“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, July 21, 2011

နအဖက ရခိုင်လူမျိုးစုအပေါ် Genocide အချက်ပါ ရာဇ၀တ်မှု ကျူးလွန်နေ

ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 18 ရက် 2010 ခုနှစ် သန်းနိုင်ဂလေး (မေဃဝတီ) (ပေးပို့ သူ ဗမာ့သွေး)
Genocide ဆိုသည့် စကားလုံးကို “လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုး တမျိုးလုံးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု” ဟု မြန်မာလို အကျယ်တ၀င့် ပြောဆိုသုံးနှုန်း....

Genocide ဆိုသည့် စကားလုံးကို “လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုး တမျိုးလုံးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု” ဟု မြန်မာလို အကျယ်တ၀င့် ပြောဆိုသုံးနှုန်းရေးသားကြသည်။ အထက်ပါ ခေါင်းစဉ်ကို ဖတ်ပြီး နအဖက “ရခိုင် တိုင်းရင်းသား တစ်မျိုးလုံးကို ကျူပင်ခုတ် ကျူငုတ်ပါ မကျန်အောင် အမြစ်ပြတ် မျိုးဖြုတ် သုတ်သင် ပြစ်ရန် လူမျိုးတုံး သတ်ဖြတ်နေပြီလား” ဟု တွေးထင်စရာ ဖြစ်ကောင်းဖြစ်သွားနိုင်သည်။


“လူမျိုးတုံး သတ်ဖြတ်မှု” ဝေါဟာရကို တိကျပြီး အသေးစိတ် အနက်အဓိပ္ပါယ် ဖွင့်ဆိုရာတွင် ပညာရှင်များအကြား ကွဲလွဲမှုများတော့ ရှိနေသည်။ သို့သော် နိုင်ငံတကာ ဥပဒေ ဖွင့်ဆိုချက်အရ ၁၉၄၈ ခုနှစ်၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ပြဌာန်းချက်ပါ ‘လူမျိုးတုံး သတ်ဖြတ်မှုအား ကာကွယ်ခြင်းနှင့် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ’ CPPCG ပါ အပိုဒ် ၂ နှင့် ၃ တွင်မူ တိတိကျကျ၊ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ် ဖွင့်ဆိုထားသည်။


လူမျိုးတမျိုးလုံးကို အမျိုးပြုတ်သွားအောင် အကုန်လုံး သတ်ဖြတ်ခြင်း မဟုတ်သော်လည်း လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်နိုင်ကြောင်းကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်မှုအပေါ် နိုင်ငံတကာ ဥပဒေဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်များက ခိုင်ခိုင်မာမာ၊ တိတိကျကျ ဖော်ပြထားသည်။ Genocide ဆိုသည်မှာ နိုင်ငံသား၊ လူမျိုးစု၊ မျိုးနွယ်စု၊ (သို့မဟုတ်) ဘာသာရေးနှင့် ဆိုင်သော အုပ်စု တခုခု၏ အားလုံးကို (သို့မဟုတ်) အစိတ်အပိုင်း တခုခုကို (အချို့ကို) ဖျက်ဆီးပစ်ရန် ရည်ရွယ်၍ ကျူးလွန်သော အောက်ဖော်ပြပါ မည်သည့် ရာဇ၀တ်ကျူးလွန်မှုကိုမဆို ဆိုလိုသည် ----


(၁) လူအုပ်စု၏ အဖွဲ့ ဝင်များကို သတ်ဖြတ်ခြင်း
(၂) လူအုပ်စု၏ အဖွဲ့ ဝင်များကို ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော် လည်းကောင်း ပြင်းထန်စွာ အန္တရာယ်ပြုခြင်း
(၃) လူအုပ်စုဝင်များ၏ လူနေမှုဘဝ အခြေအနေများကို ထိခိုက်နစ်နာအောင် တမင်တကာ ရည်ရွယ်၍ အုပ်စုတခုလုံးကိုဖြစ်စေ (သို့မဟုတ်) တစိတ်တစိတ်တပိုင်းကိုဖြစ်စေ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်ပျက်စီးစေခြင်း
(၄) လူအုပ်စုဝင်များအတွင်း ကလေးမွေးဖွားမှု (မျိုးပွားမှု၊ လူဦးရေတိုးပွားမှု) ကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် လိုက်နာချက်များ သတ်မှတ်၍ လိုက်နာစေခြင်း
(၅) လူအုပ်စုတစ်ခုအတွင်းမှ ကလေးများအား တခြားလူအုပ်စုတခုအတွင်းသို့ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း စသည့် လုပ်ရပ်များကို ပြုလုပ်ကျူးလွန်ခြင်းသည်ပင် Genocide ရာဇဝတ်မြောက်ကြောင်း ပြောဆိုထားသည်။ ကျူးလွန်ခြင်း ဖြစ်သည်။


ကလေးများကို အဓမ္မ ပြောင်းရွှေ့ခြင်း ဆိုသည်မှာ ကလေးများ( တဦးဖြစ်စေ၊ တဦးထက်ပိုသည်ဖြစ်စေ) အား အဓမ္မ ပြောင်းရွေ့ရာတွင် အင်အားသုံး၍ဖြစ်စေ၊ အကြမ်းဖက်မှုကို ကြောက်ရွှံ့သောကြောင့်ဖြစ်စေ၊ ခြိမ်းခြောက်မှု၊ ချုပ်နှောင်ထားခြင်း၊ စိတ်ပိုင်းဆိုင်ရာအရာ ဖိနှိပ်ချုပ်ချယ်ခြင်း (သို့) အခြားနည်းလမ်းများဖြင့် အကျပ်ကိုင်ခြင်းတို့ အကျုံးဝင်သည်။ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ကလေး သူငယ်ဟု ဆိုရာတွင် အသက် ၁၈ နှစ်အောက်ကို ဆိုလိုသည်။


အထက်ပါ ဖော်ပြချက်များထဲမှ အချက်တချက်ချက်ကို ကျူးလွန်လျှင် (သို့) တချို့ကို ကျုးလွန်လျှင် (သို့) အားလုံးကို ကျူးလွန်လျှင် Genocide ဟု ခေါ်သည့် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်ပြစ်မှုကို ကျူးလွန်ခြင်း ဖြစ်သည်။ ထိုသို့ ဆိုလျှင် နအဖသည် အဆိုပါ ၅ ချက်ထဲမှ မည်သည့် အချက်ကို ကျူးလွန်၍ ရခိုင် တိုင်းရင်းသား များအပေါ်တွင် Genocide ရာဇဝတ်ပြစ်မှုကို ကျူးလွန်နေသနည်း။ တချက် (သို့) တချို့ (သို့) အားလုံးကိုကျူးလွန် နေ၍လော။


လတ်တလော ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်သမိုင်းသုတေတီ၊ ကျောင်းထိုင်ဆရာတော်တပါး ဖွင့်လှစ် ထားသည့် မိဘမဲ့ ဂေဟာမှ အရွယ် မရောက်သေးသည့် ကလေးသူငယ်များကို အစုလိုက်အပြုံလိုက် အခြား ဒေသများသို့ အဓမ္မ ခေါ်ဆောင်သွားသည့် အဖြစ်အပျက်က သက်သေသာဓက တခုပင် ဖြစ်သည်။


ထို ဖြစ်ရပ်မှန်မှာ-----ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီအသျှင်ပညာစာရသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကန်တော်ကြီး ရပ်ကွက်၊ အာကျပ်တော်ကုန်းရှိ ၊ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းတိုက်တွင် မိဘမဲ့ ဂေဟာဖွင့်လျက် မိဘမဲ့ ရခိုင်ကလေးငယ်များကို ကျွေးမွေးစောင့်ရှောက်ပြုစု၍ အခမဲ့ ပညာသင်ကြားပေးနေသည်မှာ ၁၉၉၅ ခုနှစ် မှသည် ၂ဝ၁ဝ ခုနှစ်အထိ ဖြစ်သည်။


ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၁ဝ နာရီ ၁၅ မိနစ် အချိန်တွင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာ နချုပ်ဒု-တိုင်းမှူးကိုယ်တိုင် ဦးဆောင်သော လုံခြုံရေး တပ်ဖွဲ့ဝင်များ အလုံးအရင်းဖြင့် တုတ်၊ ဒိုင်းများ လက်နက် အပြည့်အစုံ ကိုင်ဆောင်ကာ ရန်သူ စစ်စခန်းကို ဝင်စီးသည့် ပုံစံအနေအထားမျိုးဖြင့် ဆရာတော် အသျှင်ပညာ စာရ၏ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းတိုက်ကို ဝိုင်းကာ အသျှင်ပညာစာရအား ဖမ်းဆီးခေါ်ဆောင်၍ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင်ချုပ်နှောင်ထားလိုက်သည်။


အသျှင်ပညာစာရအား သာသနာတော်ညိုးနွမ်းမှု အပါအ၀င်၊ ငွေးကြေး အလွဲသုံးစားမှု၊ မာတုဂါမနှင့် ဖောက်ပြားမှု၊ အလောင်းဖျောက်မှု (ရခိုင်လူမျိုးတို့၏ ရိုးရာဓလေ့ ထုံးထမ်းစဉ်လာအရ နို့စို့အရွယ် ကလေးငယ်များ ( အများအားဖြင့် ၅ နှစ်အောက် ကလေးငယ်များသေဆုံးလျှင်) သေဆုံးပြီး မကြာမီ မြေမြုပ်သင်္ဂြိုလ်ခြင်းကို အလောင်း ဖျောက်မှုဟု စွပ်စွဲ) နှင့် စုစုပေါင်း ပုဒ်မ ၇ ခုထက်မနည်း ပုဒ်မတပ် တရားစွဲဆိုထားသည်။


ထို့အပြင် ဆရာတော် အသျှင်ပညာစာရ၏ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းတိုက်ကို ချိတ်ပိတ်ကာ ဆရာတော် ကိုယ်တိုင် ရခိုင်ပြည် အနှံ့ ခြေလျင်ခရီး ဆန့်၍ ရှာဖွေဖော်ထုတ် စုဆောင်းထိန်းသိမ်းထားသော ရခိုင်ပြည်သုံး ရှေးဟောင်းရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါးများ၊ ဓညဝတီခေတ်မှ မြောက်ဦးခေတ်ထိ ရခိုင် ဗုဒ္ဓရုပ်ပွားတော်များနှင့် ပုံတော်များ၊ ခေတ်အဆက်ဆက် ရေးထိုးခဲ့သည့် ရခိုင်ရှေးဟောင်း ကျောက်စာများ၊ ရခိုင်ရာဇဝင်ကျမ်းများ၊ ရခိုင်ဆေးကျမ်းများ၊ ရခိုင်သမိုင်းဆိုင်ရာ ပေစာများ၊ ရခိုင်ပြည် တနံတလျားမှ ရှာဖွေထားသော ငစွေခြင်း၊ ဇမ်းခြင်း၊ နတ်ခြင်း၊ သာခြင်း၊ ဧခြင်းစသည်များ အပါအဝင် ဆရာတော်ကျောင်းတိုက်၌ ရှိရှိသမျှသော ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များ၊ ရခိုင်အမျိုးသား ဂုဏ်ဆောင်ပစ္စည်းများ၊ ရခိုင်စာပေ၊ ရခိုင် ကျေးလက်ရိုးရာ တေးကဗျာများကို တခုမှ မကျန်အောင် သိမ်းယူသွားခဲ့သည်။


ထိုကဲ့သို့ ရခိုင်လူမျိုးတို့၏ ဘိုးဘွားပိုင် တန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်း အမွေအနှစ်များကို နအဖ အာဏာ ပိုင်များက အာဏာအားကိုးဖြင့် သိမ်းယူသွားသည့်အတွက်ကြောင့် ရခိုင်တစ်မျိုးသားလုံး ကြေကွဲမဆုံး ယူကျုံးမရ ခံစားနေကြရသည့်အပြင် အရွယ်မရောက်သေးသည့် မိဘမဲ့ ကလေးသူငယ်များကို အခြားဒေသများသို့ အာဏာ သုံး၍ အဓမ္မနေရာ ရွေ့ပြောင်းစေခြင်းတို့သည် နအဖ၏ ရခိုင်လူမျိုး တမျိုးလုံးသားကို စိတ်ပိုင်း ဆိုင်ရာ အရ များစွာ ထိခိုက်နာကျင်အောင် ပြင်းထန်စွာ အန္တရာယ်ပြုမူခြင်း ဖြစ်သည်။


ထို့အပြင် အာဏာပိုင်များက ယခုလဆန်း ၅ ရက်နေ့တွင် ကျောင်းတိုက်အတွင်း နေထိုင်ကာ ပညာသင်ယူ နေသည့် မိဘမဲ့ ရခိုင်ကလေးသူငယ် စုစုပေါင်း ၁၀၀ ကျော်ကို ကျောင်းတိုက်မှ ခေါ်ထုတ်ကာ ရခိုင်ပြည်နယ် မဟုတ်သည့် အခြားအရပ်ဒေသများ ဖြစ်သော မကွေးတိုင်း၊ မင်းဘူးနှင့် မန္တလေးတိုင်းတို့တွင် အစုလိုက်၊ အပြုံလိုက် အဓမ္မ ပြောင်းရွှေ့စေခဲ့သည်။


ထိုသို့ အဓမ္မ ပြောင်းရွှေ့ရာတွင် အသက် ၅ နှစ်အောက် ကလေးသူငယ် (၃၈) ယောက်ကို မကွေးတိုင်း၊ မင်းဘူးမြို့သို့လည်းကောင်း၊ ၅ နှစ်အထက် (၃၂) ယောက်ကို မန္တလေးသို့လည်းကောင်း အသီးသီး ပို့ဆောင် ခဲ့သည်။
စစ်တွေ ဒေသခံများ၊ ရခိုင်လူမှု အထောက်ကူပြု အသင်းများ၊ ရပ်ကွက်အလိုက် သာရေးနာရေး အသင်းများက ထိုမိဘမဲ့ ရခိုင်ကလေးငယ်များကို မိမိတို့ ရခိုင်ဒေသ၌ပင် ကျွေးမွေး စောင့်ရှောက် ထားနိုင်ရေးအတွက် ကော်မတီ တရပ် ဖွဲ့ပြီး နအဖ အာဏာပိုင်များထံ အသနားခံကာ တင်ပြတောင်းဆိုခဲ့ကြသည့်အပြင် ရပ်ဝေးသို့ ပြောင်းရွေ့ ခြင်း မပြုရန် နည်းလမ်းမျိုးစုံသုံးကာ ကြိုးပမ်းခဲ့သော်လည်း နအဖ အဏာပိုင်များက လက်မခံ၊ ငြင်းပယ်ခဲ့သည်။


ယခုလို အရွယ်မရောက်သေးသည့် မိဘမဲ့ ကလေးသူငယ်၊ လူမမယ်များကို ၎င်းတို့ ဆန္ဒမပါဘဲ အခြားဒေသသို့ အဓမ္မ ခေါ်ဆောင်သွားခြင်း ခံရသည့်အပေါ် ရခိုင်လူထုက ၀မ်းနည်းကြေကွဲကာ ခါးသည်းမှုနှင့် မကျေမနပ် ဖြစ်နေ ရသည်။ အဆိုး၊ အကောင်း ဝေဖန်ပိုင်းခြားနိုင်ခြင်း မရှိသေးသည့် ရခိုင်ပြည်က ကလေးသူငယ်များကို ရခိုင် မဟုတ်သည့် တခြားလူမျိုးခြားများ နေထိုင်သည့် ဒေသများသို့ နည်းဗျုဟာကျကျ အတင်းအကျပ် သွတ်သွင်း ခြင်းဖြင့် နအဖ၏ လုပ်ရပ်သည် ရခိုင်တမျိုးသားလုံးကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေသည်။


အထက်ပါ ဖြစ်ရပ်များသည် လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်ပြစ်မှုနှင့် ပတ်သက်၍ သတ်မှတ် ဖော်ပြ ထားသော အချက် ၅ ချက်တွင် နံပါတ် ၂ အချက် ဖြစ်သည့် ‘လူအုပ်စု၏ အဖွဲ့ဝင်များကို ကိုယ်ထိ လက်ရောက် သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ပြင်းထန်စွာ အန္တရာယ်ပြုခြင်း’ နှင့် အချက်နံပါတ် ၅ ချက်ဖြစ်သည့် ‘လူအုပ်စုတခုအတွင်းမှ ကလေးသူငယ် (အသက် ၁၈ နှစ်အောက်) များအား တခြားလူအုပ်စု တခု အတွင်းသို့ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်း ဆိုသည့် အချက်များကို နအဖ စစ်အစိုးရက စနစ်တကျ ကျူးလွန် ကြောင်း ထင်ရှားသည်။


ထို့ကြောင့် နအဖ စစ်အစိုးရသည် Genocide ခေါ် လူမျိုးတုံး သတ်ဖြတ်မှု အချက်များထဲက အချက်တချို့ကို ကျူးလွန်နေသည့်အတွက် ရခိုင်တိုင်းရင်းသားများအပေါ်တွင် ရာဇ၀တ်မှု ကျူးလွန်နေကြောင်း အခိုင်အမာ ပြောဆိုနိုင်သည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */