By မအေးအေးမာ ဗုဒ္ဓဟူး, 10 နိုဝင်ဘာ 2010
ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှာ DKBA ကရင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် မြ၀တီမြို့က လူတွေ သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ကို ခိုလှုံလာခဲ့ပါတယ်။ ဒီ့နောက် တိုက်ပွဲတွေဟာ ကရင်ပြည်နယ်မှာ ညဘက် ဆက်ဖြစ်နေသေးသလို မနက်ပိုင်းမှာလည်း မြ၀တီနဲ့နီးတဲ့ မေတ္တာလင်းမြိုင်ဆိုတဲ့ နေရာမှာ ဆက်ဖြစ်ခဲ့ပါတယ်။ မြ၀တီမြို့ကိုတော့ DKBA ကိုးသုံးလုံး တပ်ရင်းမှူး ဗိုလ်မှူးချစ်သူနဲ့ အဖွဲ့က စစ်အစိုးရတပ်တွေနဲ့ ပူးပေါင်းပြီး ကင်းလှည့်နေသလို DKBA အဖွဲ့တွေရဲ့ ဂိတ်တွေနဲ့ ငြိမ်းချမ်းရေးကောင်စီ ဂိတ်တွေကိုလည်း စစ်ဆေးနေပါတယ်။ မြန်မာစစ်အစိုးရကတော့ တိုက်ပွဲတွေ အခုလို ဖြစ်ရတာဟာ KNU ရဲ့လက်ချက်ကြောင့် ဖြစ်တယ်လို့ စွပ်စွဲခဲ့တာကြောင့် ဒါကို KNU ကလည်း ငြင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
မြ၀တီမြို့ရဲ့ ဘေးပတ်ပတ်လည်မှာ မြန်မာစစ်တပ် အင်အားတွေ အများအပြား ချထားပြီး နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ DKBA တွေကတော့ သေနတ်တွေနဲ့ မြို့ထဲမှာ ကင်းလှည့်နေပါတယ်။ ညပိုင်းတုန်းကတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဘက်မှာ လက်နက်ကြီးသံများ ကြားရပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ မနက်ပိုင်းမှာတော့ မြ၀တီနဲ့ ၁ နာရီလောက် သွားရတဲ့ နေရာဖြစ်တဲ့ မေတ္တာလင်းမြိုင်ဘက်မှာလည်း DKBA နဲ့ မြန်မာစစ်တပ်တွေရဲ့ တိုက်ပွဲတွေ ဆက်ရှိနေဆဲပါပဲ။
ဒီနေ့မနက်မှာတော့ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ DKBA ကိုးသုံးလုံးတပ်က တပ်ရင်းမှူး ဗိုလ်မှူးချစ်သူ ဦးစီးတဲ့ အဖွဲ့ဟာ နယ်စပ်က ဂိတ်တွေကို လာရောက်ပြီး ကျန်နေတဲ့ DKBA တပ်သားတွေကို သေနတ်တွေ၊ ယူနီဖောင်းတွေနဲ့ ဂိတ်တွေမှာ စောင့်ခွင့်မပြုတော့ဘဲ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကသာ ဂိတ်တွေကို ဦးစီးပြီး နေရာယူထားလိုက်ပါတယ်။ မြို့ထဲမှာလည်း စစ်တပ်နေရာမှာ နယ်ခြားစောင့်တပ် ကားတွေပဲ လှည့်လည်နေတယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။
“စောချစ်သူတပည့် ဗိုလ်ကတုံး ဦးစီးတာပေါ့။ သူက ဦးစီးပြီး ပတ်နေတာ ကားတွေနဲ့။”
မနေ့ညက ကြာအင်းဆိပ်ကြီးဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်က သံဃာတပါးက အခုလို ပြောပါတယ်။
“ကြာအင်းဆိပ်ကြီးဘက်မှာ၊ ဒီဘက်က လူတွေကတော့ သွားတဲ့ကျည်ဆန်တွေရဲ့ မီးကိုတွေ့တယ်။ ဟိုဘက်ကလာတဲ့ မီးလည်း တွေ့တယ်၊ ဒီဘက်ကလာတဲ့ မီးလည်း တွေ့တယ်။ ပေါက်ကွဲသံလည်း ကြားတယ်။”
မြ၀တီမြို့မှာတော့ စစ်တပ်တွေ အလုံးအရင်းနဲ့ တပ်စွဲထားကြောင်း မြ၀တီမြို့ခံတဦးက ဆက်ပြောသွားပါတယ်။
“ဟေမာန်ဦး ကျောင်းထဲမှာလည်း ရှိတယ်။ မိုးကုတ်ကျောင်းထဲမှာလည်း စစ်တပ်တွေ အများကြီးပဲ။ မိုးကုတ် ဘုန်းကြီးကျောင်းထဲမှာ နယ်ခြားစောင့်တပ်တွေရော၊ စစ်တပ်တွေရော ရှိနေတယ်။ မြ၀တီမှာတော့ တပ်တွေ ရှိနေသေးတာပေါ့။ ပြောသံကြားတာတော့ တိုက်ပွဲတွေ ဖြစ်ဦးမယ်လို့တော့ သူတို့လည်း ခန့်မှန်းနေကြတယ်။ အခုတော့ မရုပ်သိမ်းသေးဘူးပေါ့။ တပ်တွေ တော်တော်များတယ်။ ဘုန်းကြီးကျောင်းတွေမှာ အဓိက ခြေကုပ်ယူထားတာပေါ့။ လူဝင် လူထွက်ပေါက်၊ လူသွားလမ်းတွေမှာတော့ လေးငါးခြောက်ယောက် အနည်းဆုံး ရှိတယ်။”
အင်္ဂါနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာတော့ မြ၀တီမြို့နဲ့ ဘုရားသုံးဆူ တိုက်ပွဲတွေဟာ KNU လက်ချက်ဆိုပြီး ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေကတော့ အခုလို ငြင်းဆိုပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ကျနော်တို့ကို မြန်မာ့အလင်းကနေပြီးတော့ အခြေအမြစ်မရှိဘဲ တဖက်သတ် စွပ်စွဲထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှုတ်ခမ်းမွေး ဖြစ်သွားတဲ့ ကိစ္စမှာ နယ်ခြားစောင့်ကိစ္စနဲ့ ပတ်သက်ပြီး သူက လက်မခံဘူး။ သူကတော့ လူထုမျက်နှာကြည့်ပြီး ဆက်လှုပ်ရှားမယ်၊ လူထုကို မတရားသဖြင့် မောက်မာတဲ့ ကိစ္စကို၊ တချို့ ကရင်ပြည်နယ်ထဲက နေရာတွေမှာ ခြိမ်းခြောက်ပြီးတော့ ကြံ့ဖွံ့ကို ထည့်ရမယ်ဆိုပြီး ဖြစ်တယ်။ နှုတ်ခမ်းမွေးကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မတရားမှုလို့ ပြောတယ်။”
စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ဒီနေ့မနက်မှာတော့ ထိုင်းစစ်တပ်ဝင်းထဲကနေ နယ်စပ်ဂိတ်တွေဆီ ပြန်ပို့ခဲ့ကြပေမဲ့ တိုက်ပွဲတွေကို ကြောက်လို့ မပြန်ဘဲ နေထိုင်နေတဲ့ ဒုက္ခသည်တွေဟာ နယ်စပ်မှာ ထောင်ဂဏန်းထိ ရှိနေဆဲ ဖြစ်ပါတယ်။Rest of your post
Thursday, November 11, 2010
DKBA ဗိုလ်မှူးချစ်သူနဲ့ မြန်မာစစ်တပ် ပူးပေါင်းပြီး မြ၀တီ ထိန်းချုပ်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment