“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, March 04, 2011

အောက်ခြေ အရာရှိ၊ အကြပ်၊ တပ်သားများအရေး တို့အရေး


မကြာသေးမှီက အပစ်ရပ်အဖွဲ့တခုရဲ့ခေါင်းဆောင် လုပ်ဖေါ်ကိုင်ဘက်ဟောင်းတဦးနဲ့ နအဖတပ် အောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအရေး ဆွေးနွေးဖြစ်ကြတယ်။ အဲဒီအပစ်ရပ်အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ နယ်မြေနဲ့ ဆက်စပ်နယ်မြေတ၀ိုက်မှာ နအဖတိုက်ခိုက်ရေးတပ်ရင်း ၉၀ ကျော်ရှိတယ်။ အဲဒီတပ်ရင်းတွေက အောက်ခြေ အကြပ် တပ်သားတွေဟာ နေ့စဉ်လိုလိုထွက်ပြေးနေကြတယ်။ တပ်ပြေးမရှိတဲ့တပ်ရင်း၊ တပ်ပြေးမရှိတဲ့ နေ့ရယ်လို့မရှိဘူး။ နေ့စဉ်လိုလို တပ်ရင်းတခုမဟုတ် တခုက ပြေးနေကြတာဖြစ်တယ်။ နေ့စဉ်ပျှမ်းမျှတပ်ပြေး အရေ အတွက်ဟာ တပ်စိတ်တစိတ်ခန့်ရှိတယ်။
တချို့က လက်နက်ခဲယမ်းပါယူပြေးတယ်။ တချို့က လက်နက်မဲ့ပြေးတယ်။ တကိုယ်တော် ပြေးသူတွေရှိသလို ၂ ယောက် ၃ ယောက်အစုနဲ့ပြေးတာမျိုးလဲရှိတယ်။ တချို့ကနီးစပ်ရာနယ်စပ်ဒေသတွေကို ပြေးတာရှိသလို၊ မိမိအရပ် ကိုပြန်ပြေးကြတာမျိုးလဲရှိတယ်။ လွတ်သူရှိသလို ပြန်ဖမ်းမိသူတွေလဲရှိတယ်။ ပြန်မိရင်တော့ မသက် သာဘူး၊ အကြီးအကျယ် နှိပ်စက်ခံကြရတယ်။ လက်နက်မဲ့ပြေးသူပြန်မိရင် တပ်မှာ ပြန်အမှုထမ်းရတယ်။ လက်နက်နဲ့ပြေးသူ ကိုတော့ အတင်းလိုက်တိုက်တယ်။ ပြန်မိရင်တော့ ပစ်အသတ်ခံရတယ်။
ထိုင်းနယ်စပ်က အပစ်ရပ်အဖွဲ့တခုရဲ့ နယ်မြေမှာစခန်းထိုင်တဲ့ နအဖတပ်ရင်းတချို့ဆိုရင် နေ့ခင်းဘက်မှာ ရဲ ဘော်တွေကို လက်နက်ဖြုတ်ထားတယ်။ ညဘက် ၇ နာရီထိုးမှ လက်နက်ပြန်တပ်တယ်။ မိမိနယ်မြေအတွင်း ခရီး တို ရိက္ခာထုတ်သွားရတဲ့ အခါမျိုးမှာလဲ ရဲဘော်တွေကို လက်နက်ကိုင်ဆောင်ခွင့်မပေးဘူး။ စိတ်ချယုံကြည် ရတဲ့ အကြပ် ကြီး၊ အကြပ်ငယ်တွေလောက်သာ လက်နက်ကိုင်ဆောင်ခွင့်ပြုတယ်။ ထွက်ပြေးရင် လက်နက်ပါ မသွားအောင် ကြိုတင်ကာကွယ်တဲ့ သဘောဖြစ်တယ်။
တပ်ပြေးအများစုဟာ လူပျိုလူလွတ်တွေဖြစ်တယ်။ အိမ်ထောင်သည်ရဲဘော်ကတော့ တပ်တွင်းနေထိုင်မှု ဘ၀ကို စိတ်ပျက်တဲ့တိုင် ဇနီး သားမယားတွေအတွက် နောက်ဆံတင်းနေတာကြောင့် ကျိတ်မှိတ်ခံနေကြရတယ်။
၂၀၁၀ ခုနှစ်အတွင်းမှာ ခွဲလိုက်၊ ရင်းလိုက် တပ်မှထွက်ခွင့်တောင်းမှုတွေ၊ ရဲမွန်နဲ့မှော်ဘီမှ တပ်ရင်းအချို့လို စုကြေးငွေတွေ ပြန်ထုတ်ပေးဖို့ ရင်းလိုက်လက်မှတ်ထိုးအရေးဆိုမှုတွေ လူသိရှင်ကြားဖြစ်ပွားလာတယ်။ စစ်တပ် တတပ်မှာ အဲဒီလိုအစုလိုက်အဝေးလိုက် အရေးဆိုမှုတွေဖြစ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒီလိုအစုအဝေးနဲ့ အရေးဆိုမှုတွေဟာ စစ်တပ်သဘောအရပြောရင် လက်နက်မဲ့ပုန်ကန်မှု တမျိုးဖြစ်တယ်။ ဒီလိုအရေးဆိုမှုမျိုးကို စစ်တပ် တတပ်အနေနဲ့ ဘယ်တုန်းကမှ ခွင့်ပြုရိုးထုံးစံမရှိဘူး။ အကြောင်းကတော့ ဒီလိုအရေးဆိုမှုမျိုးကို ခွင့်ပြုလိုက်ရင် အစဉ်အလာဖြစ်သွားပြီး အဆင့်ဆင့်အမိန်ပေးကွပ်ကဲမှုစနစ်နဲ့ စစ်စည်းကမ်းလိုက်နာရေးဘက်မှာ ချိနဲ့သွားမှာကြောင့် ဖြစ်တယ်။ တပ်အုပ်ချုပ်ကွပ်ကဲရေးမှာ အမိန့်မနာခံမှုနဲ့ စစ်စည်းကမ်းချိုးဖောက်မှုတွေ ဖြစ်လာတတ်လို့ဖြစ်တယ်။
ယခင်က တပ်တွင်းမှာ ယူဂျီလှုပ်ရှားမှုတွေရှိခဲ့ပေမယ့် ခုလို ခွဲလိုက် ရင်းလိုက် စုစုစည်းစည်း အရေးဆိုတာမျိုး တွေမ ရှိခဲ့ဘူး။ တပ်တွင်းဒါဘာဆွေးနွေးပွဲတွေမှာသာ တဦးချင်းထင်မြင်ချက်၊ မကျေနပ်ချက်တွေ တင်ပြတာမျိုး ရှိခဲ့တယ်။ ဒီလိုတင်ပြရာမှာလဲ တင်ပြသူကို သီးခြားခေါ်ယူတွေ့ဆုံပြီး နောင် ရင်းလိုက်၊ ခွဲလိုက် ဆွေးနွေးပွဲတွေမှာ ဒီလိုဆွေးနွေးပြောဆိုတာမျိုးမလုပ်ဖို့ ခြိမ်းခြောက်အကြပ်ကိုင်တာမျိုးတွေ လုပ်လေ့ရှိတယ်။ တင်ပြဆွေး နွေးတဲ့ ရဲဘော် တွေဟာ တပ်တွင်းစစ်ထောက်လှမ်းရေးရဲ့ စောင့်ကြည့်မှုကိုလဲခံကြရတယ်။
ဒီနေ့ ခွဲလိုက်ရင်းလိုက် အစုအဝေးနဲ့ အရေးဆိုလာတာတွေဟာ တပ်တွင်းမှာ ဒါဘာဆွေးနွေးပွဲမရှိတာ၊ ဒါမှ မဟုတ် လိုအပ်သလောက် လွတ်လပ်စွာပြောဆိုခွင့်ရှိတဲ့ ဒါဘာဆွေးနွေးပွဲတွေ လုပ်မပေးတာကိုပြတယ်။ ဒါမှမဟုတ် သူတို့အတွက် ဘာအကျိုးသက်ရောက်မှုမှမရှိတဲ့ ဒါဘာဆွေးနွေးပွဲတွေအပေါ် ယုံကြည်မှုမဲ့ရာက ထွက်ပေါ်လာတဲ့၊ အတိုင်းအတာတခုအထိ အများလက္ခဏာဆောင်တဲ့ အောက်ခြေ အကြပ်တပ်သားများရဲ့ အရေးဆိုနည်းသဏ္ဌန်သစ် ဖြစ်တယ်။ တချိန်တည်းမှာ နအဖအနေနဲ့ တပ်ကို ပိုင်ပိုင်နိုင်နိုင်ကိုင်ရေးအတွက် အခက်အခဲတွေရှိလာနေပြီ ဆိုတာကို ပြတဲ့ ရှေးဦးဖော်ပြချက်လဲဖြစ်တယ်။
ဒီလို တပ်တွင်းအောက်ခြေ အကြပ်တပ်သားများရဲ့ စားဝတ်နေရေး အာမခံချက်မဲ့မှုကြောင့် တပ်တွင်း မတည်ငြိမ်မှုတွေဖြစ်လာတဲ့အခါ တပ်ကို အနီးကပ်ကွပ်ကဲရတဲ့ စု ရင်း ခွဲ စတဲ့ အောက်ခြေအရာရှိတွေမှာလဲ အခက် အခဲတွေ ကြုံလာရတယ်။ တပ်တွင်းစားဝတ်နေရေးပြဿနာတွေကို ဆိုင်ရာသို့တင်ပြပေးပေမဲ့လဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်ပေးမှုမျိုးတွေမရှိဘူး။ အောက်ခြေ အကြပ်တပ်သားတွေရဲ့ စည်းကမ်းချိုးဖောက်မှု (ဥပမာ… နှစ်လုံး၊ သုံးလုံးလောင်းကစားမှု၊ ခွင့်မဲ့ တပ်ပြင်ထွက်မှု၊ အမိန့်မနာခံမှု၊ မူးယစ် ရမ်း ကားမှု) များကို တွေ့တဲ့တိုင် အမိန့်စည်းကမ်းနဲ့ အရေးယူဖို့ ဝန်လေးနေကြတယ်။ မသိယောင်၊ မမြင် ယောင် ဆောင် နေရတာမျိုးတွေရှိလာတယ်။
အမိန့်စည်းကမ်းနဲ့ အကြပ်ကိုင်မယ်ဆိုရင်လဲ အန္တရာယ်များတဲ့ တုန့်ပြန်မှုမျိုးခံရမှာကို စိုးရိမ်လာကြတယ်။ လက်နက်တွေကိုယ်စီကိုင်ထားတဲ့ လူအုပ်ကြီးကို ကွပ်ကဲရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ ပြောချင်တာက လက်ရှိ နအဖတပ်မှာ တပ်ရဲ့အသက်ဖြစ်တဲ့ အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ စစ်စည်းကမ်း ဥပဒေ ဆိုတာတွေဟာ သိသိ သာသာယိုယွင်းလာနေပြီဆိုတဲ့ အချက်ကိုဖြစ်တယ်။
စစ်တပ်တတပ်ကို အဓိကချုပ်ကိုင်ထားတဲ့ အချက်တွေက ဘာတွေလဲ။ အကျယ်ချဲ့ရင် အများကြီး ပြောစရာ ရှိပေမဲ့ အဓိကအားဖြင့် ၃ ချက်ပဲရှိတယ်လို့ ဆိုနိုင်တယ်။ (၁) အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ (၂) စစ်စည်းကမ်းဥပဒေ (၃) စစ်မှုထမ်းများရဲ့စားဝတ်နေရေး အာမခံချက်ရှိရေး (အထူးသဖြင့် အောက်ခြေအရာရှိ၊ အရာခံ၊ အကြပ်တပ်သားများ) တို့ဘဲဖြစ်တယ်။ စစ်မှုထမ်းများရဲ့စားဝတ်နေရေး အာမခံချက်ရှိရေးဟာ အဆင့် ဆင့် အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ စစ်စည်းကမ်းဥပဒေ စတာတွေကို အာမခံနိုင်ဖို့ တိုက်ရိုက် အကျိုးသက် ရောက်မှု ရှိတယ်။
ဆိုလိုတာက ထမင်းမဝဘဲ၊ စားဝတ်နေရေး ထိုက်သင့်သလိုအာမ,မခံဘဲ ဘယ်စစ်ဗိုလ်၊ စစ်သားမှ စစ်မတိုက် ချင်ဘူး၊ အမိန့်မနာခံချင်ဘူး၊ စစ်စည်းကမ်းဥပဒေကို မလိုက်နာချင်ဘူး။ အထူးသဖြင့် နိုင်ငံရေးယုံကြည်ချက်အရ မဟုတ်ဘဲ ဝမ်းရေးအတွက်စစ်မှုထမ်းရတဲ့ နအဖ တပ်လို အခစားတပ်မျိုးအတွက် ဒီအချက်ဟာ ပိုမှန်တယ်။ သွေး ထွက်အောင် မှန်တယ်လို့တောင် ပြောနိုင်တယ်။
၁၉၆၂ ခုနှစ်မတိုင်မီ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်ကဆိုရင် တပ်တွင်းအောက်ခြေ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများရဲ့ စားဝတ်နေရေးဟာ အပျံစားကြီး မဟုတ်ပေမဲ့ လက်ရှိ နအဖ အစိုးရထက်တော့ သာတယ် ဆိုတာသေချာတယ်။ အဲဒီတုန်းက အောက်ခြေစစ်မှုထမ်းတွေ၊ သူတို့ရဲ့သားမယားတွေ တပ်အပြင်ထွက်ပြီး ထင်းခုတ်၊ မီးသွေးဖုတ်၊ အုတ်ဖုတ်၊ ပန်းရံလုပ် စတဲ့ အလုပ်မျိုးတွေနဲ့ ဝင်ငွေရှာရတာမျိုးတွေ မရှိခဲ့ဘူး။ တပ်သားတယောက် လစာ ၈၂ ကျပ် (လို့မှတ်မိနေတယ်) သာဖြစ်ပေမဲ့ အထိုက်အလျောက် အသက် ရှုချောင်တယ်။ ဒီနေ့လို ယူနီဖောင်း ဝယ်ဝတ်ရတာမျိုးလဲ မရှိဘူး။ သက်တမ်းအလိုက် စောင်၊ ခြင်ထောင်၊ ယူနီဖောင်း၊ ဖိနပ် စတာတွေကို အချိန်မှန် လဲပေးတာ ရှိတယ်။ ရှမ်းပြည်လိုအေးတဲ့ဒေသတွေမှာ တာဝန်ယူရတဲ့ တပ်တွေဆိုရင် Battle Blouse ဆိုတဲ့ အနွေး ထည်ဝတ်စုံ၊ အထူးရိက္ခာအဖြစ် Army Rum စတာတွေတောင် ထုတ်ပေး တယ်။ အဲဒီတုန်းကတပ်ကထွက်ရင် ထမင်း ငတ်လိမ့်မယ် ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှုမျိုးတွေတောင် အောက်ခြေ အကြပ်တပ်သားတွေအတွင်းမှာ ရှိခဲ့တာအမှန်ဘဲ။ အဲဒီကာလက မိမိဆန္ဒအလျှောက် စစ်မှု ထမ်း သူကများတယ်။ စစ်မှုထမ်းသက်ပြည့်ရင် ထွက်ခွင့်ရပြီး အတော်များများ က ပင်စင် နဲ့အနားယူတတ်ကြတယ်။ အမှုထမ်းနေစဉ်မှာလဲ အရေးပေါ်ခွင့် (၁၀)ရက်၊ ရက်ရှည်ခွင့် (၁)လ နှစ်စဉ်ခံစား ခွင့်ရှိတယ်။
ပါလီမန်ဒီမိုကရေစီ ခေတ်ကာလ စစ်သည်တွေဟာ အသက်(၁၈)နှစ်ပြည့်ပြီး ပေမှီဒေါက်မှီ တွေများတယ်။ ဒီနေ့ကာလလို ပေမမှီ ဒေါက်မမှီ၊ အသက်မပြည့်တဲ့ ကလေးစစ်သားရယ်လို မတွေ့ဖူးသလောက်ဘဲ။ ဒီနေ့ကာလလို စစ်ပြေးတွေလဲမများဘူး။ ဆိုလိုတာက တပ်တွင်းအောက်ခြေ စစ်မှုထမ်းများရဲ့ စားဝတ်နေရေး အာမခံချက် သင့် မသင့်၊ ကောင်းမကောင်း ဆိုတဲ့အချက်ဟာ အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုနဲ့ အမိန့်နာခံမှု၊ စစ်စည်းကမ်းဥပဒေ ဆိုတာ တွေကို တိုက်ရိုက် အထောက်အကူ ပြုတယ်ဆိုတာဘဲဖြစ်တယ်။
ဒီနေ့တော့ "တပ်ကထွက်ရင် ထမင်းငတ်လိမ့်မယ်" ဆိုတဲ့ ၁၉၆၂ မတိုင်မီက အောက်ခြေ အကြပ်တပ်သား များရဲ့ စဉ်းစားတွေးခေါ်မှုနေရာမှာ စစ်သားဘ၀ထက် သာမန်အရပ်သားဘ၀နဲ့ လုပ်ကိုင်စားရတာကမှ အသက် ရှု ချောင်နိုင်သေးတယ်ဆိုတဲ့ အတွေးအခေါ် အစားထိုးလာတယ်၊ လွှမ်းမိုးလာတယ်။ ဒါကြောင့်လဲ တပ်ပြေးတွေ တနေ့ တခြားများပြားလာတာ၊ ခွဲလိုက်ရင်းလိုက် စုပေါင်းပြီး ထွက်စာတင်တာ၊ စားဝတ်နေရေး မပြည့်စုံလို့ ခွဲလိုက်ရင်းလိုက် စုငွေတွေ ပြန်ထုတ်ပေးဖို့ အရေးဆိုလာကြတာဖြစ်တယ်။
ဒါတွေက ဘာကိုဖော်ပြနေသလဲဆိုရင် စစ်အာဏာရှင်စနစ်ဒဏ်ကို ပြည်သူတွေသာမက တပ်မတော်သား တွေပါ ကော့နေအောင်ခံနေရတယ်ဆိုတဲ့ အချက်ကိုဘဲဖြစ်တယ်။ တပ်မတော်သားတွေနဲ့ ပြည်သူတွေမပူးပေါင်းနိုင်ရင် တတိုင်းပြည်လုံး စစ်အာဏာရှင်စနစ်အောက်က မလွတ်မြောက်နိုင်ဘူးဆိုတာ အလွယ်နဲ့သိနိုင်တဲ့ ကိစ္စဖြစ်တယ်။ ဒါပေမဲ့ ဘယ်နိုင်ငံရေးအင်အားစုကမှ တပ်မတော်ကို ပြည်သူတွေနဲ့ လက်တွဲလာနိုင်အောင် မစည်းရုံးကြသေးဘူး၊ ဒါကြောင့်ဘဲ တပ်တွင်းလှုပ်ရှားမှုတွေဟာ တဦးချင်း လွတ် မြောက်ရေး၊ ကျဲကွဲတဲ့ အလိုလျောက်လှုပ်ရှားမှုအဆင့်မှာဘဲ ရပ်တန့်သလိုဖြစ်နေရတယ်။
လက်ရှိအခြေအနေအရ စစ်သားတယောက်အဖို့ နအဖ အမိန့်ပေးဌာနအောက်က လွတ်မြောက်ရေးဆိုတာ အတော်ခက်ခဲတယ်၊ ၁၉၉၀ ခုနှစ် မတိုင်မီကဆိုရင် တပ်ကထွက်ပြေးဖို့ဆိုတာ ဒီလောက်မခက်ဘူး။ တိုင်းပြည်အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အများအပြားရှိတယ်။ လက်နက်ယူပြီး လူကိုသတ်ပစ်မယ့်အဖွဲ့အစည်းမျိုး မဟုတ်လို့ ယူဆရရင် အဲဒီအဖွဲ့အစည်းနဲ့ ဆက်သွယ်ခိုလှုံလို့ရတယ်။ တပ်တွင်း ယူဂျီနဲ့ ချိတ်နေရင်တော့ ယူဂျီက တဆင့် စိတ်ချလက်ချသွားနိုင်တယ်။ ဒီနေ့ကာလမှာတော့ တပြည်လုံးလိုလို အပစ်ရပ်အဖွဲ့တွေချည်း ဖြစ်နေတယ်။ အပစ်ရပ်အဖွဲ့တွေကလဲ နအဖအစိုးရကို မကြိုက်ပေမဲ့ သူတို့အခြေအနေအရ တပ်ပြေးတွေကို လက်ခံဖို့ကျတော့ ဝန်လေးနေကြတယ်။ နယ်စပ်က လက်နက်ကိုင်တိုက်ဆဲ လူမျိုးစု အဖွဲ့အစည်းတွေထံ ခိုလှုံဖို့ကျတော့လဲ သူတို့ရဲ့ အသက်အာမခံချက်နဲ့ ပတ်သက်ပြီး သို့လော သို့လော သံသယတွေ ရှိနေကြဆဲဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကို ပြေးပြန်တော့လဲ အဲဒီနိုင်ငံတွေက တပ်ပြေးမှန်းသိတာနဲ့ ဖမ်းပြီး နအဖလက်ပြန်အပ်ကြတယ်။ ဒီလို အဖက်ဖက်အခြေ အနေတွေက နအဖနဲ့ လမ်းခွဲချင်တဲ့ အရာရှိ အရာခံ၊ အကြပ်တပ်သားတွေအဖို့ ထွက်ပေါက်ပိတ်သလို ဖြစ်နေတယ်။ အဲဒီလိုထွက်ပေါက်ပိတ်နေလို့ဘဲ စစ်အုပ်စုက တပ်ကိုလိုသလို ကိုင်တွယ်အသုံးချနိုင်ဖို့ အခွင့်အလမ်းတရပ်ရနေတာလို့ ဆိုနိုင်တယ်။
အချုပ်အားဖြင့်ဆိုရင် လက်ရှိစစ်အုပ်စုရဲ့တပ်တွင်းမှာ အောက်ခြေ အရာရှိ အရာခံ၊ အကြပ် တပ်သားများရဲ့ စားဝတ်နေရေး အာမခံချက်မဲ့မှုက တပ်ရဲ့အသက်ဖြစ်တဲ့ အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှု၊ အမိန့်နာခံမှုစနစ်နဲ့ စစ်စည်း ကမ်းဥပဒေလိုက်နာရေးဆိုတာတွေကို တိုက်စားပစ်နေပြီ။ လက်ရှိ နအဖ စစ်အစိုးရ (နောက်တက်မဲ့ ရုပ်သေးအစိုးရ အပါအဝင်) ဟာ တပ်အောက်ခြေထုရဲ့ စားဝတ်နေရေး၊ အာမခံချက်ရှိရေး၊ တပ်တွင်းအထက် အောက်ရပိုင်ခွင့် ကွာဟမှု တတ်နိုင်သမျှ ကျဉ်းအောင်ထိန်းညှိရေးဆိုတဲ့ တပ်ပြုပြင်ပြောင်းလဲ ရေးကို လုပ်နိုင်စွမ်းမရှိဘူး။ တကယ်က တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ ဒီမိုကရေစီ အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ သာ လုပ်ကိုင်နိုင်တာမျိုး ဖြစ်တယ်။
ကာကွယ်ရေးဦးစီးချုပ်ကို ထင်ရာစိုင်းခွင့်မပေးဘဲ ဒီမိုကရေစီအရပ်သားအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ထိန်းကွပ်မှုအောက်မှာ ထားနိုင်တဲ့ အခြေအနေမျိုးမှာသာ လုပ်နိုင်တာဖြစ်တယ်။ လိုအပ်လာရင် ကာကွယ်ရေးဦးစီး ချုပ်ကို အရေးယူအပြစ်ပေးတာ၊ ထုတ်ပယ်တာ၊ အမြင့်ဆုံးသေဒဏ်ပေးတာမျိုးတွေ လုပ်နိုင်တဲ့ အခြေအနေမျိုးမှာသာ လုပ်နိုင်တာလို့ ယူဆတယ်။ တပ်ပြုပြင်ပြောင်းလဲရေးဆိုတာ ဒီမိုကရေစီလုပ်ဟန်တမျိုးဖြစ်ပြီး ဒီနေ့လို ကာကွယ်ရေး ဦးစီးချုပ်က ထင်ရာစိုင်းခွင့်ရှိတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဘယ်လိုမှ ဖြစ်နိုင်စရာမမြင်ဘူး။ တပ်ပြုပြင်ပြောင်းလဲ ရေး မလုပ်နိုင်တာနဲ့အမျှ နအဖ တပ်တွင်းအမိန့်ပေး/အမိန့်နာခံစနစ် နဲ့ စစ်စည်းကမ်းဥပဒေဆိုတာဟာလဲ အနှေးနဲ့ အမြန် ဦးနင်းပဲ့ထောင်ဖြစ်လာဖို့များတယ်။ စစ်အုပ်စုတွင်း ဂိုဏ်းတိုက်ပွဲတွေကလဲ ဒီအခြေအနေကို မီးလောင်ရာ လေပင့် ဖြစ်စေမှာ သေချာတယ်။
ဒါကြောင့် နအဖ တပ်တွင်း လက်ရှိဖြစ်ပွားနေတဲ့ အောက်ခြေအကြပ်တပ်သားများရဲ့ "စီးပွားရေးတိုက်ပွဲ" သဏ္ဌန်လှုပ်ရှားမှုတွေကို "နိုင်ငံရေးတိုက်ပွဲ" သဏ္ဌန်ဆောင်လာအောင် တပ်ရင်း တပ်ဖွဲ့တွေရဲ့ သီးခြားလှုပ်ရှား မှု လက္ခဏာကို တပ်မတော်တရပ်လုံး လက္ခဏာဆောင်လာအောင်၊ တပ်မတော်ရဲ့သီးခြားလှုပ်ရှားမှုကို လူထု လှုပ်ရှားမှု ကြီး အဖြစ်ပြောင်းလဲပစ်နိုင်အောင် တိုင်းချစ်ပြည်ချစ်အင်အားစုမှန်သမျှက ကြိုးပမ်းဖို့အ ချိန်တန်ပြီ လို့ ယူဆမိရပါတယ်။

တပ်မတော်တပ်သားဟောင်းတဦး
၁၃-၈-၂၀၁၀

http://www.yeyintnge.com/2011/03/blog-post_9637.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */