“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 24, 2011

အကျယ်ချုပ်ကျ ဦးခင်ညွန့်၏ နောက်ဆုံးအခြေအနေ

ဧရာဝတီ Friday, 22 July 2011 16:45 (ပေးပို့ သူ ဗမာ့သွေး)
ဆိုင်းငံ့ ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ကျနေသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က စားဝတ်နေရေး အခက်အခဲကြောင့် ဇနီးနှင့် သမီးအား စီးပွားလုပ်ကိုင်နိုင်ရေး လွတ်လပ်စွာ သွားလာခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

နိုင်ငံတော် အကြီးအကဲများအနေဖြင့် ၎င်းအား တချိန်က လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက် တယောက်အနေဖြင့် သဘောထားကာ လက်ရှိစားဝတ်နေရေး အခက်အခဲကို စဉ်းစားပေးစေလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ဦးခင်ညွန့်က မေတ္တာရပ်ခံခြင်း ဖြစ်သည်။

အသက် ၇၀ နှစ်ရှိပြီဖြစ်သော ဦးခင်ညွန့်သည် မိသားစု စားဝတ်နေရေးနှင့် မြေးများ၏ ပညာသင်စရိတ်အတွက် သစ်ခွပန်း တနိုင်တပိုင်စိုက်ပျိုးကာ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့သွင်းပြီး ဖြေရှင်းနေရကြောင်း၊ ထို့ကြောင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ နှင့် သမီးဖြစ်သူ မသင်းမြတ်မြတ်ဝင်းတို့အား လွတ်လပ်စွာ စီးပွားရှာခွင့်ပြုရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း သိရသည်။

ဦးခင်ညွန့်က မိမိမှာ ကျန်းမာရေးလည်း ချို့ယွင်းနေပြီး ဘာသာရေးလုပ်ရင်းနှင့် ဘ၀နေ၀င်ချိန်ကို ဖြတ်ကျော်နေရကြောင်း၊ ဇနီးဖြစ်သူမှာလည်း ကျောက်တန်းမြို့တွင် နေထိုင်သည့် ၎င်း၏ အသက် ၉၅ နှစ်အရွယ် မိခင်ကြီးကို ပြုစုစောင့်ရှောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

သားနှစ်ဦးဖြစ်သည့် ဒု ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ဒေါက်တာ ရဲနိုင်ဝင်းနှင့် သားမက်ဖြစ်သူ ဦးတင်ထွဋ်တို့မှာလည်း ယခုအချိန်အထိ ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီး ၎င်းတို့ သုံးဦးအတွက်ပါ သက်ညှာစွာ စဉ်းစားပေးရန်လည်း တင်ပြထားသည်။

ဦးခင်ညွန့် မိသားစု၏ လက်ရှိ ကျန်းမာရေး၊ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ယောက်ဖတော်စပ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာ သန်းငြိမ်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် နိုင်ငံရေးနယ်ပယ်တွင် ရောက်ရှိနေသည့်အတွက် မသိရှိကြောင်း၊ သို့သော် နှမဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေမှာ သစ်ခွပန်းစိုက်ပျိုးရာတွင် ၀ါသနာပါကြောင်း ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းကလည်း ဦးခင်ညွန့်နှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းတခု ထွက်ပေါ်လာရာ ထိုမှတ်တမ်းထဲ၌ ရဲချုပ်ဟောင်း ဦးခင်ရီက တခြားတနေရာသို့ ပြောင်းရွေ့ရန် ညအချိန်တွင် လာရောက်ခေါ်ခြင်းဖြစ်ပြီး၊ ဦးခင်ညွန့်က ပထမပိုင်းတွင် စိတ်ဆိုးဒေါသထွက်နေသည့် ပုံသဏ္ဍန်ရှိသော်လည်း နောက်ပိုင်းတွင် စိတ်ကိုလျှော့ကာ စကားလက်ခံပြောဆိုနေသည်ကိုလည်း မြင်တွေ့ရသည်။

ထိုဗီဒီယို မှတ်တမ်းတွင် ဦးခင်ညွန့်က စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရှိသဖြင့် ၀င်ငွေမရှိကြောင်း၊ မြေးများမှာ ကျောင်းနေရန်ပင် အခက်အခဲရှိကြောင်း၊ ပိုက်ဆံမရှိသဖြင့် အိမ်၏ ဧည်ခန်းမီး ပျက်နေသည်ကိုပင် မပြင်နိုင်သေးကြောင်း ပြောဆိုသည်ကိုလည်း တွေ့ရသည်။

ဦးခင်ညွန့်ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

မကြာသေးမီကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ထောင်ကျနေသည့် ထောက်လှမ်းရေး အဖွဲ့ဝင် အရာရှိကြီးတချို့ ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မင်္ဂလာမြန်မာ NGO အဖွဲ့မှ ဒေါက်တာ ဖုန်းဝင်းက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကြား ကြီးမားသော ပြဿနာ မရှိနိုင်ကြောင်း၊ ထောက်လှမ်းရေး အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းမှာလည်း တချို့သော စစ်တပ်ခေါင်းဆောင်များနှင့် ထောက်လှမ်းရေး အရာရှိများအကြား ဖြစ်ပွားခဲ့သည့် ပြဿနာသာဖြစ်၍ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်မှာ မကြာခင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း ပြောသည်။

နေပြည်တော် သတင်းရပ်ကွက်၏ အဆိုအရလည်း ဦးခင်ညွန့်နှင့် မိသားစုကို မကြာမီ လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးသိန်းစိန် အစိုးရ မတက်မီ မတ်လအတွင်းက ဦးခင်ညွန့်အား လွှတ်ပေးရန် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက အကြံပြုဆွေးနွေးခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပယ်ချခဲ့သည်ဟု သိရသည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */