မိုးမခ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၁
သည်တခေါက်မေးချင်တာက ကမ္ဘာမှာ အာဏာရှင်တွေရဲ့ ပလ္လင်တွေကို ပြည်သူတွေက ကိုင်လှုပ်နေကြပြီ။ ၂၀၁၁ နှစ်ဆန်းမှာတင် အီဂျစ်ပြည်နဲ့ တူနီးရှားမှာ အာဏာရှင်တို့ ရာထူးက ဆင်းပေးလိုက်ရတယ်။ လက်ရှိမှာ လစ်ဗျားပြည်က ပြည်သူတွေနဲ့ အာဏာရှင် ကဒါဖီတို့ရဲ့ အရေးအခင်း၊ ပဋိပက္ခကို မြင်တွေ့နေကြပြီ ဖြစ်တယ်။ အဲဒါကို မြန်မာပြည်က အာဏာရှင်တွေနဲ့ မြန်မာပြည်သူတွေက ဘယ်လို မြင်သလဲ၊ ဘယ်လို သင်ခန်းစာယူကြသလဲ ဆရာ။
ကမ္ဘာနဲ့ အ၀ှမ်းမှာ လူထုအုံကြွမှုတွေ ဖြစ်နေတယ်။ အခုဆိုရင် အာဏာရှင်သက်တမ်း နှစ် ၄၀ ကျော်ပြီဖြစ်တဲ့ လစ်ဗျားမှာ ဖြစ်နေပြီ ဆိုတော့ အခြားနိုင်ငံတွေကိုလည်း အနည်းနဲ့ အများတော့ ဂယက်ရိုက်ကြမှာပဲ ဆိုတာ ပြောလို့ ရပါတယ်။ အခြားနိုင်ငံတွေထက်စာရင် အခုလို အာဏာရှင်စနစ်ကို ဖြိုလှဲတယ်၊ ဆန့်ကျင်တယ် ဆိုတဲ့ အသံတွေ မြန်မာနိုင်ငံမှာဆိုရင် ပိုပြီး ကျယ်လောင်နေတယ်၊ ကြားနေရတယ်လို့ ပြောလို့ ရပါတယ်။
အခု အရှေ့အလယ်ပိုင်းပြသနာတွေကို ခြုံပြီး သုံးသပ်လို့ရှိရင် အာဏာရှင်တွေက မခံနိုင်တော့ဘူး၊ လူတွေကလည်း ဆက်ပြီး သည်းမခံတော့ဘူးဆိုတာ ထင်ရှားလာတဲ့ အခါကျတော့ အာဏာရှင်တွေက နောက်ဆုတ်သွားတယ်၊ တချို့ဆို စင်ပေါ်က ဆင်းသွားတာတွေ တွေ့နေရတယ်။
ဒါမျိုးကိုလည်း မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ကြုံဖူးတယ်။ ၁၉ ၈၈ မတ်လ က စပြီးတော့ ကျောင်းသားလှုပ်ရှားမှုတွေ ပေါ်လာတယ်။ ဧပြီမှာ ခဏ နားသွားပြီးတော့ မေ၊ ဇွန်လတွေမှာ ကျောင်းသားလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာတယ်။ အဲသည်အခါမှာ မဆလပါတီ အာဏာရှင် ဦးနေ၀င်းက သိပြီ။ သူက အလွန် လည်တဲ့၊ ပါးတဲ့ သူဆိုတော့ သူက သိနေပြီ။ ဒါကြောင့် ဇူလိုင်လ ၂၃ ရက် သူတို့ ပါတီညီလာခံမှာ သူက ထွက်ပြီးတော့ မိန့်ခွန်းပြောတော့ တာပဲ။
အဲသည်မှာ သူပြောတဲ့ စကားက “စစ်တပ်က ပစ်လို့ရှိရင် မိုးပေါ် ထောင် မပစ်ဘူး၊ တည့်တည့်ပစ်တယ်” လို့ ဆိုပြီး ခြိန်းခြောက်သွားတယ်။ ဒါမှမဟုတ်လည်း စစ်တပ်ကို ပစ်ခိုင်းတဲ့ အမိန့်ပေးသွားပြီးတော့ သူက အသာလေးရှောင်ပြီးတော့ ပါတီက ထွက်သွားတယ်။
ဒါပေမယ့် အခုအချိန်မှာ လစ်ဗျားက အာဏာရှင် ကဒါဖီကတော့ ခေါင်းမာနေတယ်။ ဘာကြောင့် သူက ခေါင်းမာနေသလဲကို ကြည့်မယ်ဆိုရင် သူ့ဆီမှာ စစ်တပ်တွေက မျိုးစုံရှိနေတယ်။ သူ့မှာက စစ်တပ်ကြီး တခုတည်း ရှိနေတာ မဟုတ်ဘူး။ မွေးထားတာတွေ ရှိတယ်။ ပြည်သူ့စစ်တွေ ရှိတယ်၊ လုံခြုံရေးအဖွဲ့တွေ ဆိုတာတွေ ရှိတယ်။ သမ္မတကိုယ်ရံတော် တပ်ရှိတယ်၊ မြို့စောင့်တပ်ရှိတယ်။ အာဖရိကနိုင်ငံတွေ၊ အခြား နိုင်ငံတွေက ခေါ်ထားတဲ့ ကြေးစားတပ်တွေလည်း ရှိနေတယ်။ ဒါကြောင့် သူ့မှာ လက်နက်ကိုင်တပ်မျိုးစုံကို ခွဲခြားပြီး ကိုင်ထားတော့ သူက ခုချိန်မှာ ခေါင်းမာနေနိုင်တာ ဖြစ်တယ်လို့ သုံးသပ်နိုင်တယ်။
နောက်အနေအထားတခုက ဘာလဲဆိုတော့ …အခုလိုမျိုး ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်လာပြီဆိုရင် နိုင်ငံတကာကလည်း ဆူပွက်လာကြတာပဲ။ လူသားတွေကို ထောင်နဲ့ ချီပြီး သတ်ဖြတ်လာတာကို နိုင်ငံတကာက အစိုးရတွေက ကန့်ကွက် ရှုတ်ချကြတာတွေ လုပ်လာကြမှာပဲ။ ဒါပေမယ့် နိုင်ငံကြီးတွေက အခုလိုမျိုး အရေးပေါ်နေတဲ့ အချိန်မှာ အလျင်အမြန် ချက်ခြင်း အရေးယူဖို့ကြတော့ နှောင့်နှေးနေတာတွေ ရှိတယ်။ ပြောတုန်း၊ ဆိုတုန်း၊ ဆွေးနွေး ညှိနှိုင်းနေကြတုန်း ဖြစ်နေတယ်။ ဒီလောက်တောင် သွေးချောင်းစီးနေတာတောင်မှ နိုင်ငံတကာက အမြန်ဆုံး အရေးယူနိုင်ဖို့ ဆိုတာကလည်း အချိန် ယူရသေးတော့ ကဒါဖီက သူ့အမိန့်နာခံတဲ့ စစ်တပ်တွေနဲ့ ပြည်သူတွေကို အချိန်ပိုင်းနဲ့ အမျှ သတ်ဖြတ်နေနိုင်သေးတာကို လက်ပိုက်ကြည့်နေကြရတာပေါ့။
အီဂျစ်ပြည်မှာ ပြည်သူတွေက ဆန္ဒပြတာကို စစ်တပ်က ပစ်ခတ်ပြီး ဖြေရှင်းတာ မရှိခဲ့ဘူး ဆိုတဲ့ သင်ခန်းစာကို တွေ့ခဲ့ပြီးပြီ၊ အခု လစ်ဗျားမျာကတော့ အာဏာရှင် ကဒါဖီက အချိန်နဲ့ အမျှ ပြည်သူတွေကို စစ်တပ်ကို သုံးပြီး သတ်ဖြတ် နေတယ် ဆိုတာကို တွေ့ရတယ်။ အဲသည်မှာ သင်ခန်းစာတွေ ယူမယ်ဆိုရင် ဘာပြောနိုင်သလဲဆိုတော့ ငါတို့ မြန်မာပြည်မှာလည်း အာဏာရှင်တွေဆိုတာ ခေါင်းမာမြဲ ခေါင်းမာနေနိုင်ပါကလား။
ဦးနေ၀င်းလိုမျိုး အစောကတည်းက ထွက်တော်မူ နန်းက ခွာတယ် လုပ်မယ့်အစား ကဒါဖီလို လမ်းစဉ်လိုက်ပြီးတော့ ခေါင်းမာနေမှာလား။ နောက်ပြီးတော့ ကဒါဖီရဲ့ မျိုးစုံသော လက်နက်ကိုင် စစ်တပ်တွေလို အာဏာရှင်ကို ဘယ်လောက်တောင် သြဇာခံနေမှာလဲ။ ၈၈ အရေးတော်ပုံမှာတုန်းက ဆိုရင် စစ်အာဏာရှင်တွေရဲ့ အမိန့်ကို နာခံပြီး ပြည်သူတွေကို ပစ်သတ်ခဲ့တယ်။ ဖိလစ်ပိုင် စစ်တပ်လိုမျိုး ပြည်သူတွေဖက်က ရပ်တည်တာမျိုး၊ အီဂျစ်စစ်တပ်လို ပြည်သူတွေကို မပစ်ဘဲ ကြားနေတာမျိုး မျှော်လင့်လို ရမှလား။ ဒါတွေကို ကျနော်တို့က စဉ်းစားရမယ်။
မြန်မာပြည်မှာ ဆိုရင် တပ်တွေရဲ့ ဖွဲ့ထားတာတွေက အမျူိုးစုံ ဖြစ်နေတယ်။ တပ်ဖွဲ့စည်းပုံတွေက ဘယ်လို ဖြစ်နေပြီလဲ ဆိုတာကို ကျနော်တို့ မသိနိုင်တော့ဘူး။ သူတို့တွေက စစ်ဗိုလ်ကြီးတွေကို ရာထူးကြီးတွေ မျိုးစုံပေးပြီးတော့ တပ်မျိုးစုံနဲ့ တိုးချဲ့ပြီး ထားတယ်။ ကဒါဖီလိုမျိုး လက်နက်ကိုင်တပ်မျိုးစုံတွေ ခွဲခြားပြီး ထားထားသလိုမျိုး မြန်မာပြည်မှာလည်း တပ်တွေကို နယ်စား ပယ်စားတွေလို ခွဲပေးထားတယ်လို့ ပြောလို့ ရတယ်။ သည်တပ်တွေဟာ တကယ်တမ်းမှာ သူတို့ရဲ့ စစ်အာဏာရှင်တွေကို သစ္စာခံမြဲ ခံမှာပဲ လို့ တွက်လို့ ရတယ်။ ဒါကတော့ သင်ခန်းစာ တခုပေါ့။ စဉ်းစားရမယ့် အချက်တချက်ပေါ့။
နောက်ပြီးတော့ နိုင်ငံတကာက အမေရိကန်တို့၊ ဥရောပတို့၊ အာဖရိကနိုင်ငံတွေတို့ စတဲ့ နိုင်ငံတကာက ၀င်ရောက် အရေးယူဖို့ ဖြေရှင်းပေးဖို့ ဆိုတာတွေကလည်း အခုလို လစ်ဗျားလိုမျိုး သွေးချောင်းစီးနေတာတောင်၊ တိုင်းပြည်ကြီး တခုလုံး အစိတ်အမွှာမွှာ ဖြစ်နေတာတောင်မှ ပြောတုန်း၊ ဆိုတုန်း၊ ဆွေးနွေးတုန်း၊ အဖြေရှာနေတုန်း ဆိုတော့ အနည်းနဲ့ အများတော့ အချိန်ယူတယ်။ အထစ်အငေါ့လေးတွေ ရှိတတ်တယ်ဆိုတာကို လက်ခံထားရမယ်။
ဒါကြောင့် မြန်မာပြည်မှာ တစုံတခုသော အရေးအခင်းတွေ ပေါ်လာခဲ့မယ် ဆိုရင်တောင်မှ၊ လူထုအုံကြွ တော်လှန်မှုတွေ ပေါ်ပေါက်လာခဲ့ရင်တောင်မှ အိမ်နီးချင်းနိုင်ငံတွေထဲက တရုတ်လို နိုင်ငံမျိုးတွေရဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့ရဲ့ မျက်နှာစာတို့မှာ ရှိတဲ့ သြဇာတွေကြောင့် အခုလစ်ဗျားနိုင်ငံအပေါ် တုန့်ပြန်တာမျိုးထက် လျော့နည်းတဲ့ တုန့်ပြန်မှု၊ အရေးယူမှုတွေပဲ ရနိုင်တယ် ဆိုတဲ့ သင်ခန်းစာယူနိုင်တယ်လို့ ပြောချင်ပါတယ်။
အီဂျစ်ပြည်က အဖြစ်အပျက်ကို ကြည့်ုပြီးတော့ ပြည်သူလူထုရဲ့ နိုင်ငံရေး ဇော၊ နိုင်ငံရေး ဆန္̔ဒကြီးမားမှုကြောင့် အာဏာရှင်တွေ မြန်မြန် ပြိုလဲနိုင်တယ်လို့ တဖက်က ယူဆလို့ ရနိုင်ပေမယ့် လစ်ဗျားပြည်က အဖြစ်အပျက်ကို ပြန်ကြည့်လိုက်မယ် ဆိုရင်လည်း အာဏာရှင်တွေရဲ့ ခေါင်းမာမှု၊ သူ့သြဇာခံတဲ့ လက်နက်ကိုင် စစ်တပ်မျိုးစုံတွေရဲ့ သစ္စာခံမှု၊ နိုင်ငံတကာက အနေအထားတွေ စတာတွေကြောင့် သတိထားဖို့ လိုလိမ့်မယ်၊ သင်ခန်းစာဖို့ ယူလိမ့်မယ်။ လစ်ဗျားရဲ့ ပြသနာကို အီဂျစ်တို့ တူနီးရှားတို့နဲ့ တတန်းစားထဲ ထားပြီးတော့ စဉ်းစားလို့ မရဘူးလို့ ကျနော်ကတော့ ပြောချင်ပါတယ်။
ဒါပေမယ့် မြန်မာပြည်နဲ့ လစ်ဗျားနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင် လစ်ဗျားက အနှစ် ၄၀ ကျော် ပြည်သူတွေကို ခေါင်းမမော်နိုင်အောင် ဖိနှိပ်ပြီး နိုင်ငံရေးနှိုးကြားမှုတွေကို ဖြတ်တောက်ထားတယ်။ မြန်မာပြည်မှာကတော့ ၁၉၈၈ အရေးတော်ပုံမှာ မဆလတပါတီ အာဏာရှင်တွေကို ဖြုတ်ချခဲ့ပြီးနောက်မှာ အတိုက်အခံ နိုင်ငံရေးပါတီတွေ၊ အင်အားစုတွေ ရှိနေတယ်။ နိုင်ငံရေး အင်အားတွေ ပြတ်တောက်သွားတာ ပျောက်ကွယ်သွားတာတွေ မရှိဘူး မဟုတ်လား ဆရာ။
ဒါကတော့ ဟုတ်ပါတယ်။ ကျနော်ပြောချင်တာက နိုင်ငံတကာက တုန့်ပြန်မှု အလားအလာ၊ ပြည်သူလူထုရဲ့ နိုင်ငံရေး ဇောနဲ့ ဆန္̔ဒကြီးမားမှု၊ နောက်တချက်က အာဏာရှင်ရဲ့ လက်နက်ုကိုင်တပ်တွေရဲ့ သစ္စာခံမှုတွေကို သင်ခန်းစာယူနိုင်အောင် သုံးသပ်ပြတာ ဖြစ်ပါတယ်။
ကျနော်တို့ မြန်မာပြည်သမိုင်းကြောင်းနဲ့ အတွေ့အကြုံတွေအရ ဆိုရင်တော့ ကျနော်တို့တတွေမှာ ၈၈ အရေးတော်ပုံက သင်ခန်းစာတွေ ရှိတယ်။ ၈ လေးလုံးကေ အစပြုပြီး ပျံ့နှံသွားတဲ့ ပေါ်ပေါက်လာတဲ့ မျိုးဆက်တွေ၊ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့တွေ အများကြီး ရှိနေတယ်။ ကျနော်တို့ဆီက ပြည်တွင်းမှာကော ပြည်ပမှာပါ အတိုက်အခံအင်အားစုတွေ ရှိနေတယ်။
ပြီးတော့ အခု အနှစ် ၂၀ အတွင်း မွေးဖွားလာတဲ့ လူငယ်မျိုးဆက်သစ်တွေ အားလုးံရဲ့ နိုင်ငံရေး နိုးကြားမှုတွေ၊ လေ့လာသင်ယူ ဗဟုသုတ ရှာမှီးနေမှုတွေ၊ တက်ကြွ နိုးကြားမှုတွေကလည်း အရင်တုန်းကနဲ့ မတူပဲ အလွန် ထူးခြားစွာ တည်ရှိနေတာကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဒါကတော့ ကမ္ဘာကြီးက လူငယ်တွေရဲ့ ခေတ်လို့ ပြောရမယ် ထင်တယ်။ တူနီးရှား၊ အီဂျစ်နဲ့ တကွ လစ်ဗျားနိုင်ငံက လူငယ်မျိုဆက်သစ်တွေ က အာဏာရှင်တွေလက်အောက်က ရုန်းထွက်နေကြပြီ ဖြစ်ပါတယ်။
ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။Rest of your post
Sunday, February 27, 2011
အီဂျစ်နဲ့ လစ်ဗျား အာဏာရှင်တို့ဆီက သင်ခန်းစာများနဲ့ မြန်မာပြည် ဦးဝင်းတင်နဲ့ မေးခွန်းများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment