“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 22, 2011

ဒေါ်လာဈေးကြောင့် ရေထွက်ပစ္စည်းစက်ရုံများ အရှုံးပေါ်

ဧရာဝတီ Tuesday, 21 June 2011 12:27 (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာငွေတန်ဖိုးတက်ပြီး အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းမှုကြောင့် ပြည်ပသို့ရေထွက်ပစ္စည်း တင်ပို့သော လုပ်ငန်းများ ကျပ် သန်းပေါင်းများစွာ အရှုံးပေါ်လာသဖြင့် ရေထွက်ပစ္စည်းထုတ် စက်ရုံ အနည်းဆုံး ၂၀ ကျော် လုပ်ငန်း ယာယီ ရပ်ဆိုင်း လိုက်ရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သတင်းရရှိသည်။
ငွေလဲလှယ်သည့် ဈေးကွက်တွင် မြန်မာငွေတန်ဖိုးတက်ပြီး ဒေါ်လာတန်ဖိုး နိမ့်ကျခဲ့သဖြင့် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် လုပ်ငန်း အများစု ထိခိုက်နေကြောင်း၊ အဆိုးရွားဆုံးမှာ ငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းများ အပါအ၀င် ရေထွက် ပစ္စည်းများ ပြည်ပသို့ တင်ပို့သော လုပ်ငန်းများဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

“ရေထွက်ပစ္စည်း ဆိုတာမျိုးက လှောင်ထားလို့ရတဲ့ ကုန်ပစ္စည်း မျိုးလည်းမဟုတ်ဘူး။ အခုစက်ရုံတွေ စရပ်နေပြီ။ လာမယ့်နှစ်လ၊ သုံးလအတွင်း ဒီအတိုင်းသာ ဆက်သွားရင် စက်ရုံတော်တော်များများ ရပ်သွားဖို့ ရှိပါတယ်” ဟုမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ တဦးက ရှင်းပြသည်။

ငွေလဲနှုန်း နိမ့်ကျခဲ့မှုကြောင့် အရင်းအနှီးကြီးပြီး အမြတ်ရရန် အချိန်စောင့်ဆိုင်းရသော ရေထွက်ပစ္စည်း တင်ပို့သည့်လုပ်ငန်းများ အကြီးအကျယ် အရှုံးပေါ်ခဲ့ရာ ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းများလည်း အပါအ၀င်ဖြစ်ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကဆိုသည်။

ငါးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သော အစာကုန်ကြမ်း စရိတ်သည် နှစ်ဆခန့်တက်နေသဖြင့် လုပ်ငန်းရှင်များမှာ မိမိတို့ပိုင်ဆိုင်သော ပစ္စည်းများ ပေါင်နှံထုခွဲ ရောင်းချ၍ အရင်းအနှီး ရှာဖွေခဲ့ရကြောင်း၊ အရှုံး ပေါ်နေသော်လည်း ပြန်လည် ကောင်းမွန် လာနိုး မျှော်လင့်ချက်ဖြင့် လုပ်ငန်းဆက်လက် လည်ပတ်ခဲ့ရာမှ ယခုအချိန်တွင် အဆိုးဆုံး အခြေအနေများကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘယ်လို ဖြေရှင်းရမလဲကို မသိတော့တဲ့ အခြေအနေပဲ။ ဒေါ်လာဈေးကလည်း မှန်းလို့မရအောင်ကို ကျနေပြီ။ မွေးမြူရေး လုပ်ငန်းရှင်တွေ အကုန်လုံး လုပ်ရင်း ကိုင်ရင်းနဲ့ကိုပဲ ရှုံးနေကြတာ” ဟု ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့နေသော လုပ်ငန်းရှင်တဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက ငါးလုပ်ငန်း အစည်းအဝေးများသို့ အစိုးရ ၀န်ကြီးများ၊ ညွှန်ချုပ်များ လာသည့်အခါတိုင်းတွင် ငွေလဲ နှုန်းကြောင့် ပြဿနာ တက်နေသည်ဟု တင်ပြသော်လည်း အဖြေထွက် မလာကြောင်း၊ အစိုးရ အာဏာပိုင်များ ဘက်က မည်သို့မျှ တာဝန်မယူပေးသေးကြောင်း ရှင်းပြသည်။

“ဘာဆက်လုပ်ရမလဲ မသိတဲ့အချိန်မှာ လုပ်ငန်း ရပ်နားထားတာက အကောင်းဆုံးဖြစ်နေတယ်” ဟု သူက ပြောသည်။

ယခုအခြေအနေတွင် အစိုးရ၏ဆုံးဖြတ်ချက်သည် ပို့ကုန်လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အရေးကြီးနေပြီး ငွေလဲနှုန်း ပြဿနာကို ဖြေရှင်းရန် မဖြစ်မနေ လိုအပ်လျှက်ရှိကြောင်း၊ ထိုသို့ မဟုတ်လျှင် မြန်မာ့ပို့ကုန် လုပ်ငန်းများ လုံးဝ ရပ်ဆိုင်းရမည် ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက သုံးသပ်သည်။

“Export Earning (ပို့ကုန်ရငွေ) တန်ဖိုးမကျဖို့ ဘယ်လိုကိုင်တွယ်မလဲ။

ဒါ အရေးကြီးဆုံးပဲ။ ပို့ကုန်ရငွေ တန်ဖိုး တည်တည် ငြိမ်ငြိမ်နဲ့ လုပ်ငန်းရှင်တွေအတွက် လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားရောက်ဖို့ အစိုးရ၀င်ထိန်းဖို့ လုံးဝ လိုအပ်နေပြီ။ ဒီလိုမှ မဟုတ်ရင် ပို့ကုန်လုပ်ငန်း စပြိုလဲတာကနေ တိုင်းပြည်စီးပွားရေးတခုလုံး သေချာပေါက် ပြိုလဲမယ်” ဟု အဆိုပါပညာရှင်ကပြောသည်။

ယမန်နှစ်က ရေထွက်ပစ္စည်းပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိ အမေရိကန် တဒေါ်လာလျှင် ၇၉၀ ကျပ်ရှိပြီး ပို့ကုန်ရငွေ အမေရိကန်တဒေါ်လာလျှင် ၈၀၀ ကျပ် ၀န်းကျင်ရှိသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ရရှိသော သတင်းများအရ ပြည်တွင်းတွင် ပြည်ပပို့ ရေထွက်ပစ္စည်းထုတ် စက်ရုံစုစုပေါင်း ရာဂဏန်းကျော်ရှိကြောင်း သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */