“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, July 23, 2011

မြန်မာနိုင်ငံ အနှံ့အပြား မိုးကြီးသဖြင့် လယ်မြေများ ရေမြုပ်

ခင်ဦးသာ Thursday, 21 July 2011 17:40 (ပေးပို့ သူ ဗမာ့သွေး)
မြန်မာတနိုင်ငံလုံး၌ မိုးအဆက်မပြတ်ရွာသွန်းနေပြီး တိုင်းနှင့်ပြည်နယ် အများအပြား၌ ရေလွှမ်းမှုများ ဖြစ်ပေါ်နေကာ ဒေသတချို့တွင် လယ်မြေများစွာ ရေမြုပ်နေကြောင်း ကြားသိရသည်။
ဧရာဝတီတိုင်းအတွင်း မိုးကြီးမှုကြောင့် ကျုံပျော်မြို့နယ်မှ တာတမံတခုအား ဒေသအာဏာပိုင်များက ဖောက်ချလိုက်ရာ လယ်ဧက ၁ သောင်းဝန်းကျင် ရေမြုပ်သွားခဲ့သည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျုံပျော်မြို့နယ်အတွင်းမှ ခရေကန်အမည်ရှိသော တာတမံအား ဇူလိုင်လ ၆ ရက်နေ့တွင် ပေ ၂၀ ခန့် စတင်ဖောက်ချလိုက်ရာမှ ယခုအခါ ပေ ၁၀၀ ၀န်းကျင် ကျိုးသွားပြီး ကျုံပျော်နှင့်နီးစပ်ရာ မြို့နယ်များ ဖြစ်သော ပန်းတနော်၊ ကျောင်းကုန်း စသည့်မြို့နယ်၊ ကျေးရွာများမှ လယ်မြေများ၊ စပါးခင်းများ၊ ငါးကန်များ ရေလွှမ်း ခံလိုက်ရသည်ဟု ကျုံပျော်ဒေသခံ တဦးက ရှင်းပြသည်။

ဒေသအာဏာပိုင်များ၏ လုပ်ရပ်အား ဧရာဝတီတိုင်းဝန်ကြီးချုပ်ထံ တိုင်ကြားခဲ့ရာ ၀န်ကြီးချုပ်၏ အမိန့်ဖြင့် ဇူလိုင် ၁၆ ရက်နေ့မှစ၍ ကျိုးသွားသည့် တာတမံ ပြန်လည်တည်ဆောက်ရေးအတွက် ဒေသခံများအား မလိုက်မနေရ လုပ်အားပေးခေါ်ယူနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကျိုးသွားသည့် တာတမံကို ပြန်လည်ပိတ်ဆို့ရန် အတွက်ဟုဆိုကာ ဒေသခံများထံမှ အိမ်ထောင်စု တစုလျှင် ကျပ် ၅၀၀ စီ ကောက်ခံကြောင်းလည်း သိရသည်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာ ၄၀ ကျော်လည်း ယခုတပတ်အတွင်း မိုးကြီးမှုကြောင့် ရေမြုပ်ခဲ့ကြောင်း၊ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း အိမ်ခြေ ၁၀ လုံးခန့် ပျက်စီးခဲ့ကြောင်း၊ စပါးခင်းများအထက် ၅ ပေအထိ ရေနစ်မြုပ်နေပြီး ကျောင်းများပိတ်ထားရကြောင်း ကမ္ဘာ့ကုသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က သတင်း ထုတ်ပြန် ထားသည်။

ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် တို့၌ မိုးများအဆက်မပြတ် ရွာသွန်းနေပြီး မိုးရေချိန် စံချိန်သစ်များဖြစ်ပေါ်နေကြောင်း၊ ဘင်္ဂလားပင်လယ်ပြင်၌လည်း မုတ်သုန်လေ အလွန်အင်အားကောင်းနေကြောင်း ဖော်ပြထားသည်။

စံချိန်သစ်တင်သည့် မိုးရေချိန်များမှာ ရခိုင်ပြည်နယ် ဂွမြို့၌ ၁၃ ဒသမ ၀၇ လက္မ၊ ဧရာဝတီတိုင်း၊ ဟင်္သာတ( တံခွန်တိုင်)မြို့၌ ၉ ဒသမ ၁၂ လက္မ၊ ငသိုင်းချောင်းမြို့တွင် ၈ ဒသမ ၈၆ လက္မ၊ မောင်းတောမြို့တွင် ၈ ဒသမ ၁၁ လက္မတို့ ဖြစ်ကြောင်း ရေးသားထားသည်။

ရခိုင်ပြည်နယ်အတွင်းမှ တောင်ကုတ်၊ ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဂွ စသည့်မြို့နယ်များ၏ ရပ်ကွက် ကျေးရွာ တချို့၌လည်း ယနေ့အထိ ရေကြီး၊ ရေမြုပ်နေခြင်းကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း ရခိုင်ဒေသခံ များက ပြောသည်။

တောင်ကုတ်မြို့၌ ယနေ့ နံက် ၄ နာရီခန့်မှစတင်ကာ မြို့ပေါ်ရပ်ကွက်အများအပြား ရေမြုပ်နေပြီး ရခိုင်ရိုးမတောင်ခြေရင်းရှိ တောင်ကုတ်မြို့နယ်အတွင်းမှ ကျေးရွာများရှိ နေအိမ်တချို့မှာ တောင်ကျရေ ပြင်းထန်သောကြောင့် ပျက်စီးသွားသည်ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။

ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာတွင် မြန်မာတနိုင်ငံလုံး၌ အမြင့်ဆုံးသော မိုးရေချိန် ၁၃ ဒသမ ၀၇ လက္မဖြင့် ရွာသွန်းခဲ့သည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ရွာ ၁၀ ရွာခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်းဖော်ပြထားသည်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ မရှိသေးဟုလည်း ဂွမြို့ဒေသခံတချို့၏ အဆိုအရ သိရသည်။

မြောက်ဦးမြို့၏ မြို့ပေါ်မှဆင်ခြေဖုံးရပ်ကွက်များနှင့်မြို့နှင့်အနီးတ၀ိုက်မှ ကျေးရွာများသည် ရွာလုံးကျွတ်နီးပါး ရေမြုပ်နေ ဆဲဖြစ်ပြီး အစားအသောက်နှင့် အ၀တ်အထည်များ၊ ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု မြောက်ဦးမြို့မှ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) ၀င်တဦးက ဆိုသည်။

“ရပ်ကွက် ၄ ခုလောက်နဲ့ မြို့နားက ရွာ ၁၀ ရွာလောက်ရေမြုပ်နေပါတယ်။ မိုးလည်း အဆက်မပြတ်ရွာနေတုန်းပါ” ဟု ၎င်းကဆိုသည်။

မြို့အနီးရှိ ရတနာပုံ၊ သက်တော်ရှည်၊ ရတနာ့မာန်အောင် စသည့် ရပ်ကွက်၊ ကျေးရွာ အနီးတွင် ရေမြုပ်နေပြီး နာမည်ကြီး ရှေးဟောင်းဘုရား၊ စေတီတချို့လည်း ပြိုကျသွားနိုင်ခြေရှိကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ယနေ့ နေ့လယ်တွင် ဒေသခံလူငယ်များ စုပေါင်း၍ မြောက်ဦးမြို့ပေါ်ရှိ ရေမမြုပ်သော ရပ်ကွက်များ၌ လိုက်လံအလှုခံကာ ရေမြုပ်နေသော ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများလိုအပ်နေသော အကူအညီများပေးရန် လုပ်ဆောင်နေသည်ဟု မြောက်ဦးမြို့ခံ RNDPပါတီဝင် က ပြောသည်။

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အပြင် ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့၌လည်း ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ မိုးအဆက် မပြတ်ရွာ သွန်းခဲ့ပြီး ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ကြား မြစ်ချောင်းတလျှောက်ရှိ စပါး စိုက်ပျိုးထားသည့် လယ်မြေဧက ထောင်ပေါင်းများစွာ ပျက်စီးသွားကြောင်း မွန်ဒေသခံများက ၎င်းတို့ပါတီထံ အကြောင်းကြားလာသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

“မွန်ပြည်နယ်ရဲ့ မြို့နယ်အားလုံးနီးပါးက စပါးခင်းတွေ ရေမြုပ်သွားပြီ။ အစက ပြန်စိုက်ဖို့လည်း အချိန်မမီတော့တဲ့အတွက် မွန်ပြည်သူတွေဟာ လာမယ့်နှစ်အတွင်း ဆန်ရှားပါးမှုနဲ့ ကြုံရနိုင်တယ်” ဟု သူက ဆိုသည်။

မြစ်ချောင်းများနှင့် နီးစပ်သည့်ဒေသမှ လယ်မြေများသည် အလွယ်တကူ ရေကျသွားနိုင်ခြေရှိသော်လည်း ကုန်းတွင်းကျသည့် လယ်မြေဧကများ ရေမြုပ်နေသည်မှာ ၂ ပတ်ခန့်ရှိပြီဟု ၎င်းက ရှင်းပြသည်။

မိုးရေချိန်များခြင်းအပြင် ရေစီးနေသော မြစ်ချောင်းများ အကြောင်းအမျိုးမျိုးကြောင့် တိမ်ကောမှု မြန်ဆန်လာကာ ရေစီးရေလာ မရှိတော့သည့်အတွက် လူနေရပ်ကွက်၊ ကျေးရွာများ ရေမြုပ်လာခြင်းဖြစ်သည်ဟု ရခိုင်ကမ်းရိုးတန်းဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင် တဦးက ဧရာဝတီကို ပြောသည်။

ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ င၀န်မြစ် တို့၏ မြစ်ရေများသည် စိုးရိမ်ရေမှတ်အထိ ရောက်ရှိနိုင်ကြောင်းလည်း မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်ကလည်း ဇူလိုင် ၁၇ ရက်နေ့ ညနေ ၄ နာရီမှစ၍ ၉၆ နာရီအတွင်း မြစ်ဝကျွန်းပေါ် ကမ်းရိုးတမ်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရာသီဥတု ဆိုးရွားခြင်းနှင့်အတူ လေနှင့် လှိုင်းအန္တရာယ်ကို အထူးသတိထားရမည်ဟု ၎င်း၏ ဝက်ဘက်ဆိုက်တွင် ရေးသားထားသည်။




Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */