မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍ စစ်အစိုးရအပေါ် တရားစွဲဆိုသည့် အမှုအတွက် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန် နေ့လည် ၁၂ နာရီ၌ ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ်တွင် ကျမ်းသစ္စာကျိန်ဆိုရမည် ဖြစ်သည်။
ပါတီဆက်လက်ရပ်တည်ခွင့် ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများမှတဆင့် ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ်သို့ ပြီးခဲ့သည့်လ ၅ ရက်နေ့တွင် တရားဆွဲဆို လျှောက်ထားခဲ့ရာ တရားရုံးက လက်ခံခဲ့သဖြင့် ယင်းအမှုအတွက် တရားစွဲဆိုသူအနေဖြင့် မနက်ဖြန် ကျမ်းကျိန်ရမည်ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။
“မနက်ဖြန် ၁၂ နာရီမှာ ကျမ်းကျိန်လွှာကို ဒေါ်စုလာပြီး ဗဟိုတရားရုံးချုပ်မှာ လုပ်ပေးမယ်။ ကျမ်းကျိန်လွှာကို အခု ကျနော်ရေးနေတယ်။ ကျနော်တို့ နေပြည်တော်မှာ ဆွဲတဲ့အမှုက ဆွဲတဲ့ပုဂ္ဂိုလ်က ကျမ်းကျိန်လွှာ ပေးရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။
ကျမ်းကျိန်ပြီးနောက် ယခုလ ၁၈ ရက်နေ့တွင် ဒေါ်စု၏ ရှေ့နေနှစ်ဦးဖြစ်သည့် ဦးဥာဏ်ဝင်းနှင့် ဦးကျော်ဟိုးတို့ နေပြည်တော်သို့ သွားရောက်ကာ အမှုအား လက်ခံသင့် မခံသင့်အတွက် လျှောက်လဲကြမည် ဖြစ်သည်။
ယခုမှ စတင်တရားစွဲဆိုရန် ပြင်ဆင်နေသည့် အမှုအတွက် အမှုကို လက်ခံသင့် မခံသင့် လျှောက်လဲစေခြင်းသည် လုပ်ရိုးလုပ်စဉ် မရှိသည့် ဆောင်ရွက်ချက်ဟု ဦးကြည်ဝင်းက ပြောသည်။
“ဒီလိုမူလအမှုကို လက်ခံသင့်မသင့်ဆိုတာက လုပ်ရိုး ထုံးစံမရှိဘူး။ အယူခံတို့၊ ပြင်ဆင်မှုတို့ ဖြစ်ရင် လက်ခံသင့် မသင့်ဆိုတာ လုပ်ပါတယ်။ အောက်ရုံးမှာ ဆုံးဖြတ်ပြီးလို့ တဆင့်ထပ်တက်တာဆိုရင် အဲဒီလို လုပ်လို့ ရပါတယ်။ အခုဟာက မူလအမှုဆိုတော့ သက်သေတွေ ဘာတွေ ဖော်ပြထားတယ်။ တကယ်တော့ အဲဒီမှာ စစ်ရမယ်။ မစစ်ဘဲနဲ့ ပယ်ရင်တော့ ဥပဒေက မည်သို့ပင် ဆိုစေကာမှုဆိုတဲ့ သဘောမျိုး ဖြစ်သွားမယ်” ဟု သူက ပြောသည်။
NLD ကို ဖျက်သိမ်းခြင်း မပြုရေး တားဝရမ်းထုတ်ပေးရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့သည်။ သို့သော် တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၅ ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ရာ ရန်ကုန်တိုင်း ဗဟိုတရားရုံးချုပ်က လက်ခံခဲ့သည်။
၁၉၉ဝ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၃ သာမက နဝတ ကြေညာချက်အမှတ် ၁/၉ဝ ၊ အပိုဒ် ၁၂ တွင် ရွေးကောက်ခံ လွှတ်တော်အမတ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းရမည်ဟု ဆိုသည်။ NLD က ၈ဝ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော်လည်း စစ်ခေါင်းဆောင်များက ယနေ့ထိ လွှတ်တော် ခေါ်မပေးခဲ့ပါ။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပသည့် နဝတ အစိုးရကိုယ်တိုင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု ကျေညာခဲ့ပြီး နိုင်ငံတကာကလည်း ယင်းရလဒ်ကို အသိအမှတ်ပြုခဲ့သော်လည်း ကတိအတိုင်း နဝတက လွှတ်တော်ခေါ်မပေးခြင်းကြောင့် ရွေးကောက်ပွဲ သမိုင်းကြောင်းမလှခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုရခြင်း ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောသည်။
“ကျနော်တို့က ဥပဒေစိုးမိုးရေးအတွက် ပြောတာပါ။ ဗမာ့ရွေးကောက်ပွဲသမိုင်း မကောင်းမှာ စိုးလို့ လုပ်တာပါ” ဟု သူက ပြောသည်။
၁၉၇၃ စကားရပ်များ အဓိပ္ပာယ်ဖွင့်ဆိုချက် ဥပဒေ ပုဒ်မ ၁၄ တွင် မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းမဆို ယခင်က ကြိုးပမ်းလုပ်ဆောင်ထား၍ ရရှိခဲ့သည့် ခံစားခွင့်များနှင့် အခွင့်အရေးများကို အသစ်ထပ်မံ ပြဋ္ဌာန်းသည့် ဥပဒေအရ ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရဟု ဖော်ပြထားသည်။
“အန်အယ်ဒီရဲ့ ရလဒ်တွေက သဲထဲရေသွန် မဖြစ်စေရ၊ မထိခိုက်ရဘူး။ ဒါကြောင့် အဲဒီပြဋ္ဌာန်းချက်တွေနဲ့အညီ၊ ဥပဒေစိုးမိုးရေး အားကိုးအားထား လုပ်ပြီး စွဲခဲ့တာ” ဟု သူက ဆက်ပြောသည်။
ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် သတ်မှတ်ထားသည့် ရက်ပေါင်း ၆ဝ အတွင်း ပြန်လည် မှတ်ပုံမတင်သဖြင့် NLD အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခုအား ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။Rest of your post
Tuesday, November 16, 2010
ပါတီရပ်တည်ခွင့် အမှုအတွက် ဒေါ်စု ကျမ်းကျိန်ရမည်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment