“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, May 26, 2011

ဘဒ္ဒကမ္ဘာရဲ့မျိုးဆက်သစ်

http://dhammaratha.blogspot.com/ (ပေးပို့ သူ eimmet mahotpar )
“အဖွဲ့အစည်းတစ်ခု အောင်မြင်တည်တံ့ဖို့အတွက် အလိုအပ်ဆုံး အရင်းအနှီးကတော့
အများက ယုံကြည်လေးစားလာဖို့ပဲ”
(အမရပူရမြို့၊ တူမောင်းဆရာတော်)

အမရပူရမြို့နယ်လုံးဆိုင်ရာ “သစ္စာ လူမှုကူညီရေး အသင်း” ကို
သြ၀ါဒဆရာတော်ကြီးများနဲ့ မြို့မိမြို့ဖ နာယက လူကြီးများကို ဦးထိပ်ထား၍
လူငယ် လူလတ်များရဲ့ အင်အားနဲ့ (၂၅.၁၂.၀၂) နေ့က ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီပွဲမှာ သြ၀ါဒစရိယဖြစ်တဲ့ တူမောင်းတိုက် နာယက ဆရာတော်ကြီး ဘဒ္ဒန္တမေဓိယက
သြ၀ါဒ ပေးရာမှာ-

အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်များ အောင်မြင်ဖို့အတွက် ငွေကြေးဆိုတာ
မဖြစ်မနေလိုအပ်တယ်။ ဒီလိုအပ်ချက်က လည်း အများက စုပေါင်းပါဝင်လာမှ
ပြည့်စုံမှာ။ ဒီလိုစုပေါင်း ပါဝင်လာစေဖို့ ဆိုတာကလည်း အများက
ယုံကြည်လေးစား လောက်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်ဖို့လိုတယ်။ မြတ်စွာဘုရားရဲ့
သံဃာအဖွဲ့အစည်းကြီး အခုအထိတည်တံ့ လာရတာဟာ ညီညွတ်မှုသုံးပါးကို
အကြောင်းပြုပြီး အများက လေးစားယုံကြည်ကြလို့ ဖြစ်ပါတယ်။

ဒီ ညီညွတ်မှုသုံးပါးဆိုတာ မဟာနိဒ္ဒေသပါဠိတော် “ဇရာသုတ်” မှာ လာတဲ့အတိုင်း
အဖွဲ့ဝင် ပုဂ္ဂိုလ်အချင်းချင်း အပြန်အလှန် လေးစားချစ်ကြည် ညီညွတ်မှုဆိုတဲ့
ဂဏသာမဂ္ဂီ၊ စည်းကမ်းကို လေးစားလိုက်နာမှုဆိုတဲ့ ဓမ္မသာမဂ္ဂီ၊
ရည်မှန်းချက်အပေါ်မှာ တညီတညွတ်တည်း အာရုံစူးစိုက် ကြိုးစားမှုဆိုတဲ့
သစ္စာသာမဂ္ဂီ (စာမှာတော့ အနဘိ နိဗ္ဗတ္တိ သာမဂ္ဂီ) ဖြစ်ဖို့လိုတယ်။

သစ္စသာမဂ္ဂီ ဖြစ်ရမယ်ဆိုတာ အဖွဲ့ရဲ့ ရည်မှန်းချက်အတိုင်း
အများအကျိုးဆောင်ရွက်တဲ့ နေရာမှာ ကိုယ်ကျိုးလုံးဝ မဖက်ဖို့နဲ့
ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး အားလုံးအပေါ်မှာ တသဘောတည်းထားပြီး
ဆောက်ရွက်ကြဖို့ အရေးကြီးတယ်။ ဒါမှ အားလုံးက ယုံကြည်လေးစားလာမယ်။
အဖွဲ့အစည်းတစ်ခု အောင်မြင်တည်တံ့ဖို့အတွက် အလိုအပ်ဆုံး အရင်းအနှီးက
အများယုံကြည်လေးစားလောက်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့ပဲ ဆိုတဲ့အကြောင်း
မိန့်ကြားတော်မူ ပါတယ်။

နောက်ထပ်သြ၀ါဒစရိယ ဆရာတော်တစ်ပါးဖြစ်တဲ့ အခုလို လူမှုကူညီရေးအသင်းတွေ
စတင်ပေါ်ပေါက်လာ အောင် ကမကထ ဦးဆောင်ခဲ့တဲ့ ဓမ္မကထိက ၀ါခင်းကုန်းဆရာတော်
ဘဒ္ဒန္တတိက္ခအရှင်မြတ်က သြ၀ါဒပေးရာမှာတော့... လူမှုဒုက္ခကို ကူညီတယ်ဆိုတာ
အလောင်းတော်ကြီးများ ပါရမီဖြည့်စဉ် ကာလက မျောက်ဖြစ်တဲ့ ဘ၀မှာတောင်
လူတွေရဲ့ ဒုက္ခကို သက်စွန့်ဆံဖျား ကူညီခဲ့တာဟာ မဟာကပိဇာတ်တော်ကိုကြည့်ရင်
သိနိုင်ကြောင်း၊ ပါရမီဖြည့်တယ်ဆိုတာ ပရဟိတ ဆောင်ရွက်မှုမပါဘဲ
မဖြစ်နိုင်ကြောင်းနဲ့ အထူးသဖြင့် နာရေးကူညီရေး လုပ်ငန်းဖြစ်တဲ့
အသုဘအလောင်းကောင် များကို သဂြိုဟ်တဲ့အလုပ်ဟာ လူအများထင်နေကြသလို
အောက်တန်းကျတဲ့ အလုပ်မဟုတ်ကြောင်း၊ ယသသူဌေးသားနဲ့ မိတ်ဆွေ(၅၅)ယောက်တို့ဟာ
ဟိုးအရင့်အရင် ကမ္ဘာတွေမှာ ပါရမီဖြည့်စဉ်ကာလတုန်းက ကိုယ်တိုင်ကိုယ်ကျ
လုပ်ကိုင်ခဲ့တဲ့ လောကရဲ့ အလိုအပ်ဆုံး လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်း။

အခု ဒီခေတ်မှာ ခုလိုအဖွဲ့အစည်းတွေ ပေါ်ပေါက်အောင်
ကြိုးစားဖော်ထုတ်ဆောင်ရွက်ကြတာဟာ ဟိုးကမ္ဘာ့ ကမ္ဘာက ပါရမီရှင်
အမျိုးကောင်းသားတို့ရဲ့ အစဉ်အလာကောင်းကို ဒီဘဒ္ဒကမ္ဘာက မျိုးဆက်သစ်အဖြစ်
ခံယူလုပ်ကိုင်ခြင်း ဖြစ်ကြောင်း၊ အများအကျိုးဆောင်ရွက်တယ်ဆိုတာ
အများစုရဲ့ ဒုက္ခအရောက်ဆုံးနဲ့ အခက်ခဲဆုံး အလိုအပ်ဆုံး ကိစ္စကို
ကူညီဆောက်ရွက်ပေးရမှာ ဖြစ်ကြောင်း။

ဒီလုပ်ငန်းဟာ အများထင်နေကြသလို အောက်တန်းကျတဲ့ အလုပ်မဟုတ်သည့်ပြင်
စိတ်စေတနာထားတတ်ရင် ထားတတ်သလောက် မွန်မြတ်တဲ့ အလုပ်လည်းဖြစ်၊
မဂ်ဖိုလ်ရမှုအတွက် အထောက်အကူလည်း အဖြစ်ဆုံးလုပ်ငန်း ဖြစ်ကြောင်း။

ယသသူဌေးသားနဲ့ မိတ်ဆွေ(၅၅)ယောက်တို့ မြတ်စွာဘုရား ပွင့်တော်မူတဲ့
ပထမ၀ါအတွင်းမှာပင် ရဟန္တာအဖြစ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြတာဟာ
ဒီလုပ်ငန်းက ပါရမီလည်းဖြစ်၊ အသုဘသညာ ကမ္မဋ္ဌာန်းအဖြစ်နဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့
အထောက်အပံ့လည်း ရခဲ့ကြလို့ ဖြစ်ကြောင်း အကျယ်တ၀င့် မိန့်ကြားပြီး
ရန်ပုံငွေအတွက် န၀ကမ္မ ငါးသောင်းကိုလည်း ကပ္ပိယကာရယနဲ့
လွှဲပြောင်းလှူဒါန်းသွားပါတယ်။

ဒီအစည်းအဝေးမှာပဲ မဟာဂန္ဓာရုံဆရာတော်များနဲ့ မင်္ဂလာတိုက် ဆရာတော်များရဲ့
တိုက်တွန်းခွင့်ပြုချက်အရ မိမိအနေနဲ့ အကြံပြုစကား ပြောခွင့်ရတဲ့အခါ-

ဗုဒ္ဓဘာသာဝင်တွေမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့ ဆန့်ကျင်သလောက်
အယူသီးအစွဲပြင်းတဲ့ အစဉ်အလာဆိုး အမှားကြီးတစ်ခုကတော့
နာရေးကိစ္စဖြစ်ကြောင်း၊ မြတ်စွာဘုရားရှင်က အဘိဏှသုတ်မှာ “သေခြင်းတရားနဲ့
ပတ်သတ်လို့ မပြတ်ပွားများ နှလုံးသွင်းနေရမယ်” လို့ မိန့်ကြားခဲ့ပေမယ့်
ဒီနေ့ ဗုဒ္ဓဘာသာဝင်တွေဟာ နာရေးနဲ့ ပတ်သက်ရင် ရပ်ထဲ ရွာထဲ အသုဘယာဉ်
ဖြတ်သွားတာ၊ ထားရှိတာကို အတိတ်ဆိုး၊ နိမိတ်ဆိုးကြီးတစ်ခုအဖြစ်
အယူသီးနေကြလို့ တစ်ချို့မြို့နယ်တွေမှာ အသုဘယာဉ်ထားရေးအတွက်
နေရာကိစ္စအလွန် အခက်အခဲ ကြုံရနေကြောင်း။

လူ့လောကရဲ့ တကယ့်အညစ်အကြေးလို့ ဆိုရမယ့် လောဘ ဒေါသ မာန်မာနတွေ
ကင်းစင်ရေးမှာ အသုဘ တရားဟာ အလွန်အရေးပါတာဖြစ်လို့ ရှေးလူကြီးများက
“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” လို့ပင် ဆိုရိုးစကား ထားခဲ့ကြကြောင်း၊
ဒီစကားမှာ ဖော်ပြတဲ့ အချိုးအစားအရ တွက်ကြည့်ရင် အသုဘယာဉ်တစ်ခေါက်
မိမိတို့ အရပ်ထဲအတိုင်း ဖြတ်သွားခြင်းဟာ သံဃာတွေ ဆယ်ခေါက်လောက်
ဖြတ်သွားခြင်းထက် သံဝေဂဉာဏ်ကို ရင့်စေတာမို့ နိမိတ်ဆိုး မဟုတ်ဘဲ
နိမိတ်ကောင်းလို့ ဆိုရမှာ ဖြစ်ကြောင်း။

ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား ဥယျာဉ်တော်ထဲ ထွက်တဲ့အခါ ဒီလို
နိမိတ်ကောင်းတွေ ချို့တဲ့နေတဲ့ အတွက် နတ်ဗြဟ္မာများက သူအို၊ သူနာ၊
သူသေအဖြစ် ဖန်ဆင်းပြီး ပြခဲ့ရကြောင်း၊ ဒီနိမိတ်ကောင်းတွေရဲ့
ကျေးဇူးကြောင့် သိဒ္ဓတ္တမင်းသားဟာ တောထွက် တရားကျင့်ပြီး မြတ်ဗုဒ္ဓအဖြစ်သို့
ရောက်ရခဲ့တဲ့အတွက် ဒီနေ့ဗုဒ္ဓသာသနာတော်ကြီးရယ် လို့ တင့်တင့်တယ်တယ်
ကျက်သရေရှိတာဖြစ်ကြောင်း။

“မသာစဆောင်၊ ကျောင်းစရှောင်၊ အိုအောင်မဆင်းရဲ” ဆိုတဲ့ မြန်မာဆုံးမစကားကို
ထောက်ရင် အသုဘလို့ ခေါ်တဲ့ မသာနဲ့ ပတ်သက်တဲ့ အစအနများပင်
လောကုတ္တရာရေးအတွက်သာမက လောကီရေးအတွက်လည်း နိမိတ်ကောင်းများအဖြစ်
ခံယူခဲ့ကြကြောင်း၊ မသာနဲ့ ပတ်သက်တဲ့ ပစ္စည်းများဟာ မတွယ်မတာ
လွတ်လွတ်စွန့်ကျဲထားတဲ့ ပစ္စည်းများဖြစ်လို့ ဘုရားရှင်ကိုယ်တော်တိုင်
ပံ့သကူသင်္ကန်းအတွက် အသန့်စင်ဆုံးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ကြောင်း။ ဒါကြောင့်
အသုဘယာဉ်များ မိမိတို့ရပ်ကွက်မှာထားခြင်း၊ ဖြတ်သန်းသွားလာခြင်းများအပေါ်
အမှန်အတိုင်း အကျိုးရှိရှိ ရှုမြင်လက်ခံကြဖို့၊ မြန်မာများ
သေသူအပေါ်မှာသာမက ရှင်သူအပေါ်ကိုလည်း ကရုဏာထားကြပြီး အနာသိ ဆေးရှိလျှက်
မကုသနိုင်သူများကိုလည်း စာနာသနား ကူညီကြဖို့ တိုက်တွန်းအကြံပြုခဲ့ပါတယ်။

ဘဒ္ဒကမ္ဘာရဲ့ မျိုးဆက်သစ်များ အရပ်ဒေသတိုင်းမှာ ပေါ်ပေါက်ပြီး အမျိုးကောင်း
သားသမီးအားလုံ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။
ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)


ဆည်ပေါ်ငါးကျော်ရင် ဟင်းအိုးထဲရောက်တတ်တယ်

ပျော်ဘွယ်အနောက်လက်က ကျောင်းရွာ မကျီးကုန်းဆိုတာ ရှေးက
အလွန်ထင်ရှားခဲ့တဲ့ တောရွာစာသင်တိုက် ကြီး တစ်ခုပေါ့။ ဆရာတော်ကြီးက
မော်လမြိုင် တောင်လေးလုံး ဆရာတော်ကြီးနဲ့ အပြန်အလှန် စာသင်ပေးခဲ့ဖူးကြတဲ့
ပါဠိနဲ့ သက္ကဋ အလွန်တော်တဲ့ ဆရာတော်ကြီး။ အဲဒီနယ်တစ်ဝိုက်မှာ အလေ့အထတစ်ခုက
သာရေး နာရေး အကြောင်းကြီး ငယ်ရှိလို့ ပတ်ဝန်းကျင် ဆရာတော်တွေကို
ပင့်တဲ့အခါ အလှူပွဲအကြိုနေ့ညနေ အရောက်ကြွကြတယ်။ ညမှာ ဟိုကျောင်း
ဒီကျောင်းက ဆရာတော်တွေ ဆုံမိကြပြီဆိုရင်လဲ စာကြောင်း ပေကြောင်း
ပြောကြတာပဲ။ အထူးသဖြင့် ကျောင်းရွာမကျီး ကုန်းကျောင်းမှာ
ဆုံဖြစ်ကြပြီဆိုရင်တော့ ဆရာတော်ကြီးရဲ့ အရှိန်အ၀ါကြောင့်
စာပေအကြောင်းကလွဲပြီး ရပ်ရေးရွာရေးနဲ့ ပတ်သတ်တဲ့ အကြောင်းကို
မပြောဝံ့ကြဘူး။

တစ်ညမှာတော့ စာပေစကားဝိုင်းမှာ “စန်းတော” ဆရာတော်ကြီးပြောနေတဲ့
အယူအဆတွေဟာ တခြားပုဂ္ဂိုလ် များရဲ့ အမြင်နဲ့ မကိုက်ညီတဲ့ အတွက်
ပိဋကတ်ဘောင်ကို ကျော်လွန်နေတယ်လို့ ထင်ရတယ်။ ဒါကြောင့် “ရုံးကုန်း”
ဆရာတော်ကြီးက...
“စန်းတောဆရာတော်... ဆည်ပေါ်ကို ငါးကျော်ရင် ဟင်းအိုးထဲရောက်တတ်သနော်။
ဆရာတော်ပြောနေတာတွေ ဟာ ဆည်ပေါ်ငါးကျော်နေတယ်ထင်တယ်” လို့
ဝင်ထောက်လိုက်တယ်။ အဲဒီအခါမှာ မကျီးကုန်း ဆရာတော်ကြီးက...

“ဆည်ပေါ်ငါးကျော်တာ ဒီအတိုင်းဖမ်းလို့ ဘယ်ရမလဲ၊ တောင်းနဲ့ အုပ်ဖမ်းမှပေါ့”
လို့ မိန့်ကြားလိုက်ပါတယ်။ ဒီစကားဝိုင်းမှာတော့ ဆရာတော်ကြီးများရဲ့ စကားက
အချင်းချင်း ပညာရှင်ဆန်ကြလို့ နံဘေးက ကြးရသူတွေ လွှတ်ခနဲ
နားမလည်နိုင်ကြဘူး။

ဆည်ပေါ်ငါးကျော်တယ်ဆိုတာက ပြောတဲ့စကားဟာ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့မှာ
မိန့်ဆိုထားတဲ့ ဘောင်ကို ကျော်လွန်နေတယ်လို့ ဆိုတာပါ။
ဟင်းအိုးထဲ ရောက်တတ်တယ်ဆိုတာ အပါယ်ငရဲကျရောက်တတ်တယ်လို့ ဆိုလိုတာ။

တောင်းဆိုတာ ပိဋကတ်သုံးပုံကို ပြောတာ။ ပါဠိဘာသာနဲ့ ပိဋကတ်သဒ္ဒါက
တောင်းလို့ အဓိပ္ပါယ်ရတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဓမ္မခန္ဓာတွေကို
အုပ်စုတူရာ တူရာပေါင်းပြီး ၀ိနည်းအုပ်စု၊ သုတ္တန်အုပ်စု၊ အဘိဓမ္မာအုပ်စု
အဖြစ်နဲ့ စုပေါင်း သင်္ဂါယနာတင်တာဟာ ပစ္စည်းဝတ္ထုတွေကို ဖရိုဖရဲ မဖြစ်အောင်
တောင်းထဲမှာ စုထည့်ထားတာနဲ့ တူလို့ အဲဒီဓမ္မခန္ဓာအုပ်စု သုံးမျိုးကို
ပိဋကတ်သုံးပုံလို့ ခေါ်ကြတာပါ။

ဆရာတော်ကြီး အမိန့်ရှိတဲ့ “ဆည်ပေါ်ငါးကျော်တာ ဒီအတိုင်းဖမ်းလို့ ဘယ်ရမလဲ”
ဆိုတာက ပိဋကတ်စာပေ အထောက်အထားမပါဘဲ ဒီအတိုင်း အလွတ်ပြောလို့
ဘောင်မ၀င်ဘူးလို့ ဆိုလိုက်တာ။ “တောင်းနဲ့ အုပ်ဖမ်းမှပေါ့” ဆိုတာ ကတော့
ပိဋကတ် အထောက်အထားနဲ့ ဘာကြောင့် ဘယ်အချက်ဟာ မှားတယ်လို့
တိတိကျကျပြောမှပေါ့လို့ ဆိုလိုပါတယ်။

ရှေးမထေရ်မြတ်တို့ရဲ့ လေးနက်တဲ့ စကားဝိုင်းတစ်ခုကို
အာရုံပြုကြည်ညိုနိုင်ဖို့ တင်ပြလိုက်ရတာပါ။

ဆည်ပေါ်ငါးမကျော်စေဖို့နဲ့။

ကျော်လာရင် တောင်းနဲ့ အုပ်ဖမ်းနိုင်ဖို့ အတုယူအားကျ စေချင်တာလဲ တစ်ကြောင်းပေါ့။

ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)


သာသနာပြုလုပ်ငန်းနဲ့ ဒေသဓလေ့

“ကိုယ့်ဝါဒကျယ်ပြန့်ထွန်းကားစေချင်ရင် သူ့ဝါဒ သူ့ဓလေ့ကို မထိပါးမပုတ်ခတ်ရဘူး”
ဆရာတော်အရှင်သေဋ္ဌိလ

ဒေးဒရဲမှာပြုလုပ်တဲ့ အရှင်အာဒိစ္စ၀ံသ အထိမ်းအမှတ်ပွဲမှာ
နေ့ခင်းပိုင်းစကားဝိုင်းပြန်စတော့...
ဒေးဒရဲ ကွင်းကျောင်းဆရာတော်က ဆရာတော် အရှင်သေဋ္ဌိလကို...
“ဆရာတော်... ဒီမှာအခုရောက်လာကြတဲ့ ရဟန်းငယ်တွေထဲမှာ တချို့က ပြည်တွင်းမှာ
ကိုယ်စွမ်းနိုင်ရာရာက သာသနာပြုနေကြတာလဲ ရှိတယ်။ တချို့ကလဲ ဆရာတော်လိုပဲ
တစ်ချိန်မှာ နိုင်ငံခြားတိုင်းပြည်တွေအထိ သာသနာပြုကြဖို့
ရည်ရွယ်ကြိုးစားနေကြတာလဲ ရှိတယ်။ သူတို့တွေ မှတ်သားနည်းယူဖို့ ဆရာတော်ရဲ့
ကမ္ဘာသာသနာပြု အတွေ့အကြုံကိုလဲ မိန့်ကြားပါဦး” လို့ လျှောက်ထားပါတယ်။

ဆရာတော်ကြီးက...
“သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကားအောင် လုပ်တာပဲ၊
အရေးကြီးတာက ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကား စေချင်ရင် သူ့ဝါဒ သူ့ဓလေ့ကို
မထိပါး မပုတ်ခတ်ရဘူး။ ဘယ်နိုင်ငံ ဘယ်ဒေသ ဘယ်လူမျိုးမှာ မဆို သူတို့ရဲ့
မိရိုးဖလာ အယူဝါဒ ဓလေ့ထုံးစံဆိုတာရှိတယ်။ ဒါတွေကို အလကား မိစ္ဆာဝါဒတွေ
ရူးကြောင်ကြောင်အလုပ်တွေ ဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့
အရေးကြီးတယ်။ မြတ်စွာဘုရားပွင့်တော်မူလာတဲ့ အချိန်က မဇ္ဈိမဒေသဆိုတဲ့
အိန္ဒိယမှာ ၀ါဒစွဲ၊ အမျိုးဇာတ်စွဲ၊ ဓလေ့ထုံးစံစွဲတွေ ရှုပ်ထွေးနေတာပေါ့။
ဒီကြားထဲမှာ ဘုရားရှင် ဘယ်လိုသာသနာပြုတော်မူသွား တယ်ဆိုတာ
မျက်ခြေမပြတ်စေနဲ့၊ လေ့လာရတယ်။ အတုယူရတယ်၊ ဘုရားသာသနာပြုမယ့် ပုဂ္ဂိုလ်က
ဘုရားကို အတုယူကျင့်သုံးမှပေါ့။ အရှင်ဘုရားတို့ ၀ိနည်းသိက္ခာပုဒ်တွေထဲမှာ
မြတ်မနှုတ်ရ၊ သစ်ပင်မခုတ်ရဆိုတာမျိုးတွေ တွေ့တယ် မို့လား၊ ဒါတွေဟာ
လောကအနေနဲ့ ကြည့်ကြည့်၊ ဓမ္မအနေနဲ့ ကြည့်ကြည့် အကုသိုလ်လို့ ပြောစရာ
ဘာရှိလို့တုန်း၊ ဒါပေမယ့် မြတ်စွာဘုရားက ‘အဲဒါတွေကို မလုပ်ရ’ လို့ ဘာလို့
ပညတ်ထားသလဲ၊ အကျိုးမရှိဘဲနဲ့ မပညတ်ဘူး၊ အကျိုးရှိလို့ ပညတ်တာ”

“အဲဒီခေတ်မှာ တချို့လက်ခံစွဲလမ်းထားတဲ့ ဓလေ့စွဲ တစ်ခုက သစ်ပင်ကို
ခုတ်ထစ်တာဟာလဲ ဣနြေ္ဒတစ်ခုရှိတဲ့ သတ္တ၀ါကို ညှင်းဆဲတာပဲ လို့
မှတ်ယူထားကြတာ။ အဟိံသာ ပရမောဓမ္မာ၊ မညှင်းဆဲခြင်းသာ အမြတ်ဆုံးတရား ဆိုတာ
ဒီလို အယူအစွဲရှိသူတွေရဲ့ လက်သုံးစကားပေါ့။ ဒါကို ဖောက်ဖျက်ကျူးလွန်ရင်
လူယဉ်ကျေးလို့တောင် စာရင်းမသွင်းဘူး။ ဒါကြောင့် မြတ်စွာဘုရားက ကိုယ့်ဝါဒ
မကျယ်ပြန့် မထိရောက်သေးဘဲ သူ့ဝါဒနဲ့ ဆန့်ကျင်ဘက် လုပ်လိုက်ရင်
ကိုယ့်စကားကို နားထောင်မယ့်သူတောင် ရှိမှာမဟုတ်လို့ သူ့ဝါဒနဲ့
မဆန့်ကျင်အောင် ဒီသိက္ခာပုဒ်တွေကို ပညတ်တာ။ ဒါကို ပညတ်လိုက်လို့
ကိုယ့်ဝါဒမှာလဲ ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး။ ဒါကို
သဘောပေါက်ဖို့ အရေးကြီးတယ်” လို့ မိန့်ကြားပါတယ်။

နတ်မှီတောရ ဆရာတော်ကြီးကတော့...
“အယူဝါဒ ဓလေ့ထုံးတမ်းဆိုတာ မှန်တာ မှားတာ အပထား။ သူတို့က
ဦးထိပ်မှာထားပြီး လေးစားကိုးကွယ်နေကြ တာ ဆိုတော့ ဒါကို
ထိပါးပုတ်ခတ်လိုက်ရင် ဦးခေါင်းကို ထိပါးပုတ်ခတ်တာထက် နာကြဉ်းတတ်တယ်။
ဒါဟာ ဘာသာဝါဒ တိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပဲ။ ဘယ်ဝါဒနဲ့မှ
ထိပ်တိုက်မတိုးရဘူး။ ပိဋကတ်တော်တွေထဲမှာ မြတ်စွာဘုရားက... အဲဒီခေတ်က
ဂိုဏ်းဆရာကြီးတွေအပေါ် ပြောဆိုသုံးစွဲတဲ့ ဝေါဟာရတွေကို ကြည့်ပါလား။
တိတ္ထိကြီးတွေ၊ မိစ္ဆာ၀ါဒီကြီးတွေလို့ ဒီလို ရင့်ရင့်သီးသီး မသုံးဘူး။
သာမညဖလသုတ်မှာ ပါတယ်မို့လား၊ ဂိုဏ်းဆရာကြီးတွေကို ခေါ်ဆိုတဲ့ ဝေါဟာရတွေလေ။
‘သင်္ဃီ= အပေါင်းအစုခေါင်းဆောင်။ ဂဏီ= ဂိုဏ်းရဲ့ခေါင်းဆောင်။ ဂဏာစရိယော=
ဂိုဏ်းဆရာ။ ဉာတော= ထင်ရှားကျော်ကြားသူ။ ယသဿီ= အခြံအရံအသိုင်းဝိုင်းရှိသူ။
တိတ္ထကရော= အယူဝါဒကို ပြုတတ်သူ။ သာဓုသမ္မတောဗဟုဇနဿ= လူအများက
သူတော်ကောင်းလို့ သတ်မှတ်ထားသူ’ ဆိုတာတွေဟာ ဘုရားလက်ခံ သုံးစွဲတဲ့
ဝေါဟာရတွေ ဖြစ်လို့ ပိဋကတ်မှာ ထည့်သွင်းပြီး သင်္ဂါယနာတင်ထားတာတွေပေါ့။
ဒါတွေဟာ မြတ်စွာဘုရားရှင်ရဲ့ သူတော်ကောင်း စိတ်ထားကို ဖော်ပြတဲ့
စကားတွေပဲ။ သူတော်ကောင်းဆိုတာ ဘယ်တော့မှ သူတစ်ပါးကို ထိပါးပုတ်ခတ်
မပြောဘူး” လို့ ဖြည့်စွက်ပြောပါတယ်။

ဒေးဒရဲကွင်းကျောင်းဆရာတော်ကြီးကတော့ ဆေးပညာလဲ နားလည်ကျွမ်းကျင်တာဆိုတော့...
“လူမမာဆေးကုရသလိုပေါ့ ဘုရား၊ အပူလွန်တယ်ဆိုပြီး ဆန့်ကျင်ဘက်ဆေးအေးတွေ
တွန်းတိုက်လိုက်ရင် တစ်ခါတည်း လူမမာငန်းဖမ်းပြီး သေသွားတတ်တယ်။
တဖြည်းဖြည်းချင်း ဆေးချက်သွင်းရတယ်။ ကိသာဂေါတမီကို မြတ်စွာဘုရားက...
တရားဆေးနဲ့ ကုသလိုက်ပုံကြည့်ပါလား။ သားသေကို ဆေးကုပေးဖို့ ဆိုတာဘယ်လိုမှ
မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ဟိုက အားကိုးတကြီးနဲ့ လာတာ။ သောကမီးကလဲ
တောက်နေတာ။ တရားဟောလိုက်ရင်လဲ သောကပူနဲ့ တရားအအေးနဲ့
ဖြောင့်ဖြောင့်ဆန့်ကျင်နေတော့ အကျိုးမရှိတဲ့အပြင် တရားကို ကလန်ကဆန်
လုပ်မိလို့ ဓမ္မန္တရာယ် ဖြစ်ဦးမယ်။ သေသူဆိုတာ ကုလို့ ရတာမျိုးမဟုတ်ဘူး
လို့ တိုက်ရိုက်ကြီး ပြောလိုက်ပြန်လဲ အပူမီးတောက်နေသူ အတွက် နေပူကလာသူကို
အရိပ်ကနေ ဆီးကန်လွှတ်သလို ဖြစ်သွားမှာ။ ဒီတော့ မြတ်စွာဘုရားက သူ့အပူသူ
ငြိမ်းနိုင်အောင် ပရိယာယ်နဲ့ အိမ်က မုန်ညင်းစေ့ ရှာခိုင်းတယ်။ မရတော့
‘သေတယ်ဆိုတာ အိမ်တိုင်းနဲ့ ဆိုင်တဲ့ တရားပဲ’ လို့ သဘောပေါက်ပြီး
သောကအပူအေးသွားတော့မှ တရားရေအေးတိုက် ကျွေးလိုက်တော့ အနာနဲ့ဆေး
တစ်ခါတည်းကိုက်ပြီး အရိယာ ဖြစ်သွားသလိုပေါ့။ မြတ်စွာဘုရားရှင်ရဲ့ ဒီလို
နည်းပရိယာယ်မျိုးကို လေ့လာအတုယူရမှာပေါ့” လို့ ကောက်ချက်ချပြပြီး
စကားဝိုင်းကို ရပ်နားလိုက်ပါတယ်။

“နာတိမညေထ ကတ္ထစိ နကိဉ္စိ= ဘယ်အရပ်မှာ မဆို ဘယ်လို ပုဂ္ဂိုလ်တစ်စုံ
တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုပါစေလင့်”

ဓမ္မဘေရီ အရှင်ဝိရိယ


အစောင့်အရှောက်နဲ့ အနှောင့်အယှက်

“၀ိနည်းသိက္ခာပုဒ်တို့ စည်းကမ်းဥပဒေတို့ ဆိုတာ အေးအေးနေချင်သူအတွက်
အကောင်းဆုံး အစောင့်အရှောက်ပဲ၊ ထိုးထွက်ချင်သူ အတွက်တော့
အနှောင့်အယှက်ပေါ့”

တောင်မြို့ည၀ါအကျော် တူမောင်းဆရာတော် တောင်မြို့လို့ ခေါ်တဲ့ အမရပူရမြို့
တူမောင်းတိုက် နာယက၊ ည၀ါအကျော် ဆရာတော်ကြီး ဘဒ္ဒန္တနန္ဒိယ ရှိစဉ်က
သံဃာ့ဥပုသ်ပြုအပြီးမှာ ပေးလေ့ရှိတဲ့ သြ၀ါဒ စကားပါ။ ဆရာတော်ကြီး
ဆက်လက်မိန့်ကြားတာက-

“သစ်ပင်တွေမှာ မလိုအပ်တဲ့ ကိုင်းသေး ကိုင်းမွှား အရှုပ်အထွေးတွေ ရှင်းပစ်မှ
ပင်လုံးပေါ်လာတယ်။ ဒီအပင်မျိုးမှ ပင်စည်လဲ ဖြောင့် အနှစ်လဲ ပြည့်လာတာ၊
မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ရဘူးလို့ ပညတ်ထားတဲ့ သီလ သိက္ခာပုဒ်တွေ
ဆိုတာလဲ “လူရုပ်” ပေါ်လာအောင်လို့ လူ့အရှုပ်တွေကို ရှင်းပေးနေတာ၊ လူကို
ချုပ်ချယ်နေတာ မဟုတ်ဘူး။ ဒီလိုရှင်းပစ်မှ စိတ်ထားလဲ
ဖြောင့်မတ်မှန်ကန်မယ်။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အနှစ်တွေလဲ ပြည့်လာမယ်၊
ဒါကို ကြပ်ကြပ်သတိထားပြီး လေးစားစောင့်ထိန်းကြပါ” တဲ့။

အသေးအမွှားအခွင့်အရေးကို အခွင့်ထူးကြီး ထင်မှတ်ခဲ့လို့
တကယ့်အခွင့်အထူးကြီးတွေ လက်လွှတ်ခဲ့ရတဲ့ ပုဂ္ဂိုလ်အများကြီး ရှိကြတယ်။
မြတ်စွာဘုရားလက်ထပ်တော်က ဒေ၀ဒတ်ဟာ ဒီလိုပုဂ္ဂိုလ်မျိုးပေါ့။ တစ်ဘ၀စာ
လာဘ်လာဘကို အခွင့်ထူးမှတ်ပြီး တပ်မက်ခဲ့ရာက သံဃာသင်းခွဲတဲ့ ကံကြီးတွေ၊
ဘုရားရှင်ကို သတ်ဖို့ ကြိုးစားခဲ့တာတွေကြောင့် ရပြီးသား အသိဉာဏ်များလဲ
ဆုံးရှုံး၊ မဂ်ဖိုလ်နဲ့လဲ ဝေးခဲ့ရုံမက အ၀ီစိအထိ နစ်ခဲ့ရတယ်။

သာတာဂီရိတို့ ဟေမ၀တတို့လဲ ကဿဖဘုရားရှင် လက်ထက်က အဓမ္မ၀ါဒီရဟန်းပေးတဲ့
လာဘ်ကို တပ်မက်မိခဲ့လို့ ဓမ္မ၀ါဒီဘက်က ရပ်တည်မပေးခဲ့တဲ့ အတွက် မဂ်ဖိုလ်နဲ့
လွဲပြီး နတ်ဘီလူးဘ၀ ရောက်ခဲ့ကြတာပေါ့။

ကိုယ်ကျင့်သီလ ဖောက်ပြားခြင်း ဆိုတဲ့ လူ့အရှုပ်အထွေးတွေ
ရစ်ပတ်ဖုံးအုပ်ထားလို့ လူရုပ်တောင် မပေါ်ကြသူတွေလဲ ဒုနဲ့ ဒေးပါပဲ။ ဒီလို
ပုဂ္ဂိုလ်တွေအတွက် ဆရာတော်ကြီး မိန့်ကြားတဲ့ “လူရုပ်ပေါ်ဆေး” ကို
အသုံးပြုကြည့်စေချင်ပါတယ်။ လူရုပ်ပေါ်လာရုံ မကဘူး၊ လူ့အနှစ်ပါ
ပြည့်ဝလာမယ်လို့ မြတ်စွာဘုရားရှင် ကိုယ်တိုင်က အာမခံချက် အပြည့်ပေးထားတဲ့
ဆေးတော်ကြီးပါ။

လူရုပ်ပေါ်ပြီး လူ့အနှစ်ပြည့်ဝကြပါစေ...။

ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)


ပညတ်နဲ့ပရမတ်

“ပရမတ်အစစ် မပေါက်ဘဲ ပညတ်ကို ဖျောက်ရင် ခွေးရူးထက် ကြောက်စရာ ကောင်းတယ်”
(နတ်မှီတောရဆရာတော်)

တောင်တွင်းကြီးအပါအ၀င် မြေလတ်ပိုင်းမြို့တွေမှာ ငါးရက်တစ်ဈေးခေါ်ကြတယ်။
တခြားနေ့တွေမှာလဲ ဆိုင်ကြီးတွေ ဖွင့်ထားကြပေမယ့် ဈေးနေ့အဖြစ်
သတ်မှတ်ထားတဲ့ ငါးရက်တစ်ဈေးနေ့တွေ ရောက်မှပဲ တောရွာတွေက ရောင်းသူ
ဝယ်သူတွေနဲ့ စည်းကားတာ။

နတ်မှီတောရဆိုတာ မြို့နဲ့ တော်တော်လေးလှမ်းတာမို့ ဈေးလွန်တစ်ရက်လို့
ခေါ်တဲ့ ဈေးနေ့ပြီး နောက်တစ်ရက် ကို ဥပုသ်သီတင်းဆောက်တည်တဲ့ ရက်အဖြစ်
သတ်မှတ်ထားကြတယ်။ ဈေးနေ့မှာ ရောင်းရေး ၀ယ်ရေး ကိစ္စတွေပြီးရင်
ချက်ပြုတ်စရာဝယ်၊ နောက်နေ့ မနက်စောစောချက်ပြုတ်ပြီး ဆွမ်းချိုင့်များ
ဆွဲသူဆွဲ၊ ဆွမ်းအုပ်ရွက်သူရွက်နဲ့ ကျောင်းတတ်ကြတာ။ ဒကာတစ်ယောက်က
ဝက်သားတော်တော်ကြိုက်တယ်။

သူ့ဆွမ်းချိုင့်က အမြဲတမ်းဝက်သားဟင်းချည်းပဲ၊ နတ်မှီတောရ ဆရာတော်ကြီးက
သက်သက်လွတ်စားတယ်။ အိန္ဒိယမှာကတည်းက အသားမစားတဲ့ အကျင့်ပါလာလို့ နောက်လည်း
မစားတော့ဘူး။ တစ်နေ့ ၀က်သားကြိုက်တဲ့ ဒကာကြီး ကျောင်းတတ်အလာမှာ
ဆရာတော်ကြီးနဲ့ တွေ့တော့ ဆရာတော်ကြီးက... “ဘာဟင်းတွေများ ချက်လာတုံး
ဒကာကြီး” လို့ မေးလိုက်တယ်။

ဒကာကြီးက ဆရာတော်အသားမစားမှန်း သိတော့ ၀က်သားဟင်းပါလို့
လျှောက်ထားဖို့ခက်နေပုံရပါတယ်။ ပြီးတော့မှ... “ဆရာတော်ပဲ ဟောထားတာပဲ၊
အားလုံးဟာဓါတ်လေးပါးချည်းဆို၊ ခုလဲ ဓါတ်လေးပါးဟင်းပေါ့ဘုရား” တဲ့။

ဆရာတော်ကြီးက ပြုံးပြီး “အေး... ဈေးထဲမှာတုန်းက ပေါက်ဖော်ကြီးဆိုင်မှာ
ဓါတ်လေးပါးငါးဆယ်သားလောက် ပေးပါလို့ ပြောပြီး ၀ယ်လာတာဆိုရင်တော့
ဒကာကြီးဟာ ဓါတ်လေးပါးဟင်းပဲပေါ့လေ၊ ဘယ်လိုပြောပြီး တယ်လာတုံး” ဆိုတော့
ဒကာကြီးက ရယ်ကျဲကျဲနဲ့...

“ဆရာတော်ကလည်း ကတ်သီးကတ်သတ် ဘယ် ဒီလိုတော့ ပြောဝယ်လို့ရမလဲ ဘုရား၊
ဝက်သားလို့ ပြောဝယ်ရတာပေါ့” ဆိုတော့ ဆရာတော်ကြီးက... “၀က်သားလို့
ပြောဝယ်လာရင်တော့ ၀က်သားဟင်းပဲ ဖြစ်မှာပေါ့ ဒကာကြီးရဲ့၊ ဓါတ်လေးပါးလို့
ပြောဝယ်မှ ဓါတ်လေးပါးဟင်း ဖြစ်မှာပေါ့” လို့ မိန့်လိုက်ပါတယ်။

နေ့ဆွမ်းစားအပြီး အချိုပွဲဝိုင်းမှာ ရပ်ဝေးကရောက်လာတဲ့
အာဂန္တုဆရာတော်များပါ ၀ိုင်းဖွဲ့ပြီး ဒီအကြောင်း စပ်မိကြတော့...
ဆရာတော်တစ်ပါးက “ဒကာကြီးပြောတာလဲ ဟုတ်သားပဲ၊ နောက်ဆုံးတော့ သက်ရှိကော
သက်မဲ့ကော အခြေခံက ဓါတ်လေးပါးချည်းပဲ မဟုတ်လား” လို့ လျှောက်ထားလိုက်တယ်။

ဆရာတော်ကြီး အဲဒီဆရာတော်ရဲ့ မျက်နှာကို တစ်ချက်မော့ကြည့်ပြီးမှ... “ပရမတ်
အစစ်မပေါက်ဘဲ ပညတ်ကို ဖျောက်ရင် ခွေးရူးထက် ကြောက်စရာကောင်းတယ်” လို့
ခပ်လေးလေး မိန့်လိုက်ပါတယ်။

“ဘာဖြစ်လို့လဲ ဆရာတော်” ဆိုတော့မှ...

“ဘုရားတို့ ရဟန်းသံဃာတော်တို့နဲ့ လူဝတ်ကြောင်၊ အမိ၊ အဘတွေနဲ့
တခြားယောက်ျား မိန်းမစတဲ့ သူ့ဂုဏ်သူ့ အမည် ပညတ်နဲ့ သီးခြားစီရှိကြတာကို
အတူတူဓါတ်လေးပါး အခြေခံတွေ ချည်းပဲလို့ ယူကြည့်ပါ့လား၊ လောကမှာ သည့်ထက်
ကြောက်စရာကောင်းတဲ့လူ ရှိပါဦးမလား”

“တကယ့်ပရမတ် အစစ်ကို ပေါက်ပြီး သစ္စာလေးပါး ထိုးထွင်းသိပြီးလို့ ငါ၊
သူတစ်ပါး၊ ယောကျာ်း၊ မိန်းမရယ်လို့ မရှိဘူးလို့ သိတာက တစ်မျိုးပါ၊ ဒါက
ဝိပဿနာဉာဏ်အမြင်နဲ့ ရှုကြည့်တဲ့ အခိုက်ပြောတာ၊ လောကထဲမှာ ပြောတာ
သိမှတ်တာကျတော့ သူ့ပညတ်နဲ့သူ ခွဲပြီးတော့ပဲ သုံးရတယ်၊ အားလုံးကို
အတူတူလို့ သိမှတ်မယ်ဆိုရင် ကိုယ့်မိခင်နဲ့ ကိုယ့် အိမ်သူကို အတူတူပဲလို့
သဘောထားကြည့်ပါလား၊ ခွေးရူးထက် ကြောက်စရာ မကောင်းဘူးလား၊ လောကီနယ်မှာ
ပညတ်ဟာ သူ့တန်ဖိုးနဲ့သူ၊ သူ့အဆင့်အတန်းနဲ့သူ တန်ဖိုးချင်းဂုဏ်ချင်း
ခြားနားတယ်၊ ဒါကို ခြားခြားနားနားပဲ သိမှတ်ရတယ်။ ၀ိပဿနာနယ်
လောကုတ္တရာနယ်မှာကျတော့လည်း ပရမတ်က သူ့တန်ဖိုးနဲ့ သူပေါ့” လို့
မိန့်လိုက်ပါတယ်။

လောကစည်းနဲ့ ဓမ္မစည်း မရောထွေးကြဖို့ပါ။

ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)


အမှောင်ထဲဝယ်

ကိုယ့်အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်တဲ့ အရပ်ကို ရှာဖွေနေသူဟာ
ကိုယ့်စွမ်းကိုယ်စ ပျောက်နေတဲ့အတွက် ဘ၀ပါပျောက်ပြီး သေနေမယ်။
ရောက်ရာအရပ်မှာ ရေကန်တူးပြီး ကြာပေါက်အောင် စွမ်းဆောင်နိုင်မှသာ
ကိုယ်စွမ်းကိုယ်စ ပြည့်ဝတဲ့ အတွက် ဘ၀ပါ ပြည့်ဝရှင်သန်မယ်။
ဓမ္မဘေရီ အရှင်ဝီရိယ

နေရာနဲ့ ပတ်ဝန်းကျင်ဆိုတာ လူတယောက်ရဲ့ စိတ်ကို အပြောင်းလဲကြီး
ပြောင်းလဲနိုင်ပါလားဆိုတဲ့ အတွေးလေးတွေ တွေးနေမိပါတယ်။ တချို့က
ကံကောင်းလို့ နေရာကောင်းကို ရတယ်။ တချို့က ကံမကောင်းလို့ မကောင်းတဲ့
နေရာမှာ နေကြရတယ်လို့ ဆိုကြပြန်တယ်။ တခါတလေတော့လည်း နေရာတစ်ခုဆိုတာ
အကြောင်းတရားများစွာ ပေါင်းစုံခဲ့လို့သာ ရောက်လာကြတာပဲ မဟုတ်လား။
တနည်းစဉ်းစားကြည့်ရင် လက်ရှိဘ၀ဖြစ်တည်ခဲ့ရတာဟာ အတိတ်က အကြောင်းရှိလို့
ပစ္စုပ္ပန်အကျိုး ခန္ဓာဖြစ်ရတာပါပဲ။ အများစုက ယခုဘ၀အတွက် နေရာကောင်းကိုသာ
မျှော်လင့်တတ်ကြပေမယ့် ၃၁ ဘုံဆိုတဲ့ နေရာတွေကနေ လွတ်မြောက်ဖို့ကိုတော့
မေ့နေတတ်ကြပါတယ်။ ဒါ့ထက်ပိုလို့ အ၀ိဇ္ဇာဆိုတဲ့ အမှောင်ထုအောက် မှာ
စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းဖို့ အားခဲနေကြတယ်ဆိုရင် မှန်မယ်ထင်ပါတယ်။

တကယ်တမ်း ကြိုးစားရမှာက အမှောင်ကိုခွင်း အလင်းမြင်နိုင်ဖို့ပါ။
အမှောင်ထဲမှာ ထပ်ပြီး မမိုက်ကြပါနဲ့ ဆိုတဲ့ ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့
ဆုံးမသြ၀ါဒကို ကြားယောင်မိပါတယ်။

တစ်ခါတုန်းက တောင်ဝှေး တဒေါက်ဒေါက်နဲ့စမ်းပြီး ခရီးသွားနေတဲ့ မျက်မမြင်
တစ်ယောက်ရှိတယ်။ သူသွားဖူးတဲ့ လမ်းကို မှန်းဆစမ်းဝါးပြီး သွားနေရင်း
နေ၀င်ချိန်မှာ ရွာတစ်ရွာကို ရောက်တယ်။ ခရီးဆက်သွားမယ့် မျက်မမြင်ကြီးကို
ကရုဏာ သက်ဝင်တဲ့ ရွာသားတစ်ဦးက နေ၀င်ပြီဖြစ်လို့ မှောင်မိုက်သွားပြီ
ဖြစ်တဲ့အကြောင်း၊ ဒါ့ကြောင့် မီးအိမ်ဆွဲသွားဖို့ လိုအပ် ကြောင်း
အကြံပေးတယ်။ ဒီအခါမှာ မျက်မမြင်က… ငါက ကန်းနေတာပဲ၊ မီးအိမ်ဆွဲသွားတော့ကော
ဘာထူးမှာလဲလို့ ပြောတော့ ရွာသားက… မီးအိမ်ကို ဆွဲပြီး လာတာကို မြင်ရရင်
ခင်ဗျားကို တခြားလူတွေ ၀င်မတိုက်အောင် ရှောင်သွား နိုင်တာပေါ့…
လို့ပြောပြတယ်။ ဒါနဲ့ မျက်မမြင်က မီးအိမ်ကို ဆွဲသွားဖို့ သဘောတူလိုက်တယ်။
ရွာသားက မီးအိမ်တစ်လုံးကို မီးထွန်းပြီး ပေးလိုက်တယ်။ မျက်မမြင်က
မီးအိမ်ကိုဆွဲပြီး ခရီးဆက်ထွက်လာခဲ့တယ်။

မကြာခင် လူတစ်ယောက်က သူ့ကို ၀င်တိုက်မိတယ်။ ၀င်တိုက်တဲ့သူကို မျက်မမြင်က…
ဟေ့လူ ခင်ဗျား ကန်းနေသလား။ ဒီမှာ မီးအိမ်ဆွဲလာတာ မမြင်ဘူးလားလို့
အော်ငေါက်လိုက်တယ်။ အဲဒီအခါမှာ ၀င်တိုက်တဲ့လူက… ခင်ဗျား မီးအိမ်မှာ
မီးငြိမ်းနေတာ မသိဘူးလား လို့ပြောရင်း ဆက်ထွက်သွားတယ်။ လမ်းမှာ
လေတိုက်တော့ မီးအိမ်က မီးငြိမ်းသွားတာကို မျက်မမြင်က မသိလိုက်ဘူး။
ဒီလိုနဲ့ မျက်မမြင်က သြော်… အမှောင်ထဲမှာတော့ အကန်းရော၊ မကန်းတဲ့သူရောဟာ
အတူတူပါပဲလားလို့ ညည်းညူပြောရင်း တောင်ဝှေးတဒေါက်ဒေါက်နဲ့
ခရီးဆက်ထွက်သွားလေတယ်။

ဒီအကြောင်းလေးကို ဆရာနန္ဒသိန်းဇံရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရတော့
တို့တွေလည်း အမှောင်ထဲမှာ ကျင်လည်ခဲ့ရတဲ့ ဘ၀တွေ မရေမတွက်နိုင်အောင်
များခဲ့ဖူးပြီလို့ တွေးမိလိုက်တယ်။ တကယ်တော့ ခေတ်မှီနည်းပညာတွေ
ဘယ်လောက်တတ်တတ်၊ အတွေးအခေါ်တွေ ဘယ်လောက်ကောင်းကောင်း၊ ပစ္စည်း ဥစ္စာတွေ
ဘယ်လောက် ကြွယ်ဝပါစေ၊ သိရမယ့် အမှန်တရားတွေကို အမှန်အတိုင်းမသိသမျှတော့
လူသတ္တ၀ါတွေအားလုံး အကန်းတွေချည်းပါပဲ။ အ၀ိဇ္ဇာ အမှောင်ထဲမှာတော့ အားလုံးဟာ
မသိတာချင်း အတူတူပါပဲ။ မမြင်တာချင်း အတူတူပါပဲ။ အသွင်အပြင်အားဖြင့်ပဲ
ကွဲပြား ကြတာပါ။

အလင်းနဲ့ အမှောင် ကွာခြားသလို ပညာရှိနဲ့ ပညာမဲ့ သူတို့လည်း
ကွားခြားကြပါတယ်။ လောကီပညာတွေမှာ မသိသေးတာတွေကို အကုန်သိအောင်
လေ့လာဆည်းပူးနေမယ်ဆိုရင် ဘယ်တော့မှ ဆုံးခန်းတိုင်မှာ မဟုတ်သလို ဒါတွေကို
မသိလို့လည်း ဘ၀သံသရာ ခရီးမှာ နစ်မွမ်းသွားမယ်လို့ မုချ မဆိုနိုင်ပါဘူး။
တကယ့်သိရမယ့် အမှန်တရားတွေကို မသိမှသာလျှင် သံသရာတလျှောက်လုံး
နစ်မွမ်းရပါလိမ့်မယ်။ နောက်ဆုံး သေခြင်းတရားနဲ့ ရင်ဆိုင်တိုးတဲ့
အချိန်မှာလဲ ကြောက်လန့်စရာ အဖြစ် အလွဲအမှားမြင်ပြီး ညှိုးငယ်
ပင်ပန်းထိတ်လန့်မှုတွေ ဖြစ်ဦးမှာပဲ။ ဒါတွေကို အမှန်အတိုင်း မြင်နိုင်တဲ့
အသိတွေ ရှိလာအောင် ဖြည့်ဆည်းရဦးမှာပဲလို့သာ တွေးနေမိပါတယ်။

ပတ်ဝန်းကျင်က နေ့စဉ်တွေ့ကြုံနေရတဲ့ အာရုံတွေအပေါ်မှာ အမှန်အတိုင်းမမြင်ပဲ
နှလုံးသွင်းမမှန်တဲ့အခါ အကုသိုလ်ဖြစ်ရ တယ်။ တချို့ကျတော့ အာရုံဆိုးတစ်ခု
တွေ့လိုက်ပေမယ့် အလိုလိုသည်းခံ ပြီးသားဖြစ်နေတယ်။ တချို့ကျတော့ အာရုံဆိုး
တစ်ခုတွေ့လိုက်တာနဲ့ ဖျက်ခနဲ ဒေါသဖြစ်ပြီး တခဏအတွင်းမှာ သတိရပြီး
ကိုယ့်ဒေါသကို ပြန်ထိန်းနိုင်ပါတယ်။ တချို့ကျတော့ ဒေါသဖြစ်လိုက်ရင်
အရှိန်မသေပဲ တော်တော်ကြာအောင် ဖြစ်နေတတ်တယ်။ ကိုယ့်သဘောနဲ့ မတွေ့တိုင်း
ဒေါသဖြစ်နေမယ်ဆိုရင် ဒေါသဖြစ်လို့ကို ဆုံးတော့မှာ မဟုတ်ပါဘူး။ အဲသလို
ကြုံလာရရင် သူလည်းပဲ အမှောင်ထဲမှာ လမ်းလျှောက်နေသူ ကိုယ်လည်း
အမှောင်ထဲမှာပဲ ရှိနေသေးတဲ့သူပဲလို့ သဘောပေါက်နားလည်ပြီး တစ်ဦးကိုတစ်ဦး
ခွင့်လွှတ်သည်းခံနိုင်ရင် အကောင်းဆုံးပါပဲ။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ကြီးက ပါရမီလမ်းသွား ပုဂ္ဂိုလ်များအဖို့
လောကဓံအား သည်းခံနိုင်ခြင်း (ခန္တီတရား) သည် အမိနှင့်တူ၏။ လောကဓံအား
လစ်လျှူရှုနိုင်ခြင်း (ဥပေက္ခာတရား) သည် အဖနှင့်တူ၏၊ ဟု ဆုံးမတော်မူပါတယ်။
အားကြီးတဲ့ လူမှုရေး ပရဟိတ အလုပ်တွေ လုပ်တဲ့အခါမှာလည်း ခန္တီတရားမပါပဲ
လုပ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်သဘောအတိုင်း
အမြဲတမ်းတွေ့ကြုံရမှာ မဟုတ်လို့ပါ။ တခါတလေ သဘောမတိုက်ဆိုင်တာတွေ
ရှိကြရင်လည်း သည်ခံပြီး ရှေ့ဆက်ရမှာပါ။ သည်းခံခြင်းထက် လွန်သောတရားမရှိ၊
သည်းခံခြင်းသည် မြတ်သောအကျင့်တရား ဖြစ်၏ ဟု မြတ်ဗုဒ္ဓက
ဟောကြားတော်မူခဲ့ပါတယ်။ လူတိုင်း လိုက်နာကျင့်သုံး နိုင်ကြရမှာပါ။

ညအမှောင်ထဲမှာ လမ်းလျှောက်ရင်း တစ်ဦးနဲ့ တစ်ဦး တိုက်မိခဲ့ကြရင်
နားလည်ခွင့်လွှတ်တတ်ရသလို အ၀ိဇ္ဇာ အမှောင်ထု အောက်မှာ နေကြရဆဲဖြစ်တဲ့
သတ္တ၀ါအချင်းချင်းလည်း သည်းခံခွင့်လွှတ်တတ်ကြရင် အေးချမ်းရမှာပါပဲ။
နောက်ဆုံး ပန်းတိုင်ကတော့ အ၀ိဇ္ဇာ အမှောင်ထဲက လွှတ်မြောက်အောင်
လျှောက်လှမ်းကြဖို့သာ ဖြစ်ပါတယ်။

အမှောင်ကိုခွင်း အလင်းမြင်နိုင်ကြပါစေ…
ရေးသားသူ အောင်ဦးRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */