“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, November 22, 2010

ဗမာပြည် စာပေလွတ်လပ်ခွင့် ဆိုသည်မှာ


ဒေါ်အောင်ဆန်းစုကြည် သတင်းကြောင့် ဂျာနယ် ၉ စောင် အရေးယူခံရ
ဧရာဝတီ Monday, 22 November 2010 16:39
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သော သတင်းများ အားလုံးကို ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် လွတ်မြောက်သည့် သတင်းကို စာပေစိစစ်ရေး ခွင့်ပြုသည်ထက် ကျော်လွန်ဖော်ပြကြသည့် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့်များ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။


ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို အချပ်ပိုစာမျက်နှာတွင် ပုံကြီးချဲ့၍ ဖော်ပြသောကြောင့် ဂျာနယ်တချို့ အရေးယူခံခဲ့ရသည် (ဓာတ်ပုံ - AP)
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ခွင့်ပြုသည်ထက် ပုံကြီးချဲ့ဖော်ပြခဲ့ကြသော The Voice၊ 7 Day News၊ Venus၊ ပြည်သူ့ခေတ်၊ မြန်မာပို့စ်၊ လျှပ်တပြက်၊ Myanmar Newsweek တို့ကို ထုတ်ဝေခွင့် ၁ ပတ် ပိတ်ပင်လိုက်ပြီး First
Eleven အားကစားဂျာနယ်၊ Hot News ဂျာနယ်တို့ကို ထုတ်ဝေခွင့် ၂ ပတ် ပိတ်ပင်လိုက်ကြောင်း ဗဟန်းမြို့နယ် ၀င်္ကပါလမ်းရှိ
စာပေစိစစ်ရေး ရုံးတွင် နိုဝင်ဘာလ ၂၁ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

“၁ ပတ်ပိတ်တဲ့ ဂျာနယ်တွေကတော့ အချပ်ပို ဓာတ်ပုံကို ဂျာနယ် မျက်နှာဖုံးအနေနဲ့ ထုတ်ဝေလိုက်လို့ပါ။ Eleven အားကစား ဂျာနယ်နဲ့ Hot News ဂျာနယ်ကတော့ စာပေ စိစစ်ရေးမတင်ဘဲ သတင်း အချက်အလက်တွေ ဖော်ပြခဲ့လို့လို့ သိရတယ်” ဟု
ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

တချို့သော သတင်းဂျာနယ်များကိုမူ ဒေါ်အောင်ဆန်းစုကြည် သတင်း ဖော်ပြမှုနှင့် ပတ်သက်ပြီး ခေါ်ယူ၍ ပြင်းပြင်းထန်ထန် သတိပေး ပြောကြားခဲ့ကြောင်း၊ နောက်နောင် စာပေစိစစ်ရေးက ညွှန်ကြားသည့်အတိုင်း လိုက်နာပါမည် ဆိုသော ၀န်ခံလက်မှတ်များ ရေးထိုးစေခဲ့ကြောင်း၊ ဂျာနယ် ထုတ်ဝေခွင့်ကိုမူ ဆက်လက်ခွင့်ပြုခဲ့ကြောင်း သတင်း ဂျာနယ် အသိုင်းအ၀န်းမှ သိရှိရသည်။

“ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက ခေါ်ဆူတာ။ ခင်ဗျားတို့တွေက စိတ်တိုင်းကို မကျနိုင်ကြဘူးလို့ ပြောပါတယ်” ဟု သတင်း အယ်ဒီတာ တဦးက ဆိုသည်။

စာပေစိစစ်ရေး၏ အရေးယူမှု မခံခဲ့ရသော သတင်းဂျာနယ်များ အားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်သော သတင်းနှင့်ဓာတ်ပုံများကို လုံးဝ ဖော်ပြခွင့်မပြုတော့ပေ။

စာပေစိစစ်ရေးက အောက်တိုဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သတိပေးကြေညာချက် ကို ဂျာနယ်များ လိုက်နာခြင်း မရှိဟုဆိုကာ နိုဝင်ဘာ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ပြန်လိုက်ပြီး ထို ကြေညာချက်များကို လိုက်နာခြင်း မရှိပါက ဂျာနယ်ကို ရာသက်ပန် လုံးဝ ပိတ်သည်အထိ အရေးယူမည်ဟု ပြောခဲ့ကြောင်း သိရသည်။

နောက်ဆက်တွဲ သတင်းနှင့် ဓာတ်ပုံများကို ကိုယ်တိုင် စိစစ်၍ ရုံးမတင်ဘဲ ဖြန့်ချိခွင့်ပြုစေချင်ကြောင်း၊ ထိုသို့ ကိုယ်တိုင်စိစစ် ဖြန့်ချိရာမှ တစုံတရာ မှားယွင်း လွဲချော်သွားလျှင် ဂျာနယ်ကို ပိတ်သည်အထိ အရေးယူ ခံမည်ဖြစ်ကြောင်း သတင်းဂျာနယ် များက တောင်းဆိုခဲ့သော်လည်း ထို တောင်းဆိုချက်ကို ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက တာဝန်မယူကြောင်း စာပေစိစစ်ရေးက ခေါ်ယူသည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သူ အယ်ဒီတာတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်တွင် ပြည်တွင်း သတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ဓာတ်ပုံများကို ဝေဝေဆာဆာ ဖော်ပြလိုကြသော်လည်း စာပေစိစစ်ရေးက ဓာတ်ပုံအသေး တပုံနှင့် ၎င်းတို့ ခွင့်ပြုသော သတင်းသာ ဖော်ပြခွင့်ပြုခဲ့သည်။ ထို့အပြင် မျက်နှာဖုံးတွင်လည်း အဆိုပါ သတင်းနှင့် ဓာတ်ပုံများကို ဖော်ပြခွင့် မပြုခဲ့ပေ။

သို့ရာတွင် ဂျာနယ် တချို့က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို အချပ်ပိုစာမျက်နှာတွင် မျက်နှာပြည့် ဖော်ပြခဲ့ရာ ဂျာနယ် လက်ပွေ့ ရောင်းချသူများက အဆိုပါ အချပ်ပိုကို ဂျာနယ်မျက်နှာဖုံးတွင် တင်၍ ရောင်းချကြသောကြောင့် ရောင်းအား တက်ခဲ့ကြောင်း သိရသည်။

First Eleven အားကစား ဂျာနယ် မျက်နှာဖုံးတွင်လည်း “စု လွတ်ပြီ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်း ကြစို့” ဟူသည့် အဓိပ္ပာယ် ရသော အင်္ဂလိပ် စာသားကို ထည့်သွင်းဖော်ပြခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည် သတင်းများ၊ ဓာတ်ပုံများကို ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါ ဂျာနယ်များမှာ ဈေးကွက်တွင် လက်ကျန်မရှိသလောက် ၀ယ်ယူသူအရေအတွက် မြင့်တက်ခဲ့ကြောင်း၊ ပြည်သူလူထုက
သတင်း ဂျာနယ်များကို ယုံကြည်ကိုးစားမှု တိုးမြင့်လာပြီး ဂုဏ်သိက္ခာလည်း မြင့်တက်ခဲ့ကြောင်း သတင်းဂျာနယ် အသိုင်း အဝန်းက ဆိုသည်။

ယင်းနောက်တွင် စာပေစိစစ်ရေးက ဂျာနယ်များကို ခေါ်ယူ သတိပေးကြိမ်းမောင်းခြင်း၊ ပိတ်ပင် အရေးယူခြင်းများ ဖြစ်လာသည်ဟု သိရသည်။

ယခုကဲ့သို့ သတင်းဂျာနယ်များ အစုအလိုက်၊ အပြုံလိုက် အရေးယူ ခံရခြင်းသည် ရုပ်ဆိုး အကျည်းတန်လှပြီး ပြည်တွင်း သတင်းမီဒီယာ သမိုင်းတွင် စစ်အစိုးရ၏ ဖိနှိပ်မှုကို အဆိုးရွားဆုံး ကြုံတွေ့ ခံစားလိုက်ရခြင်း ဖြစ်ကြောင်း ပိတ်ပင် ခံလိုက်ရသော သတင်းဂျာနယ် တစောင်မှ အယ်ဒီတာက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ပြည်သူတွေအကြားမှာ ပျံ့နှံ့သွားပြီး သူ့ကို လူထုက ပိုထောက်ခံ၊ ပိုပြီး ချစ်လာမှာကို နေပြည်တော်က စစ်ဗိုလ်ချုပ်တွေက မနာလို လို့ အခုလို သတင်းဂျာနယ်တွေကို အရေးယူတာပဲ ဖြစ်မယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

မကြာမီ ပေါ်ပေါက်လာမည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အစိုးရ လက်ထက်တွင် ပြည်တွင်း
သတင်းမီဒီယာများ ယခုထက် ဆိုးရွားသော အခြေအနေများ ကြုံတွေ့လာရမည် ဖြစ်ပြီး သတင်းလွတ်လပ်ခွင့် လုံးဝ ရရှိလိမ့်မည် မဟုတ်ကြောင်း သတင်းဂျာနယ် အသိုင်းအ၀န်းက သုံးသပ်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့က NLD ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်း၏ သတင်းများကို ဂျာနယ်များတွင် လွတ်လပ်စွာ ဖော်ပြခွင့် မရှိပါက ရွေးကောက်ပွဲ ပြီးဆုံးသွား ခဲ့သော်လည်း မည်သို့မျှ ထူးခြားလာခြင်း မရှိနိုင်ဟု ပြောဆိုခဲ့သည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) မှ ထုတ်ပြန်သည့် မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့်သည် ၁၇၈ နိုင်ငံအနက် ၁၇၄ နေရာတွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံတွင် တနိုင်ငံအဖြစ် ပါဝင်ကြောင်း သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */