လွှတ်တော်တက် အမတ်
ကိုဝိုင်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ တနေ့ ၁ဝ မိနစ်မှ မိနစ် ၂ဝ သာ ကျင်းပသည့် နေပြည်တော် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နေသည့် အမတ်များကို စားစရိတ်နှင့် နေစရိတ်တို့အတွက် အစိုးရမှ ကြိုတင်ငွေ တနေ့တသောင်း ထုတ်ပေးသည်။
အမတ်တဦးအတွက် စားစရိတ် ကျပ် ၅,ဝဝဝ၊ တည်းခိုစရိတ် ၂,ဝဝဝ၊ ယာဉ်စီးခအပါအဝင် အထွေထွေ အသုံးစရိတ် ၃,ဝဝဝ ကျပ် ဖြစ်သည်။
ယင်းတို့၏ နေ့စဉ် နေထိုင်မှုပုံစံနှင့် အခြေအနေများကို သိရှိနိုင်ရန် ပြည်သူ့လွှတ်တော်အမတ်နှင့် အမျိုးသားလွှတ်တော်အမတ် တဦးစီကို မဇ္ဈိမ သတင်းထောက် ကိုဝိုင်းမှ မေးမြန်းတင်ပြထားသည်။
....................................................................
လွှတ်တော် အဆောက်အဦးတွေက သီးသန့်စီလား။
ပြည်သူ့လွှတ်တော် အဆောက်အဦးနဲ့ ပြည်ထောင်စုလွှတ်တော်က တွဲလျက်အဆောင်ဖြစ်တယ်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်ပြီးတာနဲ့ နေ့လည်ထမင်းစားဖို့ဆိုရင် ပြည်ထောင်စု လွှတ်တော်ထဲကနေ လမ်းလျှောက်ပြီး ဖြတ်ထွက်သွားတာနဲ့ ပြည်သူ့လွှတ်တော် ထမင်းစားဆောင်ကို ရောက်တယ်။
အမျိုးသားလွှတ်တော်က သူ့စားသောက်ခန်းနဲ့ သူ့ဟာနဲ့သူ
senate
(Photo :: MRTV)
သတ်သတ်ရှိတယ်။ အဲဒီ အဆောင် သတ်သတ်ရဲ့ ဘယ်၊ညာ မှာ ဒုသမ္မတနှစ်ယောက်ရဲ့ အိမ်တော်တွေ။ ကျောဘက်ထဲမှာ ရေးရာ အစည်းဝေးဆောင် အလုံး ၂ဝ ရှိတယ်။ လွှတ်တော်ဝန်းကျင်မှာ အဆောက်အဦး ၃၁ လုံးရှိတယ်။ သမ္မတအိမ်တော်ရောပေါ့ဗျာ။
လွှတ်တော်တခုလုံးကို ဝင်းခတ်ထားတယ်။ ဝင်ပေါက်က နှစ်ခုပဲ။ ဝင်းခတ်ထားတာ ရေကျုံး၊ ကုန်းကျုံးတောင် ရှိသေးတယ်။ ပြီးတော့ ကွင်းပြင်ကျယ်တွေလည်း အများကြီးရှိတယ်။ ညဘက်ဆို လင်းနေတာပဲ။ ဝင်းကတော့ နှစ်ထပ် သုံးထပ်ရှိတယ်။ ပထမဆုံးရက်မှာကတည်းက ကိုယ်မဆိုင်တဲ့နေရာ မသွားပါနဲ့လို့ နာယက,က ပြောထားတာရှိတော့ ကျန်တဲ့နေရာတွေတော့ မရောက်ဘူးဗျ။
ကျနော်တို့ သွားရင်လည်း စာသောက်ခန်း၊ လဘက်ရည်ဆိုင်၊ အိမ်သာပေါ့။ လဘက်ရည်ဆိုင် ကလည်း ထမင်းစားသောက်ခန်းတွေရဲ့ ကြားထဲမှာပဲ ချထားပေးတယ်။ သူ့အခန်း,အခန်းတွေ ထဲမှာပဲပေါ့။ ပြည်ထောင်စုလွှတ်တော်မှာ လဘက်ရည် သောက်တဲ့နေရာ ၂ ခန်းရှိတယ်။ အမျိုးသားလွှတ်တော်မှာကျတော့ တခန်းပဲ။
အဆောင်ကနေ လွှတ်တော်ကို အသွား၊ အပြန် လုပ်ရတဲ့ အဆင့်ဆင့်ပုံစံလေး သိချင်ပါတယ်။
ကျနော်တို့က စည်ပင်ဧည့်ရိပ်သာမှာနေတာကိုး။ လွှတ်တော်ကိုရောက်ဖို့ လေအေးပေးစက်တပ် ကားတွေကို မိနစ် ၂ဝ လောက် စီးရတယ်။ ဝင်ပေါက်မှာဆို ချောင်းလေးတခုရှိတယ်။ သံတခါးက အပြင်မှာတခု အထဲမှာတခု။ အပြင်က ဘတ်စ်ကို အပြင်မှာရပ်ပေါ့ဗျာ။ ပြီးရင် တဖါလုံလောက် လမ်းလျှောက်။ ပြီးရင် အတွင်းပေါက်ကြီး။ အဲဒီမှာလည်းတထပ်။ အဲဒီကနေ မိနီဘတ်စ် အသေးလေးတွေနဲ့ သက်ဆိုင်ရာ လွှတ်တော်နေရာ ရောက်သွားတာပေါ့။
အစည်းအဝေးပြီးရင် ထမင်းစား။ ထမင်းစားပြီးရင် ပြည်ထောင်စုလွှတ်တော်ကို ပြန်လာခဲ့ရတယ်။ အဲဒီကျမှ ကားပြန်စီးရတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ လှေခါးအဆင်းမှာ ကားတွေရပ်ထား ပြီးတော့မှ အပြင်ဂိတ်ဝအထိ အတွင်းကကားတွေက လိုက်ပို့ပေးတယ်။ အပြင်ဂိတ်ဝရောက်ရင် ကျနော်တို့တည်းခိုတဲ့ စည်ပင်တည်းခိုဆောင်ကို လိုက်ပို့ပေးတဲ့ ဘတ်စ်ကားကြီး ၄ စီးနဲ့ ကိုယ့်ကား နဲ့ကိုယ် တက်စီးပြီး ပြန်ခဲ့ရတယ်။
လွှတ်တော်ထဲမဝင်ခင် စစ်ဆေးတဲ့ ပုံစံကကော ဘယ်လိုရှိပါသလဲ။
အစိုးရက ဖွဲ့ပေးထားတဲ့ လွှတ်တော်ဝန်ထမ်းတွေကနေ ကျနော်တို့ဝင်လာပြီဆိုရင် မိုင်းရှာကိရိယာ တွေနဲ့ ရှာတယ်။ လွှတ်တော်စိစစ်ရေးကဒ်ပြား ကိုယ့်နံပတ်ကို ကိုယ်ပြောပြရတယ်။ ကဒ်ပြားမပါတဲ့ သူကို ဝင်ခွင့်မပေးဘူး။
ဆရာတို့ တည်းခိုနေတဲ့ တည်းခိုရိပ်သာ အခြေအနေနဲ့ အဆောင်ပုံစံ အနေအထားက ဘယ်လိုရှိလဲ ခင်ဗျာ့။
လောလောဆယ်တော့ ကင်းခြေများတကောင် ရထားတယ်။ တထွာကျော်တယ်။ နီညိုညို တုတ်တုတ်ကြီး။ အထူက လက်မထက်တောင် နည်းနည်းကြီးချင်သေးတယ်။ အကုန်လုံး လန့်နေတယ်။ အဆောင်ရှေ့က ကားသမားတွေ ဝိုင်းရိုက်ပြီးတော့ အခုနေလှန်းထားတယ်။
ကိုယ့်ပါတီနဲ့ ကိုယ့်အဆောင် သီးသန့်။ တပါတီမှာ ၂ ယောက်လောက်ပဲပါတယ် ဆိုရင်တော့ တခြားပါတီနဲ့ စုလိုက်တဲ့သဘောလည်းရှိပါတယ်။ တသီးပုဂ္ဂလတို့ ဘာတို့ဆို ရောထားလိုက်တယ်။ အဆောင်တွေက တလုံးစီ၊ နံပတ် ၁ ကနေ ၂၉ အထိ။ တလုံးကို အခန်း ၈ခန်း။ တထပ်တိုက်ပု လေးတွေ လုပ်ထားတယ်။ ရှေ့မှာ ကော်ရစ်တာတခုရှိတယ်။ သစ်သားတံခါးတပ်ထားတယ်။ ပြူတင်းပေါက်တွေအားလုံးက မှန်တွေကာထားပြီး တရုတ်ကပ်မဟုတ်တဲ့အတွက် ပြူတင်းပေါက်ကို ဖွင့်မှ လေဝင်ပေါက်ရှိမယ်။ အခန်းထဲမှာ မျက်နှာကျက်ပန်ကာ တလုံးရှိတယ်။ မီးချောင်းက ၂ ချောင်းရှိတယ်။ အခန်းရဲ့ ဖွဲ့စည်းပုံက ပေ ၂ဝ X ၂၅ ပေ။ ရေချိုးခန်းနဲ့ အိမ်သာနဲ့ တွဲလျက်ဖြစ်တယ်။ ရေချိုးခန်းက ၉ ပေပတ်လည်လောက်ရှိမယ်။ ရေချိုးခန်းထဲမှာ မျက်နှာသစ်ဖို့ ရေစင် တခုရှိတယ်။ မှန် တချပ်ရှိတယ်။ ရေထည့်ပြီးတော့ ချိုးဖို့အတွက် ၂ ပေလောက်ရှည်ပြီး အချင်းက တပေခွဲလောက်ရှိတဲ့ ပလတ်စတစ်ပုံး တပုံးရှိတယ်။ ရေပန်းရှိတယ်။ သုံးလို့မရဘူး။ နောက်ပြီး ရေတွေက တခါတလေ နီနေလို့ မျက်နှာသစ်လို့မရဘူး။ သောက်ရေနဲ့ မျက်နှာသစ်ရတယ်။
သောက်ရေက ၂ဝ လီတာ တပုံးကို ၈ဝဝ ပေးရပါတယ်။ ရန်ကုန်မှာ ၄ဝဝ ပေးရတယ်။ ကားနဲ့ လာဖြည့်တဲ့ရေဆိုရင် ၃၅ဝ ပေးရပါတယ်။ ဒါပေမယ့် ကားက ဒီအထဲထိ လာလို့မရဘူး။ အဆောင် ဝင်းထဲမှာ ဖွင့်ထားတဲ့ စည်ပင်အရာရှိတွေပိုင်တဲ့ ဆိုင်တွေကပဲ ပြန်ဝယ်ရပါတယ်။
အားလပ်ရက်တွေနဲ့ အစည်းအဝေး ပြီးချိန်တွေမှာကော အပန်းဖြေနားနေဖို့ ဘာတွေ စီစဉ်ထားပေးလဲ။
ရေဒီယိုတောင်မှ ကိုယ့်ဖာသာကိုယ်ရှိနေလို့ မရှိရင် ကျနော်တို့ ဘာသတင်းမှ၊ ကမ္ဘာကြီးနဲ့ ပြတ်နေမယ်။ သူတို့ရဲ့ ရုံးခန်းတွေမှာတော့ တီဗီရှိတယ်။ သွားကြည့်လို့တော့ရတယ်။ ဒါပေမယ့် ကိုယ့်အခန်းနဲ့ကိုယ်ပဲ နေကြတဲ့အတွက် သွားမကြည့်ကြဘူး။
လစာချီးမြှင့်ငွေထဲမှာ ပြည်ထောင်စုအဆင့်တဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တဲ့၊ စာအုပ်ထဲမှာပဲ ရှိတယ်။ ငါတို့အဆင့် ပျောက်နေပြီလို့ ကိုယ့်ကိုယ်ပဲ ခံစားလိုက်ရတယ်။
ဆရာတို့အတွက် လုံခြုံရေးကော ဘာတွေဆောင်ရွက်ထားပေးလဲ။
လုံခြုံရေးလို့ ပြောမယ်ဆိုရင်တော့ လုံခြုံရေးက ဘာကို လုံခြုံတာလည်း။ သူတို့က ကျနော်တို့ကို နေ့ညမပြတ်နဲ့ လျှောက်ပြီးတော့ ကြည့်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အပေါက်မှာတော့ ရဲတွေစောင့်နေတယ်။ အဲဒီရဲတွေသည် ကျနော်တို့ အဝင်အထွက်မှာ ကျနော်တို့ကိုပဲ စစ်ဆေးရေး လုပ်နေတယ်။ အိပ်ဆောင်တွေကို ညရေးညတာ လုံခြုံရေးလိုက်ပတ်ကြည့်တာ မရှိဘူး။ ဝတ်စုံဝတ်ထားတယ်။ လက်နက်တော့မပါဘူး။ ရဲနက်ပြာမျိုးတွေပေါ့။ အဆောင်နံပတ် ၁၃ က သူတို့ရဲ့အဆောင်။ သူတို့ဆိုင်ကယ်တွေတော့ ရှေ့မှာ ၄-၅ စီးတော့တွေ့တယ်။ ဂိတ်မှာတော့ ၃-၄ ယောက် အမြဲတမ်းစောင့်တယ်။ မီဒီယာတွေလည်း လာလို့မရပါဘူး။ ဧည့်သည်ဆိုရင် စာရင်းပေးရတယ်။ ရုံးခန်းထဲမှာ ငုတ်တုတ်ထိုင်စောင့်ရတယ်။ အဲဒီမှာ စကားပြောပြီးပြန် အဲဒီလိုမျိုးပေါ့။ ကျနော်တို့နေတဲ့ အဆောင်တွေကို ဝင်းခတ်ထားပြီး အဝင်အထွက် တပေါက်တည်းပါ။
အမတ်အချင်းချင်းကော စည်းဝေးတိုင်ပင်ခွင့်တို့ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးခွင့် ရပါသလား။
အခမ်းအနားလုပ်မယ်။ စကားစုပြောချင်တယ်ဆိုရင် သူတို့ကို တရက်ကြိုပြောပါ။ သူတို့ ခန်းမ စီစဉ် ပေးမယ်ဆိုတော့ ဘယ်သူမှသွားပြီး အဲဒီမှာမလုပ်ဘူး။ ပြောတာကနည်းနည်း။ သူတို့မှတ်တာက များများဖြစ်နေမှာစိုးလို့။ ကိုယ့်ဟာကို အလျဉ်းသင့်သလိုပဲ လမ်းလျှောက်ရင်း စကားပြောရင် ပြောမယ်။ လဘက်ရည်ဆိုင်မှာ ပြောချင်ပြောမယ်။ အခန်းတခန်းမှာ ၄-၅ ယောက် စုပြောချင် ပြောမယ်။ အဆောင်မှာတော့ ပထမတော့ ပြောတာပေါ့ဗျာ ည ၁ဝ နာရီ ထက် နောက်မကျနဲ့ပေါ့ဗျာ။ ခုကျတော့လည်း ၁၂ နာရီ၊ ၁ နာရီ ရောက်နေတာပဲ။ ဘာမှတော့ မပြောသေးပါဘူး။
နေ့စဉ်စားသောက်ရတဲ့ ပုံစံကော သိပါရစေခင်ဗျာ့။
ကြိုက်သလိုတော့ စားလို့ရတယ်ပေါ့ဗျာ။ ဒါပေမယ့် သူတို့ လွှတ်တော်မှာ ဘူဖေး ကျွေးတဲ့ဟာကျ၊ တရက် နှစ်ရက်ဆို ကျနော်တို့ မမြိန်တော့ဘူးဗျ။ ဆီးချိုသမားတွေလည်း စားလို့ရအောင်ဆိုတော့ အငန်တွေအစပ်တွေ စားချင်တော့ မပါဘူးလေ။ အပြင်မှာကျတော့ ငါးပိ၊ တို့စရာတွေ စားလို့ရတာပေါ့ဗျာ။ ကျနော်ကတော့ နှစ်ကြိမ်ပဲစားပါတယ်။ ၁၂ နာရီတကြိမ်၊ ညနေ တကြိမ်၊ မနက်ပိုင်းကျတော့ အသီးလေးတခုခုနဲ့ ပြီးသွားတာပါပဲ။ တနပ်ကို ၂,၀၀၀ ပေးပေါ့။ လက်မှတ်ဝယ် ပေါ့။ အဲဒီလက်မှတ်ပြလိုက်ရင် အခန်းထဲဝင်။ ကြိုက်တာစားပေါ့။ ကျနော်တို့ကို စားဖို့ဆိုပြီး တနေ့ ၅,ဝဝဝ ပေးထားတယ်လေ။ ဟင်းက တော်တော်များများ ပါ,ပါတယ်။ ဟင်းအလေးဆိုရင် ၄ မျိုး လောက်ပါတယ်။ အကြော်၊အသုပ် ၃ မျိုးဆိုတော့ ၇ မျိုးလောက်ပေါ့။ အချိုပွဲဆို တနေ့နဲ့တနေ့ မတူအောင်တော့ လုပ်ထားပေးတယ်။ အသီးအနှံဆိုလည်း ၃ မျိုးလောက်ပါတယ်။ ဝက်သားတော့ နေ့တိုင်းပါတယ်။ ကြက်သားကတော့ ဒီမှာ ကြက်ငှက်တုတ်ကွေးဖြစ်တော့ မတွေ့တာကြာပြီ။ ဒီနေ့မနက်ပဲ ကြက်သားဟင်းတွေ့တယ်။ ဒါပေမယ့် ပြည်ထောင်စုနေ့က ကြက်သားဒန်ပေါက် ကျွေးတယ်။ ဗိုလ်ချုပ်မှူးကြီး ကျွေးသွားတာလေ။
မနက်ပိုင်းကတော့ ကျနော်တို့နေတဲ့ အဆောင်နေရာမှာ ကြိုက်တာဝယ်စားပဲ။ စည်ပင်မိသားစုတွေ ဖွင့်ထားတဲ့ ဆိုင်တွေပေါ့။ နန်းကြီးသုပ်၊ ခေါက်ဆွဲ၊ ထမင်းသုပ် ဘာညာ အစုံရတယ်။ ကရင်ဆိုင် ဆိုရင် တာလဘော့၊ ကချင်ဆိုင်ဆိုရင် ခေါင်ရည် သောက်လို့ရတာပေါ့ဗျာ။ ဗိုလ်ကြီးအဆင့်လောက် ထောင်ထားတာ ဖြစ်မယ်ထင်တယ်။
အဆောင်မှာတော့ စားဖိုဆောင် မရှိဘူး။ ကျနော်တို့ရဲ့ မြောက်ဘက်ခြမ်းက အပြင်လူတွေ တည်းလို့ရတဲ့ အဆောင်တွေပေါ့။ သတင်းထောက်တွေ၊ မိသားစုတွေပေါ့။
အဝတ်တွေလျှော်ဖို့ကော ဘယ်လိုစီစဉ်ပေးလဲ၊ ကွန်ပျူတာကော သုံးလို့ရလား။
ဒိုဘီအပ်လို့ရတယ်။ ပင်မအဆောင်မှာလေ။ ကျနော်တို့ check out လုပ်တဲ့ အဆောင်သပ်သပ်ဆိုတာ ရှိတယ်။ စည်ပင်ရိပ်သာမှာပဲ။ အဲဒီမှာ ကွန်ပြူတာတွေ ထားထားတယ်။ အင်တာနက် တော့မရှိဘူး။ အဲဒီမှာ ဒိုဘီအပ်ချင်လည်း အပ်။ စကားပြောချင်လည်း ပြောပေါ့။ လျှောက်လည်ချင်ရင် ကားစီစဉ်ပေးပါပြောလည်း သူလုပ်ပေးတာပဲ။ မိတ္တူကူးချင်လည်း ကူးလို့ရတယ်။ ဒိုဘီက အင်္ကျီတထည် ၂ဝဝ၊ ပုဆိုးလည်း ၂ဝဝ ပဲ။ မနက်ကမှ ရေက နည်းနည်းပြန်နီသွားတယ်။
ပြည်ခိုင်ဖြိုးအမတ်တွေနဲ့ကော အတူတူနေရတာလား။
ပြည်ခိုင်ဖြိုးတွေက ကျနော်တို့ဆီမှာ မရှိဘူး။ လယ်ဝေးမှာလို့ ပြောတယ်။ ခေါင်တယ်ပြောတယ်။ ကျနော်တို့နေတာက အဆောင် ၁ ကနေ ၂၉ အထိလုံး ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်မပါ ကျန်တဲ့ အမတ်တွေပဲပေါ့။ ပြည်ခိုင်ဖြိုးတွေကျတော့ အဆင်မပြေဘူးလို့ ပြောတယ်။ သူတို့ အပြင်မှ မထွက်ရတာ။ စားသောက်ဆိုင်ထဲမှာ ထမင်းကြော်ဆို မုန်းလောက်အောင်ပဲ ဖြစ်နေတယ်လို့ ပြောတယ်။ စစ်တပ်အမတ်တွေကတော့ Mount Pleasant ဟိုတယ်နားလောက်မှာရှိတဲ့ တောင်ခြေမှာလို့ ထင်တာပဲ။
အဆောင်တခုနဲ့ တခု ကူးလို့ရလားခင်ဗျာ့
ကျနော်တို့ဆီမှာ ရပါတယ်။Rest of your post
Monday, February 28, 2011
အဖေ့ လခ တလလုံးနေမှ ၄၅၀ ... ၁၉၈၅တုန်းက ခု တနေ့ တသောင်းတဲ့  အဲ..
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment