“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 27, 2011

“သေချာရေရာမှုဘာမှမရှိတဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲကိုအဖြေရှာတွက်စစ်ကြည့်လေသော်…”


မောင်ချင့်ချိန်

၂၀၁၁ခု ၊ဇူလိုင်လ ( ၂၅) ရက်နေ့က NLD ပါတီရဲ့အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့စစ်အုပ်စုရဲ့ကိုယ်စားလှယ် အလုပ်သမား​ဝန်ကြီး​ဌာနဝန်ကြီး​ ဦး​အောင်ကြည်တို့ တွေ့ဆုံဆွေးနွေးကြပြန်လေပြီတဲ့၊ စစ်ယူနီဖေါင်းချွတ်တွေ ၊ ကြံ့ဖွတ်တွေနဲ့ စစ်အုပ်စုရဲ့အယောင်ဆောင် အရပ်သားအစိုးရ လက်ထက်မှာ ပထမဆုံးတွေ့ဆုံဆွေးနွေးမှုပါပဲ ၊ဒီတွေဆုံဆွေးနွေးမှုကို ကုလ သမဂ္ဂနဲ့တချို့အဖွဲ့အစည်းတွေက အမျိုးသားပြန်လည်သင့်မြတ်ရေးအ တွက် အလားအလာကောင်းလို့ မျှော်လင့်ကြိုဆိုကြပေမဲ့ တကယ်တန်းမှာတော့ ပြည်သူတွေရဲ့အနာဂတ်နဲ့ပြည်တွင်းငြိမ်းချမ်းရေးအတွက် သေချာရေရာ မှု ဘာမှမရှိသေးတာတွေ့ရပါတယ် ။

ဘာကြောင့် စစ်အုပ်စုဖန်တီးလိုက်တဲ့ ဟန်ပြတွေ့ဆုံဆွေးနွေးပွဲတခုသာဖြစ်တယ်လို့ပြောရလဲဆိုတော့ပြည်ထောင်စုအစိုးရအမည်ခံ စစ်အုပ်စုမှာ အမျိုး သားပြန်လည်သင့်မြတ်ရေးကိုလိုလားတဲ့သဘောထားမရှိဘူးဆိုတာ လက်တွေ့သိမြင်နေရလို့ပါပဲ ။



(၁)နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်မပေးတဲ့အပြင်မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ ပြောင်ငြင်းဆိုထားတာ ။

(၂) ကရင် ၊ ကချင် ၊ ရှမ်း စတဲ့တိုင်းရင်းသားဒေသတွေမှာထိုးစစ်ကြီးတွေဆင်နွှဲပြီး ပြည်တွင်းစစ်မီးကိုအရှိန်မြှင့်နေတာ ။

(၃)မကြာသေးခင်(တစ်လတောင်မပြည့်သေးတဲ့ ဇွန်လ၂၈ ရက်နေ့)က စစ်အုပ်စုရဲ့သတင်းစာတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအရပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ငြိစွန်းနိုင်ကြောင်းပြည်ထဲရေးဝန်ကြီး ဌာန ကနေ ဦးအောင်ရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပေးစာအဖြစ် ဖေါ်ပြပြီးခြိမ်းခြောက်ဖိအားပေးမှုလုပ်တာနဲ့မန္တလေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်း ရုံး ဆိုင်းဘုတ်တင်တာကိုပြန်ဖြုတ်ချဖို့ခြိမ်းခြောက်ခဲ့တာ ။

(၄)ဂျာနယ်နဲ့မဂ္ဂဇင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့အကြောင်းအရာတွေဖေါ်ပြခွင့်ကို ပိတ်ပင်လိုက်၊ ခွင့်ပြုလိုက်အမျိုးမျိုးလုပ်တာနဲ့ ဒေါ်စုကို သာမန်ပြည်သူတယောက်လိုပဲသဘောထားပါတယ်လို့ ဒုတိယသမ္မတတင်အောင်မြင့်ဦးကိုယ်တိုင်ကအမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းနဲ့တွေ့ဆုံ စဉ်မှာတရားဝင်ပြောခဲ့တာ ။

(၅)နအဖအမည်နဲ့စစ်အုပ်စုလက်ထက်မှာဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်ကိုခန့်အပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့၉ကြိမ်တွေ့ဆုံဆွေး နွေးစေခဲ့တဲ့အကြောင်းအရာတွေကို ထုတ်ပြန်ကြေငြာမှုမလုပ်ခဲ့သလိုအရပ်သားအစိုးရအမည်ခံ အစိုးရသစ်အနေနဲ့ ဦးအောင်ကြည်ကိုပဲ ဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုတာဝန်လွှဲအပ်သွားမှာဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ကြေငြာမှုမရှိတာ ။

(၆)အမျိုးသားညီလာခံကို၁၅နှစ်ကြာအောင်လုပ်ခဲ့သလိုမျိုး ၊ သင့်တော်တဲ့အချိန်မှာနောက်တစ်ကြိမ်ပြန်တွေ့ကြမယ်ဆိုတာသာရှိပြီး ဆွေးနွေးကြရမဲ့ အကြောင်းအရာနဲ့အချိန်ကာလတိကျရေရာစွာ သတ်မှတ်မှုမရှိတာ ။

(၇)မုဒိန်းကျင့်၊ ပေါ်တာဆွဲ ၊ အဓမ္မစစ်သားစု ၊ လုပ်အားပေးခိုင်းစေဆိုတာမျိုးလက်နက်ပြခြိမ်းခြောက်အနိုင်ကျင့်မှုမျိုးစုံ ဆက်ကျူးလွန်နေတာ။

စတဲ့အချက်တွေကိုကြည့်ရင် စစ်အုပ်စုရဲ့သဘောထားအမှန်ကို သိမြင်နိုင်ပါတယ် ။



ဒါဆိုရင် စစ်အုပ်စုရဲ့ကိုယ်စားလှယ်ဦးအောင်ကြည်က(၁၈)လကျော်ကြာဆွေးနွေးမှုတွေပြတ်တောက်နေခဲ့ပြီးမှ အစိုးရသစ်ရဲ့ကိုယ်စားလှယ်အဖြစ်ဒေါ် အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ကောက်ခါငင်ကာတွေ့ခဲ့တာလဲ ၊ ရှင်းပါတယ် ၊ စစ်အုပ်စုအနေနဲ့အရပ်သားအစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ဆံ့အောင်လို့ ၊ ပြီးတော့လတ်တလောလိုအပ်ချက်ဖြစ်နေတဲ့ အာဆီယံဥက္ကဌနေ ရာအတွက် နိုင်ငံတကာအစိုးရတွေရဲ့ထောက်ခံချက်တွေရဖို့နိုင်ငံရေး ကစားကွက်တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့တာပဲဖြစ်ပါတယ် ။

မေလထဲမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ၂၀၁၄ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာစစ်အုပ်စုက အဆိုပြုတဲ့ကိစ္စကို လူ့အခွင့်အရေးအဖွဲ့တွေက ၀ိုင်းပြီးကန့်ကွက်ခဲ့ကြပါတယ် ၊ သမ္မတအိုဘားမားနဲ့ အမေရိကန်အစိုးရကလည်းမြန်မာအစိုးရရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီပြောင်းလဲ ရေး ဆောင်ရွက်ချက်ညံ့ဖျင်းမှုတွေကြောင့်မြန်မာနိုင်ငံသာ အာဆီယံဥက္ကဋ္ဌနေရာရခဲ့ရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့လက်တွဲအလုပ်လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့သလို စစ်ယူနီဖေါင်းဝတ်၂၅%နဲ့စစ်ယူနီဖေါင်းချွတ်ပြထားတဲ့ပုဂ္ဂိုလ်တွေချယ်လှယ်နေတဲ့ ကြံ့ဖွတ်အစိုးရသစ်ကို အာဆီယံ ဥက္ကဌရာထူးမပေးသင့်ဘူးလို့မြန်မာ့အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC)ကလည်း အာဆီယံခေါင်းဆောင်တွေကို အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင်အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူးဆိုတာက နိုင်ငံတကာအစိုးရတွေရဲ့သဘောထားတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ဒီမိုကရေစီဖော်ဆောင်ရေး အလားအလာကိုကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်ဒေါက်တာဆူရင်ပစ်ဆူဝန်ကပြောကြားခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကလည်း မြန်မာနိုင်ငံ အနေနဲ့ နိုငိငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ၊အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့၊ မြောက်ကိုရီးယားနဲ့နြူကလီးယားဆိုင်ရာဆက်နွယ်မှု အပေါ်နိုင်ငံတကာကစိုးရိမ်မကင်းဖြစ်ရတာတွေကိုဖြေရှင်းဖို့လိုတယ် ၊အဲဒါတွေဆောင်ရွက်ဖို့ငြင်းဆန်နေမယ်ဆိုရင် အာဆီယံအဖွဲ့ရဲ့စည်းလုံးညီညွတ်မှုကို ထိ ခိုက်စေလိမ့်မယ်လို့အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာပြောကြားခဲ့ပါတယ် ။

စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရဲ့ အဲဒီလိုဖိအားပေးမှုတွေကိုလျှော့ချဖို့ လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့နည်းနဲ့ နိုင်ငံတကာကတောင်းဆိုနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ဆွေးနွေးသယောင်ပြတဲ့ နည်း ဆိုတာမျိုးကစားကွက်တွေနဲ့ ကြိုးစားခဲ့တာဖြစ်ပါတယ် ။

လက်ရှိအာဆီယံတာဝန်ရှိသူတွေကြားမှာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုယူတည်ဆောက်တဲ့နည်း၊ တနည်းအားဖြင့်မျက်နှာချိုသွေးဖားတဲ့နည်းကို နိုင်ငံတော်သမ္မတ အမည်ခံထားတဲ့ဦးသိန်းစိန်ကိုယ်တိုင်သွားရောက်ဆောင်ရွက်ခဲ့တာတွေတွေ့ရပါတယ် ၊ စစ်အုပ်စုအနေနဲ့ကိုယ့်နိုင်ငံရဲ့အထွဋ်အမြတ်အာဇာနည်နေ့ကို မြို့ တော်ဝန်လောက်နဲ့တင် ပြီးပြီးရောဝတ်ကျေတန်းကျေလုပ်ခဲ့ပေမဲ့ လက်ရှိအာဆီယံဥက္ကဌ မာတီနာတာလေဂါဝါကအင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဆိုတော့သမ္မတကြီးအမည်ခံဦးသိန်းစိန်ကိုယ်တိုင် အင်ဒိုနီးရှားနိုင်ငံသူရဲကောင်းဗိမ္မာန်ကိုတလေးတစားသွားဂါရဝပြုခဲ့တာမျိုးတွေဟာ စစ်အုပ်စုရဲ့မာယာ တွေထဲက နည်းလမ်းတခုဆိုတာမြင်သိနိုင်ပါတယ် ။

နိုင်ငံတကာကတောင်းဆိုနေတဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီးဆွေးနွေးသယောင်ပြတဲ့နည်းဆိုတဲ့ အပိုင်းက တော်တော်အရေးကြီးပါတယ် ၊ စစ်အုပ်စုဟာသူ့အတွက်နိုင်ငံရေးအကြပ်အတည်းတွေကြုံလာမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်ဆိုတာမျိုးလုပ်ခဲ့တာပဲဖြစ်ပါတယ် ၊ စစ်အုပ်စုအနေနဲ့ ဦးအောင်ကြည်ကိုဆက်ဆံရေးဝန်ကြီးခန့်အပ်ပြီး ဒေါ်စုနဲ့ပထမဆုံးစတင်ဆွေးနွေးဖို့စီစဉ်ခဲ့တာ ၂၀၀၇ခုနှစ်၊အောက်တိုဘာလ၊ ၂၅ ရက်နေ့ဖြစ်ပါတယ် ၊ စက်တင်ဘာလ ၂၇ ရက်နေ့က ဂျပန်သတင်းထောက်ခန်းဂျိနာဂအိကိုပစ်သတ်ခဲ့မှု ၊ ရဟန်းသံဃာတော်တွေ မေတ္တာပို့စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြတဲ့ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ရိုက်နှက်ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပြင်းထန်နေတဲ့နိုင်ငံ တကာဖိအားတွေကို ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီဆိုပြီးအရှိန်လျော့လမ်းလွဲစေခဲ့တာပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးနေပါတယ်ဆိုတဲ့ ကာလတွေထဲမှာပဲ ဒေါ်စုရဲ့နေအိမ်အကျယ်ချုပ်သက်တမ်းကိုထပ်တိုးခဲ့သလိုအင်းလျားကန်ကိုရေကူး ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဂျွန်ယက်တောကိုလက်ခံခဲ့မှုနဲ့လည်းဒေါ်စုကိုရုံးတင်တရားစွဲ ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ် ၊ ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁၅ရက်နေ့မှာ ၉ ကြိမ်မြောက်အဖြစ် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တဘက်သတ်ဖိနှိပ်အနိုင်ကျင့်မှုတွေကလွဲရင်ဘယ်လိုဆွေးနွေးမှုရလာဒ်မျိုးမှ မရှိခဲ့ပါဘူး ။

စစ်အုပ်စုဟာဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး ထွက်ပေါက်ရှာတဲ့နည်းကို ၂၀၁၀ ခုနှစ်နိုဝင်ဘာလထဲမှာလည်း လုပ်ခဲ့ပါသေးတယ် ၊ မဲလိမ်မဲခိုး တဘက်သတ်အစီအစဉ်တွေနဲ့ကျင်းပခဲ့တဲ့ရွေးကောက်ပွဲရဲ့မသမာမှုတွေကိုဖေါ်ထုတ်ဖို့ နိုင်ငံတကာကစိတ်ဝင်စားနေချိန် ၊ငြိမ်းချမ်းရေးအဖွဲ့အဖြစ် နှစ်ပေါင်းများစွာအပစ်ရပ်အတူယှဉ်တွဲနေထိုင်လုပ်ကိုင်ခဲ့တဲ့ DKBAတပ်တွေကနယ်ခြားစောင့်တပ်ဖွဲ့ရေးကိုငြင်းဆန်ပြီး မြဝတီမြို့သိမ်းတိုက်ပွဲနဲ့ ဆန့်ကျင် တွန်းလှန်မှုတွေပြန်စတင်ခဲ့လို့လက်နက်ကိုင်တော်လှန်ရေးကို အာရုံစိုက်လာကြချိန် ၊ မတရားတဲ့ရွေးကောက်ပွဲနဲ့ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေရဲ့ဆန့်ကျင်အုံကြွမှုတွေဖြစ်ဖို့ တာဆူလာနေတဲ့အချိန် ၊အဲဒီလိုနိုင်ငံရေးအကျပ်အတည်းတွေအများကြီးရှိလာတဲ့ အချိန်မှာ လွတ်ရက်စေ့လို့လွှတ်လိုက်ပါပြီဆိုပြီးဒေါ်စုကိုလွှတ်ပေးလိုက်တာ၊ လမ်းပိတ်ဆို့စေတဲ့အထိဒေါ်စုမိန့်ခွန်းပြောတာကိုတောင်ခွင့်ပြုပေးလိုက်တာ တွေဟာ အာရုံလွှဲဖို့ဖန်တီးလိုက်တဲ့ ကစားကွက်တွေသာဖြစ်ပါတယ် ။

ခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီးအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးသယောင်ပြတဲ့နည်းနဲ့ နောက်ထပ်ကစားကွက်တခုကိုဖန်တီးလိုက်တာပါပဲ ၊ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်လိုအမြင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာလဲ၊ ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့လား ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်အတိုက်အခံတွေကို ကိုယ်စားပြုခေါင်းဆောင်တယောက် အနေနဲ့လား ၊ ဒါမှမဟုတ်ကမ္ဘာ့အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လုပ်နေလို့ ပြဿနာအေးပြီးရော “ဆွေးနွေးပါတယ်” လို့ သရုပ်ပြယုံလားဆိုတာ ကျနော်တို့တွက်စစ်ကြည့်ဖို့လိုပါတယ်။

စစ်အုပ်စုဟာ ၁၉၉၀ရွေးကောက်ပွဲကိုအလေးမထားခဲ့သလို NLD ပါတီကိုလည်းအလေးမထားခဲ့ပါဘူး ၊ ပြီးတော့ NLD ရဲ့ကိုယ်စားလှယ်အဖြစ်ဆွေးနွေး ချင်သပဆိုရင်လည်း ဥက္ကဌ ဦးအောင်ရွှေ ၊ ဒုဥက္ကဌဦးတင်ဦးတို့နဲ့ဆွေးနွေးရင်လည်း ရနေတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ရွေး ကောက်ပွဲအနိုင်ရ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုးတယောက်အနေနဲ့NLDကိုကိုယ်စားပြုဆွေးနွေးလိုတာမျိုး မဟုတ်ပါဘူး ၊ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကိုမဆိုထားနဲ့ တိုင်းရင်းသားတွေပြည်တွင်းအဖွဲ့အစည်းတွေကိုတောင် တပေါင်းတစည်းထဲမတည်ဆောက် နိုင်သေးတဲ့အတွက်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေဘက်က ကိုယ်စားပြုခေါင်းဆောင်တယောက်အနေနဲ့ဆွေးနွေးဖို့ဆိုတာ လည်း ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး ၊ ဒီတော့ ပြဿနာအေးပြီးရော“ဆွေးနွေးပါတယ်” လို့ ကမ္ဘာ့အသိုင်းအဝိုင်းကို သရုပ်ပြယုံသာသဘောထားခဲ့ပြီး ဝတ်ကျေတန်းကျေဆွေးနွေးမှုအဖြစ် NLD ပါတီကိုတရားဝင်မှတ်ပုံတင်ဖို့ ၊ တည်ဆဲဥပဒေတွေအရပဲလှုတ်ရှားသွားလာဆောင်ရွက်ဖို့ ၊ လက်ရှိအာဏာရအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့တွေပြောကြားမှာဖြစ်ပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကရော ၊ဦးအောင်ကြည်ဆီကနှုတ်ထွက်စကား (ဆွေးနွေးချက်)ဆိုတာတွေက လက်ရှိအာဏာပိုင်တွေကိုဘယ်လောက် ကိုယ်စားပြုတယ်ဆိုတာ ဘယ်လိုအာမခံချက်တွေရရှိခဲ့ပါပြီလဲ ၊ တိုးတက်မှုတွေရှိလာတယ်လို့နှစ်ဦးသဘောတူထုတ်ပြန်ကြေငြာချက်တောင်ထွက်ခဲ့ပြီးပြီ ဆိုတော့ ဘာရလာဒ်တွေရခဲ့ပြီလဲ၊ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဘာကိုကိုယ်စားပြုဆွေးနွေးခဲ့ပါသလဲ ၊ NLD ပါတီရဲ့ အထွေထွေအတွင်းရေးမှုး အဖြစ်နဲ့ပဲဆွေးနွေးခဲ့တာလား ၊ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်စားပြုပါသလား ၊စစ်ပွဲတွေဖြစ်နေတဲ့ဒေသတွေကပြည်သူတွေကို ကိုယ်စားပြုပါသလား ၊ အတိုက်အခံပါတီတွေ ၊ဒီမိုကရေစီရေးအင်အားစုတွေ အားလုံးကို ကိုယ်စားပြုပါသလား ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရပ်တည်ခွင့်အတွက်သက် သက်ပဲလား၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစရဲ့ဘယ်အခြေအနေလို့ ရှုမြင်ပါသလဲ ၊နောင်ထပ်နှစ်နဲ့ချီကြာတဲ့အထိဒီဆွေးနွေးပွဲကိုအချိန်ဆွဲမယ်ဆို ရင် ဘယ်လိုတုန့်ပြန်ရင်ဆိုင်မှုတွေလုပ်မလဲ၊ ပြည်သူတွေကြားမှာပွင့်ပွင့်လင်းလင်းထုတ်ပြန်ဖို့နဲ့ ဒီမိုကရေစီရေအင်အားစုတွေရဲ့ အကြံပြုမှုတွေကိုလက်ခံ ဆောင်ရွက်ဖို့ လိုပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ကိုယ်စားလှယ်​ဦး​အောင်ကြည်တို့တွေ့ဆုံဆွေးနွေးပြီးရလာဒ်ကောင်းတွေရခဲ့ပါတယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ရဲ့ရဲဘော်ရဲဘက် ၈၈မျိုးဆက်ကျောင်းသားတွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ၊နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်အုပ်စုရဲ့ထောင်တွေထဲမှာ နှိပ်စက်ညှင်းပန်းခံနေကြရတုန်း၊ တိုင်းရင်းသားဒေသတွေမှာ ယောက်ကျားတွေပေါ်တာဆွဲခံပြီးမိန်းမတွေမုဒိန်းကျင့်ခံနေကြရတုန်း၊စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ကျေးရွာ တွေမီးတဟုန်းဟုန်းတောက်လောင်လို့ပြည်သူတွေအိုးအိမ်အခြေမဲ့ပြေးလွှားရှောင်တိမ်းနေကြရတုန်းဆိုတာသတိထားမိကြစေချင်ပါတယ် ၊ ဘကြီးအောင် ရဲ့အညာဇတ်လမ်းမှာ ရွှေရုပ်လေးရလိမ့်နိုး မျှော်လင့်ရင်းအသက်ဆုံးသွားရတဲ့မောင်ချစ်လိုအဖြစ်မျိုးဟာပုံနှိုင်းအတုယူစရာပါ ။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်တဲ့တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေမလွှတ်ပဲ ၊လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးပဲ ၊ တိုင်းရင်းသားခေါင်းဆောင်တွေအတိုက်အခံအဖွဲ့အစည်းတွေကခေါင်းဆောင်တွေမပါပဲ ၊ တိကျရေရာတဲ့အချိန်ကာလသတ်မှတ်ချက်မရှိပဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊ ဒီတော့ စစ်အုပ်စုရဲ့အလိမ်အညာလုပ်ရပ်တွေကိုထောက်ခံပေးနေသလိုမျိုးမဖြစ်စေပဲ ပါးနပ်လိမ္မာစွာ အချိန်ယူရင်ဆိုင်ဖြေရှင်းနေ ပါတယ်ဆိုတာထက်ပိုတဲ့ဦးဆောင်မှုမျိုးဖြစ်ဖို့လိုနေတယ်ဆိုတာအဖြေရှာတွက်စစ်လို့ရပါတယ်ဆိုတဲ့အကြောင်း…။

အင်အားတူအခြေအနေမရှိရင်စစ်မှန်တဲ့ဆွေးနွေးညှိနှိုင်းမှု ဘယ်လိုမှမဖြစ်နိုင်ပါ ။

မောင်ချင့်ချိန်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */