“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 09, 2011

ကျွန်ူပ်တို့၏ တာဝန် ၀တ္တရား

မရှိတာထက် ၊ မသိတာ ပိုခက်၏ ၊ မသိတာထက် မသိချင်တာ ပိုခက်၏ ၊ (ပေးပို့ သူ-ဗမာ့သွေး)
မသိချင်တာထက် သိချင်ယောင် ဆောင်တာက ပိုခက်၏ ဆိုတဲ့ စကားလေးကို အမြဲကြားနေရ ပေမယ့် တခါမှ သေချာ မစဉ်းစားမိခဲ့ဘူး ။
မြေပေါ်မြေအောက် သဘာဝ သယံဇာတ အရင်းအမြစ်တွေ ပေါများစွာ ပိုင်ဆိုင်ထားတဲ့ တိုင်းပြည်ကြီးက ပြည်သူလူထု ပိုမို ဆင်းရဲကြပ်တည်းကာ ဒုက္ခရောက်နေရတာလည်း ဆိုတဲ့ မေးခွန်း ကို ဖြေရရင် သိချင်ယောင် ဆောင်ကာ နေရာတကာ လူတတ်ကြီး လုပ်ချင်နေကြသည့် ကိုယ်ချင်းစာ တရားခေါင်းပါးသည့် လူများ၏ နှစ်ပေါင်းများစွာ အုပ်ချုပ်စိုးမိုး ချယ်လှယ် မှု ကြောင့်ပင် ဖြစ်လိမ့်မည် ဟု ထင်မိပါသည် ။ ကိုယ်တိုင်က အသိဥာဏ် ပညာအားနည်း သည့် အပြင် ပညာမဲ့သော နောက်လိုက်များ၏ မြှောက်ပေးမှုကို အဟုတ်မှတ်ကာ စိတ်ထင် သမျှ လျှောက်ရမ်းကာ အာဏာတည်မြဲရေးမှ တပါး အခြား အရာမှန်သမျှကို လေးနက်စွာ မစဉ်းစားခဲ့ကြ၍ ကျနော်တို့ တိုင်းပြည်ကြီး အခုလို ပုံပျက်ပန်းပျက် ဖြစ်ခဲ့ရပါသည် ဆိုခဲ့လျှင် မှားမည် မထင်ပါ ။



ကိုယ်တိုင်က မသိနားမလည်ခဲရင်တောင် စိတ်ကောင်း စေတနာများဖြင့် တိုင်းပြည်အား တိုးတက် ထွန်းကာစေလိုပါ က တတ်ကျွမ်း နားလည်သူများ နှင့် ညှိနှိုင်း တိုင်ပင်ကာ ဆောင်ရွှက်နိုင်ပါလျှက် နားလည်ချင်ယောင် ဆောင်ကာ နေရာတကာ ၀င်ရောက် စွက်ဖက်လုပ်ဆောင်မှုများ ကြောင့် ပညာရှင်တော်တော်များများသည် သူတို့ နှင့် ဆက်ဆံရမှာ ၀န်လေးလာကြသည် ။



အမှန်ကို လမ်းညွှန်ပြနေသူ ပညာရှင်များရဲ့ ဝေဖန်သံများကို နားခါးလှ၍ လူမိုက်များ၏ မြှောက်ထိုးပင့်ကော် မုသားစကားများကို သာ အစဉ်ကြားလိုရာက အစပြု၍ ပညာရှင်များကို နေရာ ဖယ်ရှားရန် ကြိုးစားကြသည် ။ ထိုအရာကို သိထားသည့် ပညာရှင်တော်တော်များများသည် ဥပက္ခာ စိတ်ထားကာ သူတို့နှင့် ဝေးရာကို ထွက်ခွါရန်သာ အစဉ် အမြဲ ကြိုးစားကြလေသည် ။ တတ်ကျွမ်းနားလည်သော ပညာရှင်များ အစား ပညာမဲ့များကို နေရာပေးရာ က စလို့ မြန်မာနိုင်ငံ ပညာရေး စနစ်ကြီး အလုံးစုံနီးပါး ပျက်သုဉ်းတော့မည့် အနေအထားကို တစတစ နီးကပ်လာသလို ပညာမသင်ကြားနိုင်သည့် ကလေးတွေ ပိုမိုတိုးပွားလေသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိနေရတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး ။



အုပ်ချုပ်ရေး အာဏာကို ရယူထားကာ တိုင်းပြည် ဘဏ္ဍကို စီမံခန့်ခွဲနေသည့် လူအများက လှစ်လျူ ရှုထားမှု ကြောင့် နေရာတကာ ကိုယ်ထူကိုယ်ထ နှင့် ရုန်းကန်နေရသော ပြည်သူ အများတွင် ထိုးတက်လာသော ကုန်ဈေးနှုန်း နှင့် ကျဆင်းလာသည့် ၀င်ငွေများကြောင့် တဖြည်းဖြည်းနှင့် သူများကို ထူနိုင်ဖို့ အသာထား ကိုယ့်ဟာကိုယ်ရပ်တည်နိုင်ဖို့ ပိုမို ခက်ခဲလာသည် ။ အထူးသဖြင့် ပညာရေး ကိစ္စတွင် ဆင်းရဲနွမ်းပါးသော မိသားစုများရဲ့ ရင်သွေးငယ်များသည် မူလတန်း ပညာကိုပင် သင်ကြားရန် အခက်အခဲ ရှိလာကြသည် ။ တိုင်းပြည် တပြည်တွင် ပညာရေး မဏ္ဍိုင် ပြိုလဲလျှင် ထိုတိုင်းပြည်ကြီး တိုးတက်ဖို့ အသာထား လက်ရှိ အနေအထားကို ထိန်းသိမ်း နိုင်ရန်ပင် အတော်ကြိုးစားရသည်ကို သိထားသည့် လူအများသည် ကိုယ့်တိုင်းပြည်မှ လူငယ်လူရွယ်များ ပညာဆက်လက် သင်ကြားနိုင်ရေး အတွက် မိဘမဲ့ ကလေးကျောင်းများ ၊ ဘုန်းတော်ကြီးသင် စာသင်ကြောင်းများ ၊ အခမဲ့ ပညာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးကို အစွမ်းကုန် အားထုတ် ကြိုးပမ်းလာကြသည် ။



ကိုယ်တိုင်ကလည်း မကူညီချင် ၊ ကူညီသူများရဲ့ လုပ်ဆောင်ချက်ကိုလည်း လိုက်လံနှောက်ယှက်တတ်သည့် စစ်အာဏာရှင် လူတစ်စု နှင့် ကိုယ်ကျိုးရှာလိုသူ နောက်လိုက်များသည် သေးသိမ်သည့် စိတ်ထားများဖြင့် ဖျက်လို ဖျက်စီးပြုချင်ကြကာ ပိတ်ပင် တားဆီးမှု များ ပြုလာကြပြန်သည် ။ ထို့နောက် တဆင့်တက်၍ ထိုကဲ့သို့ ပြည်သူလူထု အကျိုးပြု လူမှုရေး လုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီး အပြစ်ပေး အရေးယူသည် အထိ ပိုမို သောင်းကျန်းလာကြပြန်သည် ။ သူတို့တတွေရဲ့ နှလုံးသားမှာ ကိုယ်ချင်းစာ တရားက ပျောက်ဆုံးနေ၍ ယုတ်မာ ရိုင်းစိုင်းသည့် လုပ်ဆောင်ချက်များကို ပြည်သူလူထုက မတော်လှန်ဘဲ ခေါင်းငုံသီးခံ နေလိုက်သည့် အခါ သူတို့၏ ညံ့ဖျင်းလှသော အသိဥာဏ်က သူတို့ လုပ်သမျှ အမှန်ပါလို့ တွေးထင်ကာ ပိုမို ယုတ်မာသည့် လုပ်ဆောင်မှုများ ဆက်လက် လုပ်ဆောင်နေကြကာ မိုက်လုံးကြီးနေကြဆဲ ပင် ဖြစ်လေသည် ။



ကျနော် သတိထားမိသလောက် ပြောရရင် လက်ရှိအစိုးရရဲ့ မူဝါဒမှိုင်းများ နှင့် ပညာရေး မဏ္ဍိုင်တွင် အားနည်းမှု များကြောင့် မြန်မာနိုင်ငံက လူတော်တော်များများဟာ အမှန်နဲ့ အမှားကို ဝေဖန် ပိုင်းခြားနိုင်မှု နည်းပါးလာက လက်ရှိ အစိုးရ လုပ်ဆောင်ချက်များကို မသိစိတ်က ထောက်ခံ နေသလို ဖြစ်နေပါတယ် ။ သူတို့ ဇွတ်အတင်း သွတ်သွင်းနေသည့် ပုံစံခွက်ထဲတွင် အသားကျကာ တစတစ်နှင့် သူတိုကို ထောက်ခံအားပေးသူများ ပိုမို များပြားလာပါတယ် ။ ဒီပုံ အတိုင်းသာ ရှေ့ဆက်သွားရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ အနေအထားကို ဦးတည်သွားနေပြီလို့ ကျနော် ခံစားမိပါတယ် ။





နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး အစရှိသည်တို့သည် တခုနှင့် တခု အမြဲဆက်စပ်နေလို့ ပြည်သူလူထု ကောင်းကျိုးချမ်းသာ ရရှိစေရေး အတွက် လုပ်ဆောင်နေသူမှန်သမျှကို မိတ်ဆွေရင်းချာ သဖွယ် သဘောထားပြီး ကိုယ့်တိုင်းပြည် အရေးမှာ တတ်နိုင်သလောက်လေး ပါဝင်ဆောင်ရွှက်ဖို့ ကျနော် အမြဲတမ်း ကြိုးစားခဲ့ပါတယ် ။ Facebook သုံးစွဲရခြင်းရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာတလွှားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အလွယ်တကူ တွေ့ဆုံခွင့်ရလို့ တိုင်းပြည် အရေးလည်း မကြာခဏ ဆွေးနွေးဘူးပါတယ် ။ တချို့ကတော့ ကိုယ့်ရောက်နေတဲ့ နေရာနဲ့ လက်ရှိ မြန်မာနိုင်ငံ အနေအထားကို နှိုင်းယှဉ်ပြီး တော်တော်လေးကို ခံစားကြရလို့ နိုင်ရာ တာဝန် ထမ်းရွက်ချင်ကြသလို ၊ တချို့ကလည်း ကိုယ့်အိမ်ကို မေ့ထားပြီး သူတပါးအိမ်မှာ ဧည့်သည် လုပ်ရတာ တော်တော်လေးကို ပျော်နေကြတာ တွေ့ရပြန်တယ် ။



လူအမျိုးမျိုး စိတ်အထွေထွေနဲ့ မတူညီတဲ့ ပါတ်ဝန်းကျင် မှာ ရှင်သန်ကြီးပြင်းလာကြခြင်းရဲ့ အကျိုးဆက်များနဲ့ ကိုယ်ပိုင် အယူအဆ ပေါ်မှာ အခြေခံထားတဲ့ ရှုထောင့်တွေကြောင့် အမြင်တွေ အမျိုးမျိုး ကွဲလွဲကြပေမယ့် တိုင်းပြည်ကို ချစ်တဲ့ စိတ်ထားလေးတွေကိုတော့ မပျောက်ဆုံးစေချင်တာ အမှန်ပါ ။ဘယ်နေရာကို ရောက်ရောက် ငါဟာ မြန်မာလူမျိုး ဆိုတာလေးကိုမမေ့စေချင်ပါဘူး ။



ကျနော်အနေနဲ့ကတော့ လက်ရှိကိုယ်ရောက်နေတဲ့နေရာက လူအများက လူတန်းစေ့ နေနိုင်တာကို တကယ်အားကျပြီး ကိုယ့်နိုင်ငံသားတွေကို အဲဒီလို ဖြစ်စေချင်တဲ့ စေတနာနဲ့ အမြဲ ကြိုးစားပေးနေတာပါ ။ မြန်မာပြည်မှာ တုန်းက သေချာ မသိခဲ့ရတဲ့ လူ့အခွင့်အရေး ဆိုတာ တိုင်းတပါးရောက်မှ သေချာ နားလည် သဘောပေါက်လာလို့ အခွင့်အရေး မှန်သမျှ ဆုံးရှုံးနေတဲ့ ကျနော်တို့ နိုင်ငံသားတွေ အတွက် တကယ့်ကို ရင်နာလို့ မဆုံးပါဘူး ။ ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်က ပေးဆပ်နိုင်တာလေးတွေကို အမြဲပေးဆပ်နိုင်အောင် ကြိုးစား လုပ်ဆောင်နေတာပါ ။



ပေးဆပ်တယ် ဆိုတဲ့ စကားဟာ တကယ်တော့ ကျနော်လက်ရှိလုပ်နေတဲ့ အလုပ်လေးတွေ အတွက် သုံးစွဲဖို့တောင် ထိုက်တန်တယ်လို့ မယူဆပါဘူး ။ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ကျဆုံးလေပြီးသော သူရဲကောင်းမျာ ၊ အကျဉ်းထောင်ထဲမှ နှစ်ပေါင်းများစွာ ဒုက္ခခံစားနေရသူတွေ ၊ မလွတ်လပ်တဲ့ နိုင်ငံကြီးမှာ လူအများ လွတ်လပ်စေအောင် တိုက်ပွဲဝင်နေကြဆဲ ပြည်တွင်းက ဒီမိုကရေစီ သူရဲကောင်းတွေ ကျခဲ့ရတဲ့ ချွေးတစက်စာတောင် မရှိတဲ့ ကျနော့်ရဲ့ လုပ်ရပ်များ အတွက်လည်း ကိုယ့်ကိုကိုယ် မချင့်မရဲ ဖြစ်မိတာ အမှန်ပါ .။ ဘာဘဲဖြစ်ဖြစ် ဘာမှ မလုပ်တာထက် စာရင်တော့ တခုခု လုပ်နေတာ ပိုပြီး အကျိုးရှိတယ်လို့ ခံယူထားလို့ ဆက်လက် လုပ်ရှား လုပ်ဆောင် သွားမှာပါ ။





နိုင်ငံရေးနဲ့ ပက်သက်လို့ နိုင်ငံတော်သီချင်းတောင် လွတ်လပ်စွာ ရွတ်ဆိုခွင့်မရတဲ့ တိုင်းပြည် ကြီးမှာ ထောင်နူတ်ခမ်းကို လှမ်းပြီး နမ်းနေရတာကို သိနေပေမယ့် တိုင်းပြည်အကျိုးစီးပွားအတွက် အမြဲကြိုးစားဆောင်ရွက်နေသူတွေ ရှိနေသေးတယ် ဆိုတာ ဒီနေ့ အမျိုးသားဒီမိုကေ၇စီ အဖွဲ့ချုပ် က သက်သေခံထားနေပါတယ် ။ အမေစုရဲ့ ဦးဆောင်မှု နဲ့ ဆုံးဖြတ်ချက်ကို ပျော့ပြောင်းနေတယ်လို့

ထင်ထားပြီး အမျိုးမျိုး ဝေဖန်နေတဲ့ လူအများကို တခုလောက်မေးပါရစေ….. ။



ကိုယ်တိုင် ဦးဆောာင်နိုင်ရင် ဦးဆောင်လုပ်ကိုင်ပါ ။ ကိုယ်တိုင်လည်း ဦးမဆောင်နိုင် သူတပါးက ဦးဆောင်နေတာကိုလည်း အပြုသဘောမဆောင်ဘဲ အမြဲတမ်း လွယ်အိတ်လို ကန့်လန့်တိုက်နေသမျှတော့စည်းလုံးညီညွတ်ရေး ဆိုတာ ဖြစ်လာဖို့ အင်မတန်မှ ခဲယဉ်းတာကို သိထားပြီးသားပါ ။ ပြင်းထန်တဲ့ စိတ်ထားများနဲ့ ရဲရဲတောက် ဆောင်ရွက်ချင်တဲ့ စိတ်ထား အမှန်သာ ရှိခဲ့ရင် ခင်ဗျာတို့လည်း အခုချိန် ထောင်နန်းစံရတာ ကြာပါပြီ ။ လူထုနဲ့ NLD ပါတီကြားမှာ နားလည်မှုတွေ ကွဲပြားအောင် လုပ်ဆောင်နေတာတွေကို ရပ်တန်းက ရပ်ဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ် ။



နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး ၊ လူမှုရေး တခုခုနဲ့ တခု ဆက်နွယ်နေတာကို ဖြတ်တောက်ပြီး တဖက်တည်းမှာ ကျောက်ချပြီး လုပ်ဆောင်လို့ ကတော့ ဘယ်သောအခါမှ အောင်မြင်မှု အစစ်မှန်ကိုရရှိမှာ မဟုတ်ဘူးဆိုတာကို သိထားလို့ တိုင်းပြည် အကျိုးစီးပွားကို အစဉ် ရှေးရှုတဲ့ လူအများက စဉ်းစားပြီး လုပ်ဆောင်နေတာကို မိုက်မဲတဲ့ အသိဥာဏ်နဲ့ လူတချို့က ဝေဖန်နေကြတာ တကယ်တော့ မခံချင်စရာ သိပ်ကို ကောင်းလှပါတယ် ။ ဘယ်အရာကိုဘဲ လုပ်လုပ် လူထုအကျိုးစီးပွား ကို စဉ်းစားပြီး လုပ်ဆောင်နေသူမှန်သမျှကို မိတ်ဆွေ အရင်းအချာ သဖွယ် သဘောထားပြီး ရင်းနှီးစွာ ဆက်ဆံကြရင် ပြတ်တောက်နေတဲ့ ကွင်းဆက်လေးတွေ ပြန်လည် ချိတ်ဆက်မိကာ ဘယ်သူဖြတ်လို့မှ မပြတ်နိုင်တဲ့ အားကောင်းတဲ့ လူထုစည်းလုံးညီညွတ်ရေး ဆိုတာ မကြာခင် ပြန်လည်တွေ့မြင်ရမယ် ဆိုတာ ကျနော် စွဲမြဲစွာ ယုံကြည်ထားပါတယ် ။



မိတ်ဆွေ တို့ အနေဖြင့်လည်း နိုင်ငံရေးမှာ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်ဖို့ အင်အား မရှိကြရင်

လူမှုရေးနဲ့ ပညာရေး ဘက်မှာတော့ အထူးကြိုးစားပြီး အားစိုက်စေချင်ပါတယ် ။ တိုင်းပြည်တပြည်ရဲ့ ပျက်စီးနေတဲ့ ပညာရေး စနစ် အဆင့်အတန်း ပြန်လည် မြင့်မားဖို့ အတွက် အားလုံး ကြိုးစားလုပ်ဆောင်ပါမှ အမြန်ဆုံး ထိရောက် အောင်မြင်လာမှာပါ ။ လူသေလို့တောင် ဈာပန အခမ်းအနား လုပ်စရာ မရှိတဲ့ လူအများ အတွက် နာရေး ကူညီမှု အသင်းက ကူညီဆောင်ရွက်ပေးနေသလို ပညာရေး စရိတ် မတတ်နိုင်လို့ ကျောင်းမနေနိုင်တဲ့ကလေးငယ်တွေ အတွက်လည်း ညီဆောင်ရွက်ပေးနိုင်မယ့် တောင့်တင်းခိုင်မာတဲ့ အဖွဲ့အစည်းတခု လိုအပ်နေတာ အမှန်ပါဘဲ ။



မြန်မာနိုင်ငံမှာ တောင့်တင်းခိုင်မာတဲ့ ပညာရေး အဖွဲ့အစည်း တရပ် ဖြစ်ထွန်း ပေါ်လာခြင်း မရှိသေးသမျှ စာသင်ကျောင်းကို ကျောခိုင်းပြီး ဘ၀ ရပ်တည်ရေး အတွက် ရရာ အလုပ်ကို ၀င်ရောက် လုပ်ကိုင်နေရတဲ့ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေ ပိုမို များပြားလာအုံးမှာ အသေအချာပါဘဲ ဆိုတာ လက်ရှိ ပြင်ပကမ္ဘာက အဖြစ်အပျက်များက သက်သေခံထားနေလို့လေးနက်စွာ စဉ်းစားစေလိုပါတယ် ။



ပညာမတတ်တဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်မှာ ခိုင်မာတဲ့ ဘ၀ ရပ်တည်ချက် ဆိုတာ ရှိဖို့ သိပ်ကိုခဲယဉ်းသွားမှာပါဘဲ ။ ပညာ အခြေခံ အားနည်းတော့ စဉ်းစားတွေးခေါ်မှုပိုင်းမှာ နိမ့်ကျနေတဲ့ ကလေးငယ်တွေ အရွယ်ရောက်လာခဲ့ရင် သူတို့ဘ၀ တိုးတက်ကြီးပွားဖို့ အတွက်ဆို ရာဇ၀တ်မှုတွေကို လုပ်ကိုင်ရတာလည်း မှန်တယ်လို့ ယူဆချင်ယူဆနိုင်တယ် ။ သူတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ရဲ့ နှိပ်စက်မှုဒဏ်ကြောင့် နာကြည်းမှုတွေ ဖုံးလွှမ်းနေတဲ့ သူတို့ရဲ့ စိတ်ဓါတ်အခံကြောင့်

လောကကြီးကို အရွဲ့တိုက်ပြီး မိုက်မဲ ဖို့ အတွက်လည်း ၀န်လေးကြမှာ မဟုတ်ပါဘူး ။ ဒီလို အကျိုးဆက်များကြောင့် လှပသာယာတဲ့ လူ့ဘောင်တခု ပျောက်ဆုံးကာ ရာဇ၀တ်မှုတွေ ဖုံးလွှမ်းနေတဲ့ တိုင်းပြည် အဖြစ်က လွတ်မြောက်အောင် အတွက် ပညာမသင်ကြားတဲ့ ကလေးငယ်များရဲ့ အနာဂတ် အတွက် လုပ်ပေးနိုင်တာလေးတွေ လုပ်ပေးကြ တာဟာ ကျွန်ူပ်တို့ရဲ့ တာဝန်ဝတ္တရားလို့ သဘောထား ကာ ကြိုးစားဆောင်ရွက် ကြဖို့ လေးစားစွာ မေတ္တာရပ်ခံ အကြံပြု တင်ပြချင်ပါတယ် ခင်ဗျာ ။


http://www.facebook.com/note.php?note_id=214669035217418

ဒီဆောင်းပါးလေးကို ဖတ်ပြီး သွားတဲ့ အခါ မိတ်ဆွေ တို့ရင်ထဲက ပြောချင်တာများ ရှိခဲ့ရင် ဒီနေရာလေးမှာ လာရောက် ဖွင့်ဟ ပြောဆိုနိုင်ပါတယ် ။



ခင်မင်လေးစားလျှက်

ဗမာ့သွေး
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */