သံတမန်များနှင့် ဒေါ်စု တွေ့ဆုံ မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ နိုဝင်ဘာလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၃ မိနစ်
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမည်ဟူသော မျှော်လင့်ချက်များ ထောက်ခံသူများအကြား မြင့်တက်လာစဉ် သူမ၏ နေအိမ်၌ နိုင်ငံခြားသံတမန်များနှင့် ယနေ့ တွေ့ဆုံခဲ့ကြောင်း မျက်မြင်သက်သေများ အပြောအရ သိရသည်။
တက္ကသိုလ်ရိပ်သာလမ်းထဲရှိ သူမ၏ အိမ်ခြံဝင်းအတွင်း ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန်အချို့၏ ကားများ မွန်းလွဲပိုင်းတွင် ဝင်ရောက်သွားခဲ့ကြောင်း စောင့်ကြည့်နေသူများက ဆိုကြသည်။
အကန့်အသတ်ဖြင့် လွှတ်ပေးခြင်းမပြုရန် သူမက တောင်းဆိုထားသည်။ သို့သော် စစ်အစိုးရက နယ်သို့ ခရီးမထွက်ရန်နှင့် သူမကို ထောက်ခံသူများအား မတွေ့နိုင်ရန်အတွက် အကန့်အသတ်ထားရေး ကြိုးစားနေခဲ့သည်ဟု လန်ဒန်ထုတ် ဂါးဒီးယန်းသတင်းစာက ရေးသားထားသည်။
လွန်ခဲ့သော နှစ် ၂ဝ အတွင်း အချိန်အတော်များများကို အချုပ်အနှောင်တွင် ဖြတ်သန်းခဲ့ရသော မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၏ နေအိမ်အချုပ်မှာ မနက်ဖြန်တွင် ကုန်ဆုံးမှာ ဖြစ်သည်။ သို့သော် ယနေ့တွင် နေအိမ်အချုပ်ပြစ်ဒဏ် ၁၈ လ ပြည့်မြောက်ပြီဟု သတင်းစကားများ ထွက်ပေါ်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းရပ်ကွက်များ အဆိုအရ အာဏာပိုင်များက ယနေ့မွန်းလွဲ ၂ နာရီ ၄၅ တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ကို လွှတ်ပေးသည့် စာကို အာဏာပိုင်များက လက်မှတ်ရေးထိုးသည်ဟု ပြောဆိုသော်လည်း မည်သူမျှ စာပါအကြောင်းအရာ အသေးစိတ်နှင့် မည်သည့်အချိန်တွင် အများပြည်သူရှေ့ သူမ ပေါ်ထွက်လာမည်ကို ပြောပြနိုင်ခြင်း မရှိသေးပါ။
ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်ရှေ့တွင် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ဒီနေ့ ရက်ပြည့်ပြီ” ဟု ရေးထားသည့် စာတန်း ချိတ်ဆွဲထားသည်ကို တွေ့ရှိရသည်။
NLD လူငယ် ၅ဝဝ ထက်မနည်းက ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်အင်္ကျီ ဆင်တူဝတ်ထားပြီး သူမ၏ ဓာတ်ပုံများအား ကိုင်ဆောင်ကာ မနက်ကတည်းက စောင့်ဆိုင်းနေခဲ့သည်။ နိုင်ငံတွင်း နိုင်ငံပြင် နိုင်ငံရေး အသိုင်းအဝိုင်းတွင်မူ ပြစ်ဒဏ် ၁၈ လ ချုပ်ရက်မကုန်မီ တရက်အလို လွတ်လာလိမ့်မည်ဟု လက်ဆင့်ကမ်း ပြောကြားနေကြသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး ကုက္ကိုင်းလမ်းဆုံနားတွင်လည်း ရဲများ သိသာစွာ ကင်းလှည့် စောင့်ကြည့်နေခဲ့ပြီး လူ ၃ဝဝ ခန့်ကလည်း စောင့်ဆိုင်းနေခဲ့ကြသည်။
သို့သော် အမှောင်ရိပ်သန်းလာသည်နှင့်အမျှ အန်အယ်ဒီခေါင်းဆောင်တယောက်က စောင့်ဆိုင်းသူများကို အိမ်ပြန်ရန် တိုက်တွန်းရတော့သည်။
NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ”တကယ်လို့ လွတ်လာရင်လည်း အခုချိန်ကျမှ ရုံးကိုလာဖို့ မဖြစ်နိုင်တော့ဘူး။ မနက်ဖြန် မနက်ကျမှပဲ ရုံးလာဖို့ စီစဉ်မှာပါ။ မနက်ဖြန်ကျမှပဲ ပြန်လာဖို့ လာတဲ့သူတွေကို ပြောလိုက်ရတယ်။ အခု အခြေအနေထိတော့ မလွတ်လာသေးဘူးလို့ ပြောလို့ရမယ်” ဟု ပြောသည်။
“ဒီနေ့ မလွတ်ဘူး။ ကျနော်တို့ ယုံကြည်တာကတော့ မနက်ဖြန် လွတ်ရက်စေ့ပါပြီ။ လွတ်ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။
မတွေ့ရသည်မှာ ၁ဝ နှစ်ကြာပြီဖြစ်သော သူမ၏ သားငယ် ကိုထိန်လင်း မြန်မာပြည်ဝင်ခွင့် ဗီဇာရရှိခဲ့ပြီး ရန်ကုန်ရောက်နေသည်ဆိုသော သတင်းလည်း ထွက်ပေါ်နေသည်။
တကမ္ဘာလုံး တွစ်တာသုံးသူများအဖို့ အပြောများဆုံး အကြောင်းအရာထဲ၌ ဒေါ်အောင်ဆန်းစုကြည် အကြောင်းလည်း ယနေ့တွင် အချိန်အချို့ ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် လထဲတွင် သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တွစ်တာ အသုံးပြုလိုသည်ဟု ပြောခဲ့ဖူးသည်။
လွန်ခဲ့သည့် ၂၁ နှစ်အတွင်း ၁၅ နှစ်ကျော် အချုပ်အနှောင်ဖြင့် ဖြတ်သန်းခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဘီဘီစီ၊ ဗီအိုအေတို့မှသည် ကမ္ဘာ့သတင်းမီဒီယာကိုသာ နားစွင့်ခဲ့ရသည်။
Rest of your post
Saturday, November 13, 2010
ပြည်တွင်းမှာ ဗမာ့နည်းဗမာ့ဟန် ဒီမိုကရေစီတော့ စတော့မည် ဒေါ်စုလွတ်လျှင် လူထုနှင့်မတွေ့ ရန်ကန့် သတ်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment