“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, July 28, 2011

၁ ဒေါ်လာ ၆ ကျပ်သာရှိသော ငွေလဲနှုန်း ပြင်မည်

ဧရာဝတီ Tuesday, 26 July 2011 17:59 (ပေးပို့ သူ ဗမာ့သွေး)
အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ်နှုန်း သတ်မှတ်ထားသော ငွေလဲနှုန်းကို တရားဝင် ပြင်ဆင်သတ်မှတ်ပြောင်းလဲ သွားမည်ဟု မြန်မာအစိုးရသစ် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန ၀န်ကြီး ဦးလှထွန်းက ပြောဆိုလိုက်သည်။



နေပြည်တော်တွင် ဇူလိုင်လ ၂၂ ရက်နေ့က ကျင်းပပြုလုပ်သော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဘဏ်များ ကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံဘဏ်များ အသင်းအမှုဆောင်အဖွဲ့၏ အကြိမ် ၁၃၀ မြောက် အစည်းအဝေးတွင် ဦးလှထွန်းက ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြပါရှိသည်။

“နိုင်ငံခြားငွေကြေး လဲလှယ်ရောင်းဝယ်ရာမှာ မိမိနိုင်ငံအတွက် အကျိုးရှိပြီးတည်ငြိမ်တဲ့ ငွေလဲလှယ်နှုန်း သတ်မှတ် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်” ဟု ဦးလှထွန်းက ပြောသည်။

ငွေလဲလှယ်နှုန်း ပြောင်းလဲပြင်ဆင် သတ်မှတ်ရေးနှင့်ပတ်သက်ပြီး အစိုးရက ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အမြင်များတောင်းခံခဲ့သည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် တဦးကဆိုသည်။

“အခုနောက်ပိုင်း အစိုးရဘက်က တခုခုလုပ်တော့မယ်ဆိုရင် စီးပွားရေးသမားတွေနဲ့ ကုန်သည်တွေကို အစည်းအဝေးခေါ်ပြီး အကြံဥာဏ် တောင်းတာတွေ လုပ်တယ်။ အခွန်ကိစ္စ၊ ငွေလဲနှုန်းကိစ္စနဲ့ တခြား မူဝါဒဆိုင်ရာ ကိစ္စတွေမှာ ကုန်သည်တွေရဲ့ အမြင် ဘယ်လိုရှိသလဲဆိုတာတွေ ထည့်တွက်လာတယ်။ ဒါပေမယ့် အမြင်တောင်းနေရုံ၊ အကြံဉာဏ် တောင်းရုံနဲ့တော့ မပြီးဘူး။ ဒီအမြင်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့လည်း လိုပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ လုပ်ငန်းရှင်တဦးကလည်း အစိုးရက ငွေလဲနှုန်း ပြင်ဆင်သတ်မှတ်မည် ဆိုပါက အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၀၀ နှင့် ၁၀၀၀ ကြားတွင် ပြောင်းလဲပြင်ဆင် သတ်မှတ်သင့်သည်ဟု သက်ဆိုင်ရာအစိုးရ အာဏာပိုင်များထံ တင်ပြထားကြောင်း ပြောသည်။

“အစိုးရဘက်က ဘယ်လိုသတ်မှတ်မလဲတော့ မသိဘူး။ ရေထွက်လုပ်ငန်းရှင်တွေ ဘက်ကတော့ ငွေလဲနှုန်းက ၁ ဒေါ်လာကို ၉၀၀ နဲ့ ၁၀၀၀ ကြားမှာရှိသင့်တယ်လို့ အစည်းအဝေးတိုင်း၊ အလုပ်ရုံဆွေးနွေးပွဲတိုင်းမှာ ထည့်ပြောတယ်။ ဈေးကွက် ပေါက်ဈေး အတိုင်း သတ်မှတ်ရုံနဲ့တော့ ရေထွက်လုပ်ငန်းတွေ ဘယ်လိုမှ နာလန်ထူနိုင်ဦးမယ် မထင်ဘူး” ဟု ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့နေသူ လုပ်ငန်းရှင်တဦးက ဆိုသည်။

ငွေလဲနှုန်း ပြင်ဆင်သတ်မှတ်မည် ဖြစ်သော်လည်း FEC ဖျက်သိမ်းမည့် အလားအလာရှိ၊ မရှိ၊ လူတိုင်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ပြု၊ မပြုဆိုသော အချက်များကိုမူ ရေရာစွာ မသိရှိရသေးကြောင်း UMFCCI အမှုဆောင်တဦးက ဆိုသည်။

“အခုကြားနေရတဲ့ သတင်းတွေအရတော့ ငွေလဲနှုန်း တရားဝင် ပြောင်းလဲ သတ်မှတ်ပြီးရင် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့်ကို ပုဂ္ဂလိက ဘဏ်တွေကို လုပ်ပိုင်ခွင့်ပေးမယ် လို့တော့ ကြားတယ်” ဟု ၎င်းက ပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်တဦးကမူ အစိုးရအနေဖြင့် ငွေလဲနှုန်းကို တရားဝင်ပြောင်းလဲ သတ်မှတ်ပြီးပါက ပို့ကုန်၊ သွင်းကုန်ခွန်များ ယာယီကင်းလွတ်ခွင့် ပေးခြင်း၊ ဘဏ်တိုးနှုန်းများ လျှော့ချခြင်းနှင့် မူဝါဒပိုင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပိုမိုလျှင်မြန် သွက်လက်စေရန် ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်မှသာလျှင် နိုင်ငံစီးပွားရေး ပြန်လည် လည်ပတ်နိုင်မည် ဖြစ်ကြောင်း ပြောသည်။

“ငွေလဲနှုန်း တရားဝင်ပြောင်းလဲ သတ်မှတ်ပြီးရင် အခွန်ကင်းလွတ်ခွင့်၊ ဘဏ်တိုးနှုန်း လျှော့တာတွေ လုပ်ရမယ့်အပြင် မူးယစ်ဆေးဝါး ရောင်းလို့ရရာက ၀င်လာနိုင်မယ့် ငွေမည်းတွေကို ထိန်းချုပ်ဖို့လည်း လုပ်ရမယ်။ ဆိုလိုတာက တရားဥပဒေစိုးမိုးရေး ဆက်လုပ်ရမယ်၊ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေ၊ မူးယစ် ဆေးဝါးရောင်းဝယ်ရာမှာ ကိုယ်တိုင်မဟုတ်ပေမယ့် လာဘ်ငွေ ယူပြီး မသိချင်ယောင်ဆောင်နေတဲ့ အာဏာပိုင်တွေကို အရေးယူတာမျိုးတွေ လုပ်ရမယ်။ ဒါမှ ပြည်တွင်းငွေကြေး ဈေးကွက်ငြိမ်မယ်” ဟု ထိုပညာရှင်က ဆိုသည်။

အစိုးရသည် ဇူလိုင်လ ၁ ရက်နေ့မှစပြီး ပို့ကုန်များအပေါ် ကောက်ခံလျက်ရှိသော အခွန် ၁၀ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သော်လည်း ယနေ့အချိန်အထိ မြန်မာ့ပို့ကုန်တင်ပို့မှု တိုးတက်မလာဘဲ ဆက်လက်လျှော့ကျကာ ရုန်းကန်နေရဆဲ ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောဆိုကြသည်။

အစိုးရက တရားဝင်သတ်မှတ်ထားသော ငွေလဲနှုန်းသည် တဒေါ်လာ မြန်မာငွေ ၆ ကျပ်နှုန်းဖြစ်ပြီး ဈေးကွက်တွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်းမှာ ၁ ဒေါ်လာလျှင် မြန်မာငွေ ၇၉၀ ကျပ် ၀န်းကျင်ရှိသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */