“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, November 24, 2010

“ စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား”

မကြာမီ ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲအပေါ် ကျောင်းသားလူ ငယ်တွေအနေနဲ့ ဘယ်လိုသဘောထားပါသလဲဟု မီဒီယာနှင့် အင်တာဗျူးတစ်ခုမှာ သတင်းထောက် တစ်ဦးက ကျွန်တော့်ကို မေးပါသည်။

“ကျွန်တော်တို့ ပြည်တွင်းမှာ ကြုံတွေ့ နေရတဲ့ မျက်မြင်အခြေအနေအရ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ကျွန်တော်တို့ နိုင်ငံအတွက် ဒီမိုက ရေစီစနစ် ထွန်းကား စေဖို့ အပြောင်းအလဲ တစ်ခုလို့ မမြင်ပါဘူး။ စစ်အစိုးရအနေနဲ့ တကယ်အပြောင်းအလဲ ဖြစ်စေချင်ရင်၊ ဒီမိုကရေစီ စနစ်ဆီကို တကယ်သွားချင်ရင် လုပ်ရမယ့်လုပ်ငန်းစဉ်တွေကတော့ ပထမဆုံးလုပ်ရမှာက နိုဝင်ဘာ (၇) ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက် ပွဲမဟုတ်ပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များနဲ့ စစ်အစိုးရ တာဝန်ရှိသူတွေ တစ်စားပွဲထဲ ထိုင်တွေ့ဆုံဆွေးနွေးပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပြည်သူမကြိုက်တဲ့ အချက်တွေ၊ ဥပမာ အားဖြင့် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် နာမည်စာရင်းနဲ့ ခန့်အပ်တဲ့ စစ်တပ် ကိုယ်စားလှယ် (၂၅%) က လွှတ်တော်အသီး သီးမှာ ပါဝင်တယ်ဆိုတဲ့ အချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေပါ အချက်အချို့ကို ညှိနှိုင်း ပြင်ဆင်ပေးရပါမယ်။ အဲဒီ လုပ်ငန်းစဉ် ပြီးဆုံး ပြီး နောက် မှ (၆) လ သို့မဟုတ် တစ်နှစ်အတွင်းမှာ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပ ပေးသင့်ပါတယ်။ အတိုက်အခံ ခေါင်းဆောင် တွေ အတိုက်အခံ ပါတီ မပါပဲနဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲဆိုတာဟာ ဘယ်လိုမှ အဓိပ္ပါယ် ရှိမလာနိုင်ပါဘူး။ ကိုယ့်ဖဲကိုယ်ချိုးပြီး ကိုယ့်ဟာကိုယ် ပြန်နိုင်အောင် လုပ်နေတဲ့ လုပ်ပွဲကြီးပဲ ဖြစ်လာမှာပါ” လို့ ကျွန်တော် ပြောခဲ့ပါတယ်။
ဒီသဘောထားဟာ ကျွန်တော့် တစ်ယောက်ထဲရဲ့ သဘောထား မဟုတ်ပဲ ယနေ့ မြန်မာနိုင်ငံ စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့၊ ဒီမိုကရေစီစနစ် ထွန်းကားလာဖို့ ကြိုးစားနေကြတဲ့ ကျောင်းသားလူငယ်ထုရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ ဒါဟာ ရှုပ်ထွေး ပွေလီလှတဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေးလမ်းကြောင်းတွေထဲက ကျွန်တော်တို့ ကျောင်းသား လူငယ်ထု လျှောက်လှမ်းနေတဲ့ အရိုးရှင်းဆုံး လမ်းကြောင်းလဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မတိုင်မီ လပိုင်းအတွင်းမှာလဲ ပဲ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတွေက လွှတ်တော်ထဲ ရောက်ရင် ပြည်သူမကြိုက်တဲ့ ဥပဒေတွေကို ပြင်ပေးပါ့မယ်ဆိုတဲ့ အာမခံချက်နဲ့ လူထုဆီက မဲရအောင် စည်းရုံးနေတာကို တွေ့ မြင် ကြားသိ နေရပါတယ်။
ထိုပါတီဝင်များနဲ့ ပါတီ ခေါင်းဆောင်များအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေသေချာချာ နားမလည်၍ပဲလား၊ နားလည်လျက် နှင့် လုပ်လို့ရနိုးဆိုတဲ့ အတွေးနဲ့ လူထုကို ယခုလို ပြောဆို စည်းရုံးနေခြင်းပဲလား ဆိုတာကတော့ ကာယကံရှင်များကိုယ်တိုင်ပဲ သိနိုင်ကြ ပါလိမ့်မည်။ ကျွန်တော် ၀ါရင့်နိုင်ငံရေးသမားကြီးမဟုတ်ပါ။ သို့သော် ဘာကောင်မှ မဟုတ်သည့် ကျွန်တော်၏ ဖြုတ်ဦးနှောက်လေး ကပင် အကယ်၍ ရွေးကောက်ပွဲ ပြီးဆုံးပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေများကို ကြိုတင်သိမြင်နေခဲ့ပြီး ဖြစ်ပါသည်။ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အများဆုံးတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်လောက်အောင် ဘဏ္ဏာရေး အခြေအနေ ကောင်းမွန်သော ကြံ့ဖွတ်ပါတီသည် စစ်အစိုးရ၏ ဥပဒေအရ ယှဉ်ပြိုင်ဖက် မရှိသည့် မဲဆန္ဒနယ်များတွင် မဲတစ်မဲရရှိရုံနှင့်ပင် လွှတ်တော်ထဲ ရောက်လာပါ လိမ့်မည်။

ကာကွယ်ရေး ဦးစီးချုပ်၏ နာမည်စာရင်းဖြင့် တိုက်ရိုက်ခန့် အပ်မည့် စစ်တပ်ကိုယ်စားလှယ် (၂၅%)၊ ၄င်းနောက် စစ်အစိုးရ လက်သပ် မွေးမြူထားသော (၈၈) ကျောင်းသားအတုများနှင့် စစ်တပ်လက်ဝေခံ ဟိုပါတီ၊ ဒီပါတီများ၊ ထိုအဖွဲ့များ အားလုံးပေါင်းလိုက်သောအခါ လွှတ်တော်တစ်ရပ်လုံး၏ (၇၅%) နီးပါး ဖြစ်လာပါလိမ့်မည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခြေခံဥပဒေ အချက်များအား ပြင်ဆင်လိုပါလျှင် လွှတ်တော်တစ်ရပ်လုံး၏ (၇၅%) ကျော် ထောက်ခံမဲရရှိမှ ပြင်ဆင်နိုင်ပါမည်။ မိမိတို့ ကိုယ်မိမိတို့ ဒီမိုကရက်များဟု ခံယူထားသော၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများအနေဖြင့် ပြည်သူမကြိုက်သော ဥပဒေများကို လွှတ်တော်ရောက်လျှင် ပြင်ဆင်၍ရကောင်းရနိုင်သည်ဟု အထင်ရှိပါလျှင် မည်သည့်နည်းဖြင့် ပြင်ဆင်ပေးပါမည်လဲ။ သန်းငါးဆယ်ကျော် မြန်မာပြည်သူများကိုယ်စား ရိုးသားစွာ ကျွန်တော် သိလိုပါသည်။ မိမိတို့ အာဏာရရှိရေးနှင့် မြန်မာပြည်၏ အနာဂါတ်မလဲကြဖို့သာ မေတ္တာရပ်ခံချင်ပါသည်။ လူထုအား လမ်းကြောင်းမှားများ အတွေးအခေါ်မှားများ မပေးသင့်ပါ။ ပြည်သူများအနေဖြင့် ၁၉၈၈ အရေးတော်ပုံကြီးကို ပြန်လည်သတိရကြဖို့ လိုပါသည်။ ဗိုလ်နေ၀င်း၏ မဆလအစိုးရအား လွှတ်တော်ထဲက ဖြုတ်ချနိုင်ခြင်း မဟုတ်ပဲ လမ်းမများပေါ်က ပြည်သူလူထု၏ တောင်းဆိုဆန္ဒပြမှုများကသာ ဖြုတ်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်းကို ပြန်လည်သတိရကြ စေလိုပါသည်။ ပြည်သူ့အား ကို မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အစိုးရကမှ မယှဉ်နိုင်ပါ။
ထို့ကြောင့်မြန်မာပြည်သူများသည် လွတ်တော်တွင်းမှ တဆင့် ပြောင်းလဲပါမည်ဟူသော ပါတီများကို၎င်း၊ ဇာတ်သိမ်းခန်း ကြိုတင် သိမြင်နေရသော၂၀၁၀ ရွေးကောက်ပွဲ တခန်းရပ်ပြဇာတ်ကို၎င်း၊ ၂၀၀၈ စစ်အခြေခံ ဥပဒေကို၎င်း လူထုအုံကြွမှုဖြင့် ဆန့်ကျင် သပိတ်မှောက်သွားကြရန် နည်းလမ်း တလမ်းသာ ရှိပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျောင်းသား လူငယ်ထုက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်နေခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဖြစ်ခြင်းကြောင့်မဟုတ်ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံကို လက်ခံ၍ မရခြင်းကြောင့်သာ ဖြစ်ကြောင်း သဘောပေါက် နားလည်ဖို့ လိုပါသည်။
မည်သို့ပင် ဖြစ်စေ မြန်မာပြည် ရွေးကောက်ပွဲက ပြဿနာပေါင်းစုံ၊ ကန့်ကွက် သံပေါင်းစုံဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ် သည်။ ရွေးကောက်ပွဲဝင်ပါတီများ ကျောချခံရ၍ ဓါးပြမှန်း သိသွားကြပြီ။ ပြည်သူတို့ အလိမ်ခံလိုက် ရကြောင်း သဘောပေါက် သွားကြပြီ။
ဤရွေးကောက်ပွဲရလဒ်ထွက်လာလျှင ကြံ့ဖွတ်ပါတီပဲ နိုင်ပါလိမ့်ဦးမည်။ ကြံ့ဖွတ် ပါတီဦးဆောင်သော စစ်တပ်လက်ဝေခံ ပါတီများပါဝင် သော လွှတ်တော်ပေါ်လာလျှင်လဲ မည့်သို့မျှ ထူးမလာနိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မည်သည့် အခြေအနေမှန်း သေသေချာချာ မသိရသော နိုင်ငံတော်၏ အရေးပေါ် အခြေအ နေတွင် စစ်တပ်အာဏာ သိမ်းခွင့်ကို တရားဝင် ပေးထားပါသည်။ နိုင်ငံတော်တွင် ပြဿနာ တစ်ရပ်ရပ်ကြုံလာ ပါက ဖြေရှင်းမည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာပြန် သိမ်းပါမည်။ ကျေနပ်လောက်အောင် အုပ်ချုပ်အပြီးတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးပါလိမ့်မည်။ ပါတီအများရွေးကောက်ပွဲ ၀င်ကြပါမည်။ ပြည်သူများ မဲပေးကြရပါဦးမည်။ဤသို့ဖြင့် မြန်မာ့နိုင်ငံရေးသည် စစ်အုပ်ချုပ်ရေးယန္တရား သံသရာအတွင်း ရုန်းမထွက်နိုင်ပဲ ရှိနေပါဦးမည်။ အိမ်နီးခြင်း နိုင်ငံများအလည် ဆင်းရဲနိမ့်ကျ နေပါဦးမည်။
ကျွန်တော်တို့ အနေဖြင့် ရွေးကောက်ပွဲ ပြီးစီး ဖြစ်မြောက်ခြင်းနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ကိုခွဲခြား သိမြင်ဖို့ လိုအပ်ပါသည်။ ဤနှစ်ခုကို နိုင်ငံတကာ၏ တုံ့ပြန်ပုံ အဆင့်အတန်းခြင်း မတူညီနိုင်ပါ။ အားလုံး ပါဝင်မှု မရှိသော ရွေးကောက်ပွဲသည် မည်သည့်အခါမှ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ဖြစ်မလာနိုင်ပါ။ အမျိုးသား စည်းလုံးညီညွတ်မှု မရှိသရွေ့ တိုင်းပြည် မတိုးတက်နိုင်ပါ။ နယ်စပ် ဒေသစစ်မီးများ မငြိမ်းနိုင်ပါ။ ဤသဘောတရားများကို လက်ရှိအုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်ကြီးများ သဘောပေါက် လက်ခံစေချင်ပါသည်။ နိုင်ငံတော်၏ လမ်းမများပေါ်တွင် သံဃာ့သွေး၊ ပြည်သူ့သွေး၊ ကျောင်းသားသွေးများ ထပ်မံ မစွန်းထင်းစေချင် တော့ပါ။ ရာဇ၀တ်သားများသာရှိနေသင့်သော ထောင်များအတွင်းတွင် သံဃာများ၊ လူထုခေါင်းဆောင်များ၊ ပညာတတ် နိုင်ငံရေးသမား များ ရှိမနေစေချင်တော့ပါ။ ပြည်သူ့ရင်သွေး ကျောင်းသား လူငယ်များက အမိမြန်မာ ပြည်ကြီး မတရားမှုများ ချုပ်ငြိမ်းသွားပြီး ငြိမ်းချမ်း သာယာစွာ ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြု တင်ပြ ခြင်း ဖြစ်ပါသည်။

နိဂုံးချုပ် အနေဖြင့် ပန်ကြားလိုသည်မှာ စစ်တပ်အကြီးအကဲ ဗိုလ်သန်းရွှေ အနေဖြင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အကောင်အ ထည်ဖော်ပြီး နိုင်ငံတော်နှင့် မြန်မာပြည်သူများအတွက် ခိုင်မာသော လမ်းစဉ်အား ရွေးချယ်ပေးပါရန် ထပ်လောင်း ပြောကြားလိုပါသည်။ တဖတ်သတ် ရွေးကောက်ပွဲကြောင့် ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင်လာပါက သမိုင်းတရားခံအဖြစ် လူထု၏ ဒါဏ်ခတ်ခြင်းကို မလွဲမသွေ ခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ကျောင်းသား လူငယ်ထုက သတိပေး လိုက်သည်။

မင်းသွေးသစ်
၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */