“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 28, 2011

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၁၈ မိနစ် (ပေးပို့ သူ-ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံခြား အဆင့်မြင့် အရာရှိများ မြန်မာနိုင်ငံသို့ ယခုတလော လာရောက်ကြသကဲ့သို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kevin Rudd လည်း ကြာသပတေးနေ့တွင် မြန်မာပြည်သို့ ရောက်ရှိမည်။

မစ္စတာ Rudd သည် ဇွန် ၃ဝ ရက်မှ ဇူလိုင် ၂ ရက်နေ့အထိ မြန်မာနိုင်ငံတွင် နေထိုင်မည်ဖြစ်ကာ၊ အစိုးရ အရာရှိများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများနှင့် နေပြည်တော်နှင့် ရန်ကုန်မြို့၌ တွေ့ဆုံရန် စီစဉ်ထားသည်။

“မြန်မာနိုင်ငံ၏ သမိုင်းတွင် အရေးကြီးသော အခြေအနေတခု ဖြစ်ပွားနေစဉ် ယခုခရီးစဉ် ပေါ်ပေါက်လာပြီး သြစတြေးလျ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မည်ကဲ့သို့ အကောင်းဆုံး ကူညီနိုင်မည်ကို အကဲခတ် လေ့လာရန် အခွင့်ရရှိလာစေမည်” ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးရုံး၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

မစ္စတာ Rudd ၏ သဝဏ်လွှာထဲတွင် “မြန်မာနိုင်ငံမှာ


အမျိုးသား ပြန်လည်စည်းလုံးရေးနှင့် ဒီမိုကရေစီ
ပေါ်ပေါက်လာရေးအတွက် ထပ်လောင်းတိုက်တွန်း
ပြောကြားရန် မိမိအနေနှင့် ယခုတွေ့ဆုံဆွေးနွေးမှုများကို အသုံးချသွားမည်” ဟု ဆိုထားသည်။

၎င်း လာရောက်ခြင်း မပြုမီ ဥရောပသမဂ္ဂ ကိုယ်စားလှယ်
အဖွဲ့၊ အမေရိကန်မှ အဆင့်မြင့် သံတမန်များ၊ တရုတ်နှင့် အိန္ဒိယမှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက် ခဲ့ကြသေးသည်။ မြန်မာနိုင်ငံတွင် ယခုနှစ်အစောပိုင်း လွှတ်တော်ခေါ်ပြီး နောက်ပိုင်းတွင် နိုင်ငံခြားအစိုးရ များက မြန်မာ့နိုင်ငံရေး အခြေအနေ အပြောင်းအလဲများ ရှိမရှိ လေ့လာစူးစမ်းရန် စိတ်အားထက်သန်နေခြင်း
ဖြစ်သည်။

၂ဝဝ၈ မေလတွင် မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး တပတ်ခန့်အကြာတွင် မစ္စတာ Rudd က
မြန်မာစစ်အစိုးရကို အပြင်းအထန် ဝေဖန်ပြောကြားခဲ့ရာ၌ “အခုလို အချိန်မှာ လက်တွေ့ကျကျနဲ့ ချက်ချင်း လုပ်ဆောင်သင့်တာက မြန်မာနိုင်ငံရဲ့ တံခါးတွေကို ရိုက်ချိုးဖွင့်ပြီးတော့ အကူအညီ အရေးတကြီး လိုအပ်နေတဲ့ လူထုကို အကူအညီပေးဖို့ပါပဲ” ဟု ဆိုခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံတွင် ၂ဝ၁ဝ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အကြိုကာလကမူ မစ္စတာ Rudd က “သြစတြေးလျအနေနဲ့ ရည်ရွယ်ထားတာက အဲဒီရွေးကောက်ပွဲကနေ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ ဆိုတာကို လေ့လာစောင့်ကြည့်ဖို့နဲ့ ရွေးကောက်ပွဲပြီးတဲ့အခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တွေ ဘာပြောကြမလဲ ဆိုတာကို သေချာနားထောင်ဖို့ ဖြစ်ပါတယ်။ ပြီးရင်တော့ အခုထိ မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ ဖိနှိပ်မှုတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို နိုင်ငံတကာရဲ့ ရွေးချယ်မှုတွေနဲ့အညီ ဆောင်ရွက်သွားမှာပါ” ဟု သြစတြေးလျ အသံလွှင့် ကော်ပိုရေးရှင်းသို့ သံတမန်ဆန်စွာ ပြောဆိုခဲ့သေးသည်။

၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် သြစတြေးလျက မြန်မာနိုင်ငံသို့ နိုင်ငံခြားအထောက်အပံ့အဖြစ် အမေရိကန် ဒေါ်လာ သန်း ၅ဝ ခန့် ကူညီလိမ့်မည်ဟု မျှော်လင့်ရသည်။ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ကူညီခဲ့သော ပမာဏ ဒေါ်လာ ၂၉ သန်းနှင့်
နှိုင်းယှဉ်လျှင် များပြားလာခြင်း ဖြစ်သည်။

ယခုခရီးစဉ်သည် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအနေနှင့် ၂ဝဝ၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်း ဖြစ်သည်။ နောက်တနှစ်အကြာ ၂ဝဝ၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဒီပဲယင်းအရေးကိစ္စ
ဖြစ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခံရကာ ၂ဝ၁ဝ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်မှ ပြန်လွတ်လာခဲ့သည်။

မြန်မာနိုင်ငံသို့ မလာခင် မစ္စတာ Rudd သည် အာဖရိက သမဂ္ဂအလုပ်အမှုဆောင် အစည်းအဝေး တက်ရောက်ရန် အက်ကွက်တိုးရီးယယ်ဂီနီ နိုင်ငံသို့ သွားရောက်မည်။ ဝါရှင်တန်ဒီစီ အခြေစိုက် ‘Freedom House’ ၏ အဆိုအရ အက်ကွက်တိုးရီးယယ်သည် မြန်မာနိုင်ငံကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်နေသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */