“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 26, 2011

စာနယ်ဇင်းသမား ၃ ဦး လျှော့ပေါ့မှုဖြင့် ပြန်လွတ်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၉ မိနစ်
ချင်းမိုင် (မဇ္စျိမ) ။ ။ တနှစ်လျှော့ပေါ့ထောင်ဒဏ် အမိန့်ဖြင့် နိုင်ငံတဝှမ်းရှိ အကျဉ်းသား ၁၄၆ဝဝ ခန့် ပြန်လွှတ်ပေးခဲ့ရာတွင် စာနယ်ဇင်းသမား ၃ ဦးလည်း ပါဝင်လာကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းနှင့် မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

၄၄ နှစ်အရွယ် ၈၈ မျိုးဆက်ကျောင်းသားဖြစ်သူ ကဗျာဆရာ စာရေးဆရာ ဦးလူတင်ဝင်း၊ ၆၅ နှစ်အရွယ် မြန်မာ့အလင်း အင်္ဂလိပ်ပိုင်းမှ ဝါရင့်သတင်းထောက် ဦးသောင်းဝင်းဗိုလ်နှင့် The News Watch ဂျာနယ်မှ ၃၆ နှစ်အရွယ် ကိုဇော်ထွန်း ခေါ် ဝင်းဦးတို့ မေလ ၁၇ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။

ဦးလူတင်ဝင်းသည် ၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နှင့် လူစုလူဝေးဖြစ်အောင် လှုံ့ဆော်မှု ပုဒ်မ ၁၄၅၊ ၁၄၇ ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရာ တနင်္သာရီတိုင်း မြိတ်ထောင်မှ ပြန်လွတ်လာသည်။

ပြန်လွတ်လာသော်လည်း ရန်ကုန်သို့ မရောက်သေးသဖြင့် ဆက်သွယ်၍ မရသေးကြောင်း နိုင်ငံရေးကျဉ်းသားများ လွတ်မြောက်လာမှုကို စောင့်ကြည့်နေသူ အကျဉ်းသားဟောင်းတဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန် ဆူးလေမီးပွိုင့်အနီး လုံခြုံရေးတပ်ဖွဲ့က ရှာဖွေစစ်ဆေးစဉ် ဦးလူတင်ဝင်း၏ ခါးကြား၌ ထိုးထားသည့် “၈၈ သဘောထား” အမည်ရှိ စာအုပ် တွေ့ရှိခဲ့သဖြင့် အဖမ်းဆီးခံခဲ့ရသည်။

မြန်မာ့အလင်း သတင်းဌာနမှ ဝါရင့်သတင်းထောက် ဦးသောင်းဝင်းဗိုလ်မှာ ပဲခူးတိုင်း သာယာဝတီထောင်မှ လွတ်မြောက်လာကြောင်း မိသားစုဝင် တဦးက ပြောသည်။

သူ့ကို ၂ဝဝ၈ ဇူလိုင် ၈ ရက်နေ့တွင် သမီးဖြစ်သူ ဗီအိုအေသတင်းထောက် မအေးအေးမာ၏ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ဆက်သွယ်ခြင်းအပြင် သမီးကို သတင်းပေးသည်ဟု အာဏာပိုင်များက စွပ်စွဲကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

စာနယ်ဇင်းသမား တဦးအနေဖြင့် ရပ်တည်ခဲ့ပြီး ခရီးသွားဆောင်းပါးများ ရေးသားခဲ့ကာ နိုင်ငံရေးလှုပ်ရှားမှုတွင် မပါဝင်ခဲ့ကြောင်း မိသားစုဝင် တဦးက ပြောသည်။

ရန်ကုန်အခြေစိုက် The News Watch ၏ အလွတ်သတင်းထောက် ဖြစ်နေစဉ် ၂ဝဝ၈ စက်တင်ဘာအတွင်း
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီး၌ လုံခြုံရေးများက စစ်ဆေးဖမ်းဆီးပြီးနောက်၊ အာမခံဖြင့် အမှုရင်ဆိုင်နေရာမှ ရဲကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ထောင်ဒဏ် ၂ နှစ်ချခံရခြင်း ဖြစ်သည်။

ထို့ပြင် ၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) နှင့် မျိုးဆက်သစ် လူငယ်များအစည်းအရုံး (GW) ကို ဆက်သွယ်လှုပ်ရှားသည်ဟု စွပ်စွဲကာ ဖမ်းဆီးအရေးယူခံရသူ Beauty Magazine အယ်ဒီတာအဖွဲ့ဝင် ဦးဥာဏ်လင်းအောင်လည်း ပြန်လွတ်လာကြောင်း ရန်ကုန်ရှိ ဝါရင့်အယ်ဒီတာ တဦးက ပြောသည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗီဘီ)သတင်းထောက်ဖြစ်ကာ ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသူ ကိုငွေလင်းစိုး၏ အကိုဖြစ်သည့် ကိုအောင်ထွန်းမြင့်လည်း မေလ ၁၂ ရက်နေ့ကတည်းက ရခိုင်ပြည်နယ် စစ်တွေထောင်မှ လွတ်ရက်စေ့သဖြင့် လွတ်မြောက်လာကြောင်း မိခင်ဖြစ်သူ ဒေါ်သိန်းအေးက ပြောသည်။

သူ့ကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၌ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မဲရုံကို ဓာတ်ပုံရိုက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သော်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များတွင် အကျဉ်းကျနေသူ စာနယ်ဇင်းသတင်းသမားများ ၂၂ ဦး၏ စာရင်းကို မဇ္စျိမက စုံစမ်းထားခဲ့ရာ လက်ရှိ ၄ ဦး လွတ်မြောက်လာခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းကျခံနေရသူ ၂ဝ၆၁ ဦး ရှိရာမှ မေလ ၁၆ ရက်နေ့တွင် ဦးသိန်းစိန်အစိုးရ ထုတ်ပြန်သည့်
ပြစ်ဒဏ်လျှော့ပေါ့မှုတွင် လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၅ဝ ကျော် လွတ်မြောက်လာခဲ့သည်။

သမ္မတက သေဒဏ်ကျခံနေရသူများကို တသက်တကျွန်းသို့လည်းကောင်း၊ ကျန်အကျဉ်းသား အားလုံးကို ထောင်ဒဏ်တနှစ်သို့လည်းကောင်း လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */