“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, February 08, 2011

“အိပ်မက်ဆိုးတွေ ဖယ်ရှားကြ”

ဆောင်းပါးရှင် - ဗိုလ်အောင်မြေ
ခေတ်အဆက်ဆက် ပြောင်းလဲလာတာနဲ့အမျှတပ်မတော်အတွင်းမှာ ရှိနေကြတဲ့ အဆင့်အတန်း အားလုံးရဲ့ စရိုက်သဘာဝတွေ ပြောင်းလဲလာပြီလားလို့ ကျွန်တော် စဉ်းစားမိပါတယ်ဒီနေရာမှာ အဆင့်အတန်းအားလုံးလို့ ရေးလိုက်တာက ယေဘုယျသဘောနဲ့ ရေးတာဖြစ်ပြီး မှန်မှန်ကန်ကန်နဲ့ ပြည်သူဘက်က ရပ်တည်နေကြတဲ့ တပ်မတော်သားတွေကို မဆိုလိုပါဘူး။

ခေတ်အခြေအနေအရ လူတွေရဲ့အပြုအမူ၊ အနေအထိုင်၊ ပတ်ဝန်းကျင် ဆက်ဆံရေး စတာတွေ ပြောင်းလဲလာတာကို ကျွန်တော်တို့ တားဆီးပိတ်ပင်လို့ မရပါဘူး။ ဒါပေမယ့် ၀ိနည်းအသွယ်သွယ်ကို လိုက်နာ စောင့်ထိန်းရတဲ့ ဘုရားသားတော်များဖြစ်ကြတဲ့ ရဟန်းတော်များနဲ့ ပြည်သူ့ တပ်မတော်သားများ အနေနဲ့ကတော့ ဘယ်လိုစနစ်တွေပြောင်းပြောင်း၊ ဘယ်လိုခေတ်တွေကိုပဲ ဖြတ်သန်းရပါစေ တိကျတဲ့ လိုက်နာစောင့်ထိန်းရမဲ့ ၀ိနည်းတော်တွေ၊ စည်းကမ်းတွေ၊ အပြုအမူ အနေအထိုင်တွေကတော့ မပြောင်းလဲသင့်ဘူးလို့ ယုံကြည်ပါတယ်။

တပ်မတော်သားအဖြစ် ခံယူလိုက်ပြီးတဲ့ အချိန်ကစလို့ တပ်မတော်က ပြဌာန်းထားတဲ့ စစ်သည်တော် ကျင့်ဝတ်ဆိုတာကို ရင်ထဲ အသဲထဲက စွဲမြဲစွာ လက်ခံပြီး မလွဲမသွေ လိုက်နာကျင့်သုံး ရတယ်ဆိုတာ တပ်မတော်သားတိုင်း သိရှိကြမှာပါ။ တပ်မတော်မှာရှိတဲ့ အခြေခံ စစ်ပညာသင်တန်းကျောင်းကစလို့ တန်းမြင့် စစ်ကျောင်းကြီးတွေမှာပါ တပ်မတော်သားတိုင်း စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာတတ်ဖို့ လေ့ကျင့် သင်ကြားပေးလိုက်ပြီးသား ဖြစ်ပါတယ်။ ယနေ့ခေတ်အခြေအနေအရ ဒီကနေ့တပ်မတော်ကို "မ" တစ်ရာသားတွေနဲ့ အရည်အချင်း မစစ်နိုင်ဘဲ ကြုံရာဆွဲပြီး တပ်အင်အားပြည့်မှီအောင် လုပ်နေရတဲ့အချိန်မှာ ဆွမ်းဆန်ထဲ ကြွက်ချေး ရောလာတာတွေအတွက် နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့်လည်း ကြွက်ချေးတွေချည်း များလာပြီး ပြည်သူကို ကာကွယ်ရမယ့် တပ်မတော်အစား ပြည်သူ့သတ်မတော် ပြည်သူ့ချဉ်ဖတ် ဖြစ်လာနေတာကိုတော့ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိပါဘူး။

တချို့တပ်မှူးတွေအနေနဲ့ ကိုယ့်တပ်ထဲက အရည်အချင်း နိမ့်ကျနေတဲ့ တပ်သားသစ်တွေကို တပ်အစီအစဉ်နဲ့ တပိုင်တနိုင် အရည်အချင်းမြှင့် သင်တန်းတွေ လုပ်ပေးနေတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ရိက္ခာစို၊ ရိက္ခာခြောက်တွေတောင် ၀၀လင်လင် စားသုံးခွင့်မရတဲ့ ဒီကနေ့ တပ်မတော်ထဲမှာ တော်တန်ရုံ ဇွဲသတ္တိနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တပ်ရဲ့ကောင်းရာကောင်းကျိုးကို လုပ်ပေးနိုင်တဲ့ တပ်မှူးတွေ ရှားပါးလာနေတာကို လက်တွေ့ မြင်တွေ့နေရပါတယ်။ ဒါဟာ တပ်မှူးတွေရဲ့ အပြစ်ချည်းလို့တော့ ပုံချပြီး မပြောရက်နိုင်ပါ။ တပ်မတော်မှာ အခြေခံ ဒေါက်တိုင်တွေဖြစ်တဲ့ တပ်ရင်း/တပ်ဖွဲ့တွေအတွက် စစ်ဝတ်နဲ့ ရိက္ခာကိုတောင်မှ ပြည့်စုံဖူလုံအောင် လုပ်မပေးနိုင်တဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ဆိုတဲ့ ခေါင်းဆောင်ဘွဲ့ ခံယူနေတဲ့ ပုဂ္ဂိုလ်တွေကိုပဲ ပြစ်တင်ရှုံ့ချရမှာ ဖြစ်ပါတယ်။

တပ်မတော်သားဆိုတာ အရပ်ဘက်ဥပဒေ၊ စစ်ဘက်ဥပဒေတွေကို လိုက်နာရပြီး စစ်သည်တော် ကျင့်ဝတ်ကိုလည်း ခါးဝတ်ပုဆိုးလို မြဲမြဲစောင့်ထိန်းရပါတယ်။ ဒါပေမယ့်လည်း တပ်မတော်ကို ဦးစီးဦးဆောင်ပြုနေတဲ့ လူကြီးမင်းတွေ ကိုယ်တိုင်ကိုက စစ်သည်တော်ကျင့်ဝတ်ဆိုတာ “ချို” နဲ့လားလို့ ပြန်မေးနေရမဲ့ အခြေအနေကို ဆိုက်ရောက်နေရပါပြီ။

ဒီတော့ကာ အောက်ခြေက အဆင့်အတန်းအားလုံးမှာလည်း စစ်သည်တော်ကျင့်ဝတ်ဆိုတာ စာအုပ်ထဲက စာတွေပါကွာဆိုတဲ့ အတွေးအခေါ်တွေ ဖြစ်လာနေရပါပြီ။ ကိုယ်တိုင်က စစ်သည်တော်ကျင့်ဝတ်နဲ့အညီ မနေထိုင်နိုင်ဘဲ အောက်လက်ငယ်သားတွေအပေါ်မှာ စစ်သည်တော်ကျင့်ဝတ်နဲ့အညီ နေထိုင်မှုမရှိရင် အရေးယူခံရမယ်ဆိုတဲ့ ညွှန်ကြားလွှာတွေ၊ သတိပေးစာတွေ ထုတ်ပြန်ရုံနဲ့တော့ စည်းကမ်းရှိတဲ့ တပ်မတော် ဖြစ်မလာနိုင်ပါဘူး။

ဒါကြောင့်လည်း ဒီကနေ့တပ်မတော်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို စောင့်ရှောက်နိုင်တဲ့ တပ်မတော်ဖြစ်ဖို့ ဝေလာဝေးလို့ ရဲဘော်ရဲဘက် အချင်းချင်းတောင်မှ ခွက်စောင်းခုတ်ဖို့ ချောင်းနေကြတဲ့ တပ်မတော်ဖြစ်နေပါပြီ။ အောက်ခြေက ရဲဘော်တွေက အရာရှိငယ်တွေအပေါ်မှာ သံယောဇဉ်မရှိသလို အရာရှိငယ်တွေကလည်း အောက်ခြေရဲဘော်တွေရဲ့ သက်သာချောင်ချိရေးအတွက် မျက်နှာလွှဲ ခေါင်းခါထားရတဲ့ အဖြစ်မျိုးတွေကို ရင်နာနာနဲ့ တွေ့မြင်နေရပါတယ်။

အရာရှိအချင်းချင်းမှာလည်း နေရာကောင်းရဖို့၊ စစ်ရုံးမှာ ဦးစီးအရာရှိလုပ်ရဖို့၊ တဆင့်မြင့် ရာထူးအတွက် ထောက်ခံမှုရဖို့၊ ၀င်ငွေကောင်းဖို့စတဲ့ "ငါ့ဖို့" တွေ များလာပြီး အပတ်စဉ် အတူတူချင်းတွေကိုတောင် ချောက်တွန်း၊ နင်းတက် စတာတွေ ဖြစ်လာနေပါတယ်။ စစ်ဆင်ရေးမရှိတဲ့ ငြိမ်းချမ်းတဲ့ကာလတွေမှာ ဒီလို ခွက်စောင်းခုတ်နေကြတော့ တကယ့်တကယ် ရှေ့တန်းမှာ နင်လား ငါလား အသက်စွန့် တိုက်ပွဲဝင်ရတဲ့ အချိန်တွေမှာ ဘယ်လိုသံယောဇဉ်မျိုးနဲ့ တစ်ယောက်အသက်ကို ကျန်တစ်ယောက်က ကာကွယ်ပေးကြမှာလဲ။

တပ်ရင်း/တပ်ဖွဲ့တွေမှာရှိတဲ့ "ပြည်သူလူထုအပေါ် ရေလိုလလိုကျင့်ပါ"၊ "ရဲဘော်ရဲဘက်အချင်းချင်း အသက်စွန့် ကာကွယ်ရမည့် သူများအဖြစ် သိနားလည်ပါ" ဆိုတဲ့ဆိုင်းဘုတ်တွေအစား "ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း"၊ " တပ်မတော်သာအမိ၊ တပ်မတော်သာအဖ" ဆိုတဲ့ဆိုင်းဘုတ်တွေ ပြောင်းလဲ အစားထိုး နေတာတွေဟာ ဘာကြောင့်ပါလဲ။ ယခင်က တပ်မှူးကောင်းတွေ ကျွန်တော်တို့အပေါ် အမြဲဆုံးမလေ့ရှိသည့် စကားတစ်ခွန်းက တပ်ပြင်သို့ထွက်လျှင် ပြည်သူလူထုနဲ့ အချင်းမများနဲ့။ ပြဿနာကို ပြည်သူလူထုက ဖန်တီးလာလျှင် မိမိကသည်းခံ။ တစ်ဘက်က ရန်စထိုးနှက်လျှင်တောင်မှ ဘာမှပြန်မလုပ်ဘဲ တပ်အတွင်း အေးအေးဆေးဆေးပြန်လာခဲ့ပါ။ ဖြစ်လာသည့်ပြဿနာကို တရားဥပဒေ ဘောင်အတွင်းမှနေ၍ အရေးယူ ဆောင်ရွက်ပေးမည်လို့ ထပ်ခါတလဲလဲ ဆုံးမထားပါတယ်။

ဘာကြောင့်လဲဆိုတော့ တပ်မတော်ဟာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တာကြောင့် သဘောထား ကြီးရမယ်။ လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ်မှာ အနိုင်ကျင့်ဗိုလ်ကျမှုမျိုး လုံးဝအထင်မခံရစေနဲ့လို့ ရှင်းပြထားပါတယ်။ တပ်မှူးတွေရဲ့ ဆုံးမသြ၀ါဒနဲ့အညီ ကျွန်တော်တို့ နေထိုင်ခဲ့လို့ တပ်ပြင်ထွက်တိုင်း ဘယ်သူနဲ့မှ ပြဿနာမဖြစ်ခဲ့သလို ဒေသခံတွေရဲ့ ချစ်ခင်လေးစားမှုကိုပါ ရရှိခဲ့ပါတယ်။ နောက်ပိုင်းအရာရှိငယ်တွေ အနေနဲ့လည်း ဒီအချက်ကို သေသေချာချာ နားလည်သဘောပေါက် ထားသင့်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ တပ်ပြင်ထွက်ရင် ယူနီဖောင်းနဲ့ မထွက်ရ၊ ဘယ်ရပ်ကွက်၊ ဘယ်လမ်းကို မသွားရဆိုတဲ့ ညွှန်ကြားချက်တွေကို တိုင်းစစ်ဌာနချူပ် အခြေစိုက်မြို့ကြီးတွေမှာတောင် ထုတ်ပြန်ထားနေရတာ ရှက်တတ်ရင် ရှက်ဖို့ တော်တော်ကောင်းနေပါပြီ။ ပြည်သူလူထုက တပ်မတော်အပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာ သိနေရပါပြီ။ အရပ်ထဲမှာ တပ်မတော်သားတစ်ယောက်ကို လေးစားခင်မင်တဲ့ အကြည့်နဲ့ကြည့်လား၊ အော့နှလုံးနာတဲ့အကြည့်နဲ့ ကြည့်လားဆိုတာ ကိုယ့်ဘာသာကိုယ် ဝေဖန်ဆန်းစစ်ကြည့်ကြပါ။ ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ထားခဲ့တဲ့ အစဉ်အလာကောင်းခဲ့တဲ့ တပ်မတော်ကြီးဟာ တစ်နေ့ထက်တစ်နေ့ ပြည်သူ့ချဉ်ဖတ် တပ်မတော်ဘ၀ကို ပြောင်းလဲလာလိုက်တာ ခုဆိုရင် ချဉ်ဖတ်အဆင့်ထက်ကျော်လို့ မစင်ထုတ်လို အပုပ်နံ့ တထောင်းထောင်း ထွက်လာနေပါပြီ။ အာဏာကိုသာ မရ အရယူထားပြီး ပြည်သူ့ကောင်းကျိုးကို လုံးဝအလေးမထားတဲ့ အာဏာရှင်စနစ်အောက်မှာ အရာရာ အောက်ကျနောက်ကျတဲ့ ဘ၀ဆိုးတွေကြောင့် ကျနော်တို့နိုင်ငံသားတွေ တိုင်းတပါးကို အလုအယက် ကျွန်ခံဖို့ သွားနေကြရပါပြီ။

တပ်မတော်ဆိုတာ နိုင်ငံတစ်ခုအတွက် မရှိမဖြစ်တဲ့ အဆင်တန်ဆာတစ်ခုပါ။ တပ်မတော်ရဲ့ ဂုဏ်သတင်း ကျော်စောမှုဟာလည်း ပြည်သူလူထုအတွက် ဂုဏ်ယူဖွယ်ရာ တစ်ခုပါ။ အဲဒီတပ်မတော်ဆိုတာ ပြည်သူလူထုက မွေးဖွားလိုက်တဲ့ သားကောင်းရတနာတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရင်သွေးက ကိုယ့်ကိုပြန်ပြီး ရန်ရှာနေတာ၊ ပထွေးဘက်ကလိုက်ပြီး ကိုယ့်အမေအရင်း ခေါက်ခေါက်ကို ရန်သူသဖွယ် မြင်နေတာတွေကို ရပ်တန့်ဖို့က ဒီကနေ့ မျိုးဆက်သစ် တပ်မတော်သားတွေရဲ့အဓိက တာဝန်ပါ။

ဒီတာဝန်ဟာ မလွဲမသွေ ထမ်းရွက်ရမယ့် တာဝန်တစ်ခုလည်း ဖြစ်ပါတယ်။ တပ်မတော်ရဲ့ မူလတာဝန်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ပဲ ဖြစ်ပါတယ်။ အာဏာရှင် ခေါင်းဆောင်အိုကြီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုံးဝမဟုတ်ပါဘူး။ အာဏာရှင် ခေါင်းဆောင်အိုကြီးတွေဟာ မျိုးဆက် တစ်ခုပြီးတစ်ခု ဖျက်ဆီးလာလိုက်တာ တပ်မတော်တစ်ခုလုံး ရစရာမရှိအောင် ပျက်စီးနေပါပြီ။ မျိုးဆက်သစ် ခေါင်းဆောင်ငယ်တွေအနေနဲ့ အာဏာရှင်တွေရဲ့ ၀ါဒဖြန့် ရိုက်သွင်းထားမှုတွေကို တဘက်သတ် ခံနေကြမယ့်အစား ကိုယ်ပိုင်အသိဥာဏ်နဲ့ ထိုးဖောက် စဉ်းစားကြစေလိုပါတယ်။ မြန်မာနိုင်ငံရဲ့ အဆင့်အတန်းဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ဖို့ဝေးလို့ အရှေ့တောင်အာရှ နိုင်ငံထဲမှာတောင် အမွဲဆုံး တိုင်းပြည်ဘ၀ကို လက်တွေ့ ရောက်နေပါပြီ။

ဒါနဲ့များတောင်မှ ၀ါဒဖြန့် မီဒီယာတွေမှာပါနေတဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေကို လက်ခံယုံကြည် နေတုန်းပဲလားလို့ တပ်မတော်အရာရှိကြီးများကို မေးလိုက်ချင်ပါတယ်။။ တကယ်တော့ ခင်ဗျားတို့ ကျွန်တော်တို့ဟာ တပ်မတော်အတွင်းက ပြန်တမ်းဝင်အရာရှိတွေပါ။ ဒီလောက် စဉ်းစားဥာဏ် မတုံးကြပါဘူး။ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို တကယ်လိုလားတယ်ဆိုရင် ကိုယ်လုပ်နိုင်တဲ့ အဆင့်က ဖြည်းဖြည်းချင်း လုပ်ယူသွားနိုင်ပါတယ်။ အာဏာရှင်ဆိုတာ တကယ်တော့ အောက်လက်ငယ်သားတွေကို နလပိန်းတုံးလို့ သတ်မှတ်ပြီး သူတို့ဖြစ်ချင်တဲ့အတိုင်း ပုံသွင်းနေကြတာပါ။ ကျွန်တော်တို့ နလပိန်းတုံး မဟုတ်ဘူးဆိုတာ ပြနိုင်တဲ့တစ်နေ့ တပ်မတော်နဲ့ တိုင်းပြည် တစ်ခုလုံးအတွက် အိပ်မက်ဆိုးတွေ ပျက်ပြယ်သွားတဲ့နေ့ ဖြစ်လာမှာ အမှန်ပါပဲလို့ နောင်တော်ညီတော်များကို လေးလေးနက်နက် ပြောကြားလိုက်ပါရစေ။

ဗိုလ်အောင်မြေ

မျှဝေသူ ။ ။ ရဲထက်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */