“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 03, 2011

လယ်သမားများ နစ်နာနေမှုကို (ILO) ထံ တိုင်ကြားခဲ့သည့် လယ်သမား အဖမ်းခံနေရ

သတင်း | July 2nd, 2011 | စာရေးသူ - ရိုးမ ၃ (ပေးပို့ သူ-ဗမာ့သွေး)
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၀) မှ ကျေးရွာအုပ်ချုပ်ရေးမှူးများက လယ်သမားများထံမှ သီးစားငွေနှင့် ဘဏ်စာအုပ်ဖိုးငွေ အဓမ္မကောက်ခံနေမှုများနှင့် ပတ်သက်၍ လက်မှတ်ရေးထိုး တိုင်ကြားခဲ့သည့် ဦးမန်းထွန်းအေးကို ဇူလိုင်လ (၁)ရက်နေ့တွင် ကန်ကြီးထောင့် ရဲစခန်းက ဖမ်းဆီးခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း ထိန်တောကြီး၊ အစုကြီး၊ မိချောင်းခေါင်း၊ ပေပင်လေးကျေးရွာအုပ်စုအပါအ၀င် ကျေးရွာအုပ်စု (၈၀) အတွင်း မြို့နယ်အာဏာပိုင်များက ကောက်ခံခိုင်းသည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက သီးစားငွေ တဧကကို (၅၀၀)ကျပ်၊ ဘဏ်စာအုပ် တအုပ်ကို (၃၀၀၀)ကျပ် ကောက်ခံနေမှုကို ဦးမန်းထွန်းအေးက အခုနှစ်မေလ (၂၄)ရက်နေ့က တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ လက်မှတ်ရေးထိုး တိုင်ကြားခဲ့သည်။

အထက်ပါတိုင်ကြားမှုကို သက်ဆိုင်ရာအာဏာပိုင်းများက အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ရန်ကုန်ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ထံ မနေ့က တိုင်းကြားခဲ့ပြီး အပြန်လမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဦးမန်းထွန်းအေး အဖမ်းခံခဲ့ရခြင်းနှင့်ပတ်သက်၍ မျက်မြင်တွေ့သူ ဒေသခံက “မနေ့က ILO ရုံးရှိတဲ့ ရန်ကုန်ကို သွားပြီး ဒီလယ်သမားတွေနစ်နာချက်တွေကို သွားတိုင်တာဗျ။ အဲလိုတိုင်ပြီးအပြန် ညနေ (၆)နာရီခွဲလောက်မှာ ကန်ကြီးထောင့်ရောက်ခါနီးမှာ ကန်ကြီးထောင့်ရဲစခန်းက ရဲအင်အား (၁၅) ယောက်လောက်က ကားပေါ်တက် ဖမ်းသွားတာဗျ” ဟု ပြောသည်။

ဦးမန်းထွန်းအေးကို ရဲများက ဖမ်းဆီးစဉ်တွင် ရန်ကုန် ILO ရုံးကို လိုက်ပို့ပေးသည့် အဖော်ဖြစ်သူ ကိုမြင့်နိုင်ကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများ၏ နောက်ဆုံးအခြေအနေကို ဦးမန်းထွန်းအေးရဲ့ မိသားစုဝင်တဦးက “မန်းထွန်းအေးကို ရန်ကုန်လိုက်ပို့တဲ့ ပုသိမ်က သူ့မိတ်ဆွေ ကိုမြင့်နိုင်တဲ့ သူလည်းအဖမ်းခံရတယ်။ ကန်ကြီးထောင့် ရဲစခန်းမှာဖမ်းပြီး ထားတယ် အဲဒီကနေ ပုသိမ်ထောင်ကို ပို့လိုက်တယ်။


ပုသိမ်ထောင်ရောက်မှ ကိုမြင့်နိုင်ဆိုတဲ့သူက ပြန်လွတ်လာတယ်။ မန်းထွန်းအေးကိုတော့ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ ရာဇ၀တ်မကင်းမြေ ကျော်နင်းမှု ၄၄၇ နဲ့ တရားစွဲမယ်တဲ့ဗျာ။ အဲဒီပုဒ်မနဲ့ ဘာလိုဆွဲသလဲဆိုတော့ ဒီကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ရယ် မြေစာရင်းနဲ့က မန်းထွန်းအေးရဲ့ သီးစားပြေစာတွေကို ခိုးထုတ်သွားတယ်ဗျာ အဲဒါဘယ်သူမှ မသိဘူး မန်းထွန်းအေးက သူ့လယ်သူ စိုက်ဖို့ ပျိုးဖို့ထွန်လည်းထွန်ရော အခုလို တရားစွဲခံရတာဗျ” ဟု ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လယ်သမားများထံမှ ငွေကောက်ခံသည်မှာ မှန်ကန်ကြောင်း ထိန်တောကြီး ကျေးရွာအုပ်စုမှ လယ်သမားတဦးက “သီးစားငွေဆိုပြီး တဧကကို (၅၀၀)နော် ကျနော်တို့ ကျေးရွာအုပ်စုမှာက လယ်ဧက (၂၀၀၀) ကျော်တော့ ငွေ (၁၀) သိန်းကျော်သူတို့ ရတယ်။ ပြီးတော့ နိုင်ငံတော်က စိုက်ပျိုးစရိတ်ထုတ်ပေးတဲ့ လယ်သမားတွေဆိုရင် ဘဏ်စာအုပ်တအုပ်ကို (၃၀၀၀) ကောက်တာအမှန်ပဲ လယ်သမားတွေက ကိုယ့်ပိုက်ဆံ အလကားအယူခံရတာ ဘယ်ကျေနပ်မလဲဗျာ” ဟု ပြောသည်။

အာဏာပိုင်များဘက်မှ ဦးမန်းထွန်းအေးကို တရားစွဲဆိုသည့်အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ သည် ထောင်ဒဏ် (၂) နှစ်နှင့် ငွေဒဏ်ချမှတ်နိုင်ပြီး ရာဇ၀တ်မကင်းမြေ ကျော်နင်းမှု ၄၄၇ သည် ထောင်ဒဏ် (၃) လနှင့် ငွေဒဏ်ချမှတ်ခံရနိုင်သည့် ပုဒ်မများဖြစ်သည်။

ထိုအခြေအနေတွင် ဦးမန်းထွန်းအေး၏ ဇနီးဖြစ်သူကိုလည်း ကျေးရွာအာဏာပိုင်များက လိုက်လံဖမ်းဆီးနေသဖြင့် ရှောင်တိမ်းနေရသည်ဟု ဒေသခံများက ပြောသည်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */