“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, February 20, 2011

ပင်လုံသို့  တကျော့ပြန် ခရီး (၁)

http://vansangva.com/vansangva-library/#9
Vansangva Group www.vansangva.com Towards 21st. Century Panlong
ယနေ့ အချိန်အခါသည် တိုက်ပွဲဝင် အင်အားစုတို့သည် ပြည်သူများနှင့် အတူ ပင်လုံ သို့ ပြန်လည် ချီတက် ရန်စတင်ပြင်ဆင် နေကြသည့် သမိုင်း ကာလတခု ကို ကျနော်တို့ အားလုံးဖြတ်သန်းနေကြရသည့် အချိန်ဖြစ် ပေသည်။ ဤသို့ ပင်လုံ ဟု အမည် တွင်သည့် တူညီသော ပန်းတိုင် တခု ဆီ သို့ချီတက် ကြရာတွင် ပကတိ ရုပ် လက်တွေ့ အခြေအနေအားဖြင့် စစ်ကြောင်းအမျိုးမျိုး မှ ချီတက်ရန်မဖြစ်နိုင်သေးကြောင်း အားလုံးနား လည်ကြပြီးဖြစ်ပါသည်။ “တူညီ ၍ ရှင်းလင်းပြတ်သားသော အနာဂတ်“ဆီသို့ လူမျိုးပေါင်းစုံ ပြည်သူတို့ သည် မိမိတို့ အသီးသီး ရောက်ရှိနေကြသည့် နေရာ၊ ပထ၀ီ အနေအထား၊ မတူညီသော အခြေအ နေ အမျိုးမျိုး ပေါ်မူတည် ပြီး ကွန်ယက် စစ်ကြောင်း အမျိုးမျိုး ကို ပုံဖေါ် ကြမည် ဖြစ်သည်။

အတားအဆီး အဟန့်အတား၊ ဆူးညှောင့် ခလုတ် အမျိုးမျိုး ကိုလည်း အတူတကွ ရင်ဆိုင်ကျော်လွှား ဖြတ်သန်းကြရပေမည်။ လက်ရုံးရည် ၊ နှလုံးရည် ရှိရှိသမျှသော ခွန်အား တို့ ကိုရင်းနှီးစိုက်ထုတ်ကြ မည်ဖြစ်သည်။ မည်သည့် ခွန်အားကဖြင့် ပိုသာသည်၊ ပိုကောင်းသည်ဟူ၍ မရှိ ပေ၊ ရှိရှိသမျှသော ခွန်အားပုံစံ အမျိုးမျိုးတို့သည် ပြည်သူတရပ်လုံး ၏ ပင်လုံတကျော့ပြန်ခရီး ကိုအထောက် အကူပြုသွား မည်သာဖြစ်သည်။ ဤသို့ အထောက် အကူပြုနိုင်ရေး အတွက် “တူညီမှု” တည်း ဟူသော စွမ်းအားထက်မြက်သည့် လက်နက် ကောင်း တခုကိုကျနော်တို့ ၏ လက်ထဲတွင် ပိုင်ပိုင်နိုင်နိုင် တည်ဆောက် နိုင် ခြင်းသည်ပင်လျင် အောင်ပွဲ အဆင့် တခုဖြစ်ပေသည်။ ယင်းအောင်ပွဲသည် အကောင်အထည်နှင့် ထိတွေ့ ကိုင်တွယ် ၍ ရသော ထင်သာ မြင်သာသည့် အောင်ပွဲ အဆင့် မဟုတ်သေးပေ။ အောင်ပွဲ ကိုနှစ်နှစ်ကာကာယုံကြည် သူတို့ ၏ အတွေး အခေါ် ပိုင်းဆိုင်ရာ အောင်ပွဲ အဆင့် တွင်သာရှိနေပါသေးသည်။

တခုတည်းသော တူညီသော ပန်းတိုင၊် ရှင်းလင်း သော အနာဂတ် ကို အတူတကွ ယုံကြည် နိုင်ကြခြင်း သည် အောင်ပွဲ ရရှိရေးအတွက် အရေးကြီးတကာ့ အရေးကြီးဆုံး သော အခြေခံအချက် ဖြစ်ကြောင်း စစ်ရေး သေနင်္ဂဗျူဟာ ပညာရှင် ကြီး စွန်ဇု က မိန့်ကြားခဲ့သည်။ “There are five fundamental factors for success in war – Weather, Terrain, Leadership, Military doctrine and most importantly – MORAL INFLUENCE.” – Sun Tzu. စွန်ဇု ကမိန့်ကြားရာတွင် စစ်အောင်နိုင်ရေးအတွက် …. ကောင်းကင် (ရာသီဥတု)၊ မြေကြီး (နယ်မြေကျွမ်းကျင်မှု)၊ ခေါင်းဆောင်၊ စည်းကမ်း နှင့် ကျင့်ဝတ်တရား (စံလှိုင် ဘာသာပြန်) စသည့် အချက် (၅) ချက် တို့ ကို ပိုင်နိုင်ဖို့လိုအပ်ပြီး၊ ယင်း အချက် (၅) ချက် အနက် ကျင့်ဝတ်တရား သို့မဟုတ် စိတ်ဓါတ်ရေးရာလွမ်းမိုးရေး (ချစ်နိုင် – စိတ်ပညာ – ဘာသာပြန်) သည် အရေး ကြီးတ ကာ့ အရေးအကြီးဆုံး သော အချက်ဖြစ် ပေသည်။

By MORAL INFLUENCE I mean that which causes the people to be in harmony with their leaders, so that they will accompany them in life and unto death without fear of mortal peril. – Sun Tzu. စွန်ဇု က ဆိုလို သော ကျင့်ဝတ်တရားဟူ သည်မှာ ပြည်သူနှင့်ခေါင်းဆောင်များ အကြား သဟဇာတဖြစ်စေမည့် အတွေးအခေါ် ခံယူချက် များ တူညီမှု၊ ဦးတည်ချက် နှင့် မျှော်မှန်းချက် ပန်းတိုင်တူညီမှု၊ တခုတည်းသော ယုံကြည်မှု ကိုဆွဲကိုင် ထားခြင်း၊ ဤအရာကိစ္စ များတွင် တစိတ်တ၀မ်းတည်း စည်းလုံးကာ တူညီသော ရည်မှန်းချက် ပန်းတိုင်သို့ မရောက်မခြင်း အသက်ထင်ရှား ရှိနေသရွေ့ ခေါင်းဆောင်တို့၏ ဦးဆောင်မှု ကိုခံယူကာ သေအတူ ရှင်မကွာ ယှဉ်တွဲ လုပ်ဆောင် ရုန်းကန် လျောက်လှမ်း နိုင်ခြင်းကိုဆိုလိုပါသည်။ အချုပ်ပြောရလျင် အောင်ပွဲ ကိုမလွဲမသွေဆောင်ကျဉ်းပေး နိုင်သည့် စွမ်းအားအထက်ဆုံးသော၊ အရေးအကြီး ဆုံးသော သွေးစည်း ညီညွတ်မှု (UNITY) ဆိုတဲ့ လက်နက် ကို ပိုင်ပိုင် နိုင်နိုင် တည်ဆောက် နိုင်ခြင်း ကိုဆိုလိုပါတယ်။

ပင်လုံ သည် လူမျိုးပေါင်းစုံ ဒေသပေါင်းစုံ အလွှာပေါင်းစုံ တောင်ပေါ် မြေပြန့်မရွေး ပြည်သူတရပ်လုံး အောင်ပွဲခံနိုင်ရေး အတွက် အလိုအပ်ဆုံး အရေးအကြီးဆုံး သော စည်းလုံးမှု ခွန်အားကို ဆောင်ကျဉ်း ပေးရုံ တင်မက ငြိမ်းချမ်းသော၊ တည်တန့် ခိုင်မြဲသော အနာဂတ် ဖက်ဒရယ်လ် ပြည်ထောင်စု ဒီမိုကရေစီ လူ့ဘောင်ကို တည်ဆောက်ရာတွင်လည်း ရာစုနှစ်နှင့် ချီ ပြီး ဆက်လက် ခွန်အားပေးကာ အထောက် အကူပြုသွားမည်ဖြစ်သည်။ ပြည်ထောင်စု ၏ အသက် ပြည်ထောင်စု၏ ၀ိညာဉ် သည် ပင်လုံတွင်သာရှိပါသည်။ ဗိုလ်ချုပ် အောင်ဆန်း အမှူးပြု သော နိုင်ငံဖခင် အာဇာနည်ခေါင်းဆောင်ကြီး များ၏ အသက် ၀ိညာဉ် တို့သည်လည်း ပင်လုံ မှာ ရှိနေ ပါ သေးသည်။

ကုန်လွန်ခဲ့သော အနှစ် (၂၀)ကျော် ကာလ တလျောက်လုံး ဗမာ စစ်အာဏာရှင် တို့ က ဒီနေ့ပဲ တွေ့ ဆုံဆွေးနွေးပွဲ စနိုးနိုး မနက်ဖန်ပဲ ဒီမိုကရေစီ ရနိုးနိုး တိုက်ပွဲ ၀င် ပြည်သူတို့ အား အကြိမ်ကြိမ် အလီလီ လိမ်ညာလှည့်ဖျားခဲ့သည့်အပြင်၊ အစိပ်စိပ် အမွှာမွှာ ကွဲပြဲအောင် သွေးခွဲ ခဲ့သည်။ ရက်ရက်စက်စက် ညှင်းဆဲ သတ်ဖြတ် ခဲ့သည်။ ယနေ့ ကျွန်ပ်တို့ မြင်တွေ့ ရသော သွေးစည်းမှု သည် ယင်း ရှစ်လေးလုံး အနှစ် (၂၀) ကျော် ကာလ လူမျိုးပေါင်းစုံ ပြည်သူတို့၏ ခါးသီးသော သမိုင်း အတွေ့အကြုံများ နှင့် ပင်လုံ ကို ကျောခိုင်း ခဲ့ရာမှ စတင် ပေါ်ပေါက်ခဲ့ သည့် အနှစ် (၆၀) ကျော် ကာလ ပြည်တွင်းစစ် ကြီး အတွင်း တောင်ပေါ်မြေပြန့် မကျန် လူမျိုးပေါင်း စုံ ပြည်သူတို့ ၏ အသက်၊ သွေး၊ ချွေး မျက်ရည် တို့ ကို ရင်းနှီး ခဲ့ပြီးမှ ရရှိ လာခဲ့သည့် သွေး စည်းမှု ဖြစ်ပါသည်။ အလွယ်တကူရရှိ သော စည်းလုံးညီညွတ်မှု ဟူသည်မှာ အလွယ် တကူပင်ပျက်ပြယ်သွား နိုင်သလို ခက်ခက်ခဲခဲ ရုန်းကန် တိုက်ပွဲဝင်ပြီး ခါးသီးသော တော်လှန်ရေး အတွေ့ အကြုံ များမှ ရရှိလာသော သွေးစည်းမှု သည် အရှည် သဖြင့် ခိုင်မာတည်မြဲနေမည်ဖြစ်ပါသည်။

ယနေ့ ကျွန်ပ်တို့ ရရှိလာသော စည်းလုံးမှုသည် ရှုံး နိမ့်မှု အလီလီထဲ မှ ရရှိလာသည့် အပေါင်း လက္ခ ဏာဆောင်သော တိုးတက်မှု ဖြစ်စဉ် သာဖြစ်ပါသည်၊ အနှုတ်လက္ခဏာ အလျင်းမဟုတ်ပေ။ တော်လှန်ရေး ကိုယုံကြည်သူတို့ အောင်ပွဲ ကိုယုံ ကြည်သူတို့သည် ယနေ့ ကျွန်ပ်တို့ ရောက်ရှိနေသော အခြေအနေ ကို ဤသို့သာ သုံးသပ်၊ နားလည်၊ ယုံကြည်ကြရပေမည်။ ပင်လုံသည် ဟိုး ဝေးလံသော လူသူ မရောက်နိုင်သော ဒေသတွင်မရှိပါ။ ပင်လုံသည် ပြည်သူ တိုင်း၏ နှလုံးသား တွင်ရှိနေ ပါသည်။ ဤသို့ ယတိပြတ် ပြောဆို နိုင်သည်မှာ ပြည်သူတိုင်း၏ နှလုံးသားထဲ တွင် ဗိုလ်ချုပ်အောင်ဆန်း သည် ရှိနေသောကြောင့် ဖြစ်ပါသည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ခွဲ ၍ မရသော ပင်လုံ အတွေးအခေါ်၊ ပြည်ထောင်စုစိတ်ဓါတ်တို့ မှာ နှစ် ပေါင်း မြောက်မြားစွာ တိမ်မြုပ်နေခဲ့ပါသည်။ ယနေ့ ယင်း တိမ်မြုပ်နေသော ပင်လုံ ကို တပ်မတော်သား များ အပါအ၀င်ဖြစ်သည့် ပြည်သူ တရပ်လုံး က နားလည် ယုံကြည်လာ ကြဖို့လိုပါတယ်။ ပြည်သူတရပ်လုံး က ယုံကြည် လက်ခံ သည့် အတွေးအခေါ် ဟူသည် အင်အား အကြီးမား ဆုံး ဖြစ်ပါသည်။

ဓါး ကိုဓါးခြင်း၊ လှန်ကိုလှန်ခြင်း ယှဉ်ရန် ဗမာ စစ်အာဏာရှင်တို့ က ပြည်သူတို့ကို ကမ္ဘာ သိ စိန်ခေါ်ခဲ့သည်။ သူတို့ တွင် လူသတ်လက်နက် များ လုံလောက်စွာ ရှိနေခြင်း၊ ယင်း လူသတ်လက်နက် များ ကိုလည်း အချိန် မ ရွေး ထုတ်သုံးရန် စိုးစည်းမျှ ၀န်မလေး ခြင်းတို့ ကြောင့် ဤသို့ စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင်ဗမာ စစ် အာဏာရှင်တို့ က အတွေးအခေါ်ခြင်း ယှဉ်ရန် ကိုမူ တခါဘူးမျှ စိန်မခေါ် ၀ံ့ ခဲ့ပါ။ လူထုခေါင်း ဆောင်ဒေါ် အောင်ဆန်းစုကြည် နှင့် ၄င်း၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ၄င်း၊ လေးနက်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခြင်း ကို ပြုလုပ်ရန် တွန့်ဆုတ် ခဲ့ ကြသည်။ တပ်မတော်သားများ အပါအ၀င် ဖြစ်သည့် ပြည်သူတရပ်လုံး က အနာဂတ် ကိုယုံကြည် ကာ ပင်လုံကို အမှန်တကယ် နှစ်နှစ်ကာကာယုံ ကြည်လာလျင်၊ စစ် အုပ်စု သည် ပြည်သူတို့ အား အတွေး အခေါ် အရ ယှဉ် နိုင်မည်မဟုတ်ပေ။

ထို့ကြောင့်လည်း ပြည်သူတို့ ၏ တွေးခေါ် နိုင်စွမ်း အားကိုရိုက်ချိုး ရန် သတင်းအမှောင် ချခြင်း၊ နိုင်ငံရေး ကို စိတ်မ၀င်စား အောင်၊ မလုပ်ရဲ၊ မတွေးရဲ၊ မပြောရဲအောင် ဖိနှိပ် ခြင်း၊ နိုင်ငံ့အရေးမှ အပ ကျန်တာ လုပ်ခြင် ရာလုပ် ဟူသော နိမ့်ကျသည့် မူဝါဒကို ပြဌာန်းပြီး တခြားကိစ္စ များ တွင် အာရုံပြောင်းထားခြင်း စသည်တို့ ကို အစဉ်တစိုက် ပြုလုပ်ခဲ့ကြသည်။ ဤသို့ စစ်အုပ်စု ၏ တားမြစ် ပိတ်ပင်ချက်များ ကို ဖီဆန်ကာ မိမိ တို့ ၏ နိုင်ငံ့ အရေး၊ အနာဂတ် ပြည်ထောင်စုအရေး၊ ပင်လုံ အရေး တို့ ကို ပြောဆိုခြင်း၊ ရေးသားခြင်း၊ တွေးခေါ်ခြင်း၊ ဆွေးနွေးခြင်း အစရှိ သည့် တန်ပြန်လှုပ်ရှား မှုများ ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တုန့်ပြန်ကြရပေမည်။ ဤ သို့ ပြည်သူခြင်း စကားပြော သော ဒိုင်ယာလော့ပုံစံ သစ် အား ဖြင့် ရေတို ကာလ အပိုင်းအခြား အတွင်းတွင် မြင့်မားသော ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ် တို့ကို ပိုင်ဆိုင်လာကြပြီး အနာဂတ်ကို ယုံကြည်မှု၊ မိမိကိုယ် ကို ယုံကြည်မှု၊ ဒီမိုကရေစီ တော်လှန်ရေး အပေါ်ယုံကြည်မှု တို့ အားကောင်း ကြီးထွား ရှင်သန်လာမည် ဖြစ်သည်။

ကုန်လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကာလ လုံးလုံး စစ်မှန်သော တွေ့ဆုံ ဆွေးနွေး ပွဲ အတွက် အရင်းခံ ရိုးသားမှု နဲ့ ပြည်သူ တို့ က၄င်း၊ ကမ္ဘာ့ ကုလသမဂ္ဂ က ၄င်း တောင်းဆို ခဲ့ သည် ကို စစ်အုပ်စု က အမျိုးမျိုး ဝေ့လည်ကြောင်ပတ်လုပ် ကာ ကွေ့ ပတ်ရှောင်တိမ်း နေခဲ့ သည်။ အမှန်မှာ စစ်အုပ်စုတွင် နိုင်ငံရေး ကို အဆင့်မြင့်မြင့် ဆွေးနွေး ရ အောင် တိုင်းပြည် ကို အမှန်တကယ် အကျိုးပြုမည့် ပင်လုံကဲ့သို့သော ခိုင်မာသည့် အခြေခံအတွေးအခေါ်များ မရှိပါ။ စစ်အုပ်စု ၏ နာဂစ် အခြေခံဥပဒေသည် ၄င်း၊ ၂၀၁၀ ရွေးကောက်ပွဲသည် ၄င်း၊ ပြဿနာ ၏ အဖြေမဟုတ်ပါ၊ ပြည်တွင်းစစ်ကိုပင် ပိုမိုကြီးထွား စေခဲ့ပြီဖြစ်သည်။
စစ်အာဏာရှင်တို့ နှင့် တွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသားရင် ကြားစေ့ရေး အတွက် ဒီမိုကရေစီအင်အားစု မှ ဆက်လက်တံခါး ဖွင့်ထားရမည်ဖြစ် သော်လည်း စစ်အာဏာရှင်တို့ သည် စစ်တပ် ကို ပစ်မိန့် ပေးတိုင်း စစ်တပ် က ပစ်နေသမျှ ကာလပတ်လုံး ဘယ်သော အခါမှ တွေ့ဆုံ ဆွေးနွေးရေး စားပွဲ ၀ိုင်းဆီ ကို ဦးလှည့်လာ လိမ့်မည်မဟုတ် ကြောင်း ရှင်းရှင်းလင်းလင်း နားလည် သဘော ပေါက် ကြ ရပေမည်။ ဤသို့ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား နားလည်ထားမှသာလျင် မိမိတို့ ဘာကို ဘယ်လို လုပ်ရမည်ကို စဉ်းစားတွေးခေါ် ရှာဖွေ တွေ့ရှိ လာကြမည်ဖြစ်သည်။ လွယ်ကူသော အဖြေကိုတော့ ရမည်မဟုတ်ပါ။ မခက်ခဲသောတော်လှန်ရေး ဟူ၍လည်း မရှိပါ။

ပင်လုံ ကိုအခြေခံသည့် အတွေးအခေါ် တိုက်ပွဲ ကို သေးငယ်သော ကွန်ယက်ပေါင်း မြောက်မြားစွာ ဖြင့် ပုံဖေါ်ကြ မည်ဖြစ်သည်။ ကွန်ယက်၏ သဘောသဘာဝ တွင် တခုတည်းသော ဗဟို မရှိပေ။ ကွန်ယက် ဟူသည်မှာ လူတဦး (သို့မဟုတ်)လူတစု ကဗဟို မှ အမိန့်ပေးထိန်းချုပ်ထားသည့် သဘော မရှိ ပေ။ သို့ ရာတွင် တခုတည်းသော ဦးတည်ချက် တော့ ရှိကြပါသည်။ ကွန်ယက် တို့၏ လုပ်ငန်း မှာ ထိတွေ့ကိုင်တွယ် ၍ ရသော ပထ၀ီ နယ်မြေ၊ တပ်စခမ်း၊ မြို့ပြ၊ ကျေးရွာ၊ တောင်ကုန်း စသည်တို့ ကို ပေါက်ကွဲ စေ နိုင်သော လက်နက်တို့ ဖြင့် ပစ်ဖေါက်သိမ်း ယူရန် မဟုတ်ပေ။ ပြည်သူ တို့ ၏ နှလုံးသား များ တွင် ပင်လုံ အတွေးအခေါ် တို့ဖြင့် ဖြည့်စည်းရန်သာဖြစ်သည်။ မတူညီသော ပထ၀ီ အနေအထား၊ ဒေသ၊ အခြေအနေအမျိုး မျိုး အလိုက် ခေါင်းဆောင်များ ရှိနိုင်သော်လည်း ထိပ်ဆုံး တွင် ဦးဆောင်ကာ လမ်းညွှန်မှု ပေးနေသည်မှာ လူ မဟုတ်ပဲ မူသာလျင်ဖြစ်သည်။

လူဟူသည်မှာ ထောင်များတန်း များ ၏ ချုပ်ချယ်ကန့်သတ်မှု၊ သေခြင်းတရား ၏ စီရင်မှု အစရှိသည့် အကန့်အသတ်တို့ နှင့် မကင်းဝေး နိုင်သဖြင့် ထာဝရ အသွင်ကိုမဆောင်နိုင်ပေ။ မှန်ကန်သော၊ ပြည်သူ ကိုအကျိုးပြုသော မူဝါဒ တို့ ဟူသည် မှာ တိမ်ကော ပျောက်ကွယ်ရိုး ထုံးစံမရှိပါ။ ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွသော လူမျိုးပေါင်းစုံ အာဇာနည် ဖခင်ကြီးများ ၏ ပင်လုံ မူဝါဒ အတွေးအခေါ် တို့ ကို မည် သို့သော ကြီးမား ပြင်းထန်သည့် လက်နက် ဖြင့် ဖြစ်စေ ခြေမှုန်းရန် မတတ်စွမ်း နိုင်ပါ။ လူသေသော်လည်း မူ သည် ကျွန်တော်တို့ ကိုဆက်လက်ဦးဆောင်ကာ မကုန်နိုင် မခမ်း နိုင်သော စွမ်းအားတို့ကို ထာဝရ ဆက်လက် ဖန်တီးပေးဆောင်ရင်း မျိုးဆက်ပေါင်း မြောက်မြားစွာ အထိ ထိပ်ဆုံး မှ အစဉ်အမြဲ ဦးဆောင် လမ်းညွှန် သွား မည်သာဖြစ်သည်။
ပင်လုံဟူ သည်မှာ လူမျိုးပေါင်းစုံ ပြည်သူတို့၏ တန်းတူရေး၊ လွတ်မြောက်ရေး၊ ဒီမိုကရေစီရေး။ ဖက်ဒရယ်လ် ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေး၊ သာယာသော အနာဂတ် ဖန်တီးရေး မျှော်မှန်းချက်အားလုံး တို့၏ဆုံစည်းရာဖြစ်သည်။ ပင်လုံ ကို သိသလို မသိသလိုဘ၀ မှ၎င်း၊ ပင်လုံ ကို ယုံတ၀က် မယုံ တ၀က်ဘ၀ ဟောင်း မှ ၄င်း၊ မရေမရာသော အိပ်မက်ဟောင်း တို့ မှ ၄င်း၊ စိတ္တ္တ္တဇ ညများမှ ၄င်း နိုးထပြီး ပင်လုံ အတွေးအခေါ် ကို စွဲကိုင် ကာ အားသစ်လောင်းကြပါစို့။ ပင်လုံ ကိုအားလုံးကတကယ်ယုံ လျင် မရောက်ရောက် အောင်ချီတက်ကြရပါမည်။ တသွေးထည်း တသားထည်း ညီရင်း အစ်ကို ပြည်ထောင်စု သားများ ဘ၀ ကိုခံယူကြပြီး၊ လက်တွဲမဖြုတ်စတမ်း ချိတက်ကြပါစို့။

အဆုံးစွန်သော အောင်ပွဲကိုရရှိရန် အတွက် ဆိုလျင် ကောင်းကင်၊ မြေကြီး၊ ခေါင်းဆောင်၊ စည်းကမ်း နှင့် အဆင့် မြင့်သော ပင်လုံ အတွေးအခေါ် တို့သည် ပြည်သူတို့ နှင့် အတူ ထပ်ချပ်မကွာ တသားတည်း ရှိနေအောင် ဆက်လက် လှုပ်ရှား ရုန်းကန် ကြ ရဦးမည်ဖြစ်ပါသည်။
ပင်လုံ နိုင်ငံတော်ကြီး ကို ပြည်သူတို့ ဧကန်မုတ်ချ မျက်မှောက်ပြုကြရမည်သာဖြစ်သည်။
--
တောင်ဇလပ်မြေရဲ့ တနံတလျားမှာ အမြင့်ပျံ အောက်ချင်း ငှက် တို့ အတောင်ပံ တွေကို ဖြန့်ပြီး မြင့်သထက်မြင့်တဲ့ အသိပညာ ဝေဟင်ယံမှာ ပျံသန်းနိုင်ကြပါစေ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */