“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 14, 2011

ဒေါ်စုဂုဏ်ပြု ကဗျာစာအုပ် ထုတ်မည်


ကိုပေါက် | တနင်္လာနေ့၊ ဇွန်လ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၇ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
နယူးဒေလီ (မဇ္ဈိမ) ။ ။ ကဗျာဆရာ ၈ဝ ကျော်က ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် နွေဦးအိုးဝေ ကဗျာစာအုပ်အား မွေးနေ့ပွဲမတိုင်ခင် ထုတ်ဝေသွားမည် ဖြစ်သည်။

ကဗျာပုဒ်ရေ ၆၆ ပုဒ်ပါရှိကာ စာမျက်နှာ ၁၂ဝ ကျော် ရှိပြီး၊ အုပ်ရေ ၁၀၀၀ ရိုက်နှိပ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်၌ ဇွန်လ ၁၆-၁၇-၁၈ ရက်နေ့များတွင် ပြုလုပ်မည့် ဈေးရောင်းပွဲ၌ ရောင်းချရန် စီစဉ်ထားခြင်း ဖြစ်သည်။

စာအုပ်ထဲတွင် ကွယ်လွန်သူ ကဗျာဆရာကြီး ‘ကြည်အောင်’ ၏ ‘ကဗျာ၏ အမတ တရား’ ကဗျာပါ ပါဝင်ကာ၊ ပါတီဝင် ကဗျာဆရာများဖြစ်သည့် မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦးနှင့် ဦးဝင်းတင်တို့သာမက မဂ္ဂဇင်းများတွင် ကဗျာဝင်ရေးနေသူ အများစု ပါဝင်သည်။

“လက်ရှိ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ရေးနေကြတဲ့ အောင်မြင်တဲ့ ကဗျာဆရာတွေ အယောက် ၈ဝ လောက် ပါပါတယ်” ဟု ကဗျာစာအုပ် ထုတ်ဝေရေး စီစဉ်သူတဦးဖြစ်သည့် ကဗျာဆရာငြိမ်းသစ်က မဇ္ဈိမကို ပြောသည်။

စီစဉ်သူ နောက်တဦးဖြစ်သူ ကဗျာဆရာကြီး ဖျာပုံနီလုံဦးကလည်း “မဂ္ဂဇင်းလောကမှာ ရေးနေတဲ့ ကဗျာဆရာတွေ ဆိုတော့ သိပ်စိစစ်နေစရာ မလိုပါဘူး။ သတ်ပုံသတ်ညွှန်း ပြင်ပေးတာလောက်ပါပဲ။ ကဗျာ ၆၆ ပုဒ် အမှတ်တရ ထုတ်ဖို့ပဲ” ဟု မဇ္ဈိမကို ပြောသည်။ သူ၏ ကဗျာမှာ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁ဝ နိုဝင်ဘာလအတွင်း လွတ်မြောက်လာစဉ် တက္ကသိုလ်ရိပ်သာလမ်း မြင်ကွင်းလေးကို ပုံဖော်ထားသည်ဟု ဆိုသည်။

ပုံနှိပ် ထုတ်ဝေရန်အတွက် အနှောင့်အယှက် ဖြစ်မည်စိုး၍ ကဗျာဆရာ အမည်များနှင့် စာအုပ်အကြောင်း အသေးစိတ် မသိရှိရသေးသော်လည်း ကဗျာဆရာမ မရီဝေနှင့် အမျိုးသမီး ကလောင်ရှင်များပါ ပါဝင်ရေးသားထားသည်။

သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်ဦးက ဦးဝင်းတင် ထောင်တွင်းမှနေ၍ ဒေါ်အောင်ဆန်းစုကြည်အတွက် သီကုံးပို့လိုက်သည့် စာလုံးရေ ၁၇ လုံးပါ ဟိုက္ကူအမျိုးအစား ‘မီးလျံထဲက ကြာ’ ကဗျာတိုလေးပါ ထည့်သွင်းထားသည်။ ကဗျာစာစုမှာ ‘‘ရဲ ဇွဲ ဉာဏ် စည်း တာ၊ မကြောက်တရား တေးကဗျာ၊ မီးလျံထဲက ကြာ’’ ဖြစ်သည်။

ဤကဗျာနှင့် ပတ်သက်၍ ဦးဝင်းတင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးတဲ့ Character တွေကို စာလုံး တလုံးစီနဲ့ ရေးထားတာ။ မောင်မိုးသူနဲ့အတူ ထောင်ကျနေတုန်း၊ သူ့ဇနီး ကွယ်လွန်လို့ သူ ထွက်တွေ့ခွင့်ရတုန်း ကျနော်က ဒီကဗျာလေးကို အလွတ်ကျက်ခိုင်းပြီး ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ခိုင်းလိုက်တာ” ဟု ရှင်းပြသည်။

သူက ဆက်ပြီး “မီးလျံထဲကကိုက ကြာပွင့် ပွင့်နေတယ်ဆိုတဲ့ အနေအထား။ စစ်အစိုးရတို့ လက်ထက် နေနေရတဲ့ မီးလျံတွေ ကြားထဲကကို ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာပွင့်တပွင့်လိုပဲ အမြဲတမ်း လန်းဆန်းပြီးတော့ တည်မယ်လို့ ဆိုလိုတာပါ” ဟု အဓိပ္ပာယ် ဖွင့်ဆိုပြသည်။

၂ဝ၁၁ မတ်လတွင် ဂျပန်နိုင်ငံ ငလျင်နှင့် ဆူနာမီ ရေလှိုင်းဒဏ် သင့်သူများအတွက် ရည်စူးထုတ်ဝေသည့် နွေဦးအိုးဝေ ကဗျာစာအုပ်ကို အဖွဲ့ဝင်များအတွက် ကန့်သတ် ရောင်းချခဲ့ရာ၊ ပြင်ပလူများပါ ဝယ်ယူအားပေးခဲ့ကာ အုပ်ရေ ၁ဝဝဝ ရောင်းချနိုင်ခဲ့သည်။

စာအုပ်အဖွင့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာသူကမ္ဘာသားများသို့ ဆုတောင်းဆန္ဒမွန်အား ထည့်သွင်း
ဖော်ပြထားသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့၊ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် NLD ရုံးချုပ်တွင် ဂီတပွဲတော်များ ကျင်းပနေပြီ ဖြစ်ကာ၊ အခြား မြို့နယ်များနှင့် နိုင်ငံတကာတွင်လည်း ကျင်းပကြမည် ဖြစ်သည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */