(အင်တာဗျူး) မျိုးသန့်| အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၅၈ မိနစ် ပြည်တွင်း၊ ပြည်ပတွင် စာပေဟောပြောပွဲများ လိုက်လံ ဟောပြောနေသည့် စာရေးဆရာနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ ဆြရာချစ်ဦးညိုသည် စာပေဟောပြောပွဲများ လိုက်လံ ဟောပြောရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်များတွင်း ချွတ်ချော်မှားယွင်းမှုများကို ဟာသအဖြစ် ပြောင်းလဲ ပြောဆိုတတ်ပြီး ထိုဟာသများ၏နောက်ကွယ်တွင် မျက်ရည်တွေရှိသည်ဟု ဆိုသည်။ ပြည်တွင်းပြည်ပ စာပေဟောပြောပွဲအတွေ့အကြုံများ၊ စာပေဟောပြောပွဲ၏ အကျိုးသက်ရောက်မှု၊ မြန်မာ့ ရုပ်ရှင်နှင့် ဗွီဒီယိုကားများအပေါ် ဆရာသဘောထား၊ စာပေစိစစ်ရေးအပေါ်အမြင် စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားပါသည်။
ပထမဆုံးမေးချင်တာက ပြည်တွင်းက စာပေဟောပြောပွဲတွေမှာ ပြည်တွင်းနဲ့ ပြည်ပ ဘယ်ပရိတ်သတ်က ပိုပြီးတော့ စိတ်ဝင်စားမှုရှိပါသလဲ။ “စာပေဟောပြောပွဲတွေကို စိတ်ဝင်စားမှုကတော့ အတူတူလောက်ပဲရှိတယ်ဗျ။ ဟိုးဝေးလံခေါင်ဖျား ဘုန်းကြီးတွေနေတဲ့ စာကြည့်တိုက်နှစ်လည်၊ ပညာဒါန နှစ်လည်၊ အဲဒါတွေကို ကျနော်တို့ ချောင်ချို ချောင်ကြားတွေ ကျနော်တို့ သွားရပါတယ်။ အတော်ခက်ခက်ခဲခဲ စီစဉ်ရပါတယ် ။ ပြည်ပဆိုရင်လည်း လေယာဉ်စရိတ်တွေ၊ တည်းခိုစရိတ်တွေ မနည်းပါဘူး။ အဲဒီတော့ စိတ်ပါဝင်စားမှုကတော့ အတူတူလို့ ကျနော် ထင်ပါတယ် ။ ပြန်လည် တုန့်ပြန်မှုကျတော့ နေရာဒေသအလိုက်ကွဲတာပေါ့ဗျာ၊ တခါတလေ ပြည်တွင်းမှာလည်း တနေရာနဲ့ တနေရာ မတူဘူးပေါ့ဗျာ” စာပေဟောပြောပွဲတွေမှာ ဘယ်လို စိတ်ခံစားမှုမျိုးနဲ့ ဟောပြောပါသလဲ။ “ဒီလိုဗျ ကျနော်တို့က NLD ပါတီဝင်မဟုတ်ဘူး။ ကျနော် ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး ။ကျနော်မှာ ပါတီစွဲ ဂိုဏ်းဂဃစွဲတွေကနေ ကင်းတယ်ဗျ၊ ဒါပေမယ် ကျနော် တိုင်းပြည်ကို ကျနော် တကယ်တိုးတက်စေချင်တယ်၊ တိုင်းပြည်တကယ်နောက်ကျနေတယ်ဆိုတာ ကျနော် တကယ်ခံစားရတယ်။ အဲဒီခံစားချက်နဲ့ ပြောပါတယ်၊ ကျနော်တို့ ပြောတာဆိုတာတွေလည်း နိုင်ငံတော် အစိုးရပိုင်း လူကြီးပိုင်းတွေဆီ ရောက်ပါတယ်။ ကျနော် နေပြည်တော်မှာလည်း ဟောဖူးပါတယ်။ အဲဒီမှာလည်း ကျနော် စေတနာကောင်းနဲ့ ခံစားချက်နဲ့ တကယ့်ကို ချစ်တဲ့စိတ်နဲ့ ဂရုဏာစိတ်နဲ့ အားမလိုအားမရစိတ်နဲ့ ပြောတယ်ဆိုတာ သူတို့တွေ နားလည်ပါတယ်” ဆရာတို့ ဟောပြောချက်တွေက အဖြစ်မှန်တွေ များပါတယ် ဒီလိုအဖြစ်မှန်တွေဟာ ဘာ့ကြောင့် ရယ်စရာဖြစ်ရတာလဲ။ “ကျနော် ဒူဘိုင်းမှာလည်း ပြောဖူးပါတယ်။ အော်ပီကျယ် ကာတွန်းဆွဲတာက တခါတလေမှာ ငိုလို့မရတာတွေကို ရယ်ပစ်လိုက်တဲ့သဘောပါ အော်ပီကျယ်ရဲ့ ကာတွန်းတွေဟာ ရယ်စရာဖြစ်နေပေမယ့် အဲဒီနောက်ကွယ်မှာ မျက်ရည်တွေရှိနေပါတယ် အဲဒါကို ရယ်ခြင်းနဲ့ ဖေါက်ခွဲလိုက်တယ် ကျနော် အဲဒီလိုပြောလေ့ရှိပါတယ်” စာပေဟောပြောပွဲတွေမှာ ပရိသတ်က အရမ်းကို သဘောကျကြတွေ့ရပါတယ်။ “ဒါလေးကတော့ရှင်းပါတယ် ခံစားချက်ချင်းတူလို့ပါဗျ။ အမှန်တော့ ဟောကြပြောကြတဲ့ ကျနော်တို့ဟာ စာရေးဆရာအဖြစ် စင်ပေါ်တက်လို့ရသူတွေပါ။ အောက်မှာရှိတဲ့ ပရိတ်သတ်ဟာ သူတို့ ဟောပြောခွင့်မရလို့သာ သူတို့ ဘာတွေးတယ်။ ဘာကြံတယ်ဆိုတာ သူတို့ ဘာပြောချင်တယ်ဆိုတာ ကျနော်တို့က ကိုယ်စားပြုတဲ့ သဘောရှိပါတယ်။ ကျနော်လည်း ပြောပါတယ်၊ ကျနော်တို့ဟာ ခင်ဗျားတို့အသံကို ကိုယ်စားပြုပြီး ပါးစပ် လှုပ်တဲ့လူတွေပါလို့ ကျနော် ပြောပါတယ်၊ သူတို့ရဲ့ ထွက်ပေါက်တခုပေါ့” သာမန်လူယောက်က နိုင်ငံရေးနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေပေါ့လေ၊ ရယ်စရာလေးတွေပဲဖြစ်ဖြစ်ပေါ့ အဲဒါမျိုးတွေကို ဆရာတို့ စာပေဟောပြောပွဲတွေမှာ ပြောသလိုမျိုး ပြောရဲတဲ့ သတ္တိ ဒါမှမဟုတ် ပြောရဲတဲ့ အခြေအနေရှိမလား။ “ I don’t think so ကျနော်တို့ စာရေးဆရာတွေထဲမှာတောင်မှ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ လူမှုအသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီးတော့ ပြောတာဆိုတာ လေးငါးယောက်လောက်ပဲရှိမယ်လို့ ကျနော်ထင်တယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တွေကတော့ စာပေကိစ္စကိုပဲ လွတ်လွတ်ကင်းကင်းလေး ပြောကြတယ်” ဘာ့ကြောင့်ပါလဲ။ “ကြောက်လို့ပေါ့ဗျာ။ ကျနော်တို့အထဲမှာတောင်မှ ဥပမာ ကျနော်ဆိုရင် Freelance writer ဗျ၊ အော်ပီကျယ်တို့ဆိုရင် Freelance cartoonist ကျနော်တို့က အစိုးရဝန်ထမ်း မဟုတ်ကြဘူးလေ အဲဒါတချက်လည်းတချက်ပေါ့ ကျနော်ကလည်း Freelance writer လို့ပဲ ခံယူထားပါတယ် အဲဒါကြောင့် ကျနော် စာရေးဆရာစိတ်နဲ့ပဲပြောပါတယ်” စာပေဟောပြောပွဲအပိတ်ခံရတာမျိုး၊ ဖျက်သိမ်းခံရတာမျိုးကြုံဖူးလား။ “အဲဒါကတော့ ကျနော်တို့ နေရာဒေပေါ်မှာ မူတည်ပါတယ်/ နေရာဒေသတခုမှာ အကြီးဆုံးအာဏာပိုင် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တဦးတယောက်ပေါ့လေ သူက တစုံတခု စိတ်အနှောက်အယှက် မဖြစ်ချင်လို့ ပွဲမိန့်မပေးတာတို့ အစီအစဉ်တွေပြီးမှ ပွဲမဖြစ်တဲ့အကြောင်းကို ပြန်ပြီးတော့ အကြောင်းကြားတာတို့ အဲဒါမျိုးတွေ ကြုံရပါတယ် နည်းတော့ နည်းပါတယ်၊ နေဝင်းမြင့်နဲ့ ကျနော်နဲ့ တောင်တွင်းကြီးမှာ ကြုံခဲ့ဖူးပါတယ် ၂ဝဝ၃၊ ၂ဝဝ၄ လောက်တုန်းကပါ၊ ဒီဘက်နှစ်ပိုင်းတွေမှာတော့ ၂ ပွဲလောက် ဖြစ်ခဲ့ဖူးပါတယ်” စာပေဟောပြောပွဲတွေရဲ့ အကျိုးသက်ရောက်မှုက ဘယ်လောက်အထိရှိနိုင်မလဲ။ “နားထောင်ကြတဲ့ ပရိတ်သတ်ကတော့ ရာထောင်ပေါ့ဗျာ သဘောကျကြတယ်ပေါ့။ သို့သော် အဲဒီအထဲကမှ စာကို တကယ်ဖတ်ချင်တဲ့ တကယ်ဖတ်မယ့်သူ ပိုပြီးဖတ်မယ့်သူ အဲဒီစာတွေကို ကောင်းကောင်း ဝေဖန်နိုင်မယ့်လူ အတွေးအမြင် ပိုကောင်းလာမယ့် ပရိတ်သတ် ဘယ်နှယောက်ပါမလဲဆိုတာ ကျနော်တို့ မပြောနိုင်ပါဘူး/ ကျနော်တို့ အများကြီး မမျှော်လင့်ပါဘူး။ ဟောပြောပွဲဆိုတာတော့ ပရိတ်သတ် အများစုနဲ့ ချီပြီးတော့ ပြောရတာပါ။ လူငယ်လေးတွေတော့ ရကြပါတယ် ဘယ်လောက်အထိ အကျိုးပြုမလဲဆိုတော့ ပညာရေး စနစ်လိုပါပဲ သူကတော့ ရေရှည်ပေါ့၊ ကျနော်တို့ သစ်ပင် စိုက်သလိုတော့ မဟုတ်ဘူးပေါ့ အဲဒီတော့ ဟောပြောပွဲဆိုတာလဲ စာပေအနုပညာကိစ္စနဲ့ ပတ်သက်နေတော့ လူတယောက်ဟာ ဝုန်းဆိုပြီးတော့ ဘဝကြီး ပြောင်းလဲချင်မှ ပြောင်းလဲမယ်ပေါ့ သူ့မှာ အတွေးအခေါ်သစ်တွေ ရသသစ်တွေ ရသွားမယ်လို့ ကျနော် မျှော်လင့်ပါတယ်” စာပေဟောပြောပွဲနဲ့ ပုံနှိပ်စာမှာ စာပေဟောပြောပွဲက ပိုပြီးလွတ်လပ်တယ်လို့ ပြောလို့ရနိုင်မလား။ “အဲဒီလိုပြောလို့ရတယ် ဘာ့ကြောင့်လဲဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူးဗျ။ ကျနော့်အနေနဲ့ကတော့ ကျနော့် စာမူတွေက စာပေစိစစ်ရေးမှာ ဆင်ဆာလုပ်တာ သိပ်မခံရပါဘူး။ ကျနော့် ဟောပြောချက်တွေကိုလည်း ဖြန့်ပြီးတော့ တော်တော်များများ ကူးနေကြတာပဲ နေရာတော်တော် များများကိုရောက်ပါတယ် တခြား စာရေးဆရာတွေလဲ အဲဒီအတိုင်းပါပဲ” စာရေးဆရာတယောက်လည်းဖြစ်တယ်ဆိုတော့ စာပေစိစစ်ရေးနဲ့ ပတ်သက်တာလည်း ပြောပြပေးပါ။ “စာပေလွတ်လပ်ခွင့်ဆိုတာလဲ ကျနော် ယုံကြည်တာ တမျိုးရှိပါတယ်။ အများထင်နေကြတာက စာပေ လွတ်လပ်ခွင့် ဆိုတာက အောင်းထားတဲ့အပူတွေကို လွတ်လွတ်လပ်လပ်ကြီး ဖေါက်ထုတ်ချပြီးတော့ ပြောထည့်လိုက်တာ ရေးထည့်လိုက်တာလို့ တော်တော်များများက ထင်တယ်ဗျ၊ ကျနော်ကတော့ ဥပမာ ဒုံးပျံ တစင်းဟာ ဂြိုဟ်တုကို သူ့ထိပ်မှာ တပ်ထားတယ်။ အဲဒီ ဂြိဟ်တုဟာ ကမ္ဘာပတ်လမ်းထဲကို ရောက်ဖို့အတွက် ဒုံးပျံဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီးတော့ တက်ရပါတယ်။ အဲဒီလို တက်ရင်း တက်ရင်းနဲ့ သက်ဆိုင်ရာမိုင်တွေ ရောက်တဲ့အခါမှာ တဆင့်ပြီးတဆင့် ဖြုတ်ချပါတယ် ဖြုတ်ချရင်းနဲ့ ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲကို ထည့်ပေးလိုက်ပါတယ်။ အဲဒါ ဒုံးပျံအလုပ်ပြီးသွားပါပြီ အဲဒီတော့ စာရေးဆရာတယောက်ရဲ့ စာပေလွတ်လပ်ခွင့်ကိုလည်း ကျနော် အဲဒီလိုပဲ နားလည်ပါတယ်” စာပေဟောပြောပွဲတွေနဲ့ ပတ်သက်ပြီး ဆရာယူဆချက်လေးပြောပြပေးပါဦး။ “ဟောပြောပွဲဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ ကျနော်တို့ ၁၉၄၄ အဲဒီလောက်တည်းက စပြီးတော့ တောက်လျောက် လုပ်လာတဲ့ စာပေဟောပြောပွဲဖြစ်ပါတယ် ဒီအစဉ်အလာဟာ မြန်မာပြည်မှာပဲ ရှိပါတယ် အင်မတန်ကောင်းတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ် အဲဒါကိုပြောချင်ပါတယ်” ဆရာက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌဆိုတော့ မြန်မာ့ရုပ်ရှင်နဲ့ပတ်သက်ပြီး နည်းနည်း ပြောပါ။ “မြန်မာ့ရုပ်ရှင် ဗွီဒီယိုတွေရဲ့ အသုံးမကျပုံကို အမြဲတမ်းကျနော် တစ်တစ်ခွခွ ပြောပါတယ်။ ဥပမာဆိုရင် ကျနော် မင်းသုဝဏ်ရဲ့ သူ့မှာတမ်း အဲဒါကို ကျနော် အဓိပ္ပါယ်လည်း ကျနော် ဖေါ်ပေးတယ် ။ အဲဒီမှာ ဂျပန်တော်လှန်းရေးတုန်းက ဗုံးဆံထိပြီးတော့ သေခါနီးဆဲဆဲ ပျောက်ကျားရဲဘော်လေးပေါ့ သူ့ချစ်သူကိုမှာတယ် မိဘကိုမှာတယ်၊ တိုင်းပြည်အတွက်ကိုမှာတယ် ကလေးက ဘာမှ ရှည်ရှည်ဝေးဝေး မပြောနိုင်တော့ဘူး ဒါပေမယ့် မြန်မာရုပ်ရှင်တွေကတော့ သေခါနီးမှာ အရှည်ကြီးပြောနေပါတယ် အဲဒါမျိုးတွေ ကျနော်ပြောပါတယ် နောက် သေခါနီးမှာ ခြေသည်း လက်သည်းနီတွေ မိတ်ကပ်တွေနဲ့ ဘေးကလည်း အလှမပျက်အောင် ငိုကြတယ် အဲဒီလို အသုံးမကျတာတွေ ပေရှည်တာတွေရှိပါတယ် အဲဒါမျိုးတွေ ကျနော် ပြောပါတယ်” အခုလိုဆရာ့ကို မေးမြန်းဖို့ ဖုန်းခေါ်ရာမှာ ဖုန်းလိုင်းမကြည်တာ၊ ဖုန်းခဏခဏကျတာ ဖြစ်ပါတယ်၊ အဲဒီအခြေအနေကို စာပေဟောပြောပွဲတွေမှာ ပြောသလိုမျိုး ရယ်စရာအဖြစ် ဘယ်လိုပြောလို့ရနိုင်မလဲ။ “အဲဒါတော့ ကျနော် မပြောဘူးသေးဘူးဗျ ဒါပေမယ့် ကျနော်တခါတော့ ပြောဖူးတယ် ဒူဘိုင်းမှာလား စင်္ကာပူမှာလား တခါတော့ ပြောဖူးတယ်၊ ကျနော်တို့ ဒူဘိုင်းရောက်တော့ အပြင်ထွက်ပြီး အော်အော်ပြောတယ်။ အဲဒီကလူတွေက ကျနော်တို့ကို ပြုံးစိပြုံးစိနဲ့ ကြည့်ကြတယ်ဗျ၊ ကျနော်တို့က ဖုန်းပြောတဲ့အခါမှာ မြန်မာပြည်က အကျင့်ပါနေတာ ဖယောင်းတိုင် ဆောင်တဲ့သဘောပေါ့ဗျာ”
By: Mizzima မဇ္ဈိမ
0 comments:
Post a Comment