို့ ပြည်တွင်းပြည်ပက ထောက်ပြ တောင်းဆိုနေကြတာဖြစ်ပါတယ်။


ကြံ့ဖွံ့ခေါင်းဆောင်ပိုင်း ဝန်ကြီးဟောင်းများ ဖြစ်ဖွယ်ရှိ
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၆ မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းကို ပြန်ဖွဲ့တော့မည် ဖြစ်ရာ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်းနှင့် စာတိုက်၊ ကြေးနန်းနှင့် ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းဇော် ဖြစ်လာဖွယ် ရှိကြောင်း ပါတီ တာဝန်ရှိသူများ အဆိုအရ သိရသည်။

ပါတီ ခေါင်းဆောင် အများစုမှာ အစိုးရသစ်၌ အုပ်ချုပ်ရေး တာဝန်များ ထမ်းဆောင်ရာ၌ ပါဝင်သွားပြီးနောက် အဆိုပါ လစ်လပ်နေရာများအတွက် ဧပြီလကုန်ပိုင်းတွင် ပြန်လည် အစားထိုးမည်ဖြစ်ရာ၊ ပါတီကို အဓိက ချုပ်ကိုင်သွားမည့် ၎င်းတို့ ၂ ဦး အမည် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးအဖွဲ့က နားသွားတဲ့ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ သူတို့တွေက ဒီဘက်မှာ ပါတီလုပ်ငန်းတွေကို ကျစ်ကျစ်လစ်လစ် ပြန်ပြီးတော့ ကိုင်တွယ်မယ့် သဘောရှိတယ်” ဟု အမည်မဖော်လိုသည့် ရန်ကုန်တိုင်းအဆင့် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ဦးအောင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ လက်ရင်းလူယုံတဦးဟု လူသိများပြီး၊ ရွေးကောက်ပွဲ ကာလတွင် ကြံ့ဖွံ့ပါတီ ကိုယ်စားပြုကာ မန္တလေးတိုင်း တောင်သာမြို့နယ်မှ ဝင်ရောက်အရွေးခံခဲ့ပြီး လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။

ထို့အတူ ဆက်သွယ်ရေးလုပ်ငန်းများစွာ အစိုးရနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရရှိနေသည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဟောင်း ဦးသိန်းဇော်မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမှ အရွေးခံခဲ့ပြီး အမတ်ဖြစ်လာခဲ့သည်။

အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက ပါတီကို လတ်တလော ထိန်းကျောင်းနေကြောင်းနှင့် ဧပြီလအတွင်း ဒေသအသီးသီးအလိုက် ပါတီဝင်သစ် စုဆောင်းရေးကို သူကပင် လမ်းညွှန်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများ အဆိုအရ သိရသည်။ ပါတီအင်အားစာရင်းကိုလည်း ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်သည် အစိုးရသစ်တွင် သမ္မတ၊ နာယက အဖွဲ့ဝင် ဖြစ်ခဲ့သူ သီဟသူရတင်အောင်မြင့်ဦးမှာ ဒုသမ္မတ၊ နာယက အဖွဲ့ဝင် ဦးတင်အေးမှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ တာဝန်များကို ရယူခဲ့ကြသည်။

ထိပ်ပိုင်းခေါင်းဆောင်များ အစိုးရသစ်တွင် တာဝန်များ ရရှိသွားပြီးနောက် ပါတီတွင်း၌ အဓိက နေရာရရှိလာနိုင်သူဟု အများက ထင်ကြေးပေးခံရသူ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းသည် သူ၏ လက်အောက်ခံ ဝန်ထမ်းများ၏ ခြစားမှုများကြောင့် ထိပ်ပိုင်းနေရာ ရရှိလာနိုင်မည် မဟုတ်ဟု ခန့်မှန်းကြသည်။

“သူ့လက်အောက်က လူတွေက သူ့ကို “အဘ” ခေါ်ပြီး ညာနေကြတာကို သူက ယုံပြီး စွတ်စွတ်ပြီး ရမ်းတော့၊ လူထုကြားမှာလည်း လူရိုင်းစာရင်း ဝင်သွားသလို ပါတီထဲမှာလည်း သူ့ရဲ့ ပုံရိပ်က မကောင်းတော့ဘူး ဖြစ်သွားတာပေါ့ဗျာ” ဟု ရန်ကုန်တိုင်းအဆင့် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူကပင် ပြောပြသည်။

ရွေးကောက်ပွဲကာလတွင် ဦးအောင်သိန်းလင်း ဝင်ရောက်အရွေးခံသည့် တောင်ဥက္ကပမြို့နယ်ရှိ လမ်းများကို ခင်းကျင်းရန် ငွေကြေးထုတ်ပေးခဲ့သော်လည်း ပြီးပြတ်အောင် မလုပ်နိုင်ခဲ့သလို နိုင်ငံရေးဘက်၌တွင်လည်း ဆက်ဆံရေး ပြေပြစ်သူမဟုတ်ဟု ပါတီလုပ်ဖော်ကိုင်ဘက်များ အဆိုအရ သိရသည်။ သို့သော် သူသည် ပါတီ၏ ရန်ကုန်တိုင်း တာဝန်ခံရာထူးကိုမူ ယူထားသေးသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။ ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြံ့ဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ဖြင့် အနိုင်ရခဲ့သည်ဟု စစ်အစိုးရ ကြေညာခဲ့သည်။


အထူးကိုယ်စားလှယ်ခန့်ကာ မြန်မာ့အရေး အမေရိကန် အဆင့်မြှင့်ဆောင်ရွက်
2011-04-20 RFA

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူး ကိုယ်စားလှယ်တဦး ခန့်ထားဖို့ အမေရိကန် သမတက အဆိုပြု ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအရေး အမေရိကန်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နောက်ထပ် အဆင့်တဆင့် မြှင့်တင်လိုက်တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mark Toner က ဧပြီ ၁၉ ရက် မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူးကိုယ်စားလှယ်အဖြစ် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ဒုလက်ထောက် ဝန်ကြီး Derek Mitchell ကို ပြီးခဲ့တဲ့အပတ်က ခန့်အပ်ဖို့ သမတက ရွေးချယ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်-မြန်မာဆက်ဆံရေး အပြောင်းအလဲ ရှိမရှိ မေးမြန်းရာမှာ Mr. Toner က အခုလို ဖြေလိုက်တာ ဖြစ်ပါတယ်။

သေချာတာကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ခေါင်းဆောင်ဖို့ ဒီလို အဆင့်မြင့် အစိုးရ အရာရှိတဦးကို ရွေးချယ်လိုက်တာဟာ မြန်မာနိုင်ငံအရေး အမေရိကန်အစိုးရက ဆောင်ရွက်ချက် နောက်တဆင့် တိုးလိုက်တာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တိုက်ရိုက်ဆက်ဆံရေးနဲ့ ပိတ်ဆို့အရေးယူမှု လမ်း နှစ်သွယ် မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ကြောင်း၊ မစ္စတာတိုနာက ပြောသွားတာပါ။

သူကဆက်ပြီး တိုက်ရိုက် ဆက်ဆံရေး မူဝါဒဟာ အကျိုးရလဒ် ထုးခြားမှု မရှိတာကို ဝန်ခံရမှာ ဖြစ်ပေမဲ့ ဒီမူဝါဒကို ဆက်လက် တံခါးဖွင့်ထားမှာ ဖြစ်တယ်လို့လည်း ပြောခွင့်ရသူက ပြောပါတယ်။

ဒီရာထူးအသစ်ကြောင့် မြန်မာနိုင်ငံ ဆက်ဆံရေးမှာ အခွင့်အလမ်းသစ်တွေ ထပ်တိုးလာမယ်လို့လည်း မျှော်လင့်သလို အချုပ်အားဖြင့်ပြောရရင် မြန်မာနိုင်ငံက အာဏာရှင် အုပ်ချုပ်ရေး ယန္တရားအပေါ် အမေရိကန် အစိုးရက အထူး စိုးရိမ်ပူပန်တယ်ဆိုတာလည်း ပြသနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားပါတယ်။




ဖီဒယ်လ် ကက်စထရို ကို ကျူးဘား ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ်မှ တရားဝင် ဖယ်ရှား
Wednesday, 20 April 2011 03:01 မောက္ခ နိုင်ငံတကာသတင်း



နှစ်ပေါင်း ၅၀ ကျော် ကျူးဘား ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုနေရာ ရယူထားတဲ့ ဖီဒယ်လ် ကက်စထရို ကို အင်္ဂါနေ့တွင် ရာထူးမှ တရားဝင် ဖယ်ရှားခဲ့ သည်။ ၁၉၅၉ ခုနှစ် ကျူးဘား တော်လှန်ရေး စကတည်းက

ပါတီ ထိပ်ပိုင်း ခေါင်းဆောင်မှုနေရာတွင် ပထမဆုံးအကြိမ် အပြောင်းအလဲများ လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပနေတဲ့ ညီလာခံက ပါတီရဲ့ ဒုတိယ အမြင့်ဆုံးရာထူးအတွက် အသက် ၈၀ နှစ်ရှိ အရိုးရင့် ကွန်မြူနစ် ဟိုဆေး ရာမွန် မချာဒို ကို အပ်နှင်းခဲ့ကြသည်။ အသက် ၇၉ နှစ်ရှိ သမ္မတ ရာဟူး ကက်စထရို က အသက် ၈၄ နှစ်ရှိ ဖီဒယ်လ် ကက်စထရို ရဲ့ ပါတီ ပထမ အတွင်းရေးမှုးရာထူးကို ရယူခဲ့သည်။

ပါတီ ခေါင်းဆောင်မှုပိုင်းမှာ မျိုးဆက်အသစ်တွေနဲ့ အစားထိုးဖို့ အားလုံးမျှော်လင့်ကြပေမဲ့ အသက် ၇၀ ကျော် တရားသေ ကွန်မြူနစ်ကြီးများကပဲ ထိပ်ဆုံးရာထူး အများစုကို ရရှိခဲ့ကြသည်။ ပေါ်လစ်ဗျူရို အဖွဲ့ဝင်သစ် ၁၅ ဦးတွင် အသက် ၆၀ အောက် သုံးဦးသာ ပါရှိပြီး၊ ကျန်အားလုံးက ၇၀ ကျော် ၈၀ နီးပါးများ ဖြစ်သည်။ သို့သော် အဓိက မကျတဲ့ ရာထူးနေရာများတွင်တော့ အသက် ၅၀ ခန့်ရှိသူများနှင့် အစားထိုးခဲ့သည်။

ကျူးဘားတွင် ပါတီမှ ဦးဆောင်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်မည် ဆိုသော်လည်း သမ္မတ ရာဟူး ကက်စထရိုက ကွန်ဂရက် ပိတ်ပွဲနေ့ မိန့်ခွန်းတွင် “ကျနော့်ရဲ့ ရာထူးနေရာက ဆိုရှယ်လစ်ဝါဒကို ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့၊ ဆက်လက် ဆောင်ရွက်ဖို့ပါပဲ။ အရင်းရှင်စနစ်ကို ဘယ်တော့မှ သွားခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။


လစ်ဗျားသူပုန် အီတလီ ပြင်သစ် ကူမည်

ဗုဒ္ဓဟူး, 20 ဧပြီ 2011

လစ်ဗျားအစိုးရကို ပုန်ကန် တိုက်ခိုက်နေသူတွေကို စစ်ဘက်ဆိုင်ရာ အကြံပေးကူညီသွားဖို့ ဗြိတိန်နိုင်ငံရဲ့ အစီအစဉ်မှာ နောက်ထပ် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နှစ်နိုင်ငံလည်း ပူးပေါင်း ပါဝင်လာပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ (Moammar Gadhafi) ရဲ့ သစ္စာခံ တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ သူပုန်တွေကို လေ့ကျင့်မှုတွေမှာ ကူညီဖို့ သင်တန်းဆရာ ၁၀ ယောက် စေလွှတ်မယ်လို့ အီတလီ ကာကွယ်ရေးဝန်ကြီး Ignazio La Russa က ပြောဆိုလိုက်တာပါ။

ဒီကနေ့ အစောပိုင်းမှာလည်း လစ်ဗျားသူပုန်တွေအတွက် စစ်ဘက်ဆိုင်ရာ အကြံပေးတွေ စေလွှတ်မယ့် အကြောင်း ပြင်သစ်နိုင်ငံက ကြေညာခဲ့တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြင်သစ် သမ္မတ နစ်ကိုလတ် ဆာကိုဇီ ဟာ လစ်ဗျားသူပုန်တွေရဲ့ အသွင်ကူးပြောင်းရေး ကောင်စီ အကြီးအကဲ Mustafa Abdel Jalil နဲ့ ပဲရစ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

အစိုးရဆန့်ကျင်သူတွေ ထိန်းချုပ်ထားရာ အမာခံမြို့ဖြစ်တဲ့ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက ဘန်ဂါဇီ (Benghazi) မြို့ကို သမ္မတ ဆာကိုဇီ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်းလည်း တွေ့ဆုံမှုအပြီးမှာ လစ်ဗျား အတိုက်အခံ ခေါင်းဆောင်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

လစ်ဗျားသူပုန်တွေ စနစ်တကျဖြစ်ဖို့နဲ့ လိုအပ်တဲ့ အထောက်အပံ့တွေ၊ ဆက်သွယ်မှုတွေ တိုးတက်စေဖို့ ဆောင်ရွက်ရာမှာ အကူအညီပေးသွားဖို့ ဗြိတိသျှစစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၁ ဒါဇင်လောက်ကို လစ်ဗျားနိုင်ငံ စေလွှတ်မယ့်အကြောင်း မနေ့တုန်းကပဲ ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟေ့ဂ် (William Hague) က ပြောဆိုခဲ့ပါတယ်။ အကြံပေးပုဂ္ဂိုလ်တွေ အနေနဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်မှာတော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ဘက် အကြံပေးတွေ စေလွှတ်တာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တယ်ဆိုပြီး ပြစ်တင်ဝေဖန်ခဲ့ပါတယ်။


နှစ် ၅၀ ကြာ အရေးပေါ် အခြေအနေ ဆီးရီးယား ရုပ်သိမ်း

အင်္ဂါ, 19 ဧပြီ 2011

ဆီးရီးယားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ နှစ် ၅၀ နီးပါး ပြဋ္ဌာန်းလာခဲ့တဲ့ အရေးပေါ်အုပ်ချုပ်ရေးကို ရုပ်သိမ်းပေးဖို့ ဥပဒေမူကြမ်းတရပ်ကို ဒီကနေ့ ဆီးရီးယား အစိုးရက အတည်ပြု ပေးလိုက်ပြီလို့ ဆီးရီးယား အစိုးရရဲ့ SANA သတင်းဌာနက ဆိုပါတယ်။

ဒါ့အပြင် အနာဂတ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုတဲ့ ဥပဒေသစ်၊ နိုင်ငံရေး အကျဉ်းသားတွေကို ရုံးတင်စစ်ဆေးတဲ့ လုံခြုံရေးဆိုင်ရာ တရားရုံးကို ဖျက်သိမ်းလိုက်တဲ့ ဥပဒေတွေကိုလည်း အတည်ပြုပေးလိုက်တယ်လို့ SANA သတင်းကဆိုပါတယ်။
အရေးပေါ်အုပ်ချုပ်ရေး ရုပ်သိမ်းတဲ့ဥပဒေကြမ်းကို သမ္မတ ဘက်ရှားအယ်လ်အာဆဒ် က လက်မှတ်ရေးထိုးပြီးမှပဲ ဥပဒေအဖြစ်နဲ့ အတည်ပြုပြီး အရေးပေါ်အုပ်ချုပ်ရေး ဆီးရီးယားမှာ ပျောက်ကွယ်သွားမှာ ဖြစ်ပါတ



ကြံ့ဖွံ့ခေါင်းဆောင်က မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းကို ချီးကျူး
သောမတ်စ်မောင်ရွှေ | ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်ခဲ့သူ မစ္စတာ Kim Il-Sung ၏ ဧပြီလ ၁၅ ရက် မွေးနေ့ပွဲကို မြန်မာနိုင်ငံ၌ ကျင်းပရာ စစ်တပ် နောက်ခံပြု အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ နိုင်ငံတကာ ဆက်ဆံရေးဌာန အကြီးအကဲက ၎င်းနိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို ချီးကျူးပြောဆိုခဲ့ကြောင်း အစိုးရပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။



မစ္စတာ Kim Il-Sung အမြော်အမြင်ရှိစွာ ဦးဆောင်သဖြင့် စစ်ပွဲအနိုင်နွှဲကာ လွတ်လပ်ရေး ရယူခဲ့ပြီး နယ်ချဲ့ ကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့ကြောင်းနှင့် ဆိုရှယ်လစ် စနစ်ကို ကောင်းမွန်ကြံ့ခိုင်စွာ ကျင့်သုံးနိုင်ခဲ့ကြောင်း အမည်မဖော်ပြသည့် ကြံ့ဖွံ့ခေါင်းဆောင်တဦးက ချီးကျူးခဲ့သည်ဟူ၍ ဖော်ပြပါရှိခြင်း ဖြစ်သည်။

၎င်းမွေးနေ့ အခမ်းအနား သာမက မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် မစ္စတာ ကင်ဂျုံအီး Kim Jong Il ရွေးချယ်ခံရသည့် ၁၈ နှစ်မြောက်နေ့နှင့် ၇၉ နှစ်မြောက် တပ်မတော်နေ့တွင်လည်း မြန်မာနိုင်ငံ၌ ဂုဏ်ပြု အခမ်းအနားများ ကျင်းပပေးခဲ့သည်ဟုပါ သတင်းဌာနက ဆိုသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ မြောက်ကိုရီးယား အစိုးရ သတင်းဌာနများသည် မြန်မာ ခေါင်းဆောင်များအကြောင်း မကြာခဏ ဖော်ပြလာခဲ့ကြသည်။ နှစ်နိုင်ငံ အစိုးရအကြား ဆယ်စုနှစ် ၂ ခုခန့် ဆက်သွယ်ရေး ပြတ်တောက်ပြီး၊ နောက်ပိုင်းတွင် ဆက်ဆံရေး အရှိန်အဟုန် ပြန်မြင့်လာသည့် သဘောဖြစ်ကာ အမေရိကန်အတွက် စိုးရိမ်ပူပန်စရာ ဖြစ်ပေါ်စေခဲ့သည်။

မြန်မာစစ်အစိုးရက မြောက်ကိုရီးယားထံမှ ဒုံးကျည်နှင့် နျူကလီးယားဆိုင်ရာ နည်းပညာ အကူများ ရယူခဲ့သည်ကို ရည်ညွှန်းကာ ယခုလဆန်းပိုင်းတွင် အမေရိကန် ဆီးနိတ်အမတ် ၃ ဦးက ကြီးထွားလာသည့် မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးကို စုံစမ်းစစ်ဆေးရန် မစ္စတာအိုဘားမား အစိုးရကို တိုက်တွန်းခဲ့သေးသည်။

၁၉၈၃ ခုနှစ်တွင် တောင်ကိုရီးယား စစ်အာဏာရှင် မစ္စတာ ချမ်ဒူးဝမ် ရန်ကုန်သို့ လာရောက် လည်ပတ်စဉ် မြောက်ကိုရီးယားက သူ့ကိုလုပ်ကြံရန် ကြိုးစားခဲ့ပြီးနောက် မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး ပြတ်တောက်ခဲ့ရပြီး၊ လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ အရှိန်အဟုန်မြှင့်ကာ ဆက်ဆံရေး တိုးချဲ့လာခဲ့သည်။

ထိုစဉ်က မစ္စတာ ချမ်ဒူးဝမ်သည် အာဇာနည်ကုန်း၌ လွမ်းသူ့ပန်းခွေချပွဲ တက်ရောက်ရန် နောက်ကျနေခဲ့သဖြင့်သာ လုပ်ကြံမှုဘေးမှ ကင်းလွတ်ခဲ့ပြီး တောင်ကိုရီးယား ဒုတိယ ဝန်ကြီးချုပ် Suh Suk Joon နှင့် နိုင်ငံခြားရေးဝန်ကြီး Lee Bum Suk အပါအဝင် တောင်ကိုရီးယား ခေါင်းဆောင် ၁၇ ဦး သေဆုံးခဲ့ရသည်။

ထိုဗုံးဖောက်ခွဲမှုကြောင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်များအတွက် ရည်စူးသော အာဇာနည်ဗိမာန် ပျက်စီးခဲ့ရကာ၊ သတင်းထောက် ၃ ဦး အပါအဝင် မြန်မာ ၄ ဦး သေဆုံးခဲ့သည်။


ပိတ်လှောင် ခိုင်းစေခံထားရသော အလုပ်သမားများ လွတ်မြောက်
ဧရာဝတီ Wednesday, 20 April 2011 12:43 သတင်းတိုများ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရုတ်လင်မယားပိုင် အထည်ချုပ်စက်ရုံကို ယမန်နေ့တွင် ထိုင်းရဲများက ဝင်ရောက်စီးနင်းပြီး ပိတ်လှောင် ခိုင်းစေခြင်းခံထားရသော မြန်မာအလုပ်သမား ၆၀ ဦးကို ဝင်ရောက် ကယ်တင်ခဲ့သည်။ ထိုစက်ရုံမှ အလုပ်သမားတဦး လွတ်မြောက်လာပြီး သတင်းပေးရာမှ ထိုသို့ ဝင်ရောက် ကယ်တင်နိုင်ခြင်း ဖြစ်သည်။ တလလျှင် လစာ ဘတ် ၇ ထောင်ပေးမည်ဟု ပြောသော်လည်း တလလျှင် ဘတ် ၂၀၀ သာရကြောင်း၊ တနေ့လျှင် အလုပ် ၁၆ နာရီ လုပ်ရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ တရုတ်လင်မယားကို အလုပ်သမား အက်ဥပဒေဖြင့် အရေးယူမည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။


ရန်ကုန်သင်္ကြန် ယာဉ်တိုက်မှု ယမန်နှစ်ထက် များပြား
ဧရာဝတီ Wednesday, 20 April 2011 12:42 သတင်းတိုများ

ရန်ကုန်မြို့တွင် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ယမန်နှစ်ထက် များပြားကြောင်း သိရသည်။ ယာဉ်တိုက်မှုပေါင်း ၃၂ ခု ဖြစ်ပွားခဲ့ပြီး ၅ ဦးသေဆုံးကာ၊ ၆၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ပြောသည်။ ယာဉ်တိုက်မှု အများစုမှာ အရက်မူးပြီး မောင်းနှင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်



စစ်တကောင်း အဓိကရုဏ်း မြန်မာနိုင်ငံသား ၁၅ ဦးသေဆုံး
ခင်ဦးသာ Wednesday, 20 April 2011 18:51

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ၌ နေထိုင်သော ဒေသခံဗုဒ္ဓဘာသာဝင်များနှင့် မြေပြန့်ဒေသမှ ရောက်လာ သောဘင်္ဂလီ အစ္စလမ်ဘာသာဝင်တို့အကြား နှစ်ဆန်းတရက်(ဧပြီ ၁၇)ရက်နေ့၌ ဘာသာရေးအဓိကရုဏ်းဖြစ်ပွားရာ လူ ၁၅ ဦး သေဆုံးခဲ့ပြီး ဘုန်းတော်ကြီးတပါးနှင့်လူအများအပြား ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“၁၅ ဦးက စာရင်းအတိအကျရထားတာပါ၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ရွာ ၇ ရွာ မီးရှို့ခံရပါတယ်၊ လူ ၃၀၀ ကျော်က ပျောက် နေပါတယ်”ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူ့အခွင့်အရေးနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ဦးစိုးလင်းထွန်းက ဧရာဝတီကို ပြောသည်။

သေဆုံးသူဦးရေသည် ၃၀ ၀န်းကျင်ရှိကြောင်း၊ သေဆုံးသူများ၏ အမည်စာရင်းကို ပြုစုနေဆဲဖြစ်ကြောင်း၊ သေဆုံးသူများမှာ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့်အမျိုးသမီး များဖြစ်၍ ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း၊ ဘင်္ဂလီလူမျိုး ၃ ဦးလည်းသေဆုံးခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။

အဓိကရုဏ်းဖြစ်ပွားရခြင်းအကြောင်းသည် ဗုဒ္ဓဘာသာဝင်များနေထိုင်ရာ စစ်တကောင်းဒေသရှိ လယ်မြေများကို မြေပြန့်မှ ရောက်လာသော အစ္စလမ်ဘာသာဝင်များက အဓမ္မ၀င်ရောက် လုပ်ကိုင်လာခြင်း၊ အခြေချနေထိုင်ရန် နေအိမ်များ အဓမ္မ ဆောက်လုပ်ရာကို ဒေသခံများက မကျေနပ်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အခင်းဖြစ်တော့ ဘင်္ဂလီ ၂ ယောက်သေသွားတယ်၊ ဒီတော့ ဘင်္ဂလီတွေ အစုလိုက် အပြုံလိုက် ဓားတွေ၊ တုတ်တွေကိုင်ပြီး ထွက်လာပြီးတော့ မြင်တဲ့သူတိုင်းကို လိုက်သတ်ပါတယ်၊ သက်အမျိုးသမီး ၂ ယောက် အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေသွားပါတယ်”ဟု ဦးစိုးလင်းထွန်းက ရှင်းပြသည်။

ထိုအရေးအခင်းဖြစ်ပွားမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထိရောက်စွာဆောင်ရွက်မပေးသည့်အပြင် အဖွဲ့အစည်းများ၊ မီဒီယာများဝင်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်ထားကြောင်း ၎င်းကဆက်ပြောသည်။

စစ်တကောင်းတောင်တန်းဒေသ၌ ရခိုင်အခေါ် ဗိုလ်မင်းထောင် (Bandraban)၊ သက်ထောင် (Ranganmati)၊ ဖလံထောင် (Khakrasari) စသည်ဖြင့် ခရိုင်သုံးခုရှိပြီး ရွာပေါင်း ၄၀၀၀ ၀န်းကျင်နှင့် ရခိုင်၊ မရမာ၊ သက် စသည့် ဗုဒ္ဓဘာသာဝင် လူဦးရေ ၄ သိန်းနီးပါး ရှိကာ ၎င်းတို့သည် နှစ်ပေါင်းများစွာကပင် ထိုဒေသ၌ အခြေချနေထိုင်လာသူများ ဖြစ်ကြောင်း ဒေသခံများ၏ အဆို အရ သိရသည်။

“ညမထွက်ရ အမိန့်ထုတ်ထားဆဲပါ၊ စစ်တပ်က၀ိုင်းထားလို့ ရွာသားတွေ ရွာမှာမနေကြရဲတော့ဘူး၊ မီးရှို့ခံရတာက ညဘက် ဆို တော့ ညဘက်အိမ်တွေမှာ မအိပ်ရဲလို့တောထဲတွေမှာ ပုန်းနေကြရတယ်”ဟု ဖလံတောင်ဒေသခံတဦးက ဆိုသည်။

စစ်တကောင်းတောင်တန်းဒေသ၌ ဗုဒ္ဓဘာသာဝင်များနှင့်အစ္စလမ်ဘာသာဝင်များအကြား အရေးအခင်းငယ်များမကြာခဏဖြစ် ပွားလေ့ရှိသော်လည်း ယခုအကြိမ်သည် ကြီးမားသော အဓိကရုဏ်းတခုဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင်ကလည်း ရွာလုံးကျွတ်မီးရှို့ခံခဲ့ရကာ အမျိုးသမီးများကို မုဒိမ်းကျင့်သော ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း ဖလံတောင်ဒေသခံက ရှင်းပြသည်။

၎င်း၏အဆိုအရ ယခုဖြစ်ပွားသောအရေးအခင်းအား ဘင်္ဂလားဒေ့ရှ် စစ်တပ်မှနောက်ကွယ်က စီမံပြုလုပ်ဆောင်ခိုင်းပြီး မီးရှို့ရန် အမိန့်ပေးသူမှာ Zone Cammando Kamarul Hosin ဆိုသူဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေကြောင်း သိရသည်။

အရေးအခင်းကြောင့်လူသေဆုံးမှု၊ ဘာသာရေးအဆောက်အအုံများဖျက်ဆီးခံရမှု၊ ဖလံတောင်ဒေသရှိ ရခိုင်မင်းများနေခဲ့သော နန်းတော်အားဖျက်ဆီးကာ ရှေးဟောင်းအမွေအနှစ်များဖျက်ဆီးခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား ဥပဒေအရ ဖြေရှင်း ပေးရန်ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုသွားရန် ပြင်ဆင်နေကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ပြောခွင့်ရသူ ဒေါ်စောမြရာဇာလင်းက ဧရာဝတီကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစ္စလမ် ဘာသာကိုးကွယ်သောနိုင်ငံဖြစ်သော်လည်း ဘာသာရေးလွတ်လပ်ခွင့်ရှိသည့်နိုင်ငံတနိုင်ငံ ဟုယူဆကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရသည်လည်း လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားလိုက်နာသည့်အစိုးရဟု ယုံကြည် ထား၍ ယခုကိစ္စကို ဖြေရှင်းပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်ပြောသည်။

“အဲဒီဒေသတခုလုံးမှာ နေထိုင်တဲ့ လူမျိုးပေါင်းစုံရဲ့ ပြဿနာတွေကို ဥပဒေကြောင်းအရ ထိရောက်စွာဖြေရှင်းပေးဖို့၊ ရှေးဟောင်း အမွေဖြစ်တဲ့ ဖလံတောင်မင်း နန်းတော်ထဲကိုဝင်ရောက်တိုက်ခိုက် ဖျက်ဆီးတာကို ထိရောက်စွာ အရေးယူပေးဖို့အစိုးရကို ပို့ဖို့ စာရေးထားတယ်”ဟု ဒေါ်စောမြရာဇာလင်းက ဆိုသည်။

ယေးလ်တက္ကသိုလ်က အခမဲ့ အွန်လိုင်း သင်တန်းများ ဖွင့်လှစ်
Wednesday, 20 April 2011 02:22 Editor

အခမဲ့ အွန်လိုင်း သင်တန်း ၁၀ မျိုးကို နာမည်ကျော် ယေးလ် တက္ကသိုလ်ကြီးက ဖွင့်လှစ်လိုက်သည်။ မြန်မာအပါအ၀င် တကမ္ဘာလုံးမှ အင်တာနက်ကွန်ယက် ဆက်သွယ်ထားရှိသည့် နေရာတိုင်းတွင် ဤသင်တန်းများကို တက်ရောက် လေ့လာ နိုင်ကြမည် ဖြစ်သည်။

အမေရိကန်ပြီးလျှင် ဤသင်တန်းများသို့ တရုတ်၊ ယူကေ၊ ကနေဒါ၊ တောင်ကိုးရီးယား၊ ဂျာမဏီ၊ ဘရားဇီး၊ အိန္ဒိယနှင့် သြစေတြးလျတို့မှ ကျောင်းသားများ ၀င်ရောက် လေ့လာလျက်ရှိကြသည်။

အခမဲ့ သင်တန်း ၁၀ မျိုးမှာ ဘဏ္ဍာငွေကြေး သီအိုရီမှသည် ဒွန်ကီအုတ်အထိ၊ သဘာဝပတ်ဝန်းကျင် နိုင်ငံရေးမှသည် ဥပဒေနှင့် ကောင်းကင်ဘုံသစ် အထိ မျိုးစုံစွာ ပါဝင်ကြောင်း ကွန်နတ်တီကတ်အခြေစိုက် တက္ကသိုလ်က ကြေညာလိုက်သည်။

ယေးလ်ကောလိပ်ကျောင်းသားများကို သင်ကြား ပို့ချခဲ့သည့် ဗီဒီယိုမှတ်တမ်း တစ်ခွေလုံးစီကို သင်တန်းတိုင်းတွင် ကြည့်ရှု လေ့လာနိုင်ကြမည်ဖြစ်သည်။ ထင်ရှားသော ယေးလ်ပါမောက္ခများ၏ သင်ကြားချက်များလည်း ဖြစ်သည်။ ဤသင်တန်းများကို http://oyc.yale.edu ဆိုဒ်တွင် ၀င်ရောက် လေ့လာနိုင်ကြသည်။


အရည်အသွေး ကောင်းမွန်စွာ ရိုက်ကူးထားသည့် ပညာရေး ဗီဒီယိုများ၊ အသံဖိုင်များဖြင့် သင်တန်းများကို အွန်လိုင်း တက်ရောက် လေ့လာနိုင်ပါမည်။ အမှန်တကယ် ယေးလ် စာသင်ခန်းများထဲ ၀င်ရောက် သွားသည့်အတိုင်း ခံစား လေ့လာနိုင်မည်ဟုလည်း ဆို၏။

သင်တန်းတိုင်းအတွက် အညွှန်းများကို ထားရှိပြီး ပုံနှိပ်ရန် ဖိုင်များ၊ သင်ရိုးမာတိကာများ၊ စာဖတ်ရန် ကဏ္ဍများ၊ ပြဿနာ ပုစ္ဆာများနှင့် အခြားသော သင်ထောက်ကူများကို ရှာဖွေနိုင်မည်ဖြစ်သည်။

မိမိအားလပ်သည့်အချိန်တွင် ကြည့်ရှုလေ့လာရန်အတွက် စိတ်ဝင်စားသည့် ပညာရပ်ဆိုင်ရာ ဗီဒီယိုဖိုင်၊ အသံဖိုင်တို့ကိုလည်း မိမိ၏ကွန်ပျူတာထဲတွင် ဒေါင်းလုပ်ယူ၊ သိမ်းဆည်းထားနိုင်ပါသည်။

အိုင်ဖုန်းနှင့် အိုင်ပက်တို့အတွက်လည်း သီးသန့်ကဏ္ဍ ထားရှိပြီး ခရီးထွက်ရင်း လမ်းပေါ်တွင်လည်း အင်တာနက်မှတဆင့် သင်ယူလေ့လာနိုင်သေးသည်။

သင်တန်း တက်ရောက်ခွင့်အတွက် မှတ်ပုံတင်ရန် မလိုအပ်ဟု သိရသည်။ တက္ကသိုလ်က ရမှတ်နှင့် အောင်လက်မှတ် ထုတ်ပေးမည် မဟုတ်သလို ပါမောက္ခများနှင့်လည်း ဆက်သွယ် ပြောဆိုခွင့်တော့ မရှိပါ။

ဒီဇင်ဘာ ၂၀၀၇ ခုနှစ်က စတင်ခဲ့ရာတွင် ယနေ့အချိန်အထိ အွန်လိုင်း ကျောင်းသား ၃ သန်းကျော် လေ့လာခဲ့ကြသည်။ ၂၀၀၉ ဧပြီလမှစပြီး ယနေ့အထိ ဖတ်ရှုသည့် စာမျက်နှာပေါင်း ၂၆ သန်း ကျော်ရှိသည်။

ယေးလ် ယူကျူ့ YouTubeနှင့် အဲပဲလ် အိုင်ကျွန်း iTunes ချန်နယ်များမှလည်း ၀င်ရောက်လေ့လာနိုင်ကြသည်။

လိပ်စာများမှာ

http://oyc.yale.edu

http://www.youtube.com/yalecourses

http://itunes.yale.edu

လူ ၁၅ သန်းကျော်ခန့် ဤယေးလ်ချန်နယ်များမှတဆင့် ပညာဆည်းပူးနေကြောင်း သိရသည်။

“တကမ္ဘာလုံးက ပြည်သူတွေဟာ ယေးလ်အွန်လိုင်းသင်တန်းကို အခမဲ့ ၀င်ရောက်လေ့လာနိုင်ကြတဲ့အတွက် ကျွန်တော်တို့ အင်မတန် ၀မ်းသာပီတိဖြစ်ရပါတယ်။” တက္ကသိုလ် ဥက္ကဌဖြစ်သူ ရစ်ချဒ်စီလဲဗင်က ဆိုသည်။

“ဒီနေ့ ထုတ်လွှင့်မယ့် သင်တန်းအသစ်တွေမှာတော့ နောက်ဆုံးနည်းပညာကို အပြည့်အ၀ အသုံးချထားပါတယ်။ တက္ကသိုလ်ရဲ့ အထင်ကရဌာနကြီးတွေရဲ့ သင်ကြားမှုတွေကို လေ့လာချင်ကြတဲ့သူတွေဆီ ရောက်နိုင်ဖို့ပါ။”Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */