“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, November 29, 2010

ဘယ်သူနိုင်ငံရေး သမားလဲ- * ရေးသားသူ-လူထုစိန်ဝင်း *



နိုင်ငံရေး မလုပ်တဲ့ သဘော မဟုတ်ဘူး

ဒီလို မယူဆတာက နိုင်ငံရေးကို စိတ်မ၀င်စားလို့ မဟုတ်ဘူး။ မနှစ်သက် လို့လည်း မဟုတ်ဘူး။နိုင်ငံရေးနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း နေလို့လည်း မဟုတ်ဘူး။ သတင်းစာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံရေး သတင်းတွေ ရေးသလို သုံးသပ် ဝေဖန်ချက်၊ ထင်မြင် ယူဆချက်တွေလည်း ရေးခဲ့တယ်။နိုင်ငံရေး သမား မျိုးစုံနဲ့လည်း ထိတွေ့ ဆက်ဆံခဲ့တယ်။ နိုင်ငံရေး ပါတီ တစ်ခုထဲ ပါဝင်ပြီး အချိန်ပြည့် နိုင်ငံရေး လုပ်သူ မဟုတ်တာကြောင့် နိုင်ငံရေး သမား မဟုတ်ဘူးလို့ ယူဆထားတာ ဖြစ်တယ်။ လုံးဝ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့ သဘော မဟုတ်ပါဘူး။
လှေခါးထမ်း ကော်ပုံးဆွဲ
တကယ်ကတော့ အရွယ် မရောက်မီကတည်းက နိုင်ငံရေး လုပ်ခဲ့တာပါ။ ကောလိပ်ရောက်တော့ အသက် ၁၆နှစ် ပြည့်ခါစပဲ ရှိပါသေးတယ်။ မဲပေးနိုင်တဲ့ အရွယ် မရောက်သေးပါဘူး။ အဲဒီခေတ်က အစဉ်အလာတိုင်း ကောလိပ် ရောက်တာနဲ့ တပ်ဦး အဖွဲ့ဝင် တန်းဖြစ်သွားပြီး လှေခါးထမ်း ကော်ပုံးဆွဲ အလုပ်တွေ လုပ်ခဲ့ပါတယ်။ သတင်းစာတိုက် ရောက်တော့လည်း တကသ ရွေးကောက်ပွဲ သတင်းတွေ ရေးလိုက်၊ဖဆပလ၊ ပမညတ ဌာနချုပ်တွေ သွားလိုက်နဲ့ နိုင်ငံရေး ကိစ္စတွေနဲ့ ထွေးလုံး ရစ်ပတ် ဖြစ်နေခဲ့ရတယ်။ ကျောင်းနေဖက်တွေ ပမည တထဲ ရောက်သူရောက်၊ ဖဆပလထဲ ရောက်သူရောက်၊ ဗကပဖြစ်သူဖြစ်၊ အလံနီဖြစ်သူဖြစ် နောက်ဆုံး မဆလ ဖြစ်သူတွေ ဖြစ်သွားခဲ့ကြ ပေမယ့် ကိုယ်တိုင်ကတော့ ဘယ်ထဲမှ ရောက်မသွားခဲ့ဘူး။ စာနယ်ဇင်းလောက ထဲမှာပဲ ရှိနေခဲ့တယ်။

နိုင်ငံဝန် ထမ်းတာချင်း အတူတူ
ပါတီ ဆိုင်းဘုတ် တစ်ခုအောက် ရောက်သွားပြီး အချိန်ပြည့် နိုင်ငံရေးသမား မဖြစ်ပေမယ့် ကိုယ့်ဟာကိုယ်တော့ နိုင်ငံရေး လုပ်နေတယ်လို့ပဲ ခံယူထားတယ်။ စာနယ်ဇင်း လုပ်ငန်းဆိုတာ၊ နိုင်ငံရဲ့ လေးခုမြောက် မဏ္ဍိုင်မဟုတ်လား။ အုပ်ချုပ် ရေး၊ တရားစီရင်ရေး ဥပဒေပြုရေး ဆိုတဲ့ တခြား မဏ္ဍိုင်များ နည်းတူ နိုင်ငံ့ဝန်ကို အတူတကွ ထမ်းဆောင် နေရတာပဲ ဖြစ်တယ်။ အဲဒါကြောင့် စာနယ်ဇင်းသမား ဆိုတာလည်း အစိုးရ အဖွဲ့ထဲက ၀န်ကြီးဝန်ကလေးတွေလို၊ တရား လွှတ်တော်ချုပ် က တရားသူကြီးတွေလို၊ လွှတ်တော်ထဲက အမတ်တွေလို နိုင်ငံရေး လုပ်နေကြ သူတွေပဲလို့ ယူဆတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသ မားတွေ ထောင်ထဲ ရောက်ကြသလို၊ စာနယ်ဇင်းသမားတွေလည်း ထောင်ထဲ ရောက်ကြရတာပါပဲ။

ကိုယ်ပိုင် ယုံကြည်ချက်ဖြင့် အလုပ် လုပ်တတ်စေချင်
အချိန်အခါ တစ်ခုက ကျောင်းဆရာ အလုပ်ကို နှစ်ပေါင်း နှစ်ဆယ်လောက် လုပ်ခဲ့ဖူးပါတယ်။ ဒီကျောင်းဆရာ အလုပ် လုပ်တာလည်း နိုင်ငံရေး လုပ်တယ်လို့ သဘောထားပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေကို ထမင်းစား ရေသောက် အင်္ဂလိပ်စကား တတ်ရုံလောက် သင်ပေးတာ မဟုတ်ဘဲ မျက်စိပွင့် နားပွင့်ပြီး အရာရာကို ကိုယ်ပိုင် ဦးနှောက်နဲ့ ခွဲခြမ်း စိတ်ဖြာဝေဖန် သုံးသပ်တတ်အောင် ကူညီပေးတာ ဖြစ်တယ်။

ဖော်ဂွတ်သွားသူတွေ
အဲဒီခေတ် အင်္ဂလိပ် စကားပြော သင်တန်းလာတက်လာသူ အများစုက နိုင်ငံရပ်ခြား တိုင်းပြည် အသီးသီးကို အပြီးတိုင် ပြောင်းရွှေ့ နေထိုင်ဖို့(Far good) သွားရောက်ကြမယ့် သူတွေများတယ်။ အခုခေတ်လို ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ ပတ်စပို့ ထုတ်ပေးလေ့ မရှိပါဘူး။အဲဒီလို အပြီးအပိုင် သွားကြမယ့် သူတွေကို မြန်မာနိုင်ငံရဲ့ ချစ်စရာ ကောင်းတဲ့ အချက်တွေ အသေးစိတ် ပြောပြပြီး "Home Sweet Home"ကိုယ့်အိမ်ကိုယ့်ယာထက် ကောင်းတဲ့နေရာ၊ ဘယ်မှာမှ မရှိဆိုတဲ့ ကဗျာကို တစ်သုတ်ပြီး တစ်သုတ် အဆက်မပြတ် သင်ကြား ပေးခဲ့တယ်။ သူတို့ နိုင်ငံခြား ထွက်တဲ့ အခါမှာလည်း "Home Sweet Home"ဆိုတဲ့ ကောက်ရိုး ပန်းချီကားကို လက်ဆောင် ပေးလေ့ရှိတယ်။ တချို့ တပည့်တွေရဲ့ အိမ်မှာ အခုချိန်ထိ အဲဒီ ပန်းချီကားလေးတွေ ချိတ်ဆွဲ ထားကြတာကို သူတို့က ဂုဏ်ယူစွာနဲ့ ဓာတ်ပုံ ရိုက်ပို့ကြတယ်။ အဝေးရောက်နေကြပေမယ့် မြန်မာပြည်ကို မမေ့ကြသေးပါလား ဆိုပြီး ကြည်နူးပီတိ ဖြစ်ရတယ်။

နိုင်ငံရေးသမား ဆိုတာ
နိုင်ငံရေး လုပ်တယ်ဆိုတာ နိုင်ငံရေး ပါတီဝင်မှ ရွေးကောက်ပွဲဝင်ပြီး အမတ် လုပ်မှ မဟုတ်ပါဘူး။ အများအကျိုးဆောင် ချင်တဲ့ ပရဟိတစိတ် ရှိသူမှန်သမျှ ဘယ်နေရာ ရောက်ရောက်၊ဘာအလုပ် လုပ်လုပ် နိုင်ငံရေးလုပ်လို့ ရပါတယ်။ စကားလုံး ကြီး ကြီးကျယ်ကျယ်တွေ ပြောဖို့ မလိုပါဘူး။ လူနားလည်ရခက်တဲ့ ဝေါဟာရတွေ မသုံးဘဲနဲ့ နိုင်ငံ အတွက်တို့၊၊ ပြည်သူ အတွက်တို့ ဆိုတဲ့ စကားမျိုးတွေ မပြောဘဲနဲ့ အများ အတွက် အလုပ်လုပ်တဲ့ သူမျိုးကိုမှ နိုင်ငံ ရေးသမားကောင်းလို့ ခေါ်နိုင်တာဖြစ်တယ်။ သူတော်စင် သူတော်ကောင်း ကျွတ်တမ်းဝင် ပုဂ္ဂိုလ်မြတ်များဟာ ကိုယ့်ကိုယ်ကိုယ် ရဟန္တာပဲလို့ ဘယ်တော့မှ ထုတ်ဖော်ပြောကြား လေ့မရှိပါဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဆိုတဲ့ စကား အရှိသား မဟုတ်လား။

ညံ့တဲ့ စာရေးဆရာ
စာတွေပေတွေ ရေးတဲ့ အခါမှာလည်း အချစ်ဆိုတာ ဒါမျိုးပါ။ကျွန်တော် ဆိုလို တဲ့အချစ်ဆိုတာက ဒီလိုဟာမျိုး ဖြစ်ပါတယ်လို့ စာရေးဆရာက ရေးပြ နေရင်၊ အဲဒီ စာရေးဆရာဟာ တော်တော်ညံ့တဲ့ စာရေးဆရာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ စာရေးဆရာ ဆိုရင် အချစ်ဆိုတဲ့ စကားလုံး တစ်လုံးမှ မသုံးဘဲနဲ့ အချစ်အကြောင်း ပြောပြနိုင်ရမယ်။ ရှေးအခါက ဇာတ်သဘင် ပညာရှင်ကြီးများဟာ ခုခေတ်လို ပစ္စည်း ကိရိယာတွေရဲ့ အကူအညီ မပါဘဲနဲ့ အဆိုအပြော အမူအရာတွေနဲ့တင် ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင် သွားနိုင်ကြတယ်။ ဇောတိက သူဌေးကြီး အဖြစ် သရုပ်ဆောင်ရတဲ့ အခါမှာလည်း ဇာတ်သေတ္တာကြီးပေါ် ထိုင်ရင်းနဲ့ ပွဲကြည့် ပရိသတ်က သူဌေးကြီးအဖြစ် မြင်သွားအောင် သရုပ် ဖော်နိုင်ကြတယ်။ ခုခေတ်လို မော်တော်ကားကြီးတွေ၊ မော်တော်ဆိုင် ကယ်ကြီးတွေ ဇာတ်ခုံမှာ တင်ပြီး ပြစရာ မလိုပါဘူး။

စံပြုအပ်တဲ့ ပန်းသာမစာအု

ဆင်းရဲသား ကာက၀လိယ အဖြစ် သရုပ်ဆောင်တဲ့ အခါမှာလည်း တောင်ရှည် ပုဆိုးနဲ့ ဖဲအင်္ကျီလက်တို ၀တ်ပြီး အဆိုအပြောနဲ့ ဆင်းရဲ သား သဏ္ဍာန် ထွက်အောင် သရုပ်ဆောင် သွားကြတယ်။ ခုခေတ်လို သရုပ်မှန်ဖြစ်ဖို့ ဆိုပြီး နံငယ်ပိုင်းနဲ့ စုတ်ပြတ် ဖာထေးထားတဲ့ အင်္ကျီဝတ်ပြီး သရုပ်ဆောင်ပြတာမျိုး မလုပ်ပါဘူး။ ခုခေတ်က ၀တ်တာ စားတာသာ ဆင်းရဲသားနဲ့ တူတာ၊ ပြောပုံဆိုပုံနဲ့ မျက်နှာပေးကတော့ ဆင်းရဲသား သရုပ်နည်းနည်းမှ မပေါ်ပါဘူး။ မှန်တာ ပြောရရင် ဒီခေတ်မှာ ဇာတ်ကောင် စရိုက် ပီပြင်အောင် ရေးနိုင်တဲ့ စာရေးဆရာ မရှိသလောက် ရှားတယ်လို့တောင် ဆိုနိုင်တယ်။ ရှေးက ဆရာသခင်ဘသောင်းရဲ့ “ပန်းသာမစာအု” ၀တ္ထုကြီးဟာ နိုင်ငံခြား ၀တ္ထုကို ဆီလျော်အောင် မြန်မာပြန် ထားတဲ့ ၀တ္ထုဖြစ်တယ်။ ဒါပေမယ့် ဇာတ်ကောင်စရိုက်တွေ ပီပြင်လွန်းလို့ ဖတ်သူတိုင်းက မြန်မာ ၀တ္ထုလို့ပဲ မှတ်ထင်ခဲ့ကြရတယ်။

ကြယ်နီ၊ အောင်စိုးတို့စာတွေ
အလားတူပဲ ကြယ်နီရဲ့ တံငါဝတ္ထုတွေထဲက ကိုဒေါင်းစိန် ဆိုရင်လည်း တကယ့်ကို တံငါလိုတွေး၊တံငါလို ပြောပြီး၊ တံငါလိုပဲ ပြုမူတာ ကြောင့် ဒီနေ့အထိ တံငါဝတ္ထုတွေထဲမှာ တံခွန်စိုက် နေနိုင်ခဲ့တယ်။ အညာသား စာရေးဆရာ အောင်စိုးရဲ့ ညောင်ဦးနယ် တက်မရွာက အဘဖိုးစံရုံနဲ့ ရွာသူရွာသားတွေရဲ့ ကုန်းခေါင်ခေါင် အညာဒေသက တောသူတောင်သားတွေရဲ့ စရိုက်တွေဟာလည်း ပီပြင် လွန်းတာ ကြောင့် ရှုမ၀ ခေတ်အခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလို့ ဆိုကြရတဲ့ တင့်တယ်တို့ ၀တ္ထုတွေနဲ့ အပြိုင် စာဖတ် ပရိသတ်က စွဲမက်ခဲ့ကြရတယ်။

ဇာတ်ကောင်နဲ့ စရိုက်တခြားစီခုခေတ် ၀တ္ထုတွေ ဖတ်ကြည့်လိုက်ရင်တော့ ဖတ်ပြီး စိတ်ပျက်ရတာ ပဲများတယ်။ ကိုဒေါင်းစိန်တို့၊ ဖိုးစံရုံတို့လို ရင်ထဲမှ စွဲနေရစ်တာမျိုး မတွေ့ရဘူး။ ကျေးလက်က ဆင်းရဲသား လယ်သမား၊ ဒါမှမဟုတ် လယ်သူမလေး အကြောင်း ရေးတော့ ရေးတာပဲ။ ဒါပေမယ့် ဇာတ်ကောင်နာမည်က စပြီး ကျေးလက် မဆန်တော့ဘူး။ မြို့က တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေလို နာမည်ဆန်းဆန်း တွေဖြစ်ပြီး ပြောကြတဲ့ စကားတွေက လည်း ကဗျာဆန်ဆန်နဲ့ ရုပ်ရှင်ထဲက စကားတွေလို ဖြစ်နေတော့ ဇာတ်ကောင်နဲ့ စရိုက်က ဘာမှကို မဆိုင်တော့ဘူး။ အဲဒီတော့ ဘယ်လိုလုပ်ပြီး ရင်ထဲ စွဲတော့မှာလဲ။ နောက်ပြီး ပိုဆိုးတာက အချစ်အချစ် ဆိုတဲ့ စကားလုံးတွေ ဘုံးဘောလအော ပါနေ ပေမယ့် တကယ့် အချစ်ဆိုတာ မတွေ့ရခြင်း ဖြစ်တယ်။ စကား အနေနဲ့သာ အချစ်အချစ်နဲ့ ဇာတ်ကောင်တွေက ပြောနေကြတာ၊ စာရေးဆရာ ကိုယ်တိုင် အချစ်ဆိုတာ ဘာမှန်းသိပုံ မရဘူး။

ဘယ်သူ နိုင်ငံရေးသမား စစ်စစ်လဲစာရေးဆရာက သူတို့ သိပ်ဆင်းရဲ ကြပါတယ်လို့ တစ်ခွန်းမှ ၀င်မပြောဘဲနဲ့ ဆင်းရဲ ခြင်း အကြောင်းပေါ်အောင် ရေးနိုင်မှ အချစ်ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါဘဲနဲ့ အချစ်အကြောင်း ပေါ်အောင် ဖွဲ့နိုင်မှ စာရေး ကောင်းလို့ သတ်မှတ်ပါတယ်။ အလားတူပါပဲ နိုင်ငံရေး လုပ်တဲ့နေရာမှာလည်း နိုင်ငံရေး စကားတွေ တစ်ခွန်းမှ မပြောဘဲနဲ့ နိုင်ငံရေး လုပ်တတ်ဖို့ လိုပါတယ်။ အခု ခေတ်မှာ နိုင်ငံရေးသမား နာမည်ခံပြီး နိုင်ငံရေး မလုပ်ဘဲ ကိုယ့်အရေးကိုသာ လုပ်တဲ့ သူမျိုးရှိသလို နိုင်ငံရေးသမား နာမည် မခံပေမယ့် ကိုယ့်အရေးကို လစ်လျူရှုပြီး လူအများ အရေး၊ နိုင်ငံအရေးကို လုပ်တဲ့သူ မျိုးတွေလည်း ရှိပါတယ်။ ဘယ်သူဟာ နိုင်ငံရေးသမား စစ်စစ်လဲဆိုတာ ဘေးက အကဲခတ်ကြည့်လိုက်ရင် သိသာပါတယ်။

လူထုစိန်ဝင်း

(ပေဖူးလွှာ မဂ္ဂဇင်း၊၂၀၁၀)
မျှသူ ကိုမျိုး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */