“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 26, 2011

မေ့မရတဲ့ကျောင်းသားခေါင်းဆောင်

Via -Burma watch 26-06-11
ဒီပုံက မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး လို့ ကြိုးစင်ပေါ် တက်ခါနီး သေအံ့ဆဲဆဲ ကာလအထိ ကျုံးဝါးသွားတဲ့ ဦးသန့်အရေးအခင်းကို ဦးဆောင်ခဲ့သူ ၁၉၇၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ ကြိုးပေးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးပုံ ဖြစ်ပါတယ်။

၁၉၇၄ က ရန်ကုန်တက္ကသိုလ် တနေရာမှာ ဖြစ်ပျက်သွားတဲ့ မြန်မာ့သမိုင်းမှာ မေ့လို့မရအောင် ရုပ်ဆိုးအကျည်းတန်လှတဲ့ အဖြစ်အပျက်တခုနှင့် ဒီအရေးအခင်းကို ဦးဆောင်ခဲ့သူကို ကျွန်မအပါအ၀င် အတော်များများ မေ့နေကြတာကို သိလိုက်ရတော့ ကျွန်မတို့တောင် ဒီလို ဖြစ်နေရင် နောက်မျိုးဆက်တွေ သိအောင် ဒီသမိုင်းတွေကို ဘယ်လို လက်ဆက်ကမ်းမလဲဆိုတာ တွေးမိပြီး ကျွန်မတော်တော် တုန်လှုပ်သွားပါတယ်။ ဒီအဖြစ်အပျက်တွေက မေ့ပစ်ကောင်းတဲ့ အရာတွေမဟုတ်တာကြောင့် ဒီပို့စ်ကို မဖြစ်မနေ တင်ဖြစ်သွားပါတယ်။ သမိုင်းအမှန်တွေကို ဖုံးကွယ်ထားခြင်း ခံနေရတဲ့ ကျွန်မတို့ မျိုးဆက်တွေဟာ တကယ်ကြုံတွေ့လာခဲ့သူတွေကသာ ပြန်ပြီး လက်ဆက်မကမ်းရင် ဒီသမိုင်းတွေကို ကျွန်မတို့ ဘယ်လိုမှ သိခွင့်ကြုံမှာ မဟုတ်ပါဘူး။ ထိုနည်းအတူ ကျွန်မတို့ကလည်း ဆက်ပြီး လက်ဆက်မကမ်းရင် ကျွန်မတို့ထက် နောက်ကျတဲ့ မျိုးဆက်တွေ သိခွင့်ကြုံမှာ မဟုတ်ပါဘူး။





ဆလိုင်းတင်မောင်ဦး



စစ်အာဏာရှင်ထိပ်သီးဗိုလ်နေ၀င်း၏တိုက်ရိုက်အမိန့်ဖြင့်ကြိုးပေးအသတ်ခံခဲ့ရသည့်သူရဲကောင်းတဦးကိုပြပါဆိုလျှင်ကိုတင်မောင်ဦးကိုလက်ညိုးထိုးပြရပါမည်။

မဆလခေတ် နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နိုင်ငံတော် ကောင်စီဝင် ဦးလှထွန်းဖြူမှ - သမိုင်းတွင်ကြိုးပေးခံရသည့် ကျောင်းသားမရှိသေး၍ တင်မောင်ဦးအား မသတ်ရန် ထပြောသောအခါ၊ ဗိုလ်နေ၀င်းက ထိုင်ရာမှဝုန်းဒိုင်းထကာ “အဖိုးကြီး ပါးစပ် ပိတ်ထားစမ်း၊ အဲဒီအကောင်ကျနော့်ကို သတ်ဖို့လာတာ” ဟု လက်ညိုးငေါက်ငေါက်ထိုးကာ ရန်တွေ့ခဲ့ကြောင်းကိုသိရပါသည်။ ဦးလှထွန်းဖြူမှာလည်း ထိုနေ့မှစ၍ နိုင်ငံတော်ကောင်စီသို့ မသွားတော့ကြောင်းသိရပါသည်။ ဗိုလ်နေ၀င်း သေဖို့ ဒီလောက်တောင် ကြောက်ခဲ့ရသည့် သူကိုမှ ကျနော်တို့လူငယ်များက သူရဲကောင်းအဖြစ် အသိအမှတ်မပြုလျှင် ဘယ်သူ့ကို ပြုရပါမည်နည်း။အာဇာနည်မျိုးသေရိုးမရှိပါ။

ထောင်ထဲနေစဉ် ကျနော့်အသဲနှလုံးကို မျှားသုံးစင်းအပစ်ခံရ၏။ ကိုတင်မောင်ဦးကို ကြိုး ပေးသတ်လိုက်သည့်နေ့။ ဘ၀မှတ်တမ်းဖြစ်သည်။ နောက်တစင်း မိဘထက်ပင်ချစ်သည့် အဖွား ဒေါ်မစော ဆုံးသည့်နေ့။ နောက်ဆုံးတစင်း အစ်ကိုကြီး ကိုသန်းရွှေ (သြဂုတ်သွေး) အင်းစိန်ထောင်တွင်းမှာပင် ရန်သူသတ်လို့သေသွားကြောင်း သိလိုက်ရသည့်နံနက်ခင်း။ ဆောင်းတွင်း။ မျက်ရည်ပူတွေ စီးဆင်းနေ၏။ အပြင်ကမျက်ရည်နှင့် ထောင်ထဲကမျက်ရည် သိပ်သည်းဆခြင်း ဘယ်တူပါ့မလဲ ဟု ကိုတင်မောင်ဦးနှင့်ပတ်သက်၍ ကျနော့်ခံစားချက်ကို အရေးတော်ပုံ (၄) စောင်တွဲတွင် မှတ်တမ်းပြုခဲ့ပါသည်။ ထို့အတူ ကောင်းညို၏ ရဲရင့်ကြယ် တင်မောင်ဦး ဟု မှတ်တမ်းပြုခဲ့သည်ကိုတွေ့ရပါသည်။ အုန်းဖြန်ဒုက္ခသည် စခန်း တွင်လည်း ဆလိုင်းတင်မောင်ဦး အတွက် (၃၂) နှစ်မြောက် အောက်မေ့ဖွယ် အခန်းအနားကို မနှစ်က ကျင်းပသွားခဲ့ကြောင်းသိရပါသည်။ အမြင့်ပျံ ခွပ်ဒေါင်း (သို့မဟုတ်) ဆလိုင်းတင်မောင်ဦး ခေါင်းစဉ်ဖြင့် ဆလိုင်းကစ်ပ် (ချင်းပြည်) က (၁၉၈၂-၈၃) ခုနှစ်ထုတ် တက္ကသိုလ်များ ရန်ကုန် (ချင်းမဂ္ဂဇင်း) တွင်ဖော်ပြထားသည်ကို ဖတ်ရပါသည်။ သူရဲကောင်းစိတ်ဓါတ်တွင် အရောင် မပါပါ။ ရန်သူကို အနိုင်တိုက်ပြီး ပြည်သူကို အလုပ်အကျွေးပြုလိုသည့် သံဓိဌာန်ဖြင့် အသက်စွန့်လွတ်သွားသူများသာ ဖြစ်ကြပါသည်။

“ရဲဘော်တို့ လူသူမသိအောင် ငါ့ကို သတ်ဖို့ သူတို့လုပ်နေကြတယ်။ မင်းတို့ရဲ့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်သောအခါမှ ဒူးမထောက်ဘူး” လို့ပြောကြား သွားသည့် သူရဲကောင်း၏ အနိုင်ယူသွားသည့် သံဓိဌာန်ကို နားထဲစွဲနေမိသည်။ အချိန်ကား (၁၉၇၆) ခုနှစ်။ ဂျွန်လ (၂၆) ရက်နေ့ နံနက် (၄)နာရီ။ ကြိုးတိုက်ထဲက အထွက် ကြိုးစင်ကိုအသွား သူနေခဲ့ သည့် ကြိုးတိုက် အတွင်းနံရံပေါ်မှာက “ညီမလေး မိုင်ပိုပို အတွက် အစ်ကိုကြီးဂုဏ်ယူပါတယ်”လို့ရေးသွားခဲ့သေးသည်။

ကြိုးတိုက်အတွင်း ကျန်ရစ်နေခဲ့သည့် ကြိုးသမားများထဲမှ ရခိုင်အစ်ကိုကြီး ကိုတင်အောင်က ကျနော်တို့ကိုပြောပြပါသည်။ ထိုစဉ်က ကျနော်တို့ရဲဘော်တွေမှာ တတိုက် တတန်းလျားထဲနေခဲ့ကြဖူးပါသည်။ အာဇာနည်၏ နံနက်ခင်းရှုခင်း၊ ရှုကွက်ကို ကျန်ရစ်သူ ရဲဘော်များ အဆောင်တွေထက်မှလည်း မြင်သိခဲ့ကြပါသည်။ဘယ်သောအခါမှမေ့ပျောက်နိုင်ပါအံ့နည်း။အာဇာနည်မျိုးသေရိုးမရှိ။
















(၁၉၆၂ သမိုင်းရိပ် သွေးမတိတ်မီ ကွယ်လွန်သူတို့ နိုးထလာလေပြီ)

(တို့ကျောင်းသားများ စောင့်မျှော်ခဲ့သည့် အခွင့်အရေးကို ရရှိခဲ့သည့် တကမ္ဘာလုံးလေးစားရသည့် ဦးသန့်ဈာပ အကြောင်းပြလို့တည် ၇၄ ဒီဇင်ဘာ မဖြေသာအကြောင်းတရားက ဇာတ်လမ်းစလေသည်… ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သူ စစ်အုပ်စုကို ဆန့်ကျင်ခဲ့သူ ဦးသန့်လိုလူ ရာဇ၀င်ထူးလို့ အာဏာရူးတို့ ရန်စမီးပျိုး အညိုးထားခဲ့သည်…)၂

(လူသာမန်လို ဆက်ဆံခဲ့ပြီ တို့ပြည်သူ အများစုနဲ့ ကျောင်းသားထုက မခံမရပ်နိုင်ပြီ.. ထိုက်တန်စွာ ဦးညွတ်ရမည် ထိုက်တန်စွာ ဂုဏ်ပြုရမည် ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင်စခဲ့သည်... အဓိပဓိလမ်းပေါ်မှာ ခွပ်ဒေါင်းတွေစုဝေးလို့ စစ်အုပ်စု ဆန့်ကျင်ရေးနှင့် ဂူဗိမာန်ဖြစ်မြောက်ရေး ဆုံးဖြတ်ခဲ့ကြသည်.. ကျောင်းသား၊ ပြည်သူ ပေါင်းစုဝေးလို့ ဈာပန အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲကျင်းပလေသည်..သမဂ္ဂအဆောက်ဦးရင်ပြင်ကမ္ဘာရဲ့ခေါင်းဆောင်ကြီးလဲလျောင်းမေးစက်နေစေရန်ရည်...)၂

ဂူဗိမာန်ကြီးတည်ဆောက်ကြသည် ပြည်သူများနှင့် ပေါင်းစည်းလို့ရည် ခွပ်ဒေါင်းဇာနည် ဘာမထီသွေးတို့ ပြည်သူရေးအတွက် ရှေ့ကလှမ်းတက်ချီ…. အယုတ်တမာ အာရူးတွေက လူသားမဆန် မောင်းပြန်သေနတ်များနှင့် ပစ်ခတ်ဖြိုခွင်း ဖြေရှင်းခဲ့လေပြီ ကမ္ဘာမကြေနိုင်ပြီ တက္ကသိုလ်မြေမဟီ ခွပ်ဒေါင်းသွေးတို့ နီရဲ့ခဲ့ကြသည်…

(ဘယ်လိုပင် သတ်ကြပါစေ ဒို့မသေ၊ ဘယ်လိုပင် ဖြိုခွင်းပါစေ ဒို့မမူပေ)၂ ခွပ်ဒေါင်းသွေး သိန္နိဌါန် ဒူးထောက်လို့ အညံ့မခံဘူးဟေ့.. အရိုးကြေကြေ အရေခမ်းခမ်း မကြောက်တမ်း မရွံ့တမ်း သွေးလမ်းလို့ ဖြတ်ချီလှမ်းမည် ညီ ညီ ညီ ညီ ချီ ချီ ချီ ချီ ခေတ်ဟောင်းဖြိုဖျက်တိုက်ပွဲဆက်ကြမည်။)၂

အထက်ပါ သီချင်းမှာ ဦးသန့်အရေးအခင်းရဲ့ အတိုချုပ်ကို ထင်ဟပ်နေပါတယ်။ ဦးသန့်အရေးအခင်းဆိုတာကို ၈၈ မတိုင်ခင်ကတောင် ကြားဖူးခဲ့ပေမဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ၈၈ မှာမှ သိခဲ့ရပြီး။ ကိုတင်မောင်ဦး အကြောင်းကိုတော့ တောတွင်းရောက်မှ ဒီသီချင်းထဲမှာတွေ့မှ သိခဲ့ရတယ်။ အကျဉ်းချုပ်ကတော့ ဒီသီချင်းထဲက အတိုင်းပါပဲ။ နိုင်ငံခြားမှာ ကွယ်လွန်ခဲ့တဲ့ ကမ္ဘာ့ကုလ သမဂ္ဂအတွင်းရေးမှူးဟောင်း ဦးသန့်ရဲ့ အလောင်းကို မြန်မာပြည်ကို ပြန်သယ်လာခဲ့ပါတယ်။ ဦးသန့်ဈာပဏကို ဦးနေ၀င်းဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံတော်ဈာပနအခမ်းအနားအနေနဲ့မကျင်းပပဲလူသာမန်တဦးရဲ့အသုဘအနေနဲ့ပဲကျင်းပတာကိုမခံမရပ်နိုင်လို့ကျောင်းသားတွေကနိုင်ငံတော်ဈာပဏအနေနဲ့ကျင်းပဖို့ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ဒီလိုတောင်းဆိုရာမှာပြည်သူတွေပါအများကြီးပါလာခဲ့ပါတယ်။ဒါကိုဦးနေ၀င်းက မဆလအစိုးရကလုံးဝလစ်လျူရှုခဲ့တဲ့အတွက် နောက်ဆုံးမှာ ကျောင်းသားတွေနဲ့ ပြည်သူတွေက ဦးသန့်အလောင်းကို ၀င်လုပြီး ၆၂ ကဖြိုခွဲခံလိုက်ရတဲ့ တက္ကသိုလ် သမမဂ္ဂအဆောက်ဦးနေရာမှာ ဦးသန့်နဲ့ ထိုက်တန်တဲ့ ဈာပနအခမ်းအနားကို ကျင်းပနေစဉ်မှာ စစ်တပ်က ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းပြီး အလောင်းကို ပြန်လုယူသွားပြီး သာမာန်လူကို သင်္ဂြလ်သလို သင်္ဂြုလ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ ကျောင်းသားအမြာက်အများ သွေးမြေကျခဲ့ရပြီး အမြောက်အများ ဖမ်းဆီးအကျဉ်းချ ညှင်းဆဲခံခဲ့ရတယ်။ ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို အခု ဒီပို့စ်ထဲမှာ ပါတဲ့အတိုင်း ၇၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှာ ကြိုးမိန့်ပေးခံခဲ့ရတယ်။ ကြိုးစင်ပေါ် တက်ခါနီးအထိ “စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုပြီး သေခါနီး မကြောက်ရွံ့ဘဲ အရှုံးမပေးသည့် ကျုံးဝါးသံကို ခေတ်အဆက်ဆက်ကစစ်ခေါင်းဆာင်တွေအခုထိတုန်လှုပ်ချောက်ခြားစေနေတုန်းပါပဲ။

အပေါ်က ဦးသန့်အရေးအခင်းကို စတင်ဦးဆောင်ခဲ့လို့ ကြိုးမိန့်ကျခံရတဲ့ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးရဲ့ပုံက မူရင်းပို့စ်တင်ထားတဲ့ Arakan Review ကမဟုတ်ဘဲ ကျွန်မဖတ်ခဲ့ရဲ့ မျိုးသာကီအတွက် ရဲဝံ့ဒို့ဇာနည်က ဖြစ်ပါတယ်။ အပေါ်က ဓါတ်ပုံနေရာမှာ ဘယ်သူလဲဆိုတာကို ရေးထားရင် စစ်အုပ်စုက နိုင်ငံရေးဆိုတာပြည်သူလူထုနဲ့မဆိုင်ပဲသူတို့စစ်တပ်နဲ့သာဆိုင်တယ်လို့ဝါဒဖြန့်ထားတဲ့အတိုင်းယုံကြည်နေကြတဲ့စာလာဖတ်သူတွေထဲကကျောင်းသားအကြောင်း၊နိုင်ငံရေးအကြောင်းတွေငါတို့နဲ့မဆိုင်ဘူးဆိုပြီးမဖတ်ပဲပြန်သွားရင်သိသင့်သိထိုက်တဲ့သမိုင်းဖြစ်ရပ်တွေကိုမသိသွားမှာစိုးလို့၊အထူးသဖြင့်ဒီလိုငယ်ရွယ်နုပျိုတဲ့ကျောင်းသားလူ

ငယ်တဦးဟာ အရေးခင်းတခုကို ဦးဆောင်ခဲ့ပြီး ကြိုးစင်ပေါ် ရင်ကော့ပြီး တက်သွားရတဲ့ သမိုင်းကို သိစေချင်တဲ့ စေတနာနဲ့ ဓါတ်ပုံထဲက နာမည်ကို အခုလို နောက်ဆုံးမှ ဖေါ်ပြရခြင်း ဖြစ်ပါတယ် (ပို့စ်တင်စက ပို့စ်ခေါင်းစဉ်က ၇၄ ဒီဇင်ဘာ ဖြစ်ပြီး အခု ပြန်တင်တော့ ခေါင်းစဉ်ကို ပြောင်းလိုက်ပါတယ်။ Nge Naing 23/06/11)။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဆိုင်ပြီး စစ်တပ်နဲ့ ဘာမှမဆိုင်ဘူးဆိုတာ ပြည်သူတွေ များများသိပြီး အမိတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ၀ိုင်းဝန်းတွေးတောကြံဆ အဖြေထုတ် အကောင်အတည်ဖေါ်မှ မြန်မာပြည်သူတွေ လက်ရှိခံစားနေရတဲ့ ဒုက္ခအ၀၀ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ စစ်တပ်ကြီးစိုးတဲ့ခေတ် အဆုံးမသတ်သရွေ့ မြန်မာပြည်မှာ ဒီလိုအဖြစ်ဆိုးတွေကို ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်ပဲ ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေ ဆက်လက်ခံနေရဦးမှာ ဖြစ်လို့ စစ်အာဏာရှင် ကြီးစိုးတဲ့စနစ် ၂၅% မကလို့ ၁% တောင် မကျန်ရှိရလေအောင် အဆုံးသတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်ကြဖို့ လိုပါတယ်။ ကိုတင်မောင်ဦး၊ ၇၄ ဒီဇင်ဘာ၊ ဦးသန့်အရေးအခင်းဆိုတာကို မမေ့သင့်တဲ့အတွက် ဒီသမိုင်းတွေကို အားလုံးသိဖို့နဲ့ မမေ့ဖို့ လိုအပ်လို့ မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

ကိုတင်မောင်ဦးနဲ့ ခေတ်အဆက်ဆက်မှ အသက်ပေးသွားသော တိုက်ပွဲဝင်ကျောင်းသားအပေါင်း ကောင်းရာသုဂတိ လားပါစေ။






Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */