“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, May 27, 2011

ဗုဒ္ဓဘာသာနှင့် အာဏာရှင်စနစ် အပိုင်း (၉)

http://www.maukkha.org/index.php?option=com_content&view=article&id=1643:2011-05-27-01-14-27&catid=86:feature&Itemid=266
တိုင်းပြည်တခုကို အုပ်ချုပ်တဲ့ အစိုးရတိုင်းမှာ သူ့အခြေခံအုတ်မြစ်နဲ့သူ
ရှိပါတယ်။ အခြေခံအုတ်မြစ် ခိုင်မာသလောက် အစိုးရဟာ ခိုင်မာပြီး၊
အခြေခံအုတ်မြစ် ပျော့ညံ့သလောက်အစိုးရဟာလည်း ပျော့ညံ့ နေ ပါတယ်။ ဒါကြောင့်
အစိုးရတိုင်းဟာ သူ့အခြေခံအုတ်မြစ်ကို ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်ရ
ပါတယ်။ အခြေခံအုတ်မြစ် ပြိုပျက်တာနဲ့ အပေါ်အဆောက်အဦဖြစ်တဲ့ အစိုးရဟာလည်း
ပြိုကွဲပျက်စီး သွားရမြဲ ဖြစ်လို့ ပါ။

ဒီမိုကရေစီအစိုးရရဲ့ အခြေခံအုတ်မြစ်က အများပြည်သူ အကျိုးစီးပွားကို
ရှေးရှုတဲ့ တရားဥပဒေ ဖြစ် ပါ တယ်။ သည်တရားဥပဒေ မရှိတော့တဲ့နေ့၊
သည်တရားဥပဒေကို မလိုက်နာတဲ့နေ့ ဟာ ဒီမိုကရေစီ အစိုးရ ပျက်သုန်း
ပျောက်ကွယ်တဲ့နေ့ပါပဲ။ ဒါကြောင့် ဒီမိုကရေစီ အစိုးရဟာ တရားဥပဒေတွေကို
ကောင်းမွန် သည်ထက် ကောင်းမွန်အောင် လုပ်နေရပြီး တရားဥပဒေကိုလည်း
လေးလေးစားစား လိုက်နာ ကျင့်သုံးရပါတယ်။

အာဏာရှင်စနစ်ရဲ့ အခြေခံအုတ်မြစ်ကတော့ အများပြည်သူတွေရဲ့ အကြောက်တရား
ဖြစ်ပါတယ်။ အများပြည်သူရဲ့ အကြောက်တရား ပျောက်ကွယ်သွားတဲ့နေ့ဟာ
အာဏာရှင်စနစ် ပြုတ်ကျသွားတဲ့ နေ့ပါပဲ။ ဒါကြောင့် အာဏာရှင်စနစ်ရဲ့
ယာဇ်ပလ္လင်ပေါ်မှာ ယစ်မူးနေကြသူများဟာ အများပြည်သူ
ကြောက်ရွံ့ထိတ်လန့်နေအောင် နည်းမျိုးစုံသုံးပြီး အကြောက်တရား
ရပ်ဝန်းတခုကို ဖန်တီး နေကြ ပါတယ်။

အာဏာရှင်စနစ် တည်ဆောက်ဖို့အတွက် နှလုံးသားမရှိတဲ့ လူတယောက်၊ လက်မရွံ့
ပါတီတရပ်နဲ့ အကြောက်တရား ရပ်ဝန်းတခုပဲ လိုအပ်တယ်လို့ ဆိုနိုင်ပါတယ်။
ပြည်သူလူထု၏ ချစ်မြတ်နိုးမှုထက် ထိတ်လန့် ကြောက်ရွံ့မှုက
မိမိအာဏာတည်မြဲရေးအတွက် အများကြီး ပိုစိတ်ချရသည် လို့ မက်ခီယာ ဗယ်လီ
ရေးသားတဲ့ အာဏာရှင် အုပ်ချုပ်ရေးစနစ်အကြောင်း စာအုပ် (The Prince) ထဲမှာ
ရေးသား ထားပါတယ်။ လူ့သမိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ အာဏာရှင်အစိုးရတွေရဲ့
ရက်စက်ကြမ်းကြုတ်မှုတွေကို ကြည့်ရင် ဒီအချက် ဘယ်လောက်မှန်ကန်သလဲဆိုတာ
သိနိုင်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုကြီးမှာ စတာလင်အစိုးရ လက်ချက်ကြောင့်
သေဆုံးရသူပေါင်းဟာ သန်း ၆၀ ကျော် ရှိခဲ့ပါတယ်။ တရုတ်ပြည်မှာ မော်စီတုန်း
အစိုးရရဲ့ လက်ချက်ကြောင့် လူ ၃၅ သန်းကျော် သေခဲ့ ရပါတယ်။ ဂျာမဏီမှာ
ဟစ်တလာ အစိုးရကြောင့် သေဆုံးခဲ့ရသူပေါင်း သန်း ၂၀ ကျော် ရှိပါတယ်။
အရှေ့တောင်အာရှက အာဏာရှင်အစိုးရတွေထဲမှာတော့ ကမ်ဗောဒီးယားက ပိုပေါ့
အစိုးရကြောင့် လူပေါင်း ၂ သန်းလောက် သေခဲ့ရပါတယ်။ ဒီလို လူတွေကို
သန်းနဲ့ချီပြီး သတ်ဖြတ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အကြောက်တရား
ဖန်တီးရေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း အာဏာရှင်စနစ် အမြစ်တွယ်နေတာ နှစ်ပေါင်း ၅၀
ပြည့်ပါတော့မယ်။ မြန်မာ အာဏာရှင် အစိုးရတွေက အကြောက်တရားရပ်ဝန်းတွေကို
ဘယ်လို ဖန်တီးခဲ့ပါသလဲ။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို စတင်ပျိုးထောင်သွားတဲ့
ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အရဲဝံ့ဆုံး သူရ သတ္တိအရှိဆုံးဆိုတဲ့
တက္ကသိုလ်ကျောင်းသားများကို ရက်ရက်စက်စက် သတ်ဖြတ်ပြပြီး အကြောက် တရား
ရပ်ဝန်းအတွက် အုတ်မြစ်ကို စတည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ သူအုပ်စိုးတဲ့ ကာလ
တလျောက် လုံးမှာ ကောက်ကျစ်ရက်စက်တဲ့ ထောက်လှမ်းရေးအဖွဲ့ များရဲ့
အကူအညီနဲ့ အများပြည်သူ အထိတ် ထိတ် အလန့်လန့် ဖြစ်နေအောင်လုပ်ပြီး
အာဏာရှင်စနစ်ကို အခိုင်အမာ တည်ဆောက်သွားပါတယ်။ ဒါပေမယ့်
မြန်မာနိုင်ငံသားများရဲ့ ကြောက်စိတ်ကွယ်ပျောက်သွားတဲ့ ၁၉၈၈ ခုနှစ်မှာတော့
စစ်တပ် ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်လို့ ခြိမ်းခြောက် ဟိန်းဟောက်နေတဲ့
ကြားကပဲ ဗိုလ်ချုပ်ကြီး နေ၀င်းဟာ အာဏာယာဇ်ပလ္လင်က လွင့်စင်ကျသွားခဲ့ပါတယ်။

အာဏာရှင်စနစ်ကို ဆက်လက်တည်တံ့စေချင်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့
အပေါင်းပါများဟာ တိုင်းသူ ပြည်သားများရဲ့ အကြောက်တရားကင်းမဲ့မှုကို
တန်ပြန်ဖျက်ဆီးဖို့ ထပ်မံကြိုးစားပြန်ပါတယ်။ ရပ်ရွာရဲ့ လုံခြုံမှုတွေကို
လျစ်လျူရှုပြီး မင်းမဲ့အနေအထားရောက်အောင် ဖန်တီးလိုက်တယ်။ ပြည်သူ ထောင်
ပေါင်း များစွာကို ရက်ရက်စက်စက် သတ်ဖြတ်ဖမ်းဆီးပါတယ်။
ဗိုလ်ချုပ်ကြီးနေ၀င်း ပြုတ်ကျ သွားတဲ့ အတွက် ယိုင်နဲ့သွားတဲ့ အာဏာရှင်
စနစ် အဆောက်အဦကြီးကို အခိုင်အမာ ပြန်တည်ဆောက်ဖို့  အတွက် စစ်အစိုးရဟာ
ဖိနှိပ်ခြောက်လှန့်မှုတွေကို မပြတ်တမ်း တိုးမြှင့်လုပ်ဆောင်ပြီး
မြန်မာနိုင်ငံသူ နိုင်ငံသားအများအပေါ်မှာ အကြောက်တရား ရပ်ဝန်းကြီးတခု
လွှမ်းမိုးနေအောင် စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့ပါတယ်။

အကြောက်တရားကို ဖန်တီးချင်တဲ့အတွက် မြန်မာ့စစ်အစိုးရဟာ သမိုင်းမှာ
ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘ့ာ အာဏာရှင်အစိုးရများရဲ့ ဥပမာကို ယူပြီး လူမဆန်တဲ့
နှိပ်စက်ညှင်းပန်းမှုတွေ၊ ဖိနှိပ်မှုတွေကို တရစပ် ကျူးလွန်နေခဲ့ပါတယ်။
အစိုးရဆန့်ကျင်သူများကို အနှစ်ကိုးဆယ် တရာ အထိ ထောင်ဒဏ်ချပါတယ်။
အစိုးရဆန့်ကျင်မှုအပေါ် အားပေးသူတွေကို နှစ်ရှည်ထောင်ဒဏ် ချပါတယ်။
တိုင်းရင်းသားများကို မြန်မာနိုင်ငံအတွင်းမှာ ရပ်တည်လို့ မရအောင်
နှိပ်စက်ပါတယ်။ အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံသူ နိုင်ငံသားများ
ထိတ်လန့် နေဖို့ ပဲ ဖြစ်ပါတယ်။

အကြောက်တရားရပ်ဝန်းကြီးတခုကို စနစ်တကျဖန်တီးနေတဲ့ စစ်အာဏာရှင်များက
ဗုဒ္ဓဘာသာကို ထွန်းကားအောင် ပံ့ပိုးပေးနေပါတယ်လို့ ပြောဆိုတာဟာ
ပြောင်ပြောင်တင်းတင်း လိမ်လည်မှုသာ ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုတော့
ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်နဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်တဲ့ အလုပ်ကို
လုပ်နေလို့ပါ။ ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်က အကြောက်တရားတွေ ကင်းရှင်းတဲ့
လူ့လောကကြီး ဖြစ်ပါတယ်။ အာဏာရှင်စနစ်ရဲ့ ရည်မှန်းချက်က အကြောက်တရား
လွှမ်းမိုးတဲ့ လူ့လောက ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကို ထွန်းကားအောင် ပံ့ပိုးချင်ရင်၊ သာသနာတော်ကို အားပေး
စောင့်ရှောက်ချင်ရင် လူတွေ မှာ အကြောက်တရား နည်းပါးပျောက်ကွယ်သွားအောင်
အားပေးကူညီရမှာသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံတခုဟာ
အကြောက်တရားတွေ ဖုံးလွှမ်းပီး ဘာမှ မလုပ်ရဲ မကိုင်ရဲ မပြောရဲ မဆိုရဲ
ငြိမ်ဝပ်နာခံနေရတဲ့ နိုင်ငံမျိုး လုံးဝ မဟုတ်ပါဘူး။
ဗုဒ္ဓဘာသာဝင်တယောက်ဆိုတာ လှောင်ချိုင့်ထဲမှာ ထိတ်လန့် ငြိမ်ဝပ်နေရတဲ့
တိရစ္ဆာန်မျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်ဆိုတာ အကြောက်တရားကင်းမဲ့စွာနဲ့ 
လွတ်လပ်စွာ ရှင်သန်နေထိုင်ရေးကို ပဓာနထားသူများ ဖြစ်ပါတယ်။

ဒါကြောင့် အာဏာရှင်စနစ် ပျောက်ကွယ်ရေးအတွက်ဆိုရင် မြတ်ဗုဒ္ဓ ဟောညွှန်တဲ့
တရားတွေကို သေသေချာချာ လိုက်နာကျင့်သုံးဖို့ပါပဲ။ မြတ်ဗုဒ္ဓက
အကြောက်တရားကင်းရှင်းရေးအတွက် သဒ္ဓါ သီလ သုတ ၀ိရိယ ပညာ ဆိုတဲ့
အချက်ငါးချက်နဲ့ ပြည့်စုံအောင် လုပ်ရမယ်လို့ လမ်းညွှန်ခဲ့ပါတယ်။
ဒီအချက်ငါးချက်ကို ဖြည့်ဆည်းနိုင်ရင် အကြောက်တရား ကင်းရှင်းမယ်လို့
ဟောခဲ့ပါတယ်။

မြန်မာလို ပြန်ဆိုရရင် သမ္မာတရားတွေကို ပြတ်ပြတ်သားသား ယုံကြည်ခြင်း၊
စွဲစွဲမြဲမြဲဆောင်ထားခြင်း၊ လေ့လာနာကြားခြင်း၊ အင်တိုက်အားတိုက်
ကျင့်ကြံအားထုတ်ခြင်းနဲ့ ပိုင်းပိုင်းခြားခြား သိမြင်သဘော ပေါက်ခြင်း
တို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများဟာ မြတ်ဗုဒ္ဓဟောညွှန်တဲ့ သမ္မာတရားတွေကို
တကယ် ယုံကြည် ပါရဲ့လား။ တကယ် ဆောင်ထားပါရဲ့လား။ တကယ် လေ့လာနာယူပါရဲ့လား။
တကယ် အားထုတ်ကြ ပါရဲ့လား။ တကယ် နားလည်သဘောပေါက်ကြပါရဲ့လား။
အကြောက်တရားရပ်ဝန်းကို ပြန်လည်ဖြို ဖျက်ဖို့ အတွက် သည်အချက်တွေကို
ပြန်စစ်ဆေးဖို့ လိုပါတယ်။

အကျိုးရလဒ်ကို ထောက်ဆပြီးကြည့်ရင် ဗုဒ္ဓဘာသာ
မြန်မာနိုင်ငံသားအများစုအနေနဲ့ အထက်ပါ အကျင့်တွေကို ပိုင်ပိုင်နိုင်နိုင်
မကျင့်သုံးသေးဘူးလို့ပဲ ပြောရပါလိမ့်မယ်။ အကြောက်တရားကို အခြေခံ
အုတ်မြစ်လုပ်ထားတဲ့ အာဏာရှင်စနစ်ကြီးက တည်ရှိနေသေးလို့ပါ။

ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ရာ မြန်မာနိုင်ငံမှာ
အကြောက်တရားရပ်ဝန်းကြီး တည်ရှိနေတဲ့ အဖြစ်ဟာ မယုံနိုင် လောက်
အောင်ဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများအနေနဲ့
သည်လို အကြောက်တရားရပ်ဝန်းကြီးကို မဖယ်ရှား နိုင်စရာ အကြောင်းမရှိပါ။
အကြောက်တရား ကင်းဝေးစေတဲ့ ဗုဒ္ဓဘာသာတရားများကို လေးလေး နက်နက်
ကျင့်သုံးဖို့သာ လိုအပ်ပါတယ်။ သဒ္ဓါ သီလ သုတ ၀ီရိယ ပညာ ဆိုတဲ့ တရားကောင်း
တရားမြတ်တွေကို ကျင့်သုံးဖို့သာ လိုအပ်ပါတယ်။

မောင်သာမညRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */