ဘာသာပြန် (ကိုလူချစ် -ကိုရီးယား)
"လူအများအပြားကို ခဏလေး ဖုံးကွယ်ထားခြင်းဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။လူနည်းစုကို အကြာကြီး ဖုံးကွယ်ထားခြင်း ဟာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် လူအများကို အကြာကြီး ဖုံးကွယ်ထားလို့ မရပါဘူး။လူထုကြီးဟာ ကောင်းကင်လိုပဲ ကျယ်ပြန့် ကြီးမားလို့ ဖြစ်ပါတယ်။ကျွှန်တော်ဟာ ရာထူးရာခံ ရှိတဲ့နေရာမှာ ရှိပြီး ရာထူးကြီးတဲ့ သူတွေရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲကို ဝင်ရာက် ယှဉ်ပြိုင်ခဲ့တဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ငွေကြေးဓန အင်အားနဲ့ ရွေးကောက်ပွဲ လက်မှတ်ကို ဝယ်ပြီး လာတဲ့ လူချမ်းသာလည်း မဟုတ်ပါဘူး။ကျွှန်တော်ဟာ နေ့စဉ်နေ့တိုင်း လူထုကြီးနဲ့ အနီးကပ်နေပြီး နိုင်ငံရေးကို သင်ယူခဲ့တာပါ။ လူထုကြီး ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေ မျှော်လင့်ချက် အိပ်မက်တွေကို သိဖို့ တခါတလေ အစာငတ်ခံခဲ့ရပြီး တခါတလေ လူထုကြီးဆီက ပေါင်မုန့်လေး တစ်ဖဲ့ကို တောင်းရမ်း စားသောက်ပြီး လူထုကြီးနဲ့ စကားတွေ ဖလှယ်ခဲ့ပါတယ်။ ကျွှန်တော် အမြဲတမ်း စဉ်းစား မိတာကတော့ နိုင်ငံရေးဆိုတာ လူထုအတွင်းကနေ သင်ယူရမယ်ဆိုတာ မုချမသွေပါပဲ။ လူထုကြီးရဲ့ ဆင်းရဲဒုက္ခတွေ ဝမ်းနည်းပူဆွေးမှု၊ ဝမ်းသာမှုတွေကို သိထားတဲ့ နိုင်ငံရေးသမားဟာ လူထုကြီးကို သစ္စာမဖောက်နိုင်လို့ပဲ ဖြစ်ပါတယ်။"
အထက်ပါ စကားသည် ၁၈၃၂ခုနှစ်က အမေရိကန်နိုင်ငံ အလယ်ပိုင်းမြို့ တစ်မြို့ဖြစ်သော စပရင်းဖီးလ်(Springfield) တွင် ပြည်နယ်အမတ်လောင်း တစ်ဦးဖြစ်သော လင်ကွန်းမှ မဲဆန္ဒရှင်များ ရှေ့တွင် ပြောကြားခဲ့သော ရွေးကောက်ပွဲ စည်းရုံးရေး မိန့်ခွန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။လင်ကွန်းသည် ထိုမိန့်ခွန်း ပြောနေစဉ်မှာပင် ခံစားမှုများ ပြင်းထန်ကာ မျက်ရည်များ ကျလာသည့်အတွက် မိန့်ခွန်းပြောမှုအား ခေတ္တ ရပ်နားခဲ့ရသည်ဟု နောက်ပိုင်း လင်ကွန်းအကြောင်းအား သုတေသန ပြုလုပ်နေသူများမှ ဆိုပါသည်။ထိုသူများ အဆိုအရ လင်ကွန်းဟု ခေါ်သော ဆင်းရဲသား အညတရ တစ်ယောက်က ကမ္ဘာမှာ အကောင်းဆုံး နိုင်ငံရေးသမား ဖြစ်လာနိုင်စေရန် လျှို့ဝှက်ချက်များ ရှိခဲ့သည်ဟု ဆိုပါသည်။ နိုင်ငံရေး သုတေသီများမှ ထိုလျှို့ဝှက်ချက်သည် "ရိုးသားပွင့်လင်းမှု" ဆိုသည့် အချက်ဖြစ်သည်ဟု သုံးသပ်ယူဆကြသည်။
လက်တွေ့တွင်လည်း လင်ကွန်းသည် ရိုးသားပွင့်လင်းမှု မှလွဲ၍ တခြား ပိုင်ဆိုင်မှု ဘာမျှမရှိသော လူတစ်ဦးဖြစ်ပေသည်။ စပရင်းဖီးလ် (Springfield)မြို့တွင် "ဆင်းရဲသားအညတရ လင်ကွန်း" ဟု လူသိများခဲ့သူ လင်ကွန်းသည် နိုင်ငံရေးအတွေ့အကြုံ နှင့် ငွေကြေးဓနအင်အား ပြည့်စုံသော တခြား အမတ်လောင်းများကြားတွင် ပေါ်လွင်မှု မရှိသော သူတစ်ဦးဖြစ်ပေသည်။ တခြား အမတ်လောင်းများမှ မဲဆွယ် စည်းရုံရေး မိန့်ခွန်းများကို ပြေပြစ်စွာ ပြောကြားခဲ့သော်လည်း လင်ကွန်းမှာမူ မိန့်ခွန်းပြောရာတွင် အထစ်အထစ် အငေါ့ငေါ့ဖြင့် ပြေပြစ်စွာ ပြောဆိုနိုင်ခဲ့ခြင်း မရှိသော အမတ်လောင်း ဖြစ်ခဲ့ပေသည်။ သို့သော် စပရင်းဖီးလ် (Springfield) မြို့မှ ပြည်သူလူထု ကြီးသည် အမတ်လောင်းများ အနက်မှ လင်ကွန်းအား ရွေးချယ်ခဲ့ကြလေသည်။ "ဘာဖြစ်လို့ လင်ကွန်းကို ရွေးချယ်ကြတာလဲ"ဟု မေးမြန်းခဲ့သည့် သတင်းထောက်များ၏ မေးခွန်းအား လူထုကြီးမှ အောက်ပါအတိုင်း ဖြေကြား ခဲ့ကြလေသည်။
"လင်ကွန်းဟာ ကျွှန်ုပ်တို့နဲ့ တစ်သားတည်းဖြစ်နေတဲ့ လူတစ်ဦး ဖြစ်လို့ပဲ"
လူထုနှင့် တစ်သားတည်း ဖြစ်နေသောသူ၊ ထိုအချက်သည် လင်ကွန်း၏ နိုင်ငံရေး လက်နက်တစ်ခု ဖြစ်ပေသည်။ လင်ကွန်းသည် ထိုလက်နက်ဖြင့် လူထုကြီး၏ ဝမ်းနည်းပူဆွေးမှု၊ ဝမ်းသာမှုများအား သိရှိခဲ့ရပြီး၊ လူထုထံမှ၊ လူထုအတွက်၊ လူထုနိုင်ငံရေးအား ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ကိုရီယား သမိုင်းပညာရှင် ဂျော်ဆူန်ဂျု ရေးသားပြုစုသော "နိုင်ငံရေးတွင် စမ်းသပ်လေ့ကျင်မှု ဆိုတာ မရှိပါ" စာအုပ်အတွင်းမှ ကောက်နှုတ် ဘာသာပြန်ဆိုပါသည်။
ယခင် ဟစ်တိုင် အွန်လိုင်း မဂ္ဂဇင်း စာမျက်နှာဟောင်းတွင် ဖော်ပြခဲ့ဘူးသော ဆောင်းပါးအား ပြန်လည် ဖော်ပြပါသည်။
ကိုလူချစ်(ကိုရီးယား)
0 comments:
Post a Comment