“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 21, 2011

အင်းစိန်ထောင် အမျိုးသမီးဆောင် ဆန္ဒပြဟု AAPP ပြော

အောင်မြတ်စိုး | သောကြာနေ့၊ မေလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၁ မိနစ် မဇ္ဈိမ (ပေးပို့ သူ-ဗမာ့သွေး)
ဘန်ကောက် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်ရှိ အမျိုးသမီးဆောင်တွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အမျိုးသမီးအချို့ အစာငတ်ခံဆန္ဒပြနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“ကျနော်တို့သိရသလောက်ကတော့ ၁၇ ရက်နေ့ကတည်းက အင်းစိန်ထောင် အမျိုးသမီးဆောင်မှာ ဆန္ဒပြနေတယ်လို့ သိရပါတယ်။ အဓိကက အစာငတ်ခံ ဆန္ဒပြတာပါ။ ၁၆ ရက်နေ့က ထုတ်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြတယ်လို့ သိရပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

အကျဉ်းဦးစီးဌာနကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားရန် ငြင်းဆန်လိုက်သည်။

နိုင်ငံရေးအကျဉ်းသားများအရေး ကူညီစောင့်ရှောက်နေသူ ရန်ကုန်မြို့ရှိ တက်ကြွလှုပ်ရှားသူ တဦးကတော့ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်
ပေးဟန်ဆောင်သော ကြေညာမှုအပေါ် ရှုတ်ချသောအနေဖြင့် အဆောင် ၇ မှ အမျိုးသမီးများ ဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြသူအရေအတွက်ကို မပြောနိုင်သော်လည်း မဥမ္မာမြင့်၊ မသန္တာအောင်နှင့် မအေးချမ်းတို့ ပါဝင်သည်ဟု ဆိုသည်။ သောကြာနေ့ ထောင်ဝင်စာတွေ့ရာတွင် မဥမ္မာမြင့်က အစားအသောက်များကို လက်မခံဘဲ
ပြန်ပေးလိုက်သည်ဟု ဆိုသည်။

အကျဉ်းဦးစီးဝန်ထမ်းတဦး အပြောအရ မဥမ္မာမြင့်နှင့် မသန္တာတို့ ကျန်းမာရေးမကောင်းဘဲ ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

သတင်းအမှောင်ချခံထားရသော ထောင်တွင်း အစာငတ်ခံဆန္ဒပြမှုက နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကို စိုးရိမ်ပူပန်မှုများ တိုးနေစေတော့သည်။

“ကျနော်လည်း ဒီမနက်ပဲ သိရတယ်။ လူဦးရေတော့ အတိအကျ မသိရသေးဘူးခင်ဗျ” ဟု အဆိုပါအဆောင် ၇ မှ အကျဉ်းကျနေသူ အမျိုသမီးတဦး၏ ခင်ပွန်းက မဇ္ဈိမကို ပြောဆိုသည်။

AAPP ၏ မေလ ၃ ရက် ထုတ်ပြန်သည့် စာရင်းဇယားများအရ အင်းစိန်ထောင်တွင် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူပေါင်း ၄၂ဝ ရှိပြီး၊ ထိုအထဲတွင် အမျိုးသမီး ၃ဝ ကျော် ပါဝင်သည်။ မြန်မာတနိုင်ငံလုံးတွင်
နိုင်ငံရေးအကျဉ်းသူ ၁၅၆ ဦးနှင့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၆၁ ဦး ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

မေလ ၁၆ ရက်နေ့တွင် ဦးသိန်းစိန်အစိုးရ ထုတ်ပြန်သည့် အကျဉ်းသားအခွင့်အရေး လျှော့ပေးမူတွင် လွတ်ရက်စေ့သော နိုင်ငံရေးအကျဉ်းသား ၅ဝ ကျော် လွတ်မြောက်လာခဲ့သည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */