“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, November 24, 2010

နိုင်ငံတော်ကြီးက မကူညီ မထောက်ပံ့တော့ ကိုယ့် အကြံဥာဏ်စေတနာလေးနဲ့  ဒုက္ခရောက်နေတဲ့  ပြည်သူတွေအတွက်

ဂီရိ ရံပုံငွေ စတိတ်ရှိုး လူပေါင်း ထောင်ချီ တက်ရောက် အားပေး11/23/2010 မင်းဆက်ခိုင်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သော ဂီရိမုန်တိုင်းသင့် ပြည်သူများ အတွက် “တွဲလက်ဂရုဏာ” ဟု အမည် ပေးထားသော ရံပုံငွေ ရရှိရေး ရခိုင် စတိတ်ရှိုးပွဲ တခုကို ကျင်းပခဲ့ရာ ထောင်နှင်ချီသော ပရိသတ်များက လာရောက် အားပေးခဲ့ကြသည်။

အဆိုပါ ပွဲကို စစ်တွေမြို့ရှိ City Point စားသောက်ဆိုင် ခြံဝင်းထဲရှိ မြက်ခင်းပြင်တွင် ယခုလ ၁၉ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်စတိတ်ရှိုးပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရခိုင်တေးရေး/တေးဆို Rapper တူတူက ယခုကဲ့သို့ ပြောသည်။

“ဂီရိမုန်တိုင်း ရခိုင်မှာ တိုက်ခတ် သွားခဲ့တဲ့ အတွက် ကျနော်တို့ ရခိုင် အနုပညာ အသိုင်းအဝိုင်းက ညီကို မောင်နှမ တွေလည်း စိတ်မကောင်း ဖြစ်မိကြပါတယ်။ ဒါပေမယ့် ကျပ် ၅သိန်း၊ ၁၀သိန်း လှူဒါန်းဖို့ အခြေအနေ ကလည်း ကျနော်တို့မှာ မရှိဘူး။ ဒီအတွက် ဘာပဲဖြစ်ဖြစ် ကျနော်တို့ မှာရှိတဲ့ အနုပညာအစွမ်းနဲ့ ရံပုံငွေရှာပြီး တော့ လေဘေးသင့် ရခိုင်ပြည်သူ တွေကို ကူညီမယ်ဆိုပြီး ခုစတိတ်ရှိုးပွဲကို လုပ်ဖြစ် သွားကြတာပါ။”

အဆိုပါ စတိတ်ရှိုးပွဲအား မထင်မှတ်လောက်အောင် ပရိသတ်များက လာရောက် အားပေးခဲ့ကြသဖြင့် အလွန်တရာ မှ ဝမ်းသာ ပီတိ ဖြစ်မိပါကြောင်း သူက ဆက်ပြောသည်။

“ ဒီပွဲကတော့ တော်တော့ကို ကျေနပ်စရာ ကောင်းတဲ့ ပွဲတပွဲပါ။ ရံပုံငွေ လည်း အတိုင်းအတာတခု အထိ ရခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားရ ကျေနပ်မှုကို အများကြီး ရခဲ့တဲ့ ပွဲတပွဲပါ။ပြီးတော့ ကျနော်တို့ အဆိုတော် တွေကိုယ်တိုင် လက်မှတ်တွေ ရောင်းကြတယ်။ ပစ္စည်း ကရိယာတွေ ပြောင်းတာတို့ စတိတ် စင်ဆောက်တာတို့ကအစ အစကနေ အဆုံးအထိ အားလုံး ဝိုင်းဝန်းပြီးတော့ လုပ်ကြတဲ့ အတွက် အင်မတန် ပျော်ဖို့ ကောင်းပါတယ်။ ပြီးတော့ ကျနော်တို့က ပရိသတ် ၁ထောင်လောက်ပဲ မှန်းထားခဲ့တာပါ။ လူပေါင်း ၂၀၀၀ လောက် လာရောက် အားပေးခဲ့ကြတာကို တွေ့ရလို့ အံ့သြမိသလို ပျော်လည်း အရမ်းပျော်မိပါတယ်။”

စတိတ်ရှိုးပွဲကို စိုင်းဒြား ရခိုင် စည်တော် အဖွဲ့မှ အဖွင့်ရတုနှင့် ဖွင့်လှစ်ခဲ့ပြီး ရခိုင်လူငယ်များက ရခိုင်ယိမ်းဖြင့် တင်ဆက် ဖြေဖျော် ခဲ့ကြသလို ရခိုင် စာရေးဆရာနှင့် ဟာသသရုပ်ဆောင် ဗဂျီးကျော်နှင့် အဖွဲ့မှလည်း အသံတိတ် ပြဇာတ်များကို တင်ဆက် ပြသခဲ့သောကြောင့် ပရိသတ်များက ပိုပြီး စိတ်ကျေနပ်မှု ရရှိသွားကြကြောင်း သွားရောက်အားပေးခဲ့သူ လူငယ်တဦးက ပြောသည်။

ရခိုင်မိုနို အဆိုတော် ဦးမောင်သိန်းကလည်း သူဖြတ်သန်းခဲ့သည့် အနုပညာ သက်တမ်း အနှစ်၂၀ အတွင်းတွင် ယခုကဲ့သို့ အောင်အောင် မြင်မြင်နှင့် စည်းကားသည့်ပွဲမျိုးကို ရခိုင်ပြည်တွင် မကြုံဖူး သေးကြောင်း ပြောသည်။

ဦးဆောင် လှုပ်ရှား ပါဝင်သူ တဦးဖြစ်သူ ရခိုင်သီချင်း ဗွီဒီယိုခွေများကို တည်းဖြတ် ပေးနေသည့် ကိုထွန်းလင်း အောင် (ဒီနွေဦး)ကလည်း အလွန်ပင် စိတ်ကျေနပ်ပြီး ပျော်ရွှင်မိကြောင်း ပြောသည်။

“ကျနော်တို့ ဂီရိမုန်တိုင်းသင့် ပြည်သူတွေ အတွက် ခုလို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တဲ့ အတွက် ဝမ်းသာ ပီတိဖြစ်မိ ပါတယ်။ တဖက်မှာလည်း မုန်တိုင်းသင့်ပြည်တွေကို ငါတို့ တတ်နိုင်သလောက်တော့ ကူညီ နိုင်တော့မယ်ဆိုပြီးတော့ ပိုပြီးပျော်မိပါတယ်။ ပြီးတော့ ပရိသတ်ထဲက ကျေနပ်ပါတယ်ဆိုတဲ့ စကားကိုကြားတိုင်း ကျနော် အခု ထက်ထိတိုင် ဝမ်းသာ မဆုံး ဖြစ်မိပါတယ်။ ဂုဏ်လည်း ဂုဏ်ယူ မိပါတယ်။”

တေးရေး/တေးဆို KB မျိုးမင်းလေးကလည်း စစ်တွေမြို့တွင် တခါမှ မလုပ်ဖူးသေးသော ယခုကဲ့သို့ စည်းကား ပြီး အောင်မြင်သော ပွဲမျိုးကို ဂီရိသင့် ပြည်သူများ အတွက် လုပ်ပေးနိုင်ခဲ့သည့် အတွက် ဝမ်းသာ ပီတိ ဖြစ်မိသလို ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

“တွဲလက်ဂရုဏာ” ရခိုင် စတိတ်ရှိုးပွဲတွင် အဆိုတော် များဖြစ်ကြသော ဦးဖော်ဇံ၊ ဦးမောင်သိန်း၊ မြတ်ခိုင်ကျော်၊ ခိုင်ကျော်လင်း၊ ရွှေဘော်သိန်းနှင့် မောင်ကိုကို၊ တူတူ၊ ဒိုးအ်ရီ၊ ကံထွန်းကြည်၊ မျိုးရခိုင်၊ ခိုင်မင်းဟိန်း၊ ခိုင်မင်းသွီး၊ ရဲလင်းအောင်၊ ဇံမင်းအောင်၊ သျှင်ထွီး၊ သန်းဇော်၊ ဖြိုးမောင်ကြီး၊ ညှာစိမ်းခိုင်၊ စောနှင်းနွယ်၊ ရီလှိုင်းပြာ၊ ငြိမ်းစန္ဒာ၊ ဝတီစိုးမိုး၊ ခိုင်သီတာဦး၊ စန္ဒကူး စသည့် ရခိုင်အဆိုတော် ၂၄ဦးမှ ဖျော်ဖြေခဲ့ကြသည်။

“ ရရှိထားတဲ့ ရံပုံငွေကို မုန်တိုင်းသင့် ပြည်သူတွေကို လှူတန်းဖို့ အတွက်ကတော့ ဘယ်လို ပုံစံမျိုးနဲ့ လုပ်မယ် ဆိုတာကိုတော့ ကျနော်တို့ အနုပညာ ညီအကို မောင်နှမတွေ အစည်းအဝေး တခုလုပ်ပြီး ဆွေးနွေးကြမှာပါ။ ကိုယ်တိုင်းသွား ရောက်ပြီး ကူညီကြမယ်လို့ အရင်က စီစဉ် ထားကြတာတော့ ရှိပါတယ်။ များမကြာမှီ လေဘေးသင့် ပြည်သူတွေဆီ အရောက် ကူညီနိုင်တော့မှာ ဖြစ်ပါတယ် ” ဟု အဆိုတော် တူတူက ပြောသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */