(၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖွဲ့ (အမ်ပီယူ)ဥက္ကဌ ဒေါ်စန်းစန်းက “အနာဂတ် ဗမာပြည်ကို ပြည်ထောင်စု စစ်စစ်မူနဲ့သာ တည်ဆောက်ရမယ်ဆိုတာ ကျမသဘောပေါက်လာတယ်၊ အဲဒီကျမယုံကြည်တဲ့အတွက် ကြောင့်မို့လို့ အခုဒုတိယပင်လုံညီလာခံခေါ်ခေါ် (၂၁)ရာစု ပင်လုံညီလာခံခေါ်ခေါ် အဲဒီအတွက် ကျမတို့က ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ကနေ့ အခမ်းအနားပြုလုပ် ကျင်းပရခြင်းဖြစ်ပါတယ်” ဟုပြောသည်။
မြန်မာပြည်တွင် စစ်အာဏာရှင်ကျဆုံးရေးအတွက် ပင်လုံစိတ်ဓါတ်နှင့် အချင်းချင်းညီညီညွှတ်ညွှတ်လက်တွဲ တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
“ပင်လုံစိတ်ဓါတ်ရဲ့ အနှစ်သာရဟာ တချက်ကတော့ စစ်မှန်သောပြည်ထောင်စု ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပထမအချက်ကတော့ လွတ်လပ်ရေးကို အတူတကွပေါင်းစည်းပြီးတော့ လွတ်လပ်ရေးယူမယ်။ အဲဒီအချက်မှာ လွတ်လပ်ရေးရဖို့သာလျှင် အရေးကြီးတယ်ဆိုတာ သူတို့အချင်းချင်း ညီညွတ်ကြတယ်၊ အဲဒီလိုပေါ့ အခုလည်း စစ်အာဏာရှင်စနစ်ကျဆုံးဖို့ရာ အရမ်းအရေးကြီးတယ်၊ အဲတော့ အရေးကြီးတဲ့အခါကြတော့ ပင်လုံ စိတ်ဓါတ်နဲ့ပဲ အချင်းချင်း ညီညွတ်ပြီးတော့ လက်တွဲပြီးတော့ တိုက်ပွဲဝင်ရမှာပဲ” ဟု ပြောသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် (၂၁)ရာစု ပင်လုံညီလာခံကျင်းပနိုင်ရန် ပထမအဆင့်အနေဖြင့် လက်ရှိ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန် (၁၉၄၇)ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ရရှိခဲ့တဲ့ ပင်လုံစိတ်ဓါတ်နဲ့ တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပရန် တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များက ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၄ က ချင်းပြည်နယ် ကလေးမြို့တွင် ကျင်းပပြုလုပ်သည့် (၂၂) နှစ်မြောက် ဇိုမီးအမျိုးသား ကွန်ကရက်နေ့ အခမ်းအနားတွင် တညီတညွှတ်တည်းဆုံးဖြတ်ချက်ချခဲ့ကြသည်။
အဆိုပါ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုင်းရင်းသားအကပဒေသာများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဧည့်ပရိတ်သက် ၆၀ ကျော် တက်ရောက်ခဲ့ကြသည်။
ထို့ပြင် မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်တိုင်း တွံတေးမြို့နယ်နှင့် ပုသိမ်မြို့များတွင်လည်း ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို အဖွဲ့ချုပ်ဝင်များက ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းစည်းရုံးရေးရုံးတွင် ပြုလုပ်သည့် အခမ်းအနားသို့ မန္တလေးတိုင်းအတွင်းမှ (၈)မြို့နယ် စစ်ကိုင်းတိုင်းအတွင်းမှ (၇)မြို့နယ်အပါအဝင် မြို့နယ်ပေါင်း (၂၀)ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ယင်းအပြင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၊ မြို့နယ်စည်းအဖွဲ့ဝင် ဦးမြင့်လွန်းအိမ်မှာ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားမှ နိုင်ငံရေးအကျဥ်းသားများ အားလုံးပြန်လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ဖေါ်ဆောင်မည့် ၂၁ ရာစုပင်လုံညီလာခံကိစ္စကို လုံးဝထောက်ခံကြောင်းနှင့် ဒီမိုကရေစီကွန်ယက်ကို ထောက်ခံကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပုသိမ်ခရိုင်၊ မြောင်မြခရိုင်၊ ဟင်္သာတခရိုင်များမှ မြို့နယ်ပေါင်း (၁၂) မြို့နယ်က အဖွဲ့ချုပ်ကိုယ်စားလှယ်များနှင့် အရပ်သား၊ လယ်သမား စုစုပေါင်း (၅၀)နီးပါ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနေ့အကြောင်းအပြင် လက်ရှိဖြစ်ပေါ်နေသည့် လယ်သမားအရေး၊ ကလေးစစ်သား အကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
တနင်္သာရီတိုင်း မြိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဦးစိုးလွင်နေအိမ်တွင် ပြည်တောင်စုနေ့ အခမ်းအနားကျင်းပခဲ့ပြီး ပြည်တောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းဟောပြောမှုပွဲများ ပြုလုပ်ခဲ့သည်။ အခမ်းအနားကို အဲန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့် ပရိတ်သတ်(၁၀၀)ကျော် တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်ပေးဖို့ တောင်းဆိုခဲ့သည့်အပြင် မြို့နယ်ရုံး ရံပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါ ရင်ထိုးတံဆိပ်၊ သော့ချိတ်များ ရောင်းချခဲ့သည်။ ယင်းအခမ်းအနားကိုဒေသအာဏာပိုင်များက မှတ်တမ်းဓါတ်ပုံနှင့် ဗွီဒီယို ရိုက်ကူးမှုများ ပြုလုပ်ခဲ့သော်လည်းတစုံတရာ အနှောက်ယှက်ပေးခြင်းမရှိကြောင်း ဒေသခံက ပြောသည်။
ရှမ်းပြည်နယ်၊ နမ့်ခမ်း။ ကျောက်မဲမြို့နယ်အတွင်းက လူစည်ကားရာနေရာများတွင် ပြည်တောင်စုစိတ်ဓါတ်ဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါစို့ ဆိုသည့် စာသားပါ ဓါတ်ပုံပို့စကဒ်များကပ်၍ ပင်လုံနှင့်ပတ်သက်သော စာရွက်စာတမ်း ဖြန့်ဝေလှုပ်ရှားမှုကို ပလောင်အမျိုးသမီးငယ်များက ပြုလုပ်ခဲ့ကြပြီး မူဆယ်မြို့နယ်အတွင်းတွင် ၂၁ ရာစု ပင်လုံနှင့်ပတ်သက်သည့် လူငယ်စကားဝိုင်းတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
အလားတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းမှာ ၂၁ ရာစုပင်လုံကို ထောက်ခံသည့်အနေဖြင့် အမျိုးသမီးလူငယ်များက ပြည်တောင်စုစိတ်ဓါတ်ဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါစို့ ဆိုတဲ့စာသားပါ ဓါတ်ပုံပိုစကဒ်များကို မနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရုံးတွင် အဖွဲ့ချုပ်ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်အင်အားစုများ ပူးပေါင်း၍ပြည်တောင်စုနေ့ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ယာယီ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဦးစံဘော်က ပြည်တောင်စုနေ့ သမိုင်းကြောင်းနှင့် ပတ်သက်ပြီး တက်ရောက်လာကြသည့် လူငယ်တွေကို ရှင်းလင်းဟောပြောခဲ့ကာ ယုံကြည်ချက်ကြောင့် လွတ်လပ်စွာ မိမိတို့ခံယူမှုကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ပြည်တောင်စုဖွား နိုင်ငံရေးအကျဉ်းသမား အားလုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်၊ တိုင်းရင်းသားအားလုံးနဲ့ လက်နက်ကိုင် တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းလျှက် ငြိမ်းချမ်းရေး စကားဝိုင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၏ အနှစ်သာရဖြစ်သော အမျိုးသား ရင်ကြားစေ့ရေး၏ မာန်တိုင်ဖြစ်သည့် ဒုတိယအကြိ ပင်လုံညီလာခံကို အမြန်ဆုံး ခေါ်ယူကျင်းပရန် တောင်းဆိုချက် တစောင်ထုတ်ပြန်ခဲ့သည်။Rest of your post
Sunday, February 13, 2011
ပြည်ထောင်စုနေ့ အခမ်းနားများ ပြည်တွင်းပြည်ပ နေရာအနှံ့ကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment