“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, February 24, 2011

အခေါက်အပွေး၊ အသွေးအရောင်နှင့်စေ့ထားသည့်တံခါး

Posted in အထွေထွေ by ရဲရင့်(ကနေဒါ) | 0 အကြံပြုခြင်း>
မျိုးမြင့်ချို by Myo Myint on Sunday, February 20, 2011 at 12:09pm


ကျနော်စစ်သင်တန်းတက်တော့ စက်ပစ်ကွင်းဆင်းရ၏။ ကိုက်သုံးရာအကွာတွင် လေးပေပစ်မှတ်ကိုထောင်ထားပြီး တယောက်ကို ကျည်ဆံ ၅တောင့်နုန်းဖြင့် ပစ်မှတ်၏ဗဟိုချက်တည့်တည့်ကို ပစ်ခိုင်းခြင်း။ ၅တောင့်လုံး မှန်အောင်ပစ်နိုင်သူအား “ကျည်စု”ဆု ပေး၏။ ၅တောင့်လုံး မှန်သူများလည်းရှိ၏။ ဗဟိုကိုထိတန်သလောက်ထိပြီး လေးပေပစ်မှတ်၏ အခြားနေရာများကို ထိသည်များလည်းရှိ၏။ ရည်ရွယ် ချက်က “ဗဟိုချက်ကို ပစ်ရန်နှင့်ထိရေး”။

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့်နိုင်ငံအချို့က န.ဝ.တ၊ န.အ.ဖ စစ်အုပ်စုထိပ်သီးများ၊ ဆွေတော်မျိုးတော်များ၊ ယင်းတို့၏ ပုလင်းတူဗူးဆို့များအပေါ် ပစ်မှတ်ထားပြီး စီးပွားရေးအပိတ်အဆို့ အဟန့်အတားလုပ်ထားသည်ကို လူတိုင်းသိပြီးသားဖြစ်၏။ ထိုတွင် ယင်း တို့၏နိုင်ငံခြားဘဏ်များရှိ ငွေသားနှင့်အခြားအပ်နှံထားသည့်ပစ္စည်းများပါ ထုတ်မရတော့။

န.အ.ဖက ထိုလုပ်ဆောင်မှုကို “စီးပွားရေးပိတ်ဆို့မှု” ဆိုသည့်ဝေါဟာရဖြင့် လူထုအားမှိုင်းတိုက်၏။ ဗူးလုံးနားမထွင်းဖြစ်အောင် လုပ် ထား၏။ လူထုနားတွင် “စီးပွားရေးပိတ်ဆို့မှု” ဟုကြားလိုက်သည်နှင့် စိတ်တွင် “ငါတို့ကိုပိတ်ဆို့ထားတာပါလား” ခံစားစေလိုရင်းဖြစ်၏။ သဘောက “ဗဟိုချက်အားချိန်၍ ပစ်ခြင်းနှင့်ထိရေး” ကို “လေးပေပစ်မှတ်အား ပစ်ခြင်းနှင့်ထိရေး” ဖြစ်သယောင် ဝါဒဖြန့်ခြင်း။

တလျှောက်လုံး သူတို့ကိုင်ထားသည့် မီဒီယာများမှ “စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ” ဟု ကယောင်ကတမ်း အော်သံများညံနေ အောင်ကြားရသလို၊ တဖက်မှလည်း “စီးပွားရေးပိတ်ဆို့မှုကြောင့် တိုင်းပြည်ကြီးဘယ်လောက်ပျက်စီး” ဟုပြောနေပြန်၏။ မည်သို့ နားလည်ရ မည်နည်း။ မမှုသူသည် နာကျင်သည်ဟုငြီးတွားပြီး ပျက်စီးပါပြီဟုမပြော။

“တိုင်းပြည်ကြီးပျက်စီး”နေသည်မှာလည်းမှန်၏။ “စီးပွားရေးပိတ်ဆို့မှု” အလုပ်ခံထားရသည်လည်းမှန်၏။ သို့သော် “စီးပွားရေးပိတ် ဆို့မှုနှင့်တိုင်းပြည်ကြီးပျက်စီးခြင်း” ကို တတွဲတည်းကြည့်ပါက “လုံးရိုက်သည့်အမြင်နှင့်ဝေဝါးသည့်ကောက်ချက်” သာထွက်မည်။ ၁၉၆၂မှ ၁၉၈၈ အထိ ဗမာပြည်ကို ဘယ်သူမှစီးပွားရေးအပိတ်အဆို့မလုပ်။ မရှိ။ တချိန်က အရှေ့တောင်အာရှတွင် အကြွယ်ဝဆုံးတိုင်းပြည်သည် ဘာ ကြောင့် ၁၉၈ဝ ဝန်းကျင်ရောက်တော့ “ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ”စာရင်းဝင်သွားရသနည်း။ တိုင်းပြည်ကြီးပျက်စီးရ၏။ မည်သူ ဖျက်ဆီး သနည်း။

ဒီဘက်ခေတ် နှစ် ၂ဝ ကျတော့ ဘာကြောင့်အပိတ်အဆို့တွေ ကြုံလာရသနည်း။ ဒီဘက်ခေတ် အနှစ် ၂ဝ ခရီးတွင် တိုင်းပြည်ကြီး ပို၍ယိုယွင်းပျက်စီးလိုက်လာသည်မှာ ပြောစရာမရှိ။ ပြည်ပထွက်အလုပ်လုပ်ကြရသူများ၊ တတိယနိုင်ငံတွင်အခြေချနေရသူများ၊ ပြည့်တန်ဆာ များ၊ အိမ်ဖေါ်များ၊ ဒုစရိုက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများ၊ အဓမ္မလုပ်အားပေး၊ ကလေးစစ်သား၊ ပေါ်တာ၊ တောင်းရမ်းစားသောက်ရသူများ၊ ရောဂါဘယများ၊ မူးယစ်ဆေးဝါး၊ တကြော့ပြန်ပြည်တွင်းစစ် စသည်တို့နှင့် လုံးလည်လိုက်နေကာ အဆင်းရောအချင်းပါ အဖျက်ဆီးခံနေရ၏။ ခါးမလှဝမ်းမဝ။ နိုင်ငံနှင့်လူမျိုး၏ဥပဓိ (Identity of nation and nationality) မြင်မကောင်းအောင်ပုံပျက်ရ၏။ မည်သူဖျက်သနည်း။

ယခု သူတို့ လမ်းပြမြေပုံနောက်ဆုံးခြေလှမ်း ပြီးလုပြီ။ ယခင်က သူတို့ပြောချင်သည့်စကားကို သူတို့နှုတ်ကထွက်ရ၏။ ယခု သူတို့ စကားအတွက်ပါးစပ်အငှားလည်းရပြီ။ လွှတ်တော်တွင်းက အငှားပါးစပ်တို့ကိုပြောခိုင်း၏။ ပြောလည်းပြော၏။ ပါးစပ်အငှားနှင့်ပြောတာက “တာ” ပိုသွားမည်ကိုလည်းသိ၏။ သူတို့တုန်းက “တို့မမှုပါ” နှင့် “တိုင်းပြည်ကြီးပျက်စီး”လောက်ပဲ ပြောလို့ရသည်။ ပြောလို့ကောင်းသည်။ အငှားပါးစပ်နှင့်ကျတော့ “တို့မမှုပါ” ထဲ့ပြောလို့မကောင်း။ မဖြစ်။ ဆိုတော့ “ဘာမှမထိရောက်ပါ” “လူထုသာနာသည်” ဆိုပြီး ပြင်ပြောခိုင်းရ၏။

လူထုက အခုမှကောက်ကာငင်ကာ “ထ”နာခြင်းမဟုတ်။ ၆၂ ခုကတည်းက နာလာသည့် အနာဟောင်းအနာဆွေး။ သွေးတိတ်ဖို့ ခက်၏။ အနာ၏ဇစ်မြစ်ကိုသိသိနှင့် ဆေးချက်မှန်ကိုမပေးပဲ ရေမန်းဆီမန်း ဥုံဖွအပ်ချလောင်းဖြင့်မရ။ နောက်တချက်က မထိရောက်ဆိုခြင်း။ မှန်၏။ စီးပွားရေးပိတ်ဆို့မှုတခုတည်းဖြင့် နိုင်ငံတခု၏စီးပွားရေး၊ နိုင်ငံရေးအဆောက်အဦတခုလုံး ပြောင်းလဲသွားရသည့်သာဓက ကမ္ဘာပေါ် တွင်မရှိခဲ့။ ခေါင်းဆောင်တို့၏ နိုင်ငံရေးရေချိန်နှင့်အဆုံးအဖြတ်၊ လူထု၏လိုက်ပါနိုင်မှု၊ နိုင်ငံတကာအခင်းအကျင်းနှင့်အခြေအနေ စသည်တို့ ကို ပိတ်ဆို့မှုနှင့်ပေါင်းစပ်ခဲ့ခြင်းကြောင့်သာ အပြောင်းအလဲဖြစ်ရ၏။

၅ တောင့်လုံးမမှန်သဖြင့် မထိရောက်ဟု ပြောလို့မဖြစ်။ မထိရောက်ဆိုလျှင် ဘာလို့အချိန်ကုန်လူပန်းအာညောင်းခံကာ “ရုပ်ပေးပါ၊ ရုပ်ပေးပါ” ဟု အငှားပါးစပ်တို့က တစာစာအော်ကြရသနည်း။ ရှင်းပါသည်။ အရောင်အသွေး အမွှေးအတောင်တူသည့်ငှက်များ အုပ်စုဖွဲ့ပျံသန်း ကြခြင်းဖြစ်၏။

ပိတ်ထားတာကိုဖွင့်ပေးပါဟု အော်နေခြင်းသည် လက်တွေ့နိုင်ငံရေး၏ ပကတိလိုအပ်ချက်မဟုတ်။ အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်၊ တောတွင်းကပြန်လာလိုသူများ ဘေးသီရန်မခပြန်လာနိုင်ရန်၊ ၊ အချိန်ကာလတခုသတ်မှတ်ပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးပွဲများလုပ်ရန်သာ လက်တွေ့၏တောင်းဆို လိုအပ်ချက်ဖြစ်၏။ ထိုသို့ဆိုလျှင် ဖွင့်ပေးပါ ပြောစရာမလို။ စေ့ထားသည့်တံခါး အလိုလိုပွင့်၏။
မျိုးမြင့်ချို

Posted in ဆောင်းပါး by ရဲရင့်(ကနေဒါ) | 0 အကြံပြုခြင်း> Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */