“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 15, 2011

ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား ခေါင်းဆောင်များပြော

ခင်ဦးသာ Tuesday, 14 June 2011 18:30 (ပေးပို့ သူ-ဗမာ့သွေး)
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တိုင်းရင်းသား ဒေသတချို့၌ ဆက်တိုက် ဖြစ်ပွားနေသော လက်နက်ကိုင် တိုက်ပွဲများ ရပ်တန့်သွားရန် အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတရပ် အမြန်ဆုံးပြုလုပ်ပေး သင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် အတိုက်အခံ ခေါင်းဆောင်များက အစိုးရသစ်အား တိုက်တွန်းပြောဆိုသည်။

“အစိုးရသစ်အနေနဲ့ ရိုးသားမှု ရှိပြီး သဘောထားကြီးကြီးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စလုပ်ဖို့လိုနေပါပြီ၊ ဒီအတိုင်း ဆက် သွားနေရင် စစ်မီးတွေပိုတောက်လာနိုင်ခြေရှိတယ်”ဟု ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP)၏ အထွေထွေအတွင်းရေးမှူး ဦးတူးရော် က ဧရာဝတီကို ပြောသည်။

KSPP ပါတီသည် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ၏ ဒု ဥက္ကဋ္ဌ ဟောင်း ဒေါက်တာ မနန် တူးဂျာ ဦးဆောင်ဖွဲ့စည်းခဲ့ပြီး တရားဝင် မှတ်ပုံတင်ခွင့်မရခဲ့သော ပါတီဖြစ်သည်။

ယခင် နအဖ စစ်အစိုးရသည် လက်နက်နှင့်ငြိမ်းချမ်းရေးလှဲလှယ်ခဲ့စဉ်က အသစ်တက်လာမည့်အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း လက်ရှိအစိုးရသစ် အနေဖြင့် မည်သည့် ဆွေးနွေးပွဲမှ မလုပ်ဆောင်ဘဲ စစ်ကိုသာ တိုက်နေသည်ဟု ဦးတူးရော်က ဆက်ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၇ ဖွဲ့သည် ၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် နအဖ စစ်အစိုးရက ၂၀၀၉ ခုနှစ် ဧပြီလမှ စတင် ဖိအားပေးမှုကို မကျေနပ်၍ တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

၁၇ ဖွဲ့အနက် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် မြောက်ပိုင်း တပ်မတော်(SSA-N) တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ကိစ္စကို ငြင်းဆန်နေကြဆဲ ဖြစ်သည်။

“အစိုးရသစ်က ဖွဲ့စည်းပုံအတိုင်းသွားချင်ပုံရတယ်၊ တဘက်က ဖွဲ့စည်းပုံကို လက်မခံဘူးဖြစ်နေတယ်၊ ဒါတွေကို နှစ်ဘက်စလုံး က ခဏမေ့ထားပြီး ဆွေးနွေးပွဲ လုပ်သင့်တယ်၊ နှစ်ဘက်စလုံးကို ကြားဝင်စေ့စပ်ပေးဖို့ တိုင်းရင်းသားအစုံပါဝင်တဲ့ ကော်မတီ တရပ်ကို ပါလီမန်ကနေ ဖွဲ့စည်းပေးနိုင်ရင် ပိုကောင်းမယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ ဥက္ကဋ္ဌ
ဒေါက်တာ အေးမောင်က ပြောသည်။

ပြည်သူအားလုံးသည် ငြိမ်းချမ်းရေးကိုသာ လိုလားနေကြကြောင်း၊ ထို့ကြောင့် အစိုးရသစ်အနေဖြင့် လက်ရှိဖြစ်ပျက်နေသည်ကို လက်ခံပြီး သဘောထားကြီးစွာဖြင့် နှစ်ဦးနှစ်ဘက် ပြေလည်နိုင်မည့်နည်းလမ်းကို ရှာဖွေသင့်သည်ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်အား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲပြု လုပ်ပြီး လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ရွေးကောက်ပွဲဝင်ခဲ့သော တိုင်းရင်းသားပါတီ ၅ ခု ကလည်း ကြေ ညာချက် ထုတ်၍ ယခုလဆန်းပိုင်းတွင် တောင်းဆိုခဲ့ကြသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက“လွှတ်တော်ပြင်ပမှာရှိတဲ့ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့တွေ နဲ့ ပြည်သူတွေကလည်းပဲ ငြိမ်းချမ်းရေးအတွက် တောင်းဆိုနေကြပြီလေ၊ ဒီတော့ အစိုးရအနေနဲ့ ပြည်သူတွေကို အလေးထားတယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းစဉ် ကိုကျင့်သုံးဖို့ လိုပါမယ်”ဟု ပြောသည်။

အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး ပီပြင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ အာဏာစက်သည် နယ်စပ်အစွန်အဖျားထိ ရောက်ရှိရန်အရေးကြီးကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး(၁/၂၀၁၁)၌ သမ္မတသစ် ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

နအဖ စစ်အစိုးရ ဦးဆောင်ရေးဆွဲခဲ့သော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခန်း(၇)တွင် နိုင်ငံတော်အတွင်းရှိ လက်နက် ကိုင်တပ်ဖွဲ့အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ရှိရမည်ဟု ရေးသားထားသည်။

နိုင်ငံတခု၌ တပ်မတော်တခု ရှိရမည်ကို လက်ခံသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့် အာမခံချက်များ မရှိဟု ဆိုကာ တိုင်းရင်းသားအတိုက်အခံ ခေါင်းဆောင်များက ဖွဲ့စည်းပုံအား လက်မခံကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။

“တိုက်ပွဲတွေကြောင့် ပြည်သူတွေ မြေစာပင်ဖြစ်ရတယ်၊ ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်ရတယ်၊ ကျနော်တို့က စစ် ကို မလိုလားဘူး၊ ငြိမ်းချမ်းရေး ရချင်တယ်၊ တိုက်နေသူတွေကတော့ ငြိမ်းချမ်းရေး မလိုချင်လို့ တိုက်ကြတယ်လို့ ပြောရမှာပေါ့”ဟု ကျားဖြူပါတီ ခေါ် ရှမ်း တိုင်းရင်းများ ဒီမိုကရက်တစ် ပါတီ(SNDP) ၏ ဒု ဥက္ကဋ္ဌ ဦးစိုင်းဆောင်စီက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း အစိုးရသစ် အနေဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး စကားများကို စတင်ပြောဆိုရန် အချိန်ကောင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများသည် ယခင်နှင့်မတူတော့ဘဲ ပိုမို စည်းလုံး ညီညွတ်လာသည်ကို တွေ့ရကြောင်း ပြောဆိုသည်။

“တိုင်းရင်းသားတွေက အရင်တုန်းကလို မနေကြတော့ဘူး၊ တဖွဲ့ကိုတိုက်ရင် နောက်တဖွဲ့က ကူညီလာတယ်၊ စုပေါင်း တပ်တွေ ဖွဲ့လာကြတယ်၊ ထူးခြားလာတာက သူတို့အားလုံးဟာ အရင်လို စစ်မတိုက်ချင်ကြတော့ဘူး”ဟု ဦးဝင်းတင်က ပြောသည်။

တိုင်းရင်းသား အားလုံးသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသာ လိုလားနေကြ၍ ထိုကိစ္စကိုမဖြေရှင်းပါက ပြည်တွင်းစစ်ဖြစ်လာနိုင် ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကချင်ဒေသ၌ ဇွန်လ ၉ ရက်နေ့မှ စတင်ကာတိုက်ပွဲများပြင်းထန်လာ၍ ဒေသခံအများအပြားမှာ ရွာလုံးကျွတ်နီးပါး မိမိတို့နေ အိမ်များအား စွန့်ခွာ၍ ထွက်ပြေးနေကြရပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှ ဒေသခံများသည်လည်း အစိုးရသစ်တက်ပြီး ဖြစ်ပွားသောတိုက်ပွဲများကြောင့် မိမိတို့နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရမှုများ ရှိနေဆဲဖြစ်သည်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */